တိမောသေဩဝါဒစာပထမစောင် - ၃

အသင်းတော်ခေါင်းဆောင်များ
1သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်၏။- 2ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။- 3စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သောစီးပွားကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။- 4မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။- 5မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။- 6မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။- 7ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။
သင်းထောက်လူကြီးများ
8ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူ မဖြစ်ရကြ။- 9ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။- 10သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။- 11ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူ ဖြစ်ရမည်။ ချောစားတတ်သောသူ မဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူ ဖြစ်ရကြမည်။- 12သင်းထောက်သည် မယားတစ်ယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။- 13အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဖို့ ကောင်းသောအရာကိုလည်းကောင်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကိုလည်းကောင်း အမြတ်ရကြ၏။
နက်နဲသောအရာ
14-15သင်ရှိရာသို့ ငါမြန်မြန်လာမည်ဟု မျှော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ သင်သည် ဘုရားသခင်၏အိမ်တော်၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်၏။ ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတံကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။- 16မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တစ်ပါးအမျိုးသားတို့သည် သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။

တိမောသေဩဝါဒစာပထမစောင် - ၃ (အနက်ဖွင့်)

(သင်းအုပ်နှင့်သင်းထောက်စည်းမျဉ်း (:၁၃)

: ဤကျမ်းစာ၏ မှန်သောဒုတိယစကားမှာ ဒေသန္တရအသင်းတော်တွင် သင်းအုပ်အရာတောင့်တခြင်း ဖြစ်သည်။ သင်းအုပ်ဆိုသည်မှာ အတွေ့အကြုံရင့်ကျက်၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဒေသန္တရအသင်းတော်ကို ပြုစုစောင့်ရှောက်သူ ဖြစ်သည်။ ဘုရားသခင်၏ အမွေကိုဆက်ခံ၍ အုပ်စိုးခြင်းမဟုတ်ဘဲ၊ ဝိညာဉ်ရေးရာ ရင့်ကျက်မှုဖြင့် ဦးဆောင်ရသည်။

ယနေ့ခေတ်ကာလတွင် သင်းအုပ်သည် ဝိညာဉ်ရေးရာသာမက ဘက်စုံအမှုတွင် ပါဝင်လှုပ်ရှားနေရသည်။ အသင်းတော်တပါးတွင် သင်းအုပ်အများအပြားရှိနိုင်သည်။ (တ ၁၄:၂၃၊ ၂၀:၁၇၊ ဖိ ၁:၁၊ ယာ ၅:၁၄)

သင်းအုပ်သည် တပြိုင်တည်းတွင် စောင့်ရှောက်ကြည့်ရှုသူလည်း ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် သင်းအုပ်ကို စောင့်ရှောက်ကြည့်ရှုသူဟုလည်း ပြန်ဆိုနိုင်သည်။ (တ ၂၀:၂၈)တွင် ပါရှိသည့် “ဘုန်းတော်ကြီး ကြည့်ရှုစောင့်ရှောက်သူ”သည် သင်းအုပ်နှင့် အတူတူ ဖြစ်သည်။ (တ ၂၀:၁၇)တွင် ပါရှိသည့် သင်းအုပ်ကို         (တ ၂၀:၂၈)၊ (တ ၁:၅ နှင့် တိ ၁:၇) တို့တွင် ကြည့်ရှုစောင့်ရှောက်သူဟု ခေါ်ပြန်သည်။ ဓမ္မသစ်ကျမ်းတွင် မတွေ့ရသော်လည်း သင်းအုပ်သည် Presbyter နှင့် အတူတူဖြစ်သည်။ အင်္ဂလိပ်စကားလုံး Elder သည် ဂရိဝေါဟာရ Presbuteros မှ ဘာသာပြန်ခြင်း ဖြစ်သည်။ ထို့ကြောင့် “bishop” “over seer” “elder” နှင့် “presbyter”ဟူသောစကားလုံးများ၏ ဆိုလိုရင်းသည် အတူတူပင်ဖြစ်သည်။

တခါတရံ Elder (Presbuteros)ကို အသက်ကြီးသောသူဟု သုံးသည်။ သို့သော် သင်းအုပ်ကို ဆိုလိုခြင်းမဟုတ် (၁တိ ၅:၁ ဂရိ)။ အများအားဖြင့် Elder သည် အသင်းတော်တွင် ဘုရားသခင်၏ လူများအလယ်၌ ဝိညာဉ်ရေးရာအမှုတော်ဆောင် ဖြစ်သည်။

ဓမ္မသစ်ကျမ်းတွင် ဒေသန္တရအသင်းတော်တိုင်း၌ ဘုန်းတော်ကြီး (သို့) သင်းအုပ်များရှိသည်ဟု ဆိုသည် (ဖိ၁:၁)။ သို့သော် ဒေသန္တရအသင်းတော်တွင် သင်းအုပ်ရှိသည်ဟု မခံယူနိုင်။ (တိ ၁:၅)တွင် ကရေတေကျွန်းရှိ အသင်းတော်များသည် နုနယ်သော အသင်းတော်များ ဖြစ်သည့်အလျောက် သင်းအုပ်မရှိကြပါ။

