ဓမ္မရာဇဝင်ပဌမစောင် - ၂၁

ဒါဝိဒ်ထွက်ပြေးခြင်း
1ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက်ရှိရာ နောဗမြို့သို့ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့်တွေ့သောအခါ ကြောက်၍၊ သင်သည် လူတစ်ယောက်မျှမပါဘဲ အဘယ်ကြောင့် တစ်ကိုယ်တည်းလာသနည်းဟု မေးသော်၊ 2ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တစ်ခုကိုအပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှာ အရင်စေလွှတ်လေပြီ။ 3သို့ဖြစ်၍ ကိုယ်တော်လက်၌ရှိသော မုန့်ငါးလုံးကိုသော်လည်းကောင်း၊ တွေ့သမျှကိုသော်လည်းကောင်း၊ ကျွန်ုပ်လက်သို့အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အားတောင်း၏။ 4ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။ 5ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့်မပေါင်းဖော်၊ လုလင်တန်ဆာတို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ်အား ပြန်ပြောသော်၊ 6ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှတစ်ပါး အခြားသောမုန့်မရှိသောကြောင့် သန့်ရှင်းသောမုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်အစား၌ မုန့်သစ်ကို တင်ထားအံ့သောငှာ ထာဝရဘုရားရှေ့တော်မှ နုတ်ပယ်နှင့်ပြီ။ 7ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသောသူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။ 8ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ဓားလှံရှိသလော။ အမှုတော်ကို အလျင်အမြန်ဆောင်ရသောကြောင့်၊ ဓားအစရှိသော လက်နက်တစ်စုံတစ်ခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊ 9ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ဓားသည် အဝတ်နှင့်ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာရှိ၏။ ယူချင်လျင် ယူတော့။ အခြားသောဓားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုဓားနှင့်တူသော ဓားမရှိ။ ပေးပါတော့ဟု ဆို၏။
10ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။ 11အာခိတ်မင်း၏ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။ 12ထိုစကားကို ဒါဝိဒ်သည်မှတ်မိ၍၊ ဂါသမင်းကြီးအာခိတ်ကို အလွန်ကြောက်သောကြောင့်၊ 13ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိတံတွေးကို မုတ်ဆိတ်တွင် ယိုစေ၏။ 14အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြသနည်း။ 15အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှာ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အားဆို၏။

ဓမ္မရာဇဝင်ပဌမစောင် - ၂၁ (အနက်ဖွင့်)

(အဟိမလက်ကသနားခြင်း (အခန်း ၂၁)

ကေသရာဇာခြင်္သေ့မင်းသည်လည်း ငတ်ပြတ်လျှင် မြက်စားရကိန်းကြုံသကဲ့သို့ ဒါဝိဒ်သည်လည်းမလွတ်။ ဤအခန်း ၂၁ သည် နောဗ(ငယ်၁-၉)တွင် ကြုံတွေ့ရသည်။ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းနှင့် ဖိလိတ္တိမင်းရှေ့တွင် အရူးဟန်ဆောင်ခန်းဖြစ်သည် (ငယ် ၁၀-၁၅)။

၂၁: ဒါဝိဒ်သည် ရှမွေလထံသို့ (အခန်း ၁၉)၊ ယောနသန်ထံသို့ (အခန်း၂၀) သွားခဲ့ပြီးနောက် ယခု ယဇ်ပုရောဟိတ်ကြီးထံသို့ ပြေးလွှားရပြန်သည်။ ဒါဝိဒ်တစ်ကိုယ်တော်ရောက်လာသဖြင့် ယဇ်ပုရောဟိတ်ကြီး အဟိမလက်သည် အံ့ဩတုန်လှုပ်သွားသည်။ (နောက်လိုက်အနည်းငယ်ပါရှိသော်လည်း ပုန်းအောင်းခိုင်းသေးသည် ငယ် ၂၊ မ၁၂:၃)။ ဘုရင့်လျှို့ဝှက်ကိစ္စဖြင့် ရောက်လာကြောင်း ဒါဝိဒ်က ရှင်းပြသည်။ ထို့နောက်စားစရာမုန့်တောင်းသည်။ ခက်သည်က ပွဲတော်တင်လှူပူဇော်ထားသော မုန့်တော်မှလွဲ၍ အခြားမုန့်မရှိ။ ယဇ်ပုရောဟိတ်က ဆာလောင်ငတ်မွတ်စွာ ပြေးလာသူအား သနား၍ ပွဲတော်ကျမုန့်ကျွေးချင်ပါသည်။ သို့သော် မစင်ကြယ်ခြင်းမရှိစေရန် ယခုရက်ပိုင်းမှာ မေထုန်မှီဝဲခြင်းရှိပါသလားဟု မေးမြန်းရာ မစင်ကြယ်ခြင်း မရှိရုံသာမက ဖြူစင်ကြကြောင်း ကတိပေးလိုက်သည်။ ထိုအခါ ယဇ်ပုရောဟိတ်ကြီးက ပွဲတော်မုန့်ကို ချပြီးဒါဝိဒ်သို့ ပေးလိုက်သည်။

