တိမောသေဩဝါဒစာပထမစောင် - ၄

ဆရာအတုအယောင်များ
1-2ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသားစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။- 3မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍လည်းကောင်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍လည်းကောင်း ပညတ်ထားကြလိမ့်မည်။- 4-5ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း၊ အရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏။
ယေရှုခရစ်၏ဓမ္မဆရာကောင်း
6ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးမြူခြင်းကို ခံသော ယေရှုခရစ်၏ ဓမ္မဆရာကောင်းဖြစ်လိမ့်မည်။- 7မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။- 8ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သောကတိတော်ကို ရသည်ဖြစ်၍၊- 9အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။- 10ထိုကြောင့်၊ အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရားသခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။- 11ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထားခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ပြုလော့။
12သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။- 13ငါမလာမီတိုင်အောင်၊ ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။- 14ဗျာဒိတ်တော်ကို ခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူးကို မပြုစုဘဲမနေနှင့်။- 15သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ၊ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။- 16ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမဩဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သော သူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။

တိမောသေဩဝါဒစာပထမစောင် - ၄ (အနက်ဖွင့်)

၄။ အသင်းတော်ထဲမှ မိစ္ဆာများ (:၁၆)

(ကရောက်အံ့ဆဲမိစ္ဆာဆရာများ တိုက်လှန်ရန်သတိပေးခြင်း (:)

          : ဤကျမ်းပိုဒ်တွင် အပိုင်း(၂)ပိုင်း ပါရှိသည်။ ပထမဦးစွာ ပေါလုက သူသည် ဝိညာဉ်တော်က အတည်အလင်းဗျာဒိတ်ပေးတော်မူသည်ဟု ဆိုထားသည်။ ဗျာဒိတ်တော်ဆိုသည်မှာ ဓမ္မသစ်ကျမ်းကို ထုတ်ဖော်ခွင့်လည်း ဖြစ်နိုင်သည်။ နောင်ကာလဆိုသည်မှာ ယုံကြည်ခြင်းအား ဖောက်ပြန်ခြင်းကာလ ဖြစ်သည်။ တနည်းအားဖြင့် ဤစာစောင်ရေးပြီးသည့် နောက်ပိုင်းကာလလည်း ဖြစ်သည်။

အချို့သည် ယုံကြည်ခြင်းကို စွန့်ပစ်ကြပြီ ဟုဆိုသည်။ အချို့ဆိုသည်မှာ တိမောသေဩဝါဒ ပထမစာစောင်၏ လက်သုံးစကား ဖြစ်သည်။ လူနည်းစုသည် အဓိကလူများစု ဖြစ်လာမည်ဟု ဒုတိယစာစောင်တွင် ဆိုထားပါသည်။ ယုံကြည်ခြင်း စွန့်ပယ်သောလူအချို့ဆိုသည်မှာ ကယ်တင်ခြင်းရရှိသူများကို ဆိုလိုခြင်းမဟုတ်ပါ။ ခရစ်ယာန်အဖြစ် ဟန်ဆောင်လုပ်ဆောင်သူများ ဖြစ်သည်။ ဘုရားသခင် ယေရှုခရစ်တော်သည် တပါးတည်းသော ကယ်တင်ရှင်ဖြစ်ကြောင်း တတွင်တွင် ပြောဆိုကြသော်လည်း တပိုင်းတစသာ နောက်တော်သို့ လိုက်ဟန်ဆောင်ကြသည်။ ထို့နောက် ယုံကြည်ခြင်းအား ဖောက်ပြန်ကြသည်။

ထိုဘာသာရေးသမားများအကြောင်းကို ယနေ့ခေတ်ကာလနှင့်ယှဉ်၍ စဉ်းစားကြည့်ကြပါစို့။ ထိုအယူမှား မိစ္ဆာများသည် နေရာတကာ ပျံ့နှံ့နေကြသည်။ အဓိကအုပ်စုသည် အသင်းတော်များတွင် ခရစ်ယာန်များအဖြစ် အမြိန့်သားဝင်ရောက် နေရာယူကြသည်။ ယုံကြည်ခြင်း၌ ခိုင်မာသယောင်ရှိကြသည်။ ထို့နောက် လူမှုရေး အသင်းအပင်း ဆန်လာကြသည်။ ဘာသာရေးဆရာများကလည်း အပြစ်မမြင်သဖြင့် ဂလိုဏ်လှိုက်စား၍ အုံဖွဲ့ကြသည်။