ဘုရားသခင်၏ ဝိညာဉ်တော်တပါးတည်းကသာလျှင် လူကိုသင်းအုပ်အရာ ခန့်အပ်နိုင်သည်။ ထိုအကြောင်းကို (တ ၂၀:၂၈) တွင် ရှင်းလင်းစွာ တွေ့ရသည်။ သန့်ရှင်းသောဝိညာဉ်တော်က အရေးကြီးသော အမှုတော်ထမ်းရွက်နိုင်ဖို့ နှိုးဆွပေးပါသည်။ ဆက်ကပ်နိုင်အောင် တန်ဆာဆင်ပေးပါသည်။ လူများက မဲဆန္ဒထည့်၍ ဘုန်းတော်ကြီးအရာ၊ ကောင်စီအရာရှိ သင်းအုပ်အရာ ခန့်အပ်ပိုင်ခွင့်မရှိပါ။ လူ၏ဝတ္တရားမှာ ထိုဘုရားသခင်၏ ဝိညာဉ်တော်က စီရင်ခွဲခန့်သော သင်းအုပ်များကို အသိအမှတ်ပြုရသည် (၁သက် ၅:၁၂-၁၃)။ ထိုအကြောင်းကို တိတုဩဝါဒစာတွင်လည်း တွေ့ရသည်။ သို့သော် တိတုကျမ်းတွင်မူ သင်းအုပ်တွင်ရှိရမည့် အရည်အချင်းများကိုသာ ဦးစားပေးထားသည်။ ထိုခေတ်ကာလတွင် သင်းအုပ်၌ရှိရမည့် အရည်အချင်းအား ပေထက်အက္ခရာတင်ခြင်းမရှိ။ ယနေ့ခေတ်ကာလတွင် ပုံနှိပ်အက္ခရာတင်ထားပါသည်။ ထိုကြောင့် သင်းအုပ်များအတွက် လိုအပ်သောအရည်အချင်းနှင့် ဝတ္တရားများကို မသိရှိခဲ့ကြ။ ထို့ကြောင့် ရှင်ပေါလုက တိတုအား ဤဩဝါဒစာစောင်နှင့်အတူ တိမောသေထံသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေသန္တရအသင်းတော်သည် သင်းအုပ်အား စီမံခန့်အပ်လေ့မရှိပါ။ အဘယ်ကြောင့်ဆိုသော် သင်းအုပ်အရည်အချင်းကို သိရှိနေကြပြီ။ သင်းအုပ်အရာထမ်းမည့်သူ၏ အရည်အချင်းကို (၁တိ ၃ နှင့် တိ ၁)တွင် ပြဌာန်းထားသည်။ တနည်းပြောရလျှင် သင်းအုပ်အရာခန့်အပ်ခြင်းသည် စည်းစနစ်ကျနရသည်။ သင်းအုပ်အရာကို ဒေသန္တရအသင်းတော် တခုလုံး၏ သဘောတူအသိအမှတ်ပြုရသည်။ သာမန်အားဖြင့် သမ္မာကျမ်းစာနှင့် ကိုက်ညီသူကို အသင်းတော်က အသိအမှတ်ပြုရသည်။ ထို့နောက် အသင်းတော်တွင် အမည်နာမ ကြေညာရသည်။ အကယ်၍ အသင်းတော်တွင် သင်းအုပ်အရာနှင့် ထိုက်တန်သူမရှိလျှင် ယေရှုက ထို့ထက်ကောင်းသော အစီအမံရှိသည်ဟု ခံယူရသည်။

အသင်းတော်တွင် သင်းအုပ်အရေအတွက် ကန့်သတ်ချက်မရှိပါ။ သို့သော် တယောက်ထက်မက ရှိရသည်။ ထိုအရေအတွက် ကန့်သတ်ချက်သည် သန့်ရှင်းသောဝိညာဉ်တော် ဖော်ပြချက်အတိုင်း ဖြစ်ရသည်။

သင်းအုပ်အရာတောင့်တသောသူသည် ကောင်းသောအမှုအရာကို တောင့်တသူဖြစ်သည်။ ဂုဏ်ကျက်သရေရှိသောအတွေး မင်္ဂလာရှိသောအကြံဖြစ်သည်။ သင်းအုပ်အမှုအရာသည် အောက်ကျို့နှိမ့်ချရသော ဝတ္တရားရှိသောကြောင့် ကျက်သရေမင်္ဂလာရှိပါသည်။

: သင်းအုပ်အရည်အချင်းကို (အငယ် ၂-၇)တွင် ပြဌာန်းထားပါသည်။ အချက်(၄)ချက် ရှိပါသည်။ ကိုယ်ကျင့်သိက္ခာ၊ မိသားစုဖြင့် သက်သေခံခြင်း၊ သွန်သင်မှုအရည်အချင်းနှင့် အတွေ့အကြုံတို့ ဖြစ်သည်။ ဤအရည်အချင်းများသည် ဒေသန္တရအသင်းတော်၌ ဝိညာဉ်ရေးရာ ဦးဆောင်နိုင်ဖို့ရန် ဘုရားသခင်၏ ပြဌာန်းချက်ဖြစ်သည်။ ယနေ့ ဤအရည်အချင်းများ တိုင်းတာလေ့မရှိကြပါ။ သမ္မာကျမ်းစာ ပြဌာန်းချက်များကို အတင်းအဓမ္မ အနိုင်ကျင့်ပြီး၊ သင်းအုပ်အရာဘုန်းတော်ကြီးရာထူးကို အာဏာသိမ်းပိုက်ကြသည်။

ဘုန်းတော်ကြီး၊ သင်းအုပ်သည် အပြစ်တင်စရာမရှိသူ ဖြစ်ရသည်။ ဆိုလိုသည်မှာ အရှက်တကွဲ အကျိုးနည်းအောင် စွဲချက်တင်သင့်သော လူသိထင်ရှားအပြစ်မရှိရ။ ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်နိုင်စရာ အကြောင်းမရှိသဖြင့် ရဟန်းရှင် လူခွင့်လွှတ်နိုင်သော အပြစ်မျိုးသာ ရှိနိုင်သည်။

ဒုတိယအချက်အနေဖြင့် မိန်းမတယောက်သာရှိရသည်။ ထိုစကားကို အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်သည်။ အချို့က သင်းအုပ်မှန်လျှင် မိန်းမရှိရသည်ဟု အနက်ကောက်ကြသည်။ အိမ်ထောင်မရှိလျှင် အိမ်ထောင်မိသားစုအကြောင်း နားလည်မညမဟုတ်။ အိမ်ထောင်မိသားစုရေးရာတွင် သွန်သင်နိုင်မည်မဟုတ်ဟု ခံယူကြသည်။ အိမ်ထောင်ပြုရာတွင်လည်း သားသမီးထွန်းကားရမည်။ သို့မှသာလျှင် သားသမီးများ သွန်သင်ထိန်းကျောင်းပုံကို နားလည်၍ အခြားသူကို ဩဝါဒပေးနိုင်မည်။

အချို့က သင်းအုပ်သည် ပထမမိန်းမသေသွားလျှင် နောက်တယောက်မယူနိုင်ဟု အနက်ကောက်ကြသည်။ ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်သည် အလွန်တင်းကြပ်သောကြောင့် သန့်ရှင်းသော မင်္ဂလာဆောင်ခြင်းကို ထိပါးနိုင်သည်။

တတိယအယူအဆမှာ သင်းအုပ်သည် မယားကွာပိုင်ခွင့်မရှိဟူသော ခံယူချက်ဖြစ်သည်။ သင့်တင့်လျောက်ပတ်သော အနက်ကောင်ခြင်း ဖြစ်သည်။ လုံလောက်သော အကြောင်းအရာ ဖြစ်သည်။

