ဓမ္မရာဇဝင်ပဌမစောင် - ၂၅

ရှမွေလကွယ်လွန်ခြင်း
1ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေးမြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။
ဒါဝိဒ်နှင့်အဘိဂဲလ
2ထိုအခါ မောနအရပ်၌နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတစ်ဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တစ်ထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကိုညှပ်၍နေ၏။ 3ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသောအမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုး ဖြစ်၏။ 4နာဗလသည် သိုးမွေးညှပ်၍နေကြောင်းကို ဒါဝိဒ်သည် တော၌ကြားလျှင်၊ 5လုလင်တစ်ကျိပ်တို့ကိုခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။ 6စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော။ 7ကိုယ်တော်၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့နှင့်အတူနေသော ကိုယ်တော်၏သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသောကာလပတ်လုံး၊ သူတို့ဥစ္စာ တစ်စုံတစ်ခုမျှ မပျောက်ပါ။ 8ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်၏လုလင်တို့သည် ရှေ့တော်၌မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သားဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။ 9ဒါဝိဒ်၏လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။ 10နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။ 11ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဖို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏လုလင်တို့အားပြောဆို၏။ 12ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။ 13ဒါဝိဒ်ကလည်း လူတိုင်း မိမိဓားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိဓားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ်နောက်သို့ လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာပစ္စည်းများကို စောင့်၍ နေကြ၏။ 14လုလင်တစ်ယောက်သည် နာဗလမယားအဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှာ တမန်တို့ကိုတောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကိုဆဲပါ၏။ 15ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာနေ၍ သူတို့နှင့် ပေါင်းဖော်သောကာလပတ်လုံး အရှုံးမခံ၊ ဥစ္စာတစ်စုံတစ်ခုမျှ မပျောက်ပါ။ 16ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့်ပေါင်းဖော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညအစဉ်ကွယ်ကာလျက် နေကြပါ၏။ 17သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊ 18အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန်ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊ 19ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အားဆို၏။ လင်နာဗလကို အလျှင်းမပြော။ 20မြည်းကိုစီးလျက်သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တစ်ဖက်တစ်ချက် ဆင်းလာ၍ တစ်ယောက်နှင့်တစ်ယောက် တွေ့ကြုံကြ၏။ 21ထိုသို့မတွေ့မီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ မပျောက်စေခြင်းငှာ၊ တော၌သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့်ပါပြီတကား။ ငါကောင်းသောအမှုအတွက်၊ မကောင်းသောအမှုကို သူပြုပါပြီတကား။ 22နက်ဖြန် မိုးလင်းသောအခါ၊ နာဗလနှင့်ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစ်စုံတစ်ယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို့အားပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။ 23အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊ 24သူ၏ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ကျွန်မသည် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ 25ကိုယ်တော်၏ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော်ကျွန်မသည် မမြင်ရပါ။ 26ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကိုသတ်ခြင်းငှာ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရားဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။ 27ယခုမှာ ကိုယ်တော်၏ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သောလုလင်တို့အား ပေးစေတော်မူပါ။ 28ကိုယ်တော်၏ကျွန်မအပြစ်ကို သည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်လည်းကောင်း၊ တစ်သက်လုံး ကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဖို့ ခိုင်ခံ့မြဲမြံသောအိမ်ကို တည်ဆောက်တော်မူလိမ့်မည်။ 29ကိုယ်တော်၏အသက်ကို သတ်အံ့သောငှာ လူအချို့တို့သည် ထ၍ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။ 30ထာဝရဘုရား ကတိထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ခန့်ထားတော်မူသောအခါ၊ 31ကျွန်မ၏သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်လည်းကောင်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်လည်းကောင်း ကျွန်မ၏သခင် ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ် အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရားသည် ကျွန်မ၏သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။ 32ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှာ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 33သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှာ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။ 34အကယ်စင်စစ် သင့်ကို ငါမညှဥ်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှာ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုးလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစ်စုံတစ်ယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊ 35သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။
36အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သောပွဲကို မိမိအိမ်၌ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက် နေသောကြောင့်၊ မိုးမလင်းမီ မယားသည် အလျှင်းမပြော။ 37မိုးလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။ 38ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။ 39နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသောကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တစ်ဖန် လူကိုစေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှာ နှုတ်ဆက်လေ၏။ 40ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့်လက်ထပ်ခြင်းငှာ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊ 41အဘိဂဲလသည်ထ၍ မြေပေါ်မှာ ပျပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ခြေကို ဆေးသော ကျွန်မိန်းမဖြစ်ပါစေသောဟု ဆိုပြီးမှ၊ 42အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့်တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။ 43ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ခင်ပွန်းဖြစ်ကြ၏။ 44ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သားဖာလတိအား ပေးစားနှင့်ပြီ။