လှည့်ဖျားတတ်သော စိတ်ဝိညာဉ်နှင့် နတ်ဘုရားတို့တွင် စွဲညှိနေကြသည်။ လှည့်ဖျားတတ်သော စိတ်ဝိညာဉ်ဆိုသည်မှာ မှားယွင်းသောဆရာများ၊ ဝိညာဉ်ဆိုးများ လက်ခံသူများကို ဆိုလိုသည်။ နတ်ဘုရားစွဲညှိခြင်းဆိုသည်မှာ နတ်အကြောင်းကို သွန်သင်ဟောပြောခြင်း မဟုတ်ပါ။ နတ်ဝင်စားခြင်း၊ နတ်ပူးခြင်း၊ နတ်မိစ္ဆာ ပူဇော်ခြင်း၊ ခေါစာပစ်ခြင်း ဖြစ်သည်။

: အယောင်ဆောင်ခြင်းဆိုသည်မှာ မျက်နှာဖုံးစွပ်ခြင်း ဖြစ်သည်။ ဘာသာရေးဆရာများသည် ပိရိလှပေစွ။ ဇာတိရုပ်မပေါ်အောင် ဖုံးကွယ်ထားသည်။ သူတို့၏ အကျင့်စရိုက်လက္ခဏာကို လူတွေ မရိပ်မိအောင် ဖုံးဝှက်ထားကြသည်။ ကျမ်းကိုးကျမ်းပိုဒ်များ “တောက်တောက်တောက်” ရွတ်ဆိုလျက် ချီးမွမ်းသီချင်းများကိုလည်း အားရပါးရသီဆိုကြသည်။ ဟန်ဆောင်ရုံသာမက မုသာစကားလည်း ကျွမ်းကျင်ကြသည်။ ဘုရားသခင်၏ သမ္မာတရားကို နားလည်ကြသည်။ သို့ဖြင့် ဘုရားသခင်၏ လူများကို လိမ်လည်လှည့်ဖျားကြသည်။

နောင်ကာလ၌ ထိုသူများ၏ ဩတ္တပ္ပစိတ်ကို သံပူခတ်ခြင်းခံရမည်။ ငယ်ရွယ်သော အသက်တာကာလတွင် သူတို့စိတ်နှလုံးသည် ပျော့ပျောင်းညင်သာလျက် စိတ်သဘောကြည်လင်ခဲ့သော်လည်း အပြစ်က ဖိတိုက်ခြင်း များသောအခါ နှလုံးသား မာကျောလာသည်။ ဟောပြောချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဆန့်ကျင်ကြောင်း မကြာခင်သိရှိလာကြမည်။

: နတ်ဘုရားကိုးကွယ်ခြင်း လက္ခဏာ(၂)ခုကို ဤကျမ်းပိုဒ်တွင် တွေ့ရသည်။ ပထမအချက်မှာ အိမ်ထောင်ပြုခြင်းသည် မှားယွင်းကြောင်း သွန်သင်ချက်ဖြစ်သည်။ ဤစကားသည် နှုတ်ကပတ်တော်နှင့် အတိအလင်းဆန့်ကျင်သည်။ လူ့လောကတွင် အပြစ်မဝင်ရောက်မှီ ဘုရားသခင်ကိုယ်တိုင်က လူသားများအား အိမ်ထောင်ပြုစေခဲ့သည်။ အိမ်ထောင်ပြုခြင်းသည် မစင်ကြယ်စရာအကြောင်းမရှိ။ မှားယွင်းသောဆရာများ၏ အိမ်ထောင်ပြုမူဟန့်ထားမှု သွန်သင်ခြင်းသည် ဘုရားသခင်၏ ကြန်အင်လက္ခဏာကို ထိပါးခဲ့သည်။

ဤဥဒါဟရုဏ်သည် ဘုန်းတော်ကြီးသီလရှင်အကြား အိမ်ထောင်ပြုခြင်းကို ဟန့်တားသည်ဆိုလျှင် ခံသာသည်။ ဤအကြောင်းနှင့်ပတ်သက်၍ A.J.Pollock က “အကြင်လင်မယား ဖွဲ့နှောင်ခြင်းသည် ယောက်ျားနှင့် မိန်းမအကြားတွင် ပညတ်တော်နှင့်ညီသော အဖော်အဖက်ပြုခြင်း ဖြစ်သည်။ မစင်ကြယ်ခြင်း၊ ပညတ်တော်နှင့်မညီခြင်း မရှိပါ။ ဝိညာဉ်ချင်း ညှိတွယ်ခြင်းလည်း ဖြစ်သည်”ဟု ဆိုထားသည်။