နောက်တမျိုးမှာ သင်းအုပ်သည် မိမိဇနီးသည်အပေါ်တွင် သစ္စာမဖောက်ရ။ မပြစ်မှားရဟု ခံယူကြသည်။ ကိုယ်ကျင့်သိက္ခာမြင့်မြတ်ရသည်။ မှန်ကန်သောစကား ဖြစ်သည်။

နောက်ဆုံးခံယူချက်မှာ သင်းအုပ်သည် တယောက်ထက်ပို၍ မိန်းမတပြိုင်တည်း မယူရ။ အငယ်အနှောင်းမထားရဟု အဓိပ္ပါယ်ကောက်ကြသည်။ ထူးဆန်းသော်လည်း ယုတ္တိယုတ္တာကျသည်။ မှန်ပါသည်။ ယနေ့ကာလတွင် သာသနာပြုသွားကြရာ၌ တရွာတကျီဆောက်ကြသည်။ အသက်တာပြောင်းလဲသော သာသနာပြုဆရာပင်လျှင် မိန်းမ(၄)ယောက် တပြိုင်တည်းယူထားသည်။ ထိုသူ၏ နှစ်ခြင်းမင်္ဂလာပေးခြင်းနှင့် အသင်းတော်တွင်ရှိနေခြင်း၊ သူ၏သာသနာပြုလုပ်ငန်းကို မည်သို့ သဘောထားကြမည်နည်း။

တချို့က ထိုမိန်းမ(၄)ယောက်ထဲက (၃)ယောက်ကို ကွားရှင်းခိုင်းမည်ဟု ဆိုသည်။ ထိုပြဿနာဖြေရှင်းချက်သည် အလွန်ကြောက်စရာ ကောင်းသည်။ အဘယ်မိန်းမကို ကွာရှင်းရမည်နည်း။ အားလုံးကိုချစ်ကြိုက်သောကြောင့် တယောက်တအိမ်စီ၊ အိမ်တစ်ဆောင် မီးတပြောင်ထားခြင်း ဖြစ်သည်။ အကယ်၍ (၃)ယောက်ကို ကွာရှင်းလိုက်လျှင်လည်း ထိုမိန်းမများသည် ဘဝပျက်နိုင်သည်။ လမ်းဘေးရောက်သွားနိုင်သည်။ ဘုရားသခင်၏အမှုတွင် ကုသိုလ်တပဲ ငရဲဆယ်ပိဿ မရှိရပါ။  နေရာခပ်များများတွင် သာသနာပြုဆရာများသည် နှစ်ခြင်းမင်္ဂလာပေးကြသည်။ ဒေသန္တရအသင်းတော်များက ကြိုဆိုလက်ခံကြသည်။ သို့သော် မောင်းမမိဿံအများအပြားရှိသူသည် သင်းအုပ်ဆရာနှင့် မထိုက်တန်ပါ။

သမာသတိ ရှိခြင်းဆိုသည်မှာ အစားအသောက်တွင်သာမဟုတ်ပါ။ ဝိညာဉ်ရေးရာတွင်လည်း အစွန်းတရားနှစ်ဖက်ကို ရှောင်ကြဉ်ရမည်။

ဣန္ဒြေစောင့်ခြင်းဆိုသည်မှာ စိတ်တည်ငြိမ်ခြင်း ပေါ့ပေါ့တန်တန် သဘောမထားခြင်း၊ ပေါ့ပေါ့ဆဆမနေခြင်း ဖြစ်သည်။ စိတ်အားထက်သန်ရသည်၊ ဇွဲကောင်းရသည်၊ ပိုင်းခြားဝေဖန်တတ်ရသည်၊ အမြော်အမြင်ရှိရသည်။ “အထုံသမားလုပ်သော နံ့သာဆီကို သေသောယင်ကောင်သည် အနံထွက်စေသကဲ့သို့ အနည်းငယ်မိုက်မဲခြင်းသည် ပညာနှင့် ဂုဏ်အသရေထင်ရှားသောသူကို ထို့အတူဖြစ်စေတတ်၏” (ဒေ ၁၀:၁)ဟု ကျမ်းစကားသက်သေ ရှိပါသည်။

လျောက်ပတ်စွာ ကျင့်ရမည်ဆိုသည်မှာ သင်းအုပ်၏ အကျင့်အမူသည် လူတိုင်းနှစ်သက်လက်ခံသော လက္ခဏာရှိရမည်။

ဧည့်ဝတ်ကျေပွန်ရမည်ဆိုခြင်းမှာ ဧည့်သည်အာဂန္တုမျာကို ချစ်ခင်ပျူငှာသူ ဖြစ်ရမည်။ အိမ်တံခါးအမြဲ ဖွင့်ထားရမည်။ ခေါင်မိုးအောက်သို့ ဝင်လာသူတိုင်း ကောင်းကြီးမင်္ဂလာ ယူဆောင်လာသူဟု ခံယူရမည်။

ထို့အပြင် သွန်သင်တတ်ရမည်။ ပြဿနာယူဆောင်လာသူတိုင်းအား ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြေရှင်းပေးနိုင်ရမည်။ နှစ်သိမ့်နိုင်ရမည်။ သင်းအုပ်သည် သိုးစုကို ကျွေးမွေးသူ (၁ပေ ၅:၂) ဖြစ်ရမည်။ အယူမှားသူများ (တ ၂၀:၂၉-၃၇)ကို သမ္မာကျမ်းနှင့်အညီ ပဲ့ပြင်ရသည်။ သင်းအုပ်သည် သွန်သင်ခြင်း ဆုလက်ဆောင်ရရှိရန် မလိုသော်လည်း အသင်းတော်၏အမှုတော်နှင့် နှုတ်ကပတ်တော်၌ အိမ်တိုင်ရာရောက် အချိန်မရွေး လုပ်ဆောင်နိုင်ရမည်။

: စပျစ်ရည်၌ပျော်မွေ့ခြင်းဆိုသည်မှာ အရက်သေစာသောက်စားခြင်း ဖြစ်သည်။ သင်းအုပ်သည် အရက်သေစာသောက်စားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း အချင်းများ စကားနှုတ်လှန်ထိုးခြင်း မပြုရ။

သူတပါးရိုက်ပုတ်ခြင်း ဆိုသည်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း မပြုရဟု ဆိုလိုပါသည်။ သခင်ဖြစ်သည့်တိုင်အောင် ကျွန်များကို ရိုက်ပုတ်ခြင်းမပြုရ။

