ဓမ္မရာဇဝင်ပဌမစောင် - ၁၅

အာမလက်အမျိုးသားတို့နှင့်စစ်ဖြစ်ခြင်း
1တစ်ဖန် ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ သင့်ကို ဘိသိက်ပေးမည်အကြောင်း၊ ငါ့ကို အထက်ကစေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ 2ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။ 3ယခုသွား၍ ထိုအမျိုးကိုလုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းတို့ကိုသတ်လော့ဟု ရှောလုအား ဆင့်ဆိုသည်အတိုင်း၊ 4ရှောလုသည် လူတို့ကိုစုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲ နှစ်သိန်း၊ ယုဒစစ်သူရဲ တစ်သောင်းရှိကြ၏။ 5ရှောလုသည်လည်း အာမလက်မြို့သို့စစ်ချီ၍ ချိုင့်၌တပ်ချပြီးမှ၊ 6ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာပြောင်းကြလော့။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည်အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။ 7ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တစ်ဖက်တစ်ချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက်လူတို့ကို လုပ်ကြံလေ၏။ 8အာမလက်ရှင်ဘုရင် အာဂတ်ကို အရှင်ဖမ်းမိ၏။ လူအပေါင်းတို့ကို ဓားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။ 9သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်းမဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာသော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
ဘုရင်အဖြစ်မှရှောလုအပယ်ခံရခြင်း
10ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ 11ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ပညတ်တို့ကိုမကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တစ်ညလုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊ 12နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှာ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ရောက်၍ အောင်တိုင်ကိုစိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။ 13ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။ 14ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟုမေးသော်၊ 15ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။ 16ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါမည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။ 17ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့၏ အထွတ်သို့ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက်ပေးတော်မူသည်မဟုတ်လော။ 18ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမီတိုင်အောင် စစ်တိုက်လော့ဟု သင့်ကိုဝေးသောအရပ်သို့ စေလွှတ်တော်မူ၏။ 19သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့်ပြုဘိသနည်းဟု ပြောဆိုသော်၊ 20ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရဘုရား စေခိုင်းတော်မူသောလမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကိုဆောင်ခဲ့၍၊ အာမလက်အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ။ 21သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာလုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူကြပါပြီဟု ပြောဆိုပြန်၏။ 22ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။ 23ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့လည်းကောင်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ဆို၏။ 24ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကိုကြောက်၍ သူတို့စကားကို နားထောင်သောကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏စကားကိုလည်းကောင်း လွန်ကျူးပါပြီ။ 25အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊ 26ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ရှောလုအားဆိုပြီးမှ၊ 27လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။ 28ရှမွေလကလည်း၊ ယနေ့ ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှဆုတ်ယူ၍၊ သင့်ထက်ကောင်းသော သင်၏အိမ်နီးချင်းအားပေးတော်မူပြီ။ 29ထိုမှတစ်ပါး ဣသရေလအမျိုး၏အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသားသုံးခြင်း၊ နောင်တရခြင်းနှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှာလူဖြစ်တော်မမူဟု ဆိုသော်၊ 30ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ရှေ့၌လည်းကောင်း၊ ဣသရေလအမျိုးရှေ့၌လည်းကောင်း၊ အကျွန်ုပ်၏ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊ 31ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။ 32ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ်က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။ 33ရှမွေလက၊ မိန်းမများတို့သည် သင်၏ဓားကြောင့် သားဆုံးသကဲ့သို့၊ သင်၏အမိသည် သားဆုံးသော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။ 34ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွားလေ၏။ 35ရှောလု အနိစ္စမရောက်မီတိုင်အောင်၊ ရှမွေလသည် နောက်တစ်ဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသောအမှုကို နောင်တရတော်မူ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၁၅ (အနက်ဖွင့်)

(နာခံမှုလုံးဝပျက်ကွက်ခြင်း (အခန်း ၁၅)

