ဓမ္မရာဇဝင်ပဌမစောင် - ၂၀

ယောနသန်၏အကူအညီ
1ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကိုရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟုမေးသော်၊ 2ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အားမပြောဘဲ အမှုအကြီးအငယ် တစ်စုံတစ်ခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှာ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။ 3ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏မိတ်ဆွေဖြစ်ကြောင်းကို သင်၏အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတစ်လှမ်းသာရှိပါသည်ဟု အကျိန်နှင့်ဆို၏။ 4ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊ 5ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲမနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ညဉ့်ဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။ 6သင်၏အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟုလျှောက်ပါ။ 7အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။ 8ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌အပြစ်ရှိလျှင် ကိုယ်တော်တိုင်သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။ 9ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ဘေးပြုမည်ဟု အကြံရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အားမပြောဘဲ နေလိမ့်မည်လောဟု ဆို၏။ 10ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု ယောနသန်အားမေးသော်၊ 11ယောနသန်က၊ ငါတို့သည် တောသို့သွားကြကုန်အံ့ဟု ဒါဝိဒ်အားဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
12ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကိုစုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသောအကြံရှိ၍ သင့်ကိုကျွန်ုပ်မကြားလိုက်ဘဲ နေသော်လည်းကောင်း၊ 13သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှာ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာသွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်လည်းကောင်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။ 14သင်သည် ကျွန်ုပ်အသက်ရှင်စဉ်အခါ၌သာ အသက်ချမ်းသာစေခြင်းငှာ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူးပြုရမည်မက၊ 15ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်လည်းကောင်း၊ 16သစ္စာပျက်လျှင် ဒါဝိဒ်၏ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်လည်းကောင်း၊ 17ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကိုချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။ 18တစ်ဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ်လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။ 19သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ရောက်လျှင်၊ ဧဇေလကျောက်နားမှာ နေရမည်။ 20ကျွန်ုပ်သည်လည်း၊ စက်ကိုပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြားသုံးစင်းပစ်မည်။ 21မြားတို့ကို သွား၍ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာပြောလျှင် လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။ 22သို့မဟုတ်၊ မြားတို့သည် နင့်ကိုလွန်ပြီဟု လုလင်အားဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။ 23ယခု ငါတို့နှစ်ယောက် ပြောသောအမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
24ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှာ ထိုင်၏။ 25ထုံးစံအတိုင်း ထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာထိုင်၏။ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်၏။ 26သို့ရာတွင် ရှောလုက အကြောင်းတစ်စုံတစ်ခု ရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည်မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။ 27နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော်ယောနသန်အား မေးလျှင်၊ 28ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊ 29အကျွန်ုပ် သွားရသောအခွင့်ကိုပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကိုဆောင်ကြပါ၏။ အကျွန်ုပ်အစ်ကိုလည်း မှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထိုကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။ 30ထိုအခါ ရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မျောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ ယေရှဲ၏သားဘက်၌ နေသည်ကို ငါမသိသလော။ 31ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့်သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊ 32ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊ 33ရှောလုသည် ယောနသန်ကိုမှန်စေခြင်းငှာ လှံတိုကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည်သိသဖြင့်၊ 34အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ်ရှိ၏။
35နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သောအချိန်၌၊ ယောနသန်သည် လူကလေးကိုခေါ်၍ တောသို့သွား၏။ 36လူကလေးအားလည်း ပြေးတော့။ ငါပစ်သော မြားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည်ပြေးသောအခါ သူ့ကိုလွန်အောင် မြားတစ်စင်းကို ပစ်လေ၏။ 37ယောနသန်ပစ်သော မြားကျရာအရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြားတစ်စင်းသည် နင့်ကိုလွန်ပြီမဟုတ်လော။ 38ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြားတို့ကိုကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။ 39သို့ရာတွင် လူကလေးသည် ထိုအမှုကိုနားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။ 40ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။ 41လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာအရပ်က ထ၍ မြေပေါ်မှာပျပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တစ်ယောက်ကိုတစ်ယောက်နမ်းလျက် မျက်ရည်ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။ 42ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ် စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကိုထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၂၀ (အနက်ဖွင့်)