မစင်ကြယ်သော စီးပွားတပ်မက်ခြင်းကို ရှေးဦးကျမ်းဟောင်းများ၌ မတွေ့ရပါ။ သို့သော် ယခုခေတ်ကာလတွင် အဓိကအချက်ကြီး ဖြစ်နေသည်။ ငွေကို တပ်မက်ခြင်းသည် အသင်းတော်အပါအဝင် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် မကောင်းဆိုးဝါး ပူးကပ်ခြင်း ဖြစ်သည်။

သင်းအုပ်သည် ယဉ်ကျေးသိမ်မွေ့ရသည်။ အသင်းတော်အမှုတွင်ဖြစ်စေ၊ အခြားကိစ္စတွင်ဖြစ်စေ၊ စိတ်ရှည်သီးခံရသည်။ ဝိညာဉ်အသိနှင့် ယှဉ်ရသည်။

ရန်မတွေ့တတ်ရဆိုသောစကားသည် အသေးအဖွဲ့ကိစ္စများတွင်ပင် ဇီဇာမကြောင်ရဟု ဆိုလိုသည်။ ကိုယ့်ဘက်မှ မှန်ကန်သော်လည်း စိတ်ဆိုးခြင်း ငြိုငြင်ခြင်း မရှိရ။

လိုချင်တပ်မက်စိတ် မကြီးရဆိုသည်မှာ ငွေကြေးတပ်မက်ခြင်း ဖြစ်သည်။ သင်းအုပ်သည် ဝိညာဉ်ချစ်သူ ဖြစ်သောကြောင့် လူများ၏ဝိညာဉ်ကို ချစ်ရသည်။ ဝိညာဉ်ဖျက်ဆီးတတ်သော လောကအရာများကို တပ်မက်ခြင်းမပြုရ။

: သင်းအုပ်သည် မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။ သားသမီးဟုဆိုရာတွင် မိဘနှင့်အတူနေသော သားသမီးကို ဆိုလိုသည်။ အရွယ်ရောက်ကြီးပြင်း၍ အိမ်ထောင်သားရက်ကျသူများနှင့် မဆိုင်တော့ပါ။ မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုးသော သင်းအုပ်သည် မသမာခြင်းနှာင့် ရုန့်ရင်းကြမ်းတမ်းခြင်း အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်ရသည်။

: ဤကျမ်းပိုဒ်သည် ရှင်းလင်းပါသည်။ မိမိ၏အိမ်ထောင်ကို မအုပ်စိုးနိုင်လျှင် ထို့ထက်ကြီးမားသော အသင်းတော်ကို  မည်သို့အုပ်စိုးနိုင်မည်နည်း။ အိမ်ထောင်မိသားစုဝင်ဦးရေသည် လူနည်းစုသာဖြစ်သည်။ ဆွေမျိုးတော်စပ်သူများလည်း ဖြစ်ကြသည်။ များသောအားဖြင့် အသက်အရွယ်ငယ်သူများ ဖြစ်ကြသည်။ အသင်းတော်မူကား လူအများအပြားရှိသကဲ့သို့ အကြောင်းအရာများလည်း စုံလင်လှသည်။ မိသားစုအသိုင်းအဝိုင်း နည်းပါးသော အိမ်ထောင်စုကို မထိန်းသိမ်းနိုင်သူသည် ထိုမျှများမြောင် ကြီးမားလှသော လူမျိုးစုံပါဝင်သည့် အသင်းတော်ကို ထိန်းသိမ်းအုပ်စိုးနိုင်မည်မဟုတ်ပါ။

ဤကျမ်းပိုဒ်သည် သင်းအုပ်ဆရာအတွက် အလွန်အရေးကြီးသည်။ ဘုရားသခင်၏ အသင်းတော် စောင့်ရှောက်သူ၏ ဧရာမဝတ္တရားဖြစ်သည်။ အသင်းတော်ကို ဘုရားသခင်က အုပ်စိုးပါလိမ့်မည်ဟု မျက်နှာလွှဲခဲပစ် မပြောရ။ သင်းအုပ်ဟူသည် သက်ဦးဆံပိုင်မဟုတ်သကဲ့သသို့ အာဏာရှင်လည်းမဟုတ်ပါ။ ဘုရားသခင်၏ သိုးများကို ဂရုစိုက်စောင့်ထိန်းသော သိုးထိန်းဖြစ်သည်။

ဂရိုစိုက်ခြင်းဟူသော စကားကို (လု ၁၀:၃၄)တွင် ကောင်းသော ရှမာရိပုံဥပမာဖြင့် ပုံဖော်သည်။ လုယက်ရိုက်ခြင်းခံရသော ခရီးသည်အား ရှမာရိက စောင့်ရှောက်ကူညီရသကဲ့သို့ သင်းအုပ်သည် ဘုရားသခင်၏ အသင်းတော်ကို စောင့်ရှောက်ရသည်။

: ဘာသာဝင်လူသစ်မဖြစ်ရ အသက်တာပြောင်းလဲခါစရှိသူသည် ယုံကြည်ခြင်းနုနယ်သေးသည်။ ထိုသူသည် သင်းအုပ်နှင့် မထိုက်တန်ပါ။ ယုံကြည်ခြင်းခိုင်မာမှုနှင့် အတွေ့အကြုံရှိဖို့ လိုသည်။ ယုံကြည်သူနုနယ်သူသည် သင်းအုပ်ဖြစ်လာလျှင် မာနထောင်လွှားပြီး မကောင်းမှုဒုစရိုက်နောက်သို့ တဖန် ပြန်ကျလွယ်သည်။ မကောင်းမှုဒုစရိုက် စာတန်သို့ ပြန်ပါသွားခြင်းဆိုသည်မှာ စာတန်မာရ်နတ်က လာရောက်စီရင်ခြင်း မဟုတ်။ မိမိထောင်လွှားမှုကြောင့် စာတန်မာရ်နတ်လက်ထဲသို့ လဲကျခြင်းဖြစ်သည်။ ကိုယ်နှင့်မထိုက်တန်သောနေရာသို့ ရောက်ရှိသောကြောင့် ဘဝင်မြင့်ကာ အနိမ့်သို့ ပြုတ်ကျခြင်း ဖြစ်သည်။