ခရစ်ယာန်သိပ္ပံမှ အိမ်ထောင်(၃)ဆက် ရှိသော Mrs Eddy ၏ စကားကို ဖောက်သည်ချချင်သည်။

အဘဘုရားသခင်ရှိနေသရွေ့ ကာလပတ်လုံး အိမ်ထောင်ပြုခြင်း ရှိနေဦးမှာပါ။ ဘုရားသခင်က လက်ထပ်ထိမ်းမြားခြင်း တခါသတ်မှတ်ပေးခဲ့ပြီးပါပြီ။ ထိုအစဉ်အလာကို မပျောက်ရအောင် အမွေခံရမည်။၁၃

နတ်ကိုးကွယ်ခြင်း ဒုတိယအချက်မှာ ဖန်ဆင်းတော်မူသော အစာများကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ထိုသွန်သင်ချက်ကို ဝိညာဉ်ရေးရာ စိတ်ထက်သန်သူများအကြားတွင် တွေ့ရသည်။ သွေးအသားရှိသော သတ္တဝါ အသားမစားရန် တားမြစ်ကြသည်။  Theolosophist နှင့်  Hindu များက ယဇ်ကောင်အသားကို မစားကြပါ။ အဘယ်ကြောင့်ဆိုသော် ယဇ်ပူဇော်ရသော မကောင်းဆိုးဝါးအား စားသုံးသူထံသို့ ပြန်လည်ဝင်ရောက်မှာ ကြောက်ကြသည်။

အိမ်ထောင်ပြုခြင်းနှင့် အသားစားခြင်းကို ရှောင်ကြဉ်ခိုင်းကြသည်။ ထိုနှစ်ခုစလုံးသည် ဘုရားသခင်က လူသားများသို့ ပေးထားသော ကျေးဇူးတော်ဖြစ်သည်။ သက်ရှိသတ္တဝါများ မျိုးဆက်ပြတ်တောက်ရန် အလိုတော်မရှိပါ။ ဘုရားသခင်ကို ယုံကြည်၍ သမ္မာတရားသိရှိရန်သာ အလိုရှိသည်။

: ဘုရားသခင် ဖန်ဆင်းသော သတ္တဝါဟူသမျှသည် စင်ကြယ်၏ အစားအစာနှင့် အိမ်ထောင်ပြုခြင်းသည်လည်း ဘုရားသခင်ဖန်ဆင်းခြင်း ဖြစ်၍ မငြင်းပယ်ကောင်းပါ။ လက်သင့်ခံ၍ ကျေးဇူးတော်ချီးမွမ်းဖွယ်ရာ ဖြစ်သည်။ အိမ်ထောင်ပြုခြင်းဖြင့် လူမျိုးပွားခိုင်းသည် (က ၁:၂၈)။ အစားအစာဖြင့် အသက်ဆက်ရှင်သည် ( က ၉:၃)။

: အစားအစာနှင့် အိမ်ထောင်ပြုခြင်းကို လူသားတွေအတွက် စီစဉ်ပေးထားပါသည်။ အစားအစာ မှီဝဲခြင်းအကြောင်းကို (က ၉:၃၊ မာ ၇:၁၉၊ တ ၁၀:၁၄၊ ၁၅၊ ၁ကော ၁၀:၂၅) တွင်၎င်း အိမ်ထောင်ပြုခြင်းကို (၁ကော ၇ နှင့် ဟေဗြဲ ၁၃:၄) တွင် ရှင်းပြထားသည်။

ထိုအမှုများကို ဆုတောင်းခြင်းဖြင့် စင်ကြယ်စေရသည်။ အစားအစာမစားမှီ ခေါင်းငုံ့၍ ကျေးဇူးတော် ချီးမွမ်းရသည် (မ ၁၄:၁၉၊ တ ၂၇: ၃၅)။ ထိုအပြုအမူသည် အစားအစာအား စင်ကြယ်စေရန်နှင့် ခွန်အားဖြစ်စေဖို့ သာ၍ ပြည့်စုံဖို့ဖြစ်သည်။ အိမ်ထောင်ပြုခါနီးတွင်လည်း စင်ကြယ်သော အိမ်ထောင်အသက်တာ ဖြစ်ဖို့ စိတ်တူကိုယ်တူ ဘဝတူဖြစ်ဖို့ သင်ကြယ်သော သတို့သမီးနှင့် သတို့သားဖြစ်ဖို့၊ ဆုတောင်းပဌနာပြုရသည်။