          ၁၅: ရှောလု၏ ဘုန်းတန်ခိုး ကံကြမ္မာသည် နိမ့်ကျသထက်နိမ့်ကျလာရာ အောင်ခြေနားရောက်နေပြီ။ အကျိုးအကြောင်းရှင်းပြခြင်း အထွေအထူးမရှိ။ ဘုရားသခင်က ဣသရေလလူမျိုးအား အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာစဉ် အာမလက်လူတို့သည် ဣသရေလလူတို့အား လမ်းခုလတ်တွင် ရက်စက်စိမ်းကားစွာ ဆက်ဆံခဲ့ကြသည် (တရား ၂၅:၁၇-၁၉)။ ဘုရားရှင်ပေးသော စစ်မိန့်သံသည် ရှင်းလင်းပြတ်သားသည် တစ်ယောက်မှ အသက်ရှင် မထားရဟုဆိုသည်။ အာမလက်လူတို့၏ ဆိုးညစ်မှုကို မှတ်သားရပေါင်းများပြီ။ သို့သော် မပြောင်းလဲနိုင်သေး (ထွ ၁၇:၁၄-၁၆၊ တော်၂၄:၂၀)။ သို့ကြောင့် မိမိပြုသောအမှုဒုစရိုက်၏ အပြစ်ဒဏ် ခံကြရမည်။

၁၅:၁၂ အာမလက်မြို့ တိုက်ခိုက်သိမ်းပိုက်ဖို့ ရှောလုသည် စစ်အင်အားစုစည်းသည်။ အာမလက်တို့အား ထိုသို့မတိုက်ခင်မီ အာမလက်လူများနှင့် ရောနှောနေထိုင်ကြသော ကေနလူများကို ပြောင်းရွှေ့ခိုင်းသည်။ ကေနလူများသည် ဣသရေလတို့ ကန္တာရခရီးစဉ်တွင် ကူညီပံ့ပိုး စေတနာထားသူဖြစ်သည်။ ဣသရေလတို့ ကန္တာရ ခရီးစဉ်တွင် ကူညီပံ့ပိုးစေတနာထားသူများဖြစ်သည်။ သို့ကြောင့် ကေနလူများအား ဘုမသိဘမသိ မသေစေလို။ ဘုရားသခင်၏ ရန်သူများကိုသာ မှတ်လောက်သားလောက်အောင် ဆုံးမချင်သည်။ ရှင်ဘုရင်နှင့် ကောင်းပေ့ဆူပေ့တိရစ္ဆာန်များမှလွဲ၍ အားလုံးသတ်ဖြတ်ပစ်သည်။ (အသက်ရှင်သူများကို ရွေးနှုတ်နိုင်ကြောင်း ၃၀:၁-၆၊ ၂ရာ ၈:၁၂၊ ၅ရာ ၄:၄၃တွင်လည်း ပြဌာန်းထားသည်။ ခရီးအတန်ကြာပေါက်လာသောအခါ ရှောလုက စကားတော်မနာခံပုံကို ရှမွေလသိရှိသားသည်။ ထို့ကြောင့်ဤပြဿနာ မည်သို့ကိုင်တွယ်ဖြေရှင်းရမည့်အကြောင်း ရှမွေလသည် တညဉ့်လုံး ဒူးထောက်ဆုတောင်းသည်။ နံနက်ယံတွင် အဖြေရရှိသွားသည်။

၁၅:၁၃၃၅ ဂိလဂါလသို့ ပြန်လာရာ လမ်းခရီးတစ်ဝက်တွင် ရှောလုသည် အောင်မြင်မှု မှတ်တိုင်စိုက်ထူသည်။ သို့သော် ရှမွေလကမူ ရှောလု၏ မနာခံမှုအား စိတ်မချမ်းမြေ့။ ရှောလုကို နည်းနည်းမှ ခွင့်မလွှတ်နိုင်။ ပရောဖက်ရှမွေလ၏ နားတွင်ပြည့်လျှံနေသည်။ ငြင်းပယ်ခြင်းခံနေရာပြီ။ ရှမွေလသည် ဘုရားသခင်စကားထက် ဘုရားရှင်အတွက် ရွေးချယ်မှုက ပိုကောင်းသည်ဟု ယူဆခဲ့သည်။ ယခုမှားမှန်းသိသောအခါ နောင်တရလျက် ရှမွေလထံပြန်ချဉ်းကပ်သည်။ ရှမွေလက အတူတူမနေနိုင်ကြောင်း ငြင်းဆုံပြီး ထွက်သောအခါ လိုက်ဆွဲသောကြောင့် ရှမွေလ၏ ဝတ်ရုံမား ဆုတ်ပြဲသွားသည်။ ဘုရားရှင်၏ နိုင်ငံတော်သည် ရှောလုကြောင့် ပြိုကွဲပျက်စီးမည့် နိမိတ်လက္ခဏာဖြစ်သည်။

