၁ရှင်ပေတရု - ၄

ဘုရားသခင်အတွက်အသက်ရှင်ခြင်း
1ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက် ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊- 2နောက်တစ်ဖန် သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်းကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။- 3သာသနာပလူတို့၏ အလိုသို့လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အား လောက်ပေ၏။- 4ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည်အရာကို သူတို့သည်အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။- 5သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကိုလည်းကောင်း၊ သေသောသူတို့ကိုလည်းကောင်း တရားစီရင်ခြင်းငှာ အသင့်ရှိတော်မူသောသူ ရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတ္တံ့။- 6ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။
ဘဏ္ဍာစိုးကောင်း
7ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှာ စောင့်နေကြလော့။- 8အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။- 9မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။- 10သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။- 11ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
ခရစ်ယာန်အနေဖြင့်ခံရသည့်ဒုက္ခ
12ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဖွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်။- 13သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။- 14ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။- 15လူအသက်ကိုသတ်သော အပြစ်၊ သူ့ဥစ္စာကိုခိုးသော အပြစ်၊ ဒုစရိုက်ကိုပြုသော အပြစ်၊ သူတစ်ပါးအမှု၌ ရောနှောသောအပြစ် ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။- 16ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။- 17ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ ပြီးလိမ့်မည်နည်း။- 18ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။-သု၊ ၁၁း၃၁။ 19ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကို အပ်နှံကြစေ။

၁ရှင်ပေတရု - ၄ (အနက်ဖွင့်)

: ခရစ်တော်ဘုရားသည် မတရားမှုကိုခံသောသူနမူနာဖြစ်ပါသည်။ ဆိုးသွမ်းမိုက်မဲသူ၏ ရက်စက်မှုကိုလက်ဖဝါးတွင် ဖြောင့်မတ်စင်ကြယ်ခြင်းလက္ခဏာအဖြစ်ခံစားခဲ့သည်။ ထိုအချိန်မှစ၍ တပည့်တော်တို့ကိုလည်း ဖြောင့်မတ်ခြင်းကို လက်နက်အဖြစ်သုံးစွဲခိုင်းသည်။ နာမတော်မြတ်၌ ဆင်းရဲဒုက္ခ ခံနိုင်ကြသည်။ ခရစ်ယာန်များ ပီပီ ညှဉ်းပန်းနှိပ်စက်ခြင်းကို ဇွဲရှိရှိခံနိုင်ကြသည်။

ခန္ဓာကိုယ်အသွေးအသား၌ ဆင်းရဲဒုက္ခခံသောသူသည် ဒုစရိုက်နှင့်ကင်းငြိမ်းသည်။ ယုံကြည်သူများသည် နှစ်ဘက်ရန်ရှိကြသည်။ အပြစ်သို့မဟုတ်ဆင်းရဲဒုက္ခသို့မဟုတ်အပြစ်ဒုစရိုက် ကစောင့်နေသည်။ တစ်ဘက်တွင် မယုံကြည်သူများဝန်းကျင်၌ သူတို့ကဲ့သို့ အပြစ်မှော်ရုံတွင် မွေ့လျော် နိုင်သည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ရှောင်နိုင်သည်။ အခြားတစ်ဘက်တွင်မူ အလိုတော်နှင့်အညီ ရှင်သန်၍ ခရစ်တော်ကဲ့သို့ ဆိုးသွမ်းမိုက်မဲသူတို့၏ ဒဏ်ရာဒဏ်ချက်ကို လက်ဖဝါး၌ ခံစားနိုင်သည်။

မာတုရ James Guthrie က ကားတိုင် တင်မခံမှီတွင် “ချစ်မိတ်ဆွေတို့ ငါသောက်သကဲ့သို့ ဤဆင်းရဲဒုက္ခဖလားကို သောက်ကြပါ။ အပြစ်မပြုမှီ အပြစ်အတွက်ဤလမ်းစဉ်ကို ငါရွေးချယ်ပါ သည်” ဟုဆိုခဲ့သည်။

ယုံကြည်သူတစ်ဦးသည် အပြစ်နွံတွင်မွေ့လျော်ခြင်းထက် ဆင်းရဲဒုက္ခ ရွေးချယ်ခြင်းသည် အပြစ်နှင့် ကင်းစင်ရေးနည်းလမ်း ဖြစ်သည်။ ထိုသို့ပြောရာတွင် အခိုက်အတန့်အားဖြင့် အပြစ်နှင့် ကင်းစင်သည်ဟု ဆိုလိုသည်မဟုတ်ပါ။ အပြစ်ဒုစရိုက်နှင့် ပြတ်စဲသည်ဟုဆိုလိုသည်။ ယုံကြည်သူ ဆင်းရဲဒုက္ခခံခြင်းသည် အသွေးအသားဇာတိအလိုကို မလိုက်လျောလိုခြင်း၊ အပြစ်ဒုစရိုက်ကို ငြင်းပယ်ခြင်းဖြစ်သည်။