မယုံကြည်သူများရှေ့တွင် ယုံကြည်သူများက အစားအစာအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းသည် ကောင်းသောလက္ခဏာဖြစ်သည်။ ကောင်းကြီးမင်္ဂလာဟူသည် ဖုံးကွယ်စရာမဟုတ်ပါ။ အစားအသောက်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း သိုသိုသိပ်သိပ်လုပ်စရာမဟုတ်ပါ။ မင်္ဂလာတရားသာ ဖြစ်သည်။

(မိစ္ဆာဆရာများအား ကောင်းသောအမြင်ဖြင့် တိုက်လှန်ခြင်း (:၁၆)

: အပိုဒ်ငယ် (၅)ကဲ့သို့ပင် ဤစကားများကို သင်သည် ညီအကိုတို့အား ကြားပြောလျှင်ဟု အစချီ၍ တိမောသေအား အမှုတော်ဆောင်ကောင်းဖြစ်စေရန် ရေးသားညွှန်ကြားထားသည်။ ဓမ္မဆရာဆိုသည်မှာ ယခင်ကျမ်းပိုဒ်များအတိုင်း အစေခံကို ဆိုလိုသည်။ ယုံကြည်ချက် ကိုယ်တိုင်ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးမြူခြင်းဖြင့် အစေခံကောင်း ဖြစ်သည်။

: ခရစ်ယာန်အသက်တာကို အားကစားနှင့် ပုံနှိုင်းသည်။ ငယ် ၆ တွင် ခရစ်တော်၌ ဆက်ကပ်ခြင်းကို သင့်တင့်လျောက်ပတ်သော အာဟာရအဖြစ် ပုံဖော်ထားသည်။ ကောင်းသောအာဟာရသည် ယုံကြည်ခြင်းနှင့် အကျင့်ကောင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ဤအခန်းငယ် (၇)တွင် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဘုရားရှင်၏ အလိုတော်၌ ကြီးထွားရန် သွန်သင်သည်။

တိမောသေအား သက်ကြီးရွယ်အိုများ ပြောလေ့ပြောထရှိသော အချီးနှီးစကားနှင့် ဒဏ္ဍာရီစကား၌ အချိန်ကုန်မခံရန် သတိပေးထားသည်။ ထိုစကားများကို တိုက်ခိုက်စရာမလိုသကဲ့သို့ အချိန်အလဟာသ မဖြစ်စေလို။ အသက်ကြီးသောမိန်းမများသည် သမ္မာတရား၌ ကျင်လည်မည့်အစား အရေမရအဖတ်မရ ပုံပြင်ဒဏ္ဍာရီစကားများ၌သာ ကျင်လည်လေ့ရှိသည်။

ထိုသို့အချိန်ဖြုန်းနေမည့်အစား ဘုရားအမှုတော်၌ လေ့ကျင့်တိုးပွားစေချင်သည်။ သမ္မာကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ကသိုဏ်းရှုခြင်း၊ သက်သေခံခြင်းဖြင့် အမှုတော်၌ ကြီးထွားရင့်ကျက်စေလိုသည်။ ထိုအကြောင်းနှင့်ပတ်သက်၍  Stock က “ဘုရားသခင်ဘက်၌ ယိမ်းယိုင်ခြင်းရှိမှသာလျှင် အမှုတော်တွင် စီးဝင်နိုင်သည်”ဟု ဆိုထားသည်။ ထို့ကြောင့် ကြိုးပမ်းအားထုတ်၍ လေ့ကျင့်ရပါမည်။

: လေ့ကျင့်ခန်းလုပ်ရာတွင် ဆန့်ကျင်ဘက်အကြောင်းတရားရှိသည်။ ခန္ဓာကိုယ်လေ့ကျင့်ခန်းသည် ခန္ဓာကိုယ်အတွက် အကျိုးရှိသည်။ သို့သော် ထိုအကျိုးရလာဒ်သည် တိုတောင်း၍ ကန့်သတ်ချက်ရှိသည်။ ဘုရားသခင်၏ အမှုတော်၌ လေ့ကျင့်တိုးပွားခြင်းသည် ခန္ဓာကိုယ်၊ စိတ်၊ ဝိညာဉ်သုံးပါးစလုံးအတွက် အကျိုးသက်ရောက်သည်။ ခဏအတွက်သာမဟုတ်၊ ထာဝရကာလအတွက် အကျိုးရှိသည်။ မျက်မှောက်အသက်တာအတွက် အကောင်းဆုံးပျော်ရွှင်မှု ပေးသကဲ့သို့ လာမည့်ကာလတွင်လည်း ဆုလက်ဆောင်ရရှိရာ ကတိတော်ဖြစ်သည်။