ရှမွေလက စိတ်တထစ်လျှော့၍ ရှောလုနှင့်အတူ ဘုရားသခင်အား ရှိခိုးကိုးကွယ်ကြပြီးသောအခါ စစ်သုံ့ပန်း အာခတ်မင်းအား ခေါ်ဆောင်လာခိုင်းသည်။ အာခတ်မင်းသည် သေကံမရောက်သက်မပျောက်၊ သေနေ့သေချိန်လွန်မြောက်ပြီဟု စိတ်ထင်ခဲ့သည်(ငယ်၃၂)။ တပည့်ရှောလု၏ မနာခံမှုကြောင့် ဆရာသမား ရှမွေလသည် အာပတ်သင့်လေပြီ။ မိခင်၏သားများကို သတ်ဖြတ်ခဲ့သည့်အတိုင်း အာခတ်မင်းသည် အပိုင်းပိုင်း ခုတ်ထစ်ခြင်းခံရပြီ။ လူ့လက်မှ လွတ်သော်လည်း တရားတော်ဓါးအောက်မှ မလွတ်။

အပိုဒ်ငယ် ၂၂မှ ဘုရားသခင်၏ နှုတ်ကပတ်တော်ထွက်စကားကို ဆင်ခြင်မှတ်သားကြပါစို့။ ဘဝအစအလယ်အဆုံး နာခံခြင်းရှိဖို့ မှာထားသည်။ နာခံခြင်းသည် ဘုရားသခင်၏ စိတ်တော်နှင့်ထိတွေ့ နားထောင်ခြင်းသည် သိုးထီးဆီဥ ပူဇော်ခြင်းထက်ကောင်း၏။ ထိုအကြောင်းနှင့်ပတ်သက်၍ Erdmann က ဤသို့ဆိုထားသည်။

နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ကောင်း၏ဟု ဆိုထားပါသည်။ နာခံခြင်းဟု ဆိုရာတွင် နားထောင်ရုံသက်သက်မဟုတ်ဘဲ လက်တွေ့လိုက်နာလုပ်ဆောင်ခြင်းသည်လည်း ပါဝင်သည်။ စိတ်နှလုံးမပါဘဲ ထုံးစံအတိုင်း ယဇ်ပူဇော်ခြင်းသည် တန်ဖိုးမရှိ။ ထို့ပြင်မနာခံငြင်းပယ်ခြင်းသည် ပုန်ကန်ခြင်းဖြစ်၍ မိမိစိတ်ထင်ရာ ဒုံးစိုင်းခြင်းဖြစ်သဖြင့် ဘဝပျက်စီးရာဖြစ်သည် အပြင်ပန်းသဏ္ဍာန်ဖြင့် ထိုမျှအရုပ်ဆိုးလျှင် အတွင်းသရုပ်သည် စာတန်၏ တန်ခိုးများဖြင့် ပြည့်နှက်နေပေမည်။ ရုပ်တုဆင်းတုကိုးကွယ်ခြင်းတစ်မျိုးဖြစ်သည်။၁၄

အပိုဒ်ငယ် ၂၉နှင့် ၃၅သည် ဖီလာဆန့်ကျင်သယောင်ရှိသည်။ ပထမတွင် ဘုရားသခင်သည် စိတ်သဘောမပြောင်းလဲဟု ဆိုသည်။ ဒုတိယတွင်မူ ရှောလုအား ဘုရင်အဖြစ် အမှတ်ထားသည်ဟု ဆိုသည်။ အပိုဒ်ငယ် ၂၉သည် ဘုရားသခင်၏ သဘောသဘာဝအရင်းခံဖြစ်သည်။ မနေ့၊ ယနေ့၊ နောင်ကာလ ပြောင်းလဲခြင်းမရှိပုံ ဖော်ညွှန်းသည်။ အပိုဒ်ငယ် ၃၅သည် ရှောလု၏ လုပ်ဆောင်ချက်အတိုင်း ဘုရားသခင်ထံတော်မှ ကောင်းကြီးပြောင်းလဲပုံကို ဆိုလိုသည်။ သို့ကြောင့် ဤကျမ်းစကားအရ နာခံသူသည် ကောင်းကြီးမင်္ဂလာခံစားရ၍ မနာခံသူသည် အရေးအပြစ်ပေးခြင်းခံရသည်ဟု နားလည်ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။