: ယုံကြည်သူ၏ လောကအသက်တာကိုလူ့အသိဉာဏ်သက်သက်ဖြင့် မထိန်းကျောင်းနိုင် ပါ။ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်ခြင်းဖြင့်သာလျှင် ထိန်းကျောင်းနိုင်သည်။ မယုံကြည် သူများကဲ့သို့ အပြစ်နွံတွင် မွေ့လျော်နေခြင်းထက် ခရစ်ယာန်ပီပီ ဆင်းရဲဒုက္ခခံစားခြင်းကပို၍ ဘဝအဓိပ္ပါယ်ရှိပါသည်။ ဘုရားသခင်ကို ငြင်းပယ်ခြင်းထက် အသက်ပေးခြင်းက ပိုမြတ်ပါသည်။ ကိုယ်ခန္ဓာအသက်အပိုင်းအခြား ကျန်ရစ်သောကာလဆိုသည်မှာ ကမ္ဘာကြီးပေါ်က လူ့ဘဝအသက် တာကိုဆိုလိုသည်။ တိုတောင်းသော အသက်တာတွင် အာရုံငါးပါးအရသာတွင် မွေ့လျော်ခြင်းထက် ဘုရားဘုန်းတော်ထင်ရှားရာကို ဦးစားပေး ရွေးချယ်သင့်သည်။

: ဤကျမ်းပိုဒ်သည် မပြောင်းလဲခင် သာသနာပ လူများရှေ့တွင် မှောက်မှားပျော်မြူးခဲ့ သောအကျင့်ဆိုးများကို ထောက်ပြသွန်သင်သည်။ ဤဘဝ ဤမျှနှင့်သာ ကျေနပ်ပါဟု တိုက်တွန်းထားသည်။ ခရစ်ယာန်များ ပီပီအသစ်သော ဘဝရရှိကြပြီဖြစ်၍ ဘဝဟောင်းကို နေရစ်စေဟု နှုတ်ဆက်ရသည်။ ကျန်ရှိသော အသက်တာကိုမူ ဘုရားရှင်က ပိုင်ဆိုင်သောကြောင့် အမှုတော်၌ ဆက်ကပ်အပ်နှံဖို့ တွန်းအားပေးပါသည်။ ကိလေသာညစ်ညူးခြင်း အဓိကအားဖြင့် ကိလေသာစိတ်၌ တဖန်ပြန်လည်ဖောက်ပြန်ခြင်းမရှိစေရ။

တဏှာရမက် လောကရမ္မက်၊ တပ်မက်ခြင်းဖြစ်၍အဓိကအားဖြင့် ကာမတဏှာရမ္မက်ကို ဆိုလိုသည်။

အရက်သေစာသောက်စားခြင်း မိမိကိုယ်ကို မထိန်းကျောင်းနိုင်အောင် အရက်ပျော့မှစ၍ အဆိပ်အတောက် ဖြစ်သောအရက် သေစာကို ဆိုလိုသည်။ စိတ်အသိဉာဏ်မှေးမှိန် လျှော့နည်းစေသောကြောင့် စုံစမ်း စစ်ကြေခြင်း တစ်မျိုး ဖြစ်သည်။ မူးယစ်သောက်စားခြင်းနှင့် အကျင့်သီလပျက်ပြားခြင်း၏ အောင်သွယ်တော် ဖြစ်သည်။

          အပျော်ကြူးခြင်း ပါတီပွဲများနှင့် ညဉ့်နက်သန်းခေါင်ယံတိုင်အောင် အောဟစ်ဆူညံစွာ ပျော်ကြူးကြသော ညဉ့်လယ်ယံပွဲများ ရှောင်ကြဉ်ရသည်။

မူးယစ်သောက်စားခြင်း ပေါက်လွှတ်ပဲစား သောက်စားကြူခြင်းနှင့် စည်းမရှိကမ်းမရှိ ကလီမချီအကျင့် ဖြစ်၍ ခိုက်ရန်ဖြစ်ပွားစေတတ်သည်။

ညစ်ညမ်းသောရုပ်တုများ ရုပ်တုဆင်းတုကိုးကွယ်ခြင်းဟူသမျှ ထိုရုပ်တုများအတိုင်း အကျင့်ပျက်ပြား အချည်းနှီးကိုးကွယ်ခြင်းသာဖြစ်သည်။