: ဤကျမ်းပိုဒ်သည်လည်း ခြုံငုံလိုက်လျှင် ဘုရားဝတ်၌ မွေ့လျော်ရန် ရည်ညွှန်းသည်။ ဘုရားဝတ်၌ မွေ့လျော်ကြီးထွားခြင်းသည် ထာဝရကာလအတွက် အဖိုးထိုက်တန်သည်။ အကြွင်းမဲ့ခံယူအပ်သော သစ္စာစကားဖြစ်၏ဟု တတိယအကြိမ်ဆိုသည်။

:၁၀ ယုံကြည်သောသူတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရားသခင်၌ ငါတို့သည် ကိုးစားသည်နှင့်အညီ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။၁၄ အဆုံးမှာဆိုသည်မှာ ဘုရားဝတ်၌ မွေ့လျော်ခြင်းကာလကို ဆိုလိုသည်။ ဤမဟာရည်မှန်းချက်သည် ရှင်ပေါလု၏ အကောင်းဆုံးကြိုးပမ်းမှုကို ဖော်ညွှန်းခြင်း ဖြစ်သည်။ မယုံကြည်သူများ၏ ကြွယ်ဝခြင်းရည်ရွယ်ချက်နှင့်မဆိုင်ပါ။ ယုံကြည်သူများသည် ဤလောကရှိ သင်္ခါရတရားကို မျက်ဝါးထင်ထင် တွေ့မြင်နားလည်ကြပါသည်။ ထို့ကြောင့် အသက်ရှင်သော ထာဝရဘုရားသို့ မျှော်လင့်ချက်ထားရသည်။ ကိုယ်တော်သည် အသက်ရှင်သောဘုရား၊ လူသားများကယ်တင်ရှင် အထူးသဖြင့် ယုံကြည်သူများ၏ ကယ်တင်ရှင်ဖြစ်သောကြောင့် ကိုယ်တော်၌ မျှော်လင့်ချက်ထားရှိခြင်းသည် ဘယ်သောအခါမှ စိတ်ပျက်ခြင်းမရှိ။ ထို့အပြင် နေ့စဉ်အသက်တာ၌လည်း အသက်ရှင်ဖို့ရန် အခြေခံလိုအပ်ချက် စားဝတ်နေရေးကို အစဉ်ဖြည့်ဆည်းပေးသည်။ အထက်တွင်ဆိုသည့်အတိုင်း လူသားတိုင်းအား ကယ်တင်ခြင်း ပေးပါသည်။ အထူးသဖြင့် ယုံကြည်သူများသည် ထိုမင်္ဂလာတရားကို ယုံကြည်လက်ခံ၍ ကိုယ်တော်၌ တည်မှီကြသောကြောင့် ထောက်ပံ့ကျွေးမွေးပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ကယ်တင်ရှင်ဘုရားသခင် အစစ်အမှန်ဖြစ်ကြောင်းနှင့် အထူးသဖြင့် ယုံကြည်သူများ ကြွယ်ဝစွာ ကျွေးမွေးကြောင်း နားလည်ရသည်။

:၁၁ ဤကျမ်းပိုဒ်သည် အပိုဒ်ငယ် ၆ မှ ၁၀ ကို ပြန်လည်စုပေါင်း၍ ရည်ညွှန်းသည်။ တိမောသေသည် ပေါလု၏ ဩဝါဒများအတိုင်း ဘုရားသခင်၏ လူများအား သွန်သင်ဩဝါဒပေးပါလိမ့်မည်။

:၁၂ တိမောသေ၏ အသက်အရွယ်မှာ ၃၀ မှ ၃၅ ကြားတွင်သာရှိသည်။ ဧဖက်အသင်းတော်များရှိ သင်းအုပ်များနှင့်ယှဉ်လျှင် ငယ်ရွယ်သူဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ပေါလုက သင်၏အသက်တာ အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင်မပြုစေနှင့် ဟုဆိုသည်။ ဆိုလိုသည်မှာ ရှင်ပေါလုက ဝေဖန်ခြင်း ကင်းလွတ်အောင် တိမောသေကို ဓားစာခံအဖြစ် ထားရှိခြင်းမဟုတ်။ တစုံတစ်ဦးကမှ တိမောသေ အထင်မြင် မသေးရအောင် ဖြောင့်မတ်စင်ကြယ်စွာ နေဖို့ဖြစ်သည်။ ယုံကြည်သူများအား ပုံသက်သေပြခြင်းဖြင့် ဝေဖန်ပြစ်တင်ခြင်းကင်းဖို့ ဖြစ်သည်။