ဓမ္မရာဇဝင်ပဌမစောင် - ၂၅ (အနက်ဖွင့်)

(နာဗလ၏ မိုက်ရိုင်းမှု (အခန်း ၂၅)

          ၂၅: ရှမွေလသေခြင်းသည် တရားသူကြီးခေတ်နိဂုံးချုပ်ခြင်းဖြစ်သည်။ သက်ဦးစံပိုင်စနစ် ပေါ်ထွန်းလာချေပြီ။ ဒါဝိဒ်၏ နန်းမိုးနန်းစွယ်မှစ၍ ခရစ်တော်တွင် ကတိတော်ပြည့်စုံလာသည်။ ရှမွေလ သေဆုံးသောအခါ ဣသရေလပြည်သူအများသည် ကာလရှည်ကြာ လွမ်းတသသ နှောင်းတမြေ့မြေ့ဝမ်းနည်း ပူဆွေးကြသည်။

ရှမွေလ၏ အသုဘ ရက်လည်ကိစ္စပြီးဆုံးသောအခါ ဒါဝိဒ်သည်ပါရန်တောထဲသို့ ဝင်သွားသည်။ ရှောလု၏ အသက်ရန်ရှာခြင်း ဘေးရန်မှ ကင်းဝေးအောင် ယုဒပြည်တောင်ပိုင်းသို့ ခပ်ဝေးဝေးသွားနေခြင်းဖြစ်သည်။ အပိုဒ်၂တွင် ပါရှိသည့် ကရမေလသည် မြောက်ပိုင်းအရပ်မှ ကရမေလတောင်မဟုတ်ပါ။ မာအုန်မြို့နားမှ မြို့တစ်မြို့ ဖြစ်သည်။ ဒါဝိဒ်သည် သိုးဆိတ်ကြွယ်ဝသော နာဗာလထံသို့ တပည့်များစေလွှတ်၍ အလှူသွားခံခိုင်းသည်။ နာဗလသည် သိုးမွှေးများညှပ်နေသည်။

၂၅:၁၀၁၃ နာဗလသည် ဒါဝိဒ်၏ တပည့်အား မလိုက်လျောသည့်အပြင် မချေမငံရိုင်းပြစွာ အော်ပြော မောင်းထုတ်လိုက်သည်။ ဒါဝိဒ်ကြားသိသောအခါ စိတ်ဆိုးလျက် တပည့်သားမြေးလေးရာနှင့် အတူနာဗလနှင့် အိမ်ထောင်မိသားစုများ နဘန်ကျင်းဖို့ချီတက်သွားကြသည်။

၂၅:၁၄၂၂ ချောမောလှပ၍ သီလနှင့်ပြည့်စုံသော နာဗလ၏မိန်းမအဘိဂဲလက သူ့ယောက်ျား၏ အပြုအမူဆက်ဆံပုံကို တွေ့မြင်သောအခါ စိုးရိမ်ကြောက်လန့်သွားသည်။ စားကောင်း သောက်ဖွယ်များ ချက်ချင်းပြင်ဆင်ပြီး ဒါဝိဒ်အား သွားရောက်တွေ့ဆုံသည်။ တချိန်လုံးနာဗလ၏ တိရစ္ဆာန်များ စောင့်ကြည့်ခဲ့ရသည်ကို မထောက်ဘဲနှင့် ထိုကဲ့သို့ နာဗလမိုက်ရိုင်းလေရော့သလား၊ အမျိုးဖြုတ်ပစ်မည်ဟု ဒေါသတကြီးထွက်လာသည်။