လူများသည် ကိုးကွယ်ရာအတိုင်းဖြစ်သွားကြသည်။ ဘုရားစစ်ဘုရားမှန်ကို စွန့်လွှတ်သည်နှင့် တပြိုင်နက်သူတို့ဘဝသည် အောက်ကျသထက် ကျလေလေဖြစ်သည်။ အဆင့်အတန်းနိမ့်ကျလေလေ၊ အပြစ်ဒုစရိုက်နွံထဲတွင် သာယာဖို့ပိုများလေလေ ဖြစ်သောကြောင့် မည်သည့်နိမ့်ကျခြင်းကိုမှ ပြုလုပ်ရန် ဝန်မလေးကြတော့ပါ။ ရုပ်တုကိုးကွယ်ခြင်းသည် အပြစ်ဒုစရိုက်မွေးဖွားခြင်းနှင့် အဆင့်အတန်းနိမ့်ကျခြင်း အကြောင်းများပေတည်း။

: ဤကျမ်းပိုဒ်သည် ကယ်တင်ခြင်းရပြီးသူများပြင်ပလက္ခဏာများဖြစ်သည်။ မယုံကြည်သူများနှင့် မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကြူးခြင်း မရှိတော့သဖြင့် ပတ်ဝန်းကျင်က “စိတ်မမှန်တော့ဘူး၊ ဘာသာရေးမှိုင်း မိနေပြီ” စသဖြင့် ယိုးစွပ်တတ်ကြသည်။ ကပွဲ၊ ပါတီပွဲနှင့်ကိလေသာများတွင် မပါဝင်သောခရစ်ယာန်များကို စိတ်မနှံ့သူဟု သမုတ်ကြသည်။ ယုံကြည်သူသည် အပြစ်သားဘဝကို ရွံရှာ၍ သီလဖြူစင်သောအကျင့်သို့ ပြောင်းလဲရသည်။

: ခရစ်ယာန်များကို ပြစ်တင်ရှုတ်ချသူသည် ပြစ်မှုကျူးလွန်သောအမှား ပလ္လင်ဖြူရှေ့မှာ အပြစ်စီရင်ခြင်းခံမည်။ သခင်ဘုရားသည် အသက်ရှင်သောသူကို၎င်း၊ သေသောသူကို၎င်း တရားစီရင် ခြင်းငှာ အသင့်ရှိတော်မူသည်။ တရားစီရင်ခံရမည့်သူများသည် မယုံကြည်သူများဖြစ် ကြောင်းထင်ရှားသည်။ အသက်ရှင်နေသော မယုံကြည်သူများကို အနှစ်တစ်ထောင် အုပ်စိုးခြင်းမတိုင် မှီစီရင်မည်။ သေလွန်သူ ငမိုက်သားများအား ခရစ်တော်အုပ်စိုးခြင်း အပြီးမှာ စီရင်ပါမည်။ ဘုရားသား သမီးများအား ပြစ်တင်ရှုတ်ချခြင်းကို စွဲချက်တင်ပါမည်။

: ထိုအကြောင်းကြောင့် ဘုရားသခင်၏ သားသမီးများသည် ဘုရားသခင်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည့်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကိုကြားရ ကြ၏။ ဒုက္ခတွေ့ကြရပြန်ပြီ။ ဤဧဝံဂေလိတရားကို မသေခင်ကြားသိကြသလား။ သေပြီးမှကြား သိသည်ဟုဆိုပါသလား။

လောကမှာ အသက်ရှိနေကြစဉ် ဧဝံဂေလိတရားကို ကြားသိ၍ သခင်ဘုရားကို ယုံကြည်သူများ ဟု နားလည်ခံယူရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် သမ္မာတရား၌ ခိုင်မြဲခဲ့ကြသည်။ လူဆိုးလူမိုက်များ၏ ဒဏ်ရာဒဏ်ချက်များကို ခံစားခဲ့ကြသည်။ အချို့ကမာတုရအဖြစ် အသေခံခဲ့ကြသည်။ ထိုယုံကြည်သူများသည် လူ့ဇာတိအစဉ်အလာအသွေးအသားများကို ပြစ်တင်ရှုတ်ချသူများ ဖြစ်၍ ယခုတွင်မူ ကိုယ်တော်ထံပါး၌ ထာဝရအသက်တာတွင် ပျော်ရွင်ကြသူများဖြစ်သည်။