: သင်းအုပ်သည် ပြင်ပလူတို့တွင် အသရေရှိသောသူ ဖြစ်ရမည်။ ပြင်ပလူဆိုသည်မှာ ကယ်တင်ခြင်း  မရရှိသေးသူများ ဖြစ်သည်။ အသရေရှိသောသူမဖြစ်လျှင် အခြားသူများ ထိမိလဲစရာဖြစ်သွားမည်။ စွဲချက်တင်စရာ ဖြစ်သွားမည်။ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူ ဖြစ်စေ စွပ်စွဲကဲ့ရဲ့စရာအကြောင်း ရှိနိုင်သည်။ နေရာတကာတွင် စာတန်၏ထောင်ချောက်ရှိသည်။ တကြိမ်တခါ ထောင်ချောက်ဖမ်းမိလျှင် ပြောင်လှောင်သရော်သည်၊ ရှုတ်ချသည်၊ ပြစ်တင်မဆုံးနိုင်။ ဖွဲတခါခိုး၊ ဆန်ခိုး ဆယ်ခါမိတတ်သည်။

: သင်းအုပ်မှ သတင်းထောက်အကြောင်းသို့ ရောက်သွားသည်။ ဓမ္မသစ်ကျမ်းတွင်သာ တွေ့ရသည်။ သင်းထောက်သည် ဒေသန္တရအသင်းတော်အား ယာယီစောင့်ရှောက်သူဟု ယေဘူယျအားဖြင့် နားလည်ရသည်။ သင်းထောက်သည် ဝိညာဉ်ရေးရာ စောင့်ထိန်းသူများလည်း ဖြစ်သည်။ သင်းထောက်၏ ဝတ္တရားများကို (တ ၆:၁-၅)တွင် တွေ့ရသည်။ အသင်းတော်ရှိ မုဆိုးမများအား ကူညီစောင့်ရှောက်ရန် အလှူတော်ငွေ ရှာဖွေသူများအဖြစ် တွေ့ရသည်။ အမှန်စင်စစ် ဤကျမ်းပိုဒ်နှင့် မလုံလောက်ပါ။ ငယ် ၂ နှင့် အကြုံးဝင်သည် “ငါတို့သည် ဘုရားခင်၏ နှုတ်ကပတ်တော် တရားတော်ကိုထား၍ စားပွဲ၌လုပ်ကျွေးသော အမှုကိုမဆောင်သင့်”(တ၆:၂) ဟု ဆိုထားသည်။

သတင်းထောက်သည် သင်းအုပ်ကဲ့သို့ အရည်အချင်းရှိရသည်။ သို့သော် သင်းအုပ်လောက် မကျဉ်းကြပ်။ တခုရှိသည်မှာ သင်းထောက်သည် သွန်သင်ခြင်း ဆုလက်ဆောင်မရလျှင်လည်း ဖြစ်သည်။

သင်းထောက်သည် စင်ကြယ်ရမည်။ သိက္ခာရှိရသည်။ လေးစားကြည်ညိုဖွယ် ရှိရသည်။ လျှာနှစ်ခွမရှိရ။ ဟိုတမျိုး၊ ဒီတမျိုးမပြောရ။ တသမတ်တည်းရှိရမည်။

ဝိုင်အရက်သောက်သုံးခွင့်မရှိ။ ရေမသန့်သော တိုင်းပြည်များတွင် ရေအစား ဝိုင်နှင့်ဘီယာကို သောက်ရေအဖြစ် သောက်သုံးကြသည်။  ဤကျမ်းချက်က ချို့ယွင်းချက်ပေးထားပါသည်။ သို့သော် ယုံကြည်သူ ခရစ်ယာန်များအတွက် ဆင်ခြင်စရာရှိပါသည်။ အချို့တိုင်းနိုင်ငံများတွင် ခရစ်ယာန်များသည် ဝိုင်ကို ချို့ယွင်းချက်မရှိ သောက်သုံးခွင့်ပြုသည်။ တချို့နိုင်ငံတွင် မယုံကြည်သူများ၏ ကဲ့ရဲ့စရာအဖြစ် ခံယူကြသည်။ ထို့ကြောင့် သောက်သုံးခွင့်ရှိသည်ဆိုသော်လည်း ရောမပြည်ရောက်လျှင် ရောမလိုကျင့်ခြင်းက ပိုကောင်းပါသည်။

သင်းထောက်သည် ငွေကြေးတပ်မက်ခြင်းမရှိရ။ သင်းထောက်များသည် ဒေသန္တရအသင်းတော်၏ ငွေရေးကြေးရေး စီမံခန့်ခွဲသူ ဘဏ္ဍာရေးအာဏာပိုင်များ ဖြစ်သည်။ ငွေတပ်မက်သူများအတွက် ဤအခွင့်အရေးသည် စုံစမ်းခြင်း ဖြစ်လာနိုင်သည်။ မိမိကိုယ်တိုင်သို့ စုံစမ်းခြင်း ဝင်လာနိုင်သည်။ ယုဒရှကာရုတ်က ဘုရားသခင်ယေရှုအား သစ္စာဖောက်ခြင်းသည် ငွေရေးကြေးရေး အကြောင်းအချက်ပါဝင်သည်။ ဒုတိယ ရှကာရုတ်များ ပေါ်ထွန်းလာနိုင်သည်။

: သင်းထောက်သည် ကိုယ့်ကိုယ်ကိုသိသော စိတ်စင်ကြယ်သည်နှင့် ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသူဖြစ်သည်။ ဆိုလိုသည်မှာ ယုံကြည်ခြင်းနှင့် အသက်တာခိုင်မြဲရမည်။ သမ္မာတရားကို သိရှိရုံသာမက ကျင့်ဆောင်သူလည်း ဖြစ်ရမည်။ ယုံကြည်ခြင်း၏ နက်နဲသောအရာ ဆိုသည်မှာ ခရစ်ယာန်ယုံကြည်ခြင်း ဖြစ်သည်။ ဓမ္မဟောင်းကာလတွင် ခရစ်ယာန်များသည် ယုံကြည်ခြင်းကို အလေးအနက်ထား၍ စောင့်ထိန်းကြသည်။ ဓမ္မသစ်ကာလတွင်မူ တမန်တော်နှင့် ပရောဖက်များ၏ သွန်သင်ချက်များကို နားထောင်ကြရသည်။ ထို့ကြောင့် ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းဖို့ ဆိုခြင်းဖြစ်သည်။