မ ၁၂:၃-၄ တွင် သခင်ယေရှုက ဣသရေလတို့၏ အယူသီးမှုကို ဤအဖြစ်အပျက်အား ပုံဥပမာပေး ရှင်းပြခဲ့သည်။ အကယ်၍ ဒါဝိဒ်သည် ဘုရင့်ပလ္လင်ပေါ်တွင် စိုးစံနေလျှင် ထိုကဲ့သို့ ကောင်းစားရမည့်ကိန်း ကြုံရမည်မဟုတ်။ ဤနေရာတွင် ပွဲတော်မုန့်ဖြင့် ကရုဏာတော်အား ချုပ်ချယ်ကန့်သတ်စရာ မဖြစ်စေရ။ ကျေးဇူးတော်ထင်ရှားဖို့ ဖြစ်ကြောင်း သင်ခန်းစာရရှိပါသည်။

၂၁: ထိုကာလတွင် ရှောလု၏ တပည့်ဒေါဂသည် ဘုရားသခင်ရှေ့တော်၌ အမှုတော်ထမ်းဆောင်ရန် ရှိနေသည်။ ဧဒံလူမျိုးဖြစ်သော်လည်း ဟေဗြဲဘာသာသို့ ကူးပြောင်းသက်ဝင်ယုံကြည်သူဖြစ်သည်။ ဗိမာန်တော်ဝတွင် စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာများ စစ်ဆေးရသည်။ ယဇ်ပုရောဟိတ်အဟိမလက်နှင့် ဒါဝိဒ်တို့ တွေ့ဆုံဆက်ဆံကြပုံကို ရှောလုထံသို့ သတင်းပေးသည်။ ထိုအကြောင်းကို ဒါဝိဒ်ရိပ်မိသောကြောင့် လက်နက်တစ်စုံတရာရှိသလားဟု တောင်းဆိုသည်။ ဂေါလျက်ခေါင်းကို ဖြတ်သည့်ဓါးမှတပါး အခြားလက်နက်မရှိကြောင်း သိသောအခါ ထိုဓါးသည် ပို၍ကောင်းပါသည်ဟု ဝန်ခံရယူလိုက်သည်။ ထိုဓါးပေါ်တွင် ယုံကြည်စိတ်ချမှု အပြည့်အဝရှိသွားသည်။

၂၁:၁၀၁၅ ဒါဝိဒ်သည် ဣသရေလမှ ဂေါလျက်ဇာတိ ဂါသမြို့သို့ ပြေးသည်။ ဘုရားသခင် ဘိသိက်ပေးထားသော ဣသရေလဘုရင်သည် ဘုရားသခင်၏ ရန်သူများအကြားတွင် ဒုက္ခသည်ဘဝဖြင့် ပြေးလွှားပုန်းခိုနေရသည်။ ဖိလိတ္တိလူများက ဒါဝိဒ်အား မှတ်မိ၍ အသက်ရန်ရှာကြသောအခါ အရူးယောင်ဆောင်လိုက်သည်။ ထိုအကြောင်းကို DeRothchildက လူ့ဇာတိအတွေးဖြင့် သတိလက်လွှတ် ရှိသော်လည်း ဘုရားသခင်ဝိညာဉ်တော်က ကွယ်ကာစောင့်ရှောက်သည်” ဟု ဆိုသည်။၁၉ ဣသရေလ ဆာလံဆရာများက မုတ်ဆိတ်တွင် တံတွေးပေကျံခြင်းကို လွတ်မြောက်ရာဂိတ်ဝတံခါးဟု တင်စား ဖွဲ့ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လူများ၊ ဒါဝိဒ်ကဲ့သို့သောလူများကို ဘုရားသခင်က နှစ်လိုဖွယ်ရာ မဟုတ်သော အမှုအရာများ   ဖြင့်လည်း ကယ်တင်တတ်သည်။

သို့သော် ဒါဝိဒ်အသက်တာမှ သင်ယူစရာသင်ခန်းစာများစွာရရှိသည်။ သင်ခန်းစာအသစ်မကူးပြောင်းမီ ဆာ ၃၄ကို ဦးစွာ ဖတ်ပါ။ ဤအကြောင်းအရာကိုသဘောပေါက်သွားမည်။  ဒါဝိဒ် ၏အတွင်းစိတ်ကို ပီပြင်စွာသရုပ်ဖော်ထားသည်။ အခြေအနေ နိမ့်ကျဆိုးဝါးနေသော်လည်း ဘုရားသခင် သိကျွမ်းခြင်း၌ ပိုမိုခိုင်မာ ကြီးပြင်းပုံဖော်စပ်ထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။