ဧဝံဂေလိတရားရောက်ရှိစဉ် ထိုသူများသည်မသေကြသေးပါ။ ယခုတွင် သူတို့ခန္ဓာကိုယ်သည် သေနေကြပါပြီ။ ပတ်ဝန်းကျင်က စိတ်မနှံ့သူမဟု ယိုးစွပ်သော်လည်းဘုရားသခင်ကချီးမြောက်ထား ပါသည်။ သူတို့ဝိညာဉ်များသည် ကောင်းကင်နိုင်ငံတွင် သာယာနေကြပါသည်။

ထိုဧဝံတရားက ယုံကြည်သူများအတွက် လူများ၏ ကဲ့ရဲ့ခြင်းနှင့် ဘုရားထံတော်ပါးသို့ ချဉ်းကပ်တိုးဝင်ခြင်းဟူသော အကြောင်းတရားနှစ်ချက် ယူဆောင်လာပါသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ Barnes က ဤသို့ရှင်းပြပါသည်။

ဧဝံသတင်းစကားကို လူများကဆုံးဖြတ်ကြသည်။ သတ်ဖြတ်ကြသည်။ သူတို့ဘဝအသက် တာကိုသာ၍မြင့်ရာသို့ ပို့ဆောင်ပေးသည်ကိုမသိကြ၊ ဝိညာဉ်တော်ကသာလျှင် သခင်ထံတော်သို့ပို့ ဆောင်သည်” ကိုမသိကြ။

၃။ ယုံကြည်သူ၏ဆက်ကပ်မှုနှင့်ဆင်းရဲဒုက္ခ ::၁၄

(ကနောက်ဆုံးနေ့ရက်များအတွက်အရေးပေါ်အမိန့်တော် :၁၁

          : ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့် ဟုဆုံးမ စကားဖြင့်နိဒါန်းပျိုးပါသည်။ ဤကျမ်းစကား၏ဆိုလိုရင်းမှာ (၁) ယေရုရှလင်မြို့ပျက်စီးခြင်း (၂)ချီဆောင်ခြင်း (၃) ခရစ်တော်ပြန်လည်ကြွလာခြင်း (၄) အနှစ်တစ်ထောင်အုပ်စိုးခြင်းကာလအ တွက် ကမ္ဘာမြေဖျက်ဆီးခြင်း ဖြစ်နိုင်သည်။ နောက်ဆုံးစကားဖြစ်မည်ဟု ယူဆရသည်။

ပထမဆုံးစကားမှာ သမ္မာသတိရှိကြလော့၊ ဆုတောင်းခြင်းအလိုငှာစောင့်နေကြလော့ ဟူ၍ ဖြစ်သည်။ ဤကျမ်းစာရေးသားချိန်သည် ခရစ်ယာန်များညဉ်းပန်းနှိပ်စက်ခြင်း ခံရသောကြောင့်ဖြစ်၍ စိတ်ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုဒဏ်ခံရခြင်းမှ သက်သာရာရစေရန်ဆုတောင်းဖို့ တိုက်တွန်းခြင်းဖြစ် သည်။ ထိုဆင်းရဲသောကများက ဘုရားသခင်နှင့် မိဿဟာယဆက်နွယ်မှုကို အနှောင့်အယှက်အဟန့် အတားမဖြစ်စေရန်ဖြစ်သည်။

: အခြားသီတင်းသုံးဖော်များကို ဂရုစိုက်ရမည့်အကြောင်းတိုက်တွန်းနှိုးဆော်ထားသည် (:၈:၉)။ အသင်းဝင်ညီအစ်ကိုမောင်နှမအားလုံး ချစ်ခြင်းမေတ္တာ ထားရှိကြဖို့ ဆော်သြထားသည် ။ ချစ်ခြင်းမေတ္တာသည်အခြားယုံကြည်သူများအား အပြစ်မရှာတတ်အားနည်းချက်ကိုမကဲ့ရဲ့တတ်ပါ။ ဖုံးပေးသည်။ အမုန်းတရားသည်အရာခပ်သိမ်းကို အဆိုးမြင်သော်လည်း ချစ်ခြင်းမေတ္တာသည် အပြစ်အားနည်းချက်များကို မမြင်တတ်ပါ။

“ချစ်သောစိတ်မူကားခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏” (သု၁၀:၁၂) ဟုကျမ်း စကားရှိပါသည်။ ထိုကျမ်းစကားက အပြစ်များကိုယူဆောင်သန့်စင်သွားစေသည်ဟုမဆိုပါ။ အပြစ်ခွင့်လွှတ်ခြင်းနှင့် သက်သာစေခြင်းလည်း မဖြစ်စေနိုင်ပါ။ ခရစ်တော် တစ်ပါးတည်းသာလျှင် အပြစ်များကို ယူဆောင် သန့်စင်စေနိုင်ပါသည်။ မေတ္တာစစ် မေတ္တာမှန်သည် အမှားအယွင်းများကို အသေးအဖွဲများဟု မှတ်ယူပေးပါသည်။