:၁၀ သင်းထောက်များသည် သင်းအုပ်များကဲ့သို့ပင် ဦးစွာစုံစမ်းကြရမည်။ ဆိုလိုသည်မှာ အစမ်းခန့်အဖြစ် အသင်းတော်၏ အသေးအဖွဲကိစ္စများတွင် ဦးစွာတာဝန်ပေးရသည်။ အချိန်ယူ၍ လေ့လာကြည့်ရှုရသည်။ အားရကျေနပ်မှုရှိလျှင် ထိုထက်ကြီးမားသော တာဝန်ပေးရသည်။ ထို့နောက် “သင်းထောက်အရာ”ခန့်ရသည်။ လွယ်လွယ်ပြောရလျှင် အမှုတော်ဆောင်ခွင့် ပေးရသည်။ သင်းအုပ်လောက် တာဝန်မကြီးလေးသော်လည်း ဘုရားသခင်ခရစ်တော်၌ ဘုရားလူများအတွက် အမှုတော်ဆောင်များ ဖြစ်ကြသည်။

အကြင်သူသည် ပုဂ္ဂိုလ်ရေးအရ အားနည်းချက်ရှိသော်လည်း သင်းထောက်အရာ ဖြစ်နိုင်ခွင့်ရှိသည်။ အပြစ်တင်ခွင့်ကင်းရှင်းရမည်ဆိုခြင်းမှာ အရည်အချင်းနှင့် ပြည့်စုံခြင်းကို ဆိုလိုသည်။

လူဦးရေနည်းပါးသော အသင်းတော်တွင် သင်းထောက်များဝတ္တရားကြီးမားပါသည်။ ဘဏ္ဍာထိန်း၊ အတွင်းရေးမှူး၊ စုံစမ်းရေးတာဝန်ခံ၊ ဥပုသ်စာဖြေကျောင်းတာဝန်၊ ဧည့်ကြိုစသဖြင့် များပြားပါသည်။

:၁၁ သင်းထောက်ကတော်၊ သင်းအုပ်ကတော်၊ ဘုန်းတော်ကြီးကတော်များအကြောင်း ပါရှိသည်။ ထိုကတော်များသည် အသင်းတော်တွင် အမျိုးသမီးများအသက်တာကို သက်သေခံသူများ ဖြစ်သည်။ ခင်ပွန်းသည်၏ ဝတ္တရားအား အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်၍ ပါရမီဖြည့်ဘက်များ ဖြစ်သည်။

ကတော်များဟုဆိုရာတွင် သင်းထောက်အမျိုးသမီးများလည်း ပါဝင်သည်။ ကနဦးအသင်းတော်တွင် အမျိုးသမီးသင်းထောက်ရှိခဲ့သည်။ ကင်ခြေအသင်းတော်တွင် အမျိုးသမီးသင်းထောက် ဖိဗေ (ရော ၁၆:၁) ရှိခဲ့သည်။၁၀ ရှင်ပေါလုက (ရော ၁၆:၂)တွင် “သူမသည် များစွာသောသူတို့ကို၎င်း၊ ငါ့ကို၎င်း မစသောသူဖြစ်သည်”ဟု အသိအမှတ်ပြုထားသည်။

မည်သို့ဆိုစေ အမျိုးသမီးများသည် စင်ကြယ်ခြင်းသိက္ခာစောင့်ထိန်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်း ရှိရသည်။ ချောစားတတ်သူမဖြစ်ရ။ တနေကုန်တနေခမ်း သူတပါးအကြောင်းကို လေကုန်ခံ၍ အတင်းအဖျင်းပြောသူ မဖြစ်ရ။ မှားယွင်းသောစကားဖြင့် တစ်ဦးနှင့်တစ်ဦး အထင်အမြင်မှားစေနိုင်သော ကြားလေးစကားမပြောရ။ ဣန္ဒြေသိက္ခာစောင့်ထိန်းရမည်။ မိမိကိုယ်ကို ထိန်းသိမ်းရမည်။

နောက်ဆုံးအချက်မူ အရာရာ၌ သစ္စာရှိရမည်။ ခရစ်ယာန်ယုံကြည်ခြင်းအပြင် အားကိုးစိတ်ချရအောင် သစ္စာတရား မြဲမြံရမည်။ ယုံကြည်စိတ်ချမှုရှိရမည်။ မိမိကိုယ်ရေးကိစ္စနှင့် အိမ်ထောင်မိသားစု လျှို့ဝှက်ချက်များကို  ထိန်းသိမ်းရမည်။

:၁၂ သင်းထောက်များအကြောင်း တဖန်ပြောထားသည်။ သင်းထောက်သည် မယားတစ်ယောက်တည်း  ရှိရမည်။ ဤအကြောင်းနှင့် ပတ်သက်၍ (ငယ် ၂)တွင် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။ သင်းထောက်များ၏ အိမ်ထောင်ပြုခြင်းသည် သင်းအုပ်များကဲ့သို့ ဖြစ်သည်။

သားသမီးများနှင့် အိမ်သူအိမ်သားများကို အုပ်စိုးနိုင်ရမည်။ ဓမ္မသစ်ကျန်းက ခရစ်ယာန်အသက်တာ အားနည်းချက်များကို ရှုတ်ချခြင်းမဟုတ်ပါ။ ကွယ်တာခြင်းဖြစ်ပါသည်။ သားသမီးများအား နိုင်နင်းအောင် အုပ်ချုပ်ရန်ဆိုသော်လည်း ဗျူရိုကရက်ဆန်ဆန် အုပ်ချုပ်ရန်မဟုတ်။ သမ္မာတရားနှင့်အညီ သွန်သင်အုပ်ချုပ်ရန် ဖြစ်သည်။

:၁၃ သင်းထောက်အမှုကို ကောင်းစွာ ရွက်ဆောင်သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို အမြတ်ရကြ၏  ဟုဆိုသည်။ ထိုကျမ်းချက်ကို ဖိလစ်နှင့် သတေဖန်က ကောင်းစွာ နမူနာသရုပ်ဖော်ခဲ့ကြသည်။ ထိုလူနှစ်ယောက်သည် သင်းထောက်(၇)ပါးထဲ၌ ပါဝင်ကြောင်း (တ ၆:၅)တွင် တွေ့ရသည်။ အသင်းတော်ရှိ မုဆိုးမများအတွက် ငွေကြေးထောက်ပံ့ရန် စွမ်းဆောင်သူများ ဖြစ်သည်။ တာဝန်ဝတ္တရားကျေပွန်၍ သစ္စာရှိကြသောကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်က ထိုရာထူးထက်ကြီးသောနေရာတွင် ခွဲခန့်ခြင်းဖြစ်သည်။ တမန်တော်ဝတ္ထုကို ဆက်လက်ဖတ်ရှုလျှင် ဖိလစ်သည် ဧဝံဂေလိဆရာဖြစ်၍၊ သတေဖန်သည် သင်ဆရာဖြစ်ကြောင်း တွေ့ရမည်။ သင်းထောက်အရာကို ကောင်းစွာ ရွက်ဆောင်သူများဖြစ်၍ ဒေသန္တရအသင်းတော်တွင် ကောင်းသောအရာ အမြတ်ရသူများ ဖြစ်သည်။ သစ္စာရှိသောသူတို့သည် အသေးအဖွဲ အောက်ခြေသိမ်းတွင် သစ္စာရှိသောကြောင့် ထိုထက်ကြီးမြတ်သောအမှုဖြင့် ကျေးဇူးပြုခြင်း ခံရသည်။