စကားအရာတွင်လည်း တိမောသေသည် အသက်တာပြောင်းလဲသူ ဖြစ်ရသည်။ နှုတ်ခွန်းဆိုစကားများသည် ဘုရားသခင်၏ သားသမီးအကျင့်အမူ ရှိရသည်။ ထူးခြားဆန်းပြားသောစကား အသုံးအနှုန်းပြောသည်သာမက ကြားရသူများလည်း နားမခါးရအောင် နှုတ်ခွန်းချိုရသည်။

ကျင့်ကြံပြုမှုခြင်းဆိုသည်မှာ လှုပ်ရှားမှုဟန်ပန်ဖြစ်သည်။ ခရစ်တော်၏ နာမတော်ထိပါးစေနိုင်သောကြောင့် ထိုအပြုအမူများကို ရှောင်ကြဉ်ရသည်။

သူတပါးကိုချစ်ခြင်းဆိုသည်မှာ လှုပ်ရှားမှု၏ ကျမ်းစာလေ့လာသူများအတွက် အခက်အခဲတွေ့သော ကျမ်းချက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျမ်းစာ၏ အဓိကနှင့် နိယာမတရားဖြစ်သည်။ Guy ဘုရင်က စိတ်အားထက်သန်စွာ ဤသို့ဆိုထားသည်။

ဟန်ဆောင်ခရစ်ယာန် အတုများစွာတို့သည် ထိုသဘောတွင် အားနည်းကျဆင်းကြသည်။ ဘော်လုံးပွဲ၊  ရွေးကောက်ပွဲများတွင် စိတ်အားထက်သန်ကြသော်လည်း ဘုရားသခင်အမှုတော်၌မူ မပြောစလောက်သာ ပါဝင်ကြသည်။ ခရစ်ယာန်သိပ္ပံပညာရှင်များ၊ ယေဟောဝါသက်သေခံအဖွဲ့နှင့် ကွန်မြူနစ်များက ယုံကြည်သူများကို အရှက်ရစေပါသည်။ အသင်းတော်သည် တဖန်နိုးကြားထကြွသင့်ပြီ။ ဤဝိညာဉ်သဘောရှိခြင်းဟူသော စကားက တိမောသေကိုများစွာ အထောက်အကူပြုမည်။ လမ်းမှန်ကို ရှာတွေ့၍ ခရီးဖြောင့်ဖြူးစေပါမည်။၁၅

သစ္စာစောင့်ခြင်း ဆိုသည်မှာ အထူးသဖြင့် ဖောက်ပြန်မှုကင်းခြင်း၊ ခရစ်တော်ပေါ်၌ အစဉ်တစိုက်တည်မှီခြင်း၊ မယိမ်းမယိုင် မြဲမြံခြင်းဖြစ်သည်။

စင်ကြယ်ခြင်း ဆိုသည်မှာ အပြုအမူအကျင့်အကြံသာမက စိတ်ကူးစိတ်သန်း ရည်ရွယ်ချက်များ ပါဝင်သည်။

:၁၃ တိမောသေထက် ဒေသန္တရအသင်းတော်နှင့် သက်ဆိုင်သည်။ အသင်းတော်သားများ ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဩဝါဒပေးခြင်းရှိကြရန် အားပေးတိုက်တွန်းထားသည်။ ရှင်းလင်းတိကျသော လမ်းညွှန်ချက် ဖြစ်သည်။ ပထမဦးစွာ နှုတ်ကပတ်တော်အား ကျမ်းစာဖတ်ခြင်းအား အသားပေးမီးမောင်းထိုးပြသည်။ ထိုကာလတွင် ကျမ်းစာဖတ်ရန် အလွန်ခက်ခဲ ကန့်သတ်ထားသောကြောင့် အထူးတိုက်တွန်းခြင်း ဖြစ်သည်။ လူအနည်းငယ်ကသာလျှင် ကျမ်းစာရှိသည်။ စုပေါင်းကျမ်းစာဖတ်ပြီးကြသောအခါ၊ တိမောသေက ကျမ်းစာအနက်ကို ဖွင့်ပြသည်။ နှုတ်ကပတ်တော်ကို ရှင်းပြသည်။ ဤကျမ်းပိုဒ်ဖတ်သောအခါ “ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့် လူများနားလည်စေခြင်းငှာ ပြုကြ၏” (နေ ၈:၈) ကိုသတိရသင့်သည်။