၂၀: ဒါဝိဒ်သည်နာယုတ်မြို့မှ ထွက်၍ ယောနသန်ကို သွားရောက်တွေ့ဆုံသည်။ မည်သည့်အကြောင်းကြောင့် ရှောလုက သူ့အား အသက်ရန်ရှာသနည်းဟု မေးသည်။ စင်စစ် နာယုတ်မြို့တိုင်အောင် ဒါဝိဒ်၏အသက်ကို ရှောလုက သွားရောက်ရန်ရှာသည့်အကြောင်း ယောနသန်မသိလိုက်၊ ယောနသန်သည် ဒါဝိဒ်မိတ်ဆွေရင်းချာဖြစ်သောကြောင့် ရှောလုက ယောနသန်အား ထိုအကြောင်းမပြောဘဲ ထိန်ချန်ခြင်း ဖြစ်မည်ဟု ဆိုသည်။

၂၀: ဒါဝိဒ်၏ အသက်အန္တရာယ်အမှန်တကယ်စိုးရိမ်ရေမှတ်ရောက်မရောက် စမ်းစစ်ရသည်။ လစဉ်လဆန်းရက်တိုင်း ဘုရင့်ပွဲတော်တွင် ဝင်ရောက်ရသော နန်းထုံးဓလေ့ရှိသည်။ ထိုနေ့ပွဲတော်တွင်ဒါဝိဒ်ပျက်ကွက်မည်။ ထိုသို့ပျက်ကွက်ရခြင်းမှာ အရေးပေါ်မိသားစုပွဲတော်ရှိ၍ မိဘရပ်ထံဗက်သလင်သို့ ဒါဝိဒ်ပြန်သွားကြောင်း ယောနသန်က ရှင်းပြရမည်။ ဒါဝိဒ်ပြန်သွားကြောင်း ယောနသန်က ရှင်းပြရမည်။ ဒါဝိဒ်အိမ်ပြန်ပွဲတော်ပါဝင်ခြင်းသည် ဖြစ်ရပ်မှန်ဖြစ်သည်။ အကယ်၍ မုသားစကားဆိုလျှင် ဘုရားသခင်က ဒါဝိဒ်အား ကျေနပ်မည်မဟုတ်။) အကယ်၍ ယောနသန်၏ ရှင်းပြချက်အား ရှောလုလက်ခံလျှင် ကောင်းသောလက္ခဏာဖြစ်သည်။ အကယ်၍ ရှောလုမင်းစိတ်ဆိုးလျှင် အန္တရာယ်ရှိသည်။

၂၀:၁၀၁၇ တတိယနေ့တွင် ဆက်လက်အကြောင်း လာကြားမည့်အကြောင်း ယောနသန်က ကတိပေးသည်။ ဘုရားသခင် သင်ပေးသောချစ်ခြင်းမေတ္တာအားဖြင့် ယောနသန်နှင့်ဒါဝိဒ်အကြား သံယောဇဉ်တည်မြဲသည် မဟုတ်လော။ ဒါဝိဒ်သည် တစ်နေ့ဘုရင်ဖြစ်လာမည်ဟု  ယောနသန်ယုံကြည်ထားသည်(ငယ် ၁၄-၁၇)။ ယခုကာလတွင်လည်း ဒါဝိဒ်အပေါ် ယောနသန်၏ သံယောဇဉ်မေတ္တာ မပျက်ပြယ်ကြောင်း ထပ်လောင်းအတည်ပြုသည်။ ဖခင်ဘက်မှ မရပ်တည်ဘဲ၊ မိတ်ဆွေကောင်းအပေါ်တွင် သံယောဇဉ်တည်သည်။ အာဂကိုယ်ကျိုးစွန့်လွှတ်ခြင်းပေတည်း။

၂၀:၁၈၂၃ ယောနသန်နှင့် ဒါဝိဒ်တို့တောထဲတွင် ချိန်းတွေ့ကြသည်။ တတိယနေ့တွင် ဒါဝိဒ်ပုန်းခိုလေ့ရှိသော ကျောက်ဆောင်နားသို့ ယောနသန်က မြှားပစ်၍ တပည့်အား သွားကောက်ခိုင်းမည်။ ဤဘက်မှာ မြှားရှိသေးဟု ယောနသန်ကဆိုလျှင် ဒါဝိဒ်အတွက် ဘေးရန်မှရှိ၊ ဟိုဘက်မှာ မြှားရှိသည်ဟု ဆိုလျှင် ဘေးလုံခြုံရာသို့ ဒါဝိဒ်ထွက်ပြေးတော့ဟု စကားဝှက်အထာပြုကြသည်။ ယောနသန်၏ ပြောဆိုလုပ်ဆောင်မှုများ သရုပ်ဖော်မြင်သာသည်။ ဒါဝိဒ်ကို မမြင်ရသော်လည်း ထိုသို့အသံဖြင့် ဆက်သွယ်ခြင်းမှာ မျက်စိဖြင့် မမြင်သော်လည်း သံယောဇဉ်ဆက်သွယ်နေသည်ဟု အနက်ရသည်။