ဖိလစ်နှင့်သတေဖန်သည် သူတို့အဘို့ ကောင်းသောအမြတ်ရသည့်အပြင် ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်သတ္တိကို အမြတ်ရကြ၏။ ခရစ်တော်၏ သက်သေခံအဖြစ် သွန်သင်ခြင်း၊ ဆုတောင်းခြင်းမှာ မလွဲဧကန်ပင်။ ထိုသို့ မှန်ကန်ကြောင်းကို နောက်ဆုံးပြောသွားသော သတေဖန်၏ မာတုရစကားဖြင့် သက်သေထူပါသည်။

(အသင်းတော်အတွင်းစည်းမျဉ်း (:၁၄၁၆)

          :၁၄ မကြာမီကာလ၌ တိမောသေနှင့် တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ပေါလုက ပြောထားသည်။ ကျမ်းပိုဒ်ကို အထွေအထူး ရှင်းပြစရာမရှိသဖြင့် နောက်ကျမ်းပိုဒ်များအား ဆက်လက် လေ့လေကြည့်ကြရအောင်။

:၁၅ ရှင်ပေါလုက နောက်ကျနိုင်ကြောင်းနှင့် ဧဖက်သို့ လုံးဝမလာဖြစ်သည်ရှိသော်ဟု ဆိုထားသည်။ တိမောသေကို ဧဖက်တွင် အဘယ်ကြောင့်တွေ့ချင်ကြောင်းကို အသေအချာမသိရပါ။ တိမောသေနှင့် ယုံကြည်သူများအား ဘုရားသခင်၏ အိမ်တော်၌ ကျင့်ကြံပြုမူပုံကို မြင်ချင်သောကြောင့် ဖြစ်သည်။

ယခင်ကျမ်းပိုဒ်တွင် သင်းအုပ်၊ သင်းထောက်နှင့် ကတော်များ ပြုဖွယ်အငန်းအတာ သွန်သင်ပြီးနောက် ကျမ်းတွင် ဘုရားသခင်အိမ်တော်၌ ယုံကြည်သူပရိသတ်များ ပြုမူကျင့်ကြံရမည့်ဝန်တာကို သွန်သင်ထားသည်။

အိမ်တော်ကား အသက်ရှင်တော်မူသောဘုရားသခင်၏ အသင်းတော်ဖြစ်၏။ အချို့အသင်းတော်ကား သမ္မာတရား၏ အမှီအကဲဖြစ်၏။ သမ္မာတရား၏ တည်ရလည်း ဖြစ်၏။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်သည် တဲတော်နှင့် ဗိမာန်တော်တွင် ကိန်းဝပ်သည်။ ဓမ္မသစ်ကာလတွင်မူ အသင်းတော်၌စိုးစံ၏။ ထို့ကြောင့် အသင်းတော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဟု ဆိုသည်။ ဗိမာန်တော်ဆိုသည်မှာ အသက်ကင်းမဲ့သော ရုပ်တုသာ ဖြစ်တော့သည်။

အသင်းတော်သည် သမ္မာတရာ၏ အမှီသကဲ၊ သမ္မာတရားတည်ရာ ဟုဆိုထားသည်။ အမှီသကဲဆိုသည်မှာ အဆောက်အဦးဆောက်လုပ်ရာတွင်သာ သုံးသည်မဟုတ်။ ဈေးဆိုင်များ အခြားအဆောက်အဦများတွင်လည်း အမြဲတမ်းသုံးသောတိုင် ဖြစ်သည်။ ပင်မခေါင်တိုင်ဖြစ်သည်။ ထိုကဲ့သို့ပင် အသင်းတော်သည်လည်း လောကသမ္မာတရား၏ ခေါင်တိုင် အမှီအကဲ့ဖြစ်သည်။ အဆောက်အဦးသည် ထိုခေါင်တိုင်အမှီအကဲကို တည်မှီပြီးဆောက်လုပ်ရသည်။ ဤလောက၌ ဘုရားသခင်၏ သမ္မာတရား ကျယ်ပြန့်ဖို့ရန် ထိုအသင်းတော်ပေါ်၌ တည်မှီရသည်။

:၁၆ ခက်ခဲနက်နဲသော ကျမ်းပိုဒ်ဖြစ်သည်။ နားလည်ရခက်သောအချက်မှာ မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာနှင့် တူသောကြီးစွာသောအရာ ဖြစ်သည်။ အသင်းတော်ကို ဆိုလိုသလား။ အသင်းတော်သည် လောက၏ အမှီအကဲဖြစ်ကြောင်း (ငယ် ၁၅) တွင် ရှင်းပြခဲ့သည်။ ထို့ပြင် အခြားတန်ခိုးရှိသေးသည်။ ဘုရားသခင်၏ အိမ်တော်၌ ပြုမူကျင့်ကြံရမည့် လက္ခဏာဖြစ်သည်။

J.N.Darby က ဤသို့ဆိုထားသည်။

ဘုရားသခင်၏ ဦးဆောင်မှုနက်နဲမှုအရာပြောသောအခါ ဤအချက်ကို မကြခဏ  ကိုးကားလေ့ရှိကြသည်။ ခရစ်တော်၏ လျှို့ဝှက်နက်နဲသော လူ့ဇာတိခံယူခြင်းအကြောင်း ပြောကြသည်။ ထိုအရာသည် ဘုရားသခင်၏ နက်နဲသောအမှု၊ သမ္မာတရား၏ စစ်မှန်သောအသီးအပွင့်၊ လူသားများသို့ ဘုရားသခင်၏ အသက်စမ်းရေစီးဆင်းခြင်း၊ ကိုယ်တော်ဘုရား လူ့ဇာတိခံယူ၍ အသေခံခြင်း၊ ရှင်သန်ထမြောက်ခြင်း၊ ကောင်းကင်နိုင်ငံသို့ ပြန်ကြွခြင်း အကြောင်းဖြစ်သည်။ ဘုရားသခင်အား သိကျွမ်းခြင်းနှင့် ဘုရားသခင်အတွက် တည်မှီရခြင်းအကြောင်း ဖြစ်သည်။၁၁