ထိုသို့ ပရိသတ်အား ကျမ်းစာသွန်သင်ခြင်းပြုရာတွင် တယောက်တည်း ဆက်ကပ်ဆုတောင်းခြင်းကိုလည်း မမေ့ရပါ။ တိမောသေသည်လည်း တပါးသူများအား နှုတ်ကပတ်တော် သွန်သင်ခြင်းမပြုမီ သူ့အသက်တာကို ဦးစွာဆက်ကပ်ထားသည်။

:၁၄ တိမောသေအား မည်သည့်ဝိညာဉ်လက်ဆောင်ပေးထားကြောင်း အသေအချာ နားမလည်ကြပါ။ ဧဝံဂေလိဆရာလား၊ သင်းအုပ်လား၊ ဓမ္မဆရာလား မသိရပါ။ ယေဘူယျအားဖြင့် သင်းအုပ်ဆရာနှင့် ဓမ္မဆရာဟု နားလည်ရသည်။ မည်သို့ဖြစ်စေ ဗျာဒိတ်တော်ကို ခံ၍ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ သင်၌အပ်ပေးသော ဆုကျေးဇူးကို မပြုစုဘဲမနေနှင့် ဟု ကျမ်းစာကဆိုသည်။ ပထမဦးစွာ ပရောဖက်ပြုချက်အဖြစ် ခံယူရမည်။ ဆိုလိုသည်မှာ ဤဒေသန္တရအသင်းတော်အတွက် တိမောသေအား ဘုရားသခင်၏ ဝိညာဉ်တော်က ဝိညာဉ်ဆုကျေးဇူးအချို့ ပေးထားသည်။ ပရောဖက်သည် ဆုလက်ဆောင်ကို တိုင်ပင်ဆွေးနွေးခြင်းမပြုရ။ လက်ခံကြေညာသည်။ သင်းအုပ်များက လက်တင်ပေးရသည်။ တဖန် သတိပြုရန်မှာ Presbeter များ၊ သင်းအုပ်များက တိမောသေအား ဝိညာဉ်ဆုကျေးဇူးပေးပိုင်ခွင့် မရှိပါ။ လက်တင်ခြင်းဖြင့်သာ သန့်ရှင်းသောဝိညာဉ်တော်ပေးသော ဆုကျေးဇူးအား အသိအမှတ်ပြုရသည်။

တ ၁၃:၂ တွင် သန့်ရှင်းသောဝိညာဉ်တော်က ဗာနဗနှင့် ရှောလုကိုသာ ရွေးချယ်ခွဲခန့်ကြောင်း တွေ့ရသည်။ ဤပရောဖက်ခွဲခန့်ခြင်းမှ ဓာတ်ကူးသွားခြင်း ဖြစ်မည်။ “ရွေးချယ်ခွဲခန့်တော်မူသည့်အတိုင်း အစာရှောင်၍ ပဋ္ဌနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏”(တ ၁၃:၃)။

ယနေ့ဒေသန္တရအသင်းတော်များစွာတွင်လည်း ဤဥဒါဟာဂုဏ်ကို နမူနာယူကြသည်။ သင်းအုပ်ဆရာ စီရင်ခွဲခန့်ခြင်း ခံရသူသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဆုကျေးဇူးရရှိကြောင်း သက်သေထူနိုင်ရမည်။ အမှုတော်ထမ်းဆောင်ရန် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိရမည်။ အသက်တာတွင် ဝိညာဉ်တော်ပါရှိကြောင်း ပြသနိုင်ရမည်။ အသိအမှတ်ပြုခြင်းသည် ဝိညာဉ်ဆုကျေးဇူး မဟုတ်ပါ။ ဘုရားသခင်၏ ဝိညာဉ်တော်၌ အမှုတော် ထမ်းဆောင်ရန် အဆင်သင့်ဖြစ်ကြောင်း ကြေညာခြင်းသာ ဖြစ်သည်။

သင်းအုပ်များက တိမောသေ၏ ခေါင်းပေါ်တွင် လက်တင်ပေးခြင်းနှင့် ရှင်ပေါလုက တိမောသေအပေါ်တွင် လက်တင်ဘိသိတ်ပေးခြင်း ခြားနားပုံကို (၂တိ ၁:၆)တွင် တွေ့ရသည်။ တိမောသေပေါ်သို့ လက်တင်ကောင်းကြီးပေးခြင်းသည် သာမန်အားဖြင့် တရားဝင် မဟုတ်သကဲ့သို့ တာဝန်ပေးအပ်ခြင်းဟုလည်း ခံယူစရာမဟုတ်ပါ။ အမှန်စင်စစ် အမှုတော်၌ ဆက်ကပ်ရန် အသိအမှတ်ပြုခြင်းသာ ဖြစ်သည်။ ကိုယ်တော်နှင့် ဘုရားသခင်အကြား၌သာ တည်သည်။ ရှင်ပေါလုသည် အမှုတော်ဆောင်ရာ၌ ဝိညာဉ်တော် ဆုကျေးဇူးများ ခံစားခဲ့ကြောင်း နောင်ပိုင်း၌သာ သိရှိလာခဲ့ကြရသည်။