၂၀:၂၄၃၄ ပွဲတော်တွင် ဒါဝိဒ်ပျက်ကွက်သည့်အကြောင်း ပထမညတွင် ရှောလုမပြော။ ဒါဝိဒ်တွင် ပွဲတော်မတက်ရောက်ရအောင် မစင်ကြယ်သော ကိစ္စရှိမည်ဟု ထင်မှတ်ခဲ့သည်။ ဒုတိယနေ့တွင် ဒါဝိဒ်ထိုင်ခုံ လပ်ပြန်သောအခါ မေးရတော့သည်။ ယောနသန်က အရေးပေါ်ကိစ္စကြောင့် ဗက်သလင်သို့ ပြန်ခွင့် တောင်းဆိုသွားကြောင်း ရှင်းပြသည်။ ရှောလုသည် ယောနသန်၏ သတင်းကိုကြားလျှင် ဒေါသဟုန်းကနဲ ထတောက်ပြီး အော်ကြီးဟစ်ကျယ်ငေါက်ငမ်းပြောဆိုသည်။ သူ့သားယောနသန်ကိုလည်း ဒါဝိဒ်နှင့် တကြိတ်တည်း တဉာဏ်တည်းပြုကြကြောင်းမသိဟု မှတ်လေရော့ကြသလားဟု ကြိမ်းမောင်းသည်။ ဒါဝိဒ်အပေါ် မုန်းတီးမှုဟူသမျှသည် ယောနသန်ပေါ်သို့ ပုံကျသွားသည်။

၂၀:၃၅၄၂ တတိယနေ့နံနက်တွင် ယောနသန်သည် ချိန်းဆိုထားသည့်အတိုင်း လူကလေးနှင့်အတူ ဒါဝိဒ်ပုန်းအောင်းရာသို့ သွားကြသည်။ ယောနသန်က မြှားနှင့်လူကလေးကို ပြိုင်ပြေးခိုင်းသည်။ “လူကလေးရယ် မြှားက သင့်ကိုကျော်သွားပြီ” ဟု စကားဝှက်ဖြင့် အော်ပြောသည်။ လူကလေးက နားမလည်သော်လည်း ဒါဝိဒ်နားလည်သည်။ ဒါဝိဒ်သည် ပုန်းအောင်းရာမှ ထွက်လာပြီး ယောနသန်နှင့်ဖက်ငိုကြသည်။ မိတ်ဆွေကောင်းနှစ်ဦး ချစ်လျက်နှင့် လမ်းခွဲကြရတော့မည်။ အရှေ့နှင့် အနောက်အရပ်သို့ တစ်ယောက် တစ်မျက်နှာစီ သွားကြရမည်။ ဒါဝိဒ်သည် တောတောင်လျှိုမြောင်ထဲသို့ အသက်လုပုန်းခိုရမည်။ ယောနသန်သည် ဖခင်ရှောလုအိမ်တော်သို့ ပြန်လာသည်။ ဖခင်၏ အရိုက်အရာသည် ဣသရေလမင်း ဖြစ်မည် မဟုတ်မှန်းလည်း သိသည်။ ဖခင်၏ ဘုရင့်အရာဆက်ခံမည့်သူ၏ ပြိုင်ဘက်သည် ဒါဝိဒ်ဖြစ်မှန်းသိသည်။ သို့သော်နည်းနည်းမှ မနာလိုစိတ်မှရှိ။ ရှောလုပြီးလျှင် သားတော်ယောနသန်သာလျှင် ဘုရင်ဖြစ်သင့်သည်။ သို့သော်လည်း အမှုမထား။ ဒါဝိဒ်ကိုသာဖြစ်စေချင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။