ရှက်ပေါလုက မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဟု ဆိုထားသည်။ သို့သော် သခင်ယေရှုပြုခဲ့သော အမှုတော်သည် လေးနက်လွန်းသောကြောင့် နားမလည်နိုင်သော သမ္မာတရား ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ မည်မျှလေးနက်သည်ကို မတွေးဆနိုင်ခြင်း ဖြစ်သည်။

ဘုရားသခင်၁၂သည် ကိုယ်ခန္ဓာပေါ်ထွန်းတော်မူပြီ ဆိုခြင်းမှာ သခင်ယေရှု၏ လူ့ဇာတိခံယူခြင်းကို ဆိုလိုသည်။ ဗက်သလင်နွားစားခွက်ထဲတွင် သူငယ်တော်အဖြစ် မွေးဖွားခြင်းသည် ဘုရားစင်စစ်က ပထမဦးဆုံး ကိုယ်ခန္ဓာပေါ်ထွန်းပြခြင်း ဖြစ်သည်။

ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ ဆိုခြင်းမှာ ခရစ်တော်၏ ဝိညာဉ်ကို ဆိုလိုသလား၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုပါသလား။ နှစ်ခြင်းမင်္ဂလာ ခံယူချိန် (မ ၃:၁၅-၁၇)။ ရုပ်ပြောင်းရုပ်လွဲပြုသောအခါ (မ ၁၇:၅)၊ ရှင်ပြန်ထမြောက်သောအခါ (ရော ၁:၃-၄)။ ပြန်ကြွသောအခါ (ယော ၁၆:၁၀) များတွင် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဖြစ်သည်။

ယေရှုဖွားမြင်တော်မူခန်း၊ စုံစမ်းနှောင့်ယှက်ခြင်းခံရပုံ၊ ဂေသရှေပန်ဥယျာဉ်တွင် ဝေဒနာပြင်းစွာ ခံစားပုံ၊ ပြန်လည်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ ပြန်ကြွပုံတို့ကို ကောင်းကင်တမန်များက တွေ့မြင်ကြသည်။

ပင်တေကုတ္တေနေ့မှစ၍ တပါးအမျိုးသားများအကြားတွင် သွန်သင်ခဲ့သည်။ ကိုယ်တော်၏ ကျေညာချက် မင်္ဂလာသတင်းစကားများသည် ယုဒလူမျိုးများအကြားတွင်သာမက ကမ္ဘာစွန်းတိုင်အောင် ပျံ့နှံ့ခဲ့သည်။

လောကီသားတို့သည် ယုံကြပြီဆိုခြင်းမှာ သခင်ယေရှုဘုရားအား တိုင်းနိုင်ငံတိုင်း၊ လူမျိုးတိုင်းနီးပါးက လက်သင့်ခံကြပြီဆိုခြင်း ဖြစ်သည်။ တကမ္ဘာလုံးက ကြားသိယုံကြည်ကြသည်ဟု မဆိုပါ။ ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့သော်လည်း လက်ခံယုံကြည်သူများသည် တပိုင်းတစသာ ဖြစ်သည်။

ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူပြီ ဆိုသည်မှာ ပြီးပြည့်စုံသော ရွေးနှုတ်ခြင်း ပြီးဆုံးပြီး ကောင်းကင်သို့ ပြန်လည်ကြွမြန်းခြင်း ဖြစ်သည်။ ထိုအကြောင်းကို Vincent က “ကောင်းကြီးမင်္ဂလာပြန်လည်ရယူခြင်း”ဟု ဆိုသည်။ အရာခပ်သိမ်းကို အောင်မြင်ပြီး ဘုန်းတန်ခိုးနှင့် စိုးစံခြင်း ဖြစ်သည်။

အချို့က အဓိပ္ပါယ်တမျိုးနားလည်ကြသည်။ ကိုယ်ခန္ဓာပေါ်ထွန်းခြင်း ဆိုသည်မှာ လူ့ဇာတိခံယူခြင်း၊ ဝိညာဉ်တော်ဖြင့် ထင်ရှားခြင်းဆိုသည်မှာ ခရစ်တော်၏ အသေခံခြင်း၊ သဂြိုဟ်ခြင်းနှင့် ပြန်လည်ထမြောက်ခြင်း၊ ကောင်းကင်တမန်များက မြင်သည်ဆိုသည်မှာ ကောင်းကင်နိုင်ငံတွင် ပြန်လည်နန်းစံခြင်း၊ တပါးအမျိုးသားများ အကြားတွင် ဟောပြောခြင်းနှင့် တကမ္ဘာလုံးက ယုံကြည်ခြင်းဆိုသည်မှာ ကိုယ်တော်ပြန်လည်ကြွမြန်းခြင်း၊ ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်း ဆိုသည်မှာ ကိုယ်တော်ပြန်လည်ကြွလာသောအခါ ရွေးနှုတ်ထားသူများ စုစည်း၍ သေလွန်သူများ ထမြောက်ကာ ကိုယ်တော်၌ ဘုန်းအသရေရှိမည့်အကြောင်း ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ နက်နဲသောမဟာအမှု ပြီးပြည့်စု့မည်ဟု ဖွင့်ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ ကိုယ်တော်၏ ဖြစ်စဉ်နှင့်လွဲစရာအကြောင်း မရှိပါ။ ထိုအကြောင်းနှင့်ပတ်သက်၍ ရှေးဦးယုံကြည်သူများက ဂုဏ်တော်ချီးမွမ်းသီချင်း တပုဒ်စပ်ဆိုထားပါသည်။ ယနေ့ခေတ်ကာလ “တနေ့သောအခါ” ဆိုသော ဧဝံဂေလိသီချင်းနှင့် ဆင်တူရိုးမှား ဖြစ်သည်။

အသက်ရှင်တော်မူဘုရား အသေခံခြင်းဖြင့်

ငါ့ကိုကယ်တင်ရှာ၊ ငါ့အပြစ်များကို ယူဆောင်သဂြိုဟ်ပစ်ခဲ့သည်။

ထာဝရကာလရှင်သန်ဖို့ ထမြောက်တော်မူပြီ

တနေ့ကိုယ်တော်ပြန်လာမည်၊ ကျေးဇူးတော်နေ့ပါဘဲ။

C.H.Marsh

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။