၂၅:၂၃၃၁ ဒါဝိဒ်ကို တွေ့သောအခါ အဘိဂဲလသည် ခြေရင်းတွင် ရိုကျိုးစွာ ပျပ်ဝပ်လျက် သနားဖွယ်ခစား အသနားခံသည်။ ပထမဦးစွာ သူမသည် နာဗလ၏ မိန်းမဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်သည်။ နာဗလဆိုသည်မှာ လူမိုက်လူလိမ်ဟု အနက်ရသည်။ ဒါဝိဒ်၏ တပည့်များ အိမ်သို့လာစဉ်က၊ မသိလိုက်သောကြောင့် ထိုကဲ့သို့ မဖွယ်မရာဖြစ်ကြကြောင်းနှင့် ခွင့်လွှတ်ပါရန် တောင်းပန်သည်။ ရန်သူများကို သဘောထားကြီးစွာခွင့်လွှတ်တော်မူသည့်အတိုင်း ခွင့်လွှတ်ပါရန်နှင့် ဒါဝိဒ်အား ဆန့်ကျင်ပုန်ကန်မည့်သူသည် နာဗလကဲ့သို့ ဘုရားရှင်၏ အပြစ်တင်ခြင်းခံကြရပါစေဟု လျှောက်လဲသည်။ စင်စစ် အဘိဂဲလ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ဘိသိက်ပေးထားသော ဒါဝိဒ်အား ကြည်ညိုနေမိပြီ။ တိုက်ပွဲအောင်မြင်ခြင်းအတွက် ချီးမွမ်းနေမိပြီးဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်၏ လူသည်ရှင်ဘုရင်ဖြစ်လာလျှင် တိုင်းသူပြည်သား လူအများ အဘယ်မျှ ကောင်းကြီးခံစားကြရမည်နည်း။

၂၅:၃၂၃၅ အဘိဂဲလ၏ နူးညံ့သိမ်မွေ့သော သံခင်းတမန်ခင်းစကားကြားရသောအခါ ဒါဝိဒ်သည် နာဗလအား မဖျက်ဆီးရက်။ ယုံကြည်သူများ အသက်တာတွင်လည်း လမ်းမှန်ကမ်းမှန်ရောက်စေရန် လမ်းပြသတိပေးမှုများ စေလွှတ်လေ့ရှိပါသည်။ ကျေးဇူးတော်ကြီးမာလှပေစွ။ အဘိဂဲလ၏ စွမ်းဆောင်ချက်သည် ထိရောက်သည်။ ယူလာသော လက်ဆောင်များကို လက်ခံသည်။ ဒါဝိဒ်သည် နာဗလအား ဘုရားရှင်လက်ထဲသို့ အပ်နှံလိုက်သည်။ အချို့က အဘိဂဲလသည် သူ့ယောက်ျားအား ဘုရားသခင် အပြစ်စီရင်ခိုင်းမည်ဟု ဆိုကြသည်။ သို့သော် သမ္မာကျမ်းစာတွင် ထိုသွန်သင်ချက်မျိုးမတွေ့ရပါ။ လျှပ်တပြက် ဇဝနဉာဏ်လုပ်ဆောင်ချက်ဖြင့် သူ့ယောက်ျားနှင့် အိမ်ထောင်မိသားစု ကယ်တင်သည်မှာ ပေါ်လွင်ထင်ရှားသည်။

၂၅:၃၆၄၄ အဘိဂဲလအိမ်ပြန်ရောက်သောအခါ နာဗလသည် လူမှန်းသူမှန်းမသိအောင် မူးရူးနေသည်။ ဒါဝိဒ်အား သွားရောက်တွေ့ဆုံသည့်အကြောင်း ပြောပြဖို့ နောက်တရက်ထိစောင့်ဆိုင်းရသည်။ အရက်နာ ကောင်းသွားသော်လည်း အဘိဂဲလစကားကြောင့် လန့်ဖြန့်၍ သွေးလေဖြတ်သွားသည်။ ဆယ်ရက်ကြာသောအခါ လေဖြတ်ရောဂါ သို့မဟုတ် နှလုံးရောဂါဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားသည်။ နာဗလသေဆုံးကြောင်း ကြားသိပြီးသည့်နောက်ပိုင်းတွင် ဒါဝိဒ်သည်     အဘိဂဲလအား လက်ထပ်ဖို့ကမ်းလှမ်းသည်။ အဘိဂဲလကလည်း ကျိုးနွံစွာလက်ခံသည်။ ဒါဝိဒ်သည် တောထဲတွင် ပြေးလွှားပုန်းအောင်းစဉ်တွင်လည်း အဟိနောင်ဆိုသော အမျိုးသမီးနှင့်အကြောင်းပါခဲ့သည်။ ထိုအချိန်တွင် ပထမမယားကြီး မိခါလအား ဖခင်ရှောလုက အခြားယောက်ျားနှင့်ပေးစားနှင့်ပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။