:၁၅ ဤအရာများကို စိတ်စွဲလမ်းသော ဆိုခြင်းမှာ ထွန်ယက်စိုက်ပျိုးပါ သို့မဟုတ် ဆေးချယ်ပါဟူသော စကားလုံးနှင့် အဓိပ္ပါယ်တူသည်။ သင်၏ တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ ဟု ကျမ်းစကားဆိုပါသည်။ သခင်ဘုရား၏ အမှုတော်ထမ်းရွက်ရာ၌ စိတ်ပျက်အားငယ်ခြင်း၊ စိတ်မရွင်လန်းခြင်း မရှိရန် ပေါလုက တိမောသေအား တိုက်တွန်းအားပေးခြင်း ဖြစ်သည်။ တိမောသေသည် ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ပါလိမ့်မည်။ ထို့ကြောင့် သူ၏တိုးပွားခြင်းကို လူတိုင်းအား သက်သေပြစေချင်သည်။ တိမောသေ၏ ဆက်ကပ်မှုကို ဆက်လက်ကြီးထွားခြင်း မရှိတော့ဘဲ အနယ်ထိုင်ခြင်းမဖြစ်စေလို။ ချေကုန်လက်ပမ်းကျ၍ ပုံကျခြင်းမဖြစ်စေလို။ အရာအရာ၌ သခင်ဘုရားကို ကြည့်ရှု၍ ဇွဲနဘဲကြီးစွာဖြင့် ဝိရိယထုတ်စေလိုသည်။

:၁ ဩဝါဒပေးကြောင်း သတိထားမိကြလိမ့်မည်။ ပထမဦးစွာ မိမိကိုယ်ကို၎င်း၊ ထို့နောက်မှ မိမိဆုံးမဩဝါဒစကားကို ဆင်ခြင်ရန် ဆုံးမဩဝါဒပေးထားသည်။ အမှုတော်ထမ်းဆောင်ရာတွင် မိမိကိုယ်တိုင် အရေးကြီးပုံကို ထောက်ပြခြင်းဖြစ်သည်။ အကယ်၍ မိမိအသက်တာ၌ အမှားအယွင်းရှိနေပ်က ယုံကြည်ခြင်းသည်လည်း ရှေးရိုးဝါဒီများကဲ့သို့ ဖြစ်၍ သွန်သင်ချက်များသည်လည်း အချည်းနှီးဖြစ်သွားမည်။ ထိုအကြောင်းနှင့် ပတ်သက်၍ A.W.Pink က “အကယ်၍ ပရိသတ်အား များပြားစေသော်လည်း တစ်ဦးတယောက်၏ ဝိညာဉ်အသက်တာသာ နိုးကြားစေလျှင် ထိုဝတ်ပြုခြင်းသည် အရာမထင်၊ နတ်ဆိုးပူးကပ်ခြင်း ဖြစ်သည်”ဟု ဆိုသည်။

တဆက်တည်းတွင် ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းနှင့် သွန်သင်ခြင်းပြုကြရန် လမ်းညွှန်သည်။ တိမောသေသည် ကိုယ်တိုင်သော်၎င်း၊ ပရိသတ်သော်၎င်း ကယ်တင်သူဖြစ်သည်။ ဤနေရာတွင် ကယ်တင်ခြင်းဆိုသည်မှာ ဝိညာဉ်ရေးရာ ကယ်တင်ခြင်းမဟုတ်ပါ။ ကျမ်းစာအဖွင့်တွင် မှားယွင်းသော ပျံကျဆရာများ၏ ဘေးဒဏ်မှ ကင်းလွတ်ရန်ဟု ဆိုထားပါသည်။ ထိုအန္တရာယ်ဘေးရန်မှ ကွယ်ကာစောင်မရန် ပေါလုက တိမောသေအား ချန်ထားခဲ့ခြင်း ဖြစ်သည်။ တိမောသေနှင့် အသင်းတော်သားများအား မှားယွင်းသော ဆရာများ၏ သွန်သင်ချက်ထဲမှ ကယ်တင်ခြင်းကို ဆိုလိုပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။