: ညီအစ်ကိုမောင်နှမများအား ချစ်ခြင်းမေတ္တာရှိပုံကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်းဖြင့် သက်သေပြနိုင်သည်။ အထူးသဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့်ကာလ၌ အစားအသောက်ပေး ကမ်းခြင်းမှစ၍ အောက်ခြေသိမ်းကအစ ဖေးမကူပံ့ရသည်။

ဧည့်ဝတ်ပြုခြင်းသည် ရတောင့်ရခဲ အခွင့်အရေး ဖြစ်သည်။ တခါတရံ ကောင်းကင်းတမန်များ ကိုလည်း အမှတ်မထင် ဧည့်ခံရတတ်သည် (ဟေဗြဲ ၁၃:၂)။ ဘုရားသခင်း၏ သားသမီးများကိုပြုစုခြင်းသည် ဘုရားသခင်အားပြုစုခြင်းနှင့် အတူတူဖြစ်သည် (မ ၂၅:၄၀)။ သခင်ဘုရား၏ နာမတော်ကို ထောက်၍ ရေတစ်ခွက်ပေးကမ်းသူသည် အကျိုးမရဘဲ မနေပါ။ ဘုရားသခင်က လက်ဆောင်ပေးပါသည် (မ ၁၀:၄၂)။ ပရောဖက်မျက်နှာကို ထောက်၍ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏ အကျိုးကိုခံရသည် (မ၁၀:၄၁)။ ထိုဧည့်ဝတ်သည် အယူသီးသော ယုဒလူမျိုးအခြားတွင် အလွန်အခက်အခဲသော အလုပ်ဖြစ်သည်။ ယုံကြည်သူများသည် နေအိမ်များ မင်္ဂလာကျက်သရေ ခညောင်းရန်နှင့် ရင်သွေးငယ်များ အနာဂတ်ကောင်စားဖို့ ဘုရားသခင်၏ အစေခံများအား ဧည့်ဝတ်ကျေပြွန်ကြရသည်။

ကျေးဇူးမတုံ့ပြန်နိုင်သူများကိုသာ ဦးစားပေး ဧည့်ခံကျွေးမွေးရန် ခရစ်တော်က သွန်သင်ထား ပါသည် (လု ၁၄:၁၂)။ ထိုကျမ်းစကားမှာ မိမိအား တဖန်ပြန်လည်ကျေးဇူးတုံ့ပြန်မည့် မိတ်ဆွေ အပေါင်းအသင်း အိမ်နီးနားခြင်းများကို ဘယ်သောအခါမှ မကျွေးမွေးရန် သွန်သင်ခြင်း မဟုတ်ပါ။ ယေရှုနာမတော်မြတ်၌ သနားကြင်နာသော စိတ်ဖြင့် မစားနိုင်မသောက်နိုင်သူများကို ပေးလှူစွန့်ကြဲ ရန်သွန်သင်ခြင်းဖြစ်သည်။ သေချာသည်မှာ ဧဝံဂေလိတရားနှင့် မသက်ဆိုင်သောအရာများနှင့် လောကအရာများ၌ ပန်းစည်းပန်းကုံးများ ပေးကမ်းခြင်း ချီးမြောက်ခြင်းလုပ်စရာမလိုကြောင်း သွန်သင်သည်။

:၁၀ ခရစ်တော်၏ခန္ဓာကိုယ်အစိတ်အပိုင်းများအဖြစ်လူတိုင်းသည် ဆုလက်ဆောင်ရရှိ ထားကြပါသည်။ (၁ကော ၁၂:၄-၁၁၊၂၉-၃၁၊ရော ၁၂:၆-၈)။ ထိုဆုလက်ဆောင်များသည် ဘုရားသခင်၏ အစေခံရန်ဖြစ်သည်။ မိမိကိုယ်ကျိုးအတွက် မဟုတ်ပါ။ ဘုန်းတော်ထင်ရှားဖို့ရန် ထိုဆုလက်ဆောင်ဖြင့် တပါးသူအား ကောင်းကျိုးပြုရန် ဖြစ်သည်။ ထိုဆုလက်ဆောင်များသည် တစ်ခဏတာအတွက် မဟုတ်ပါ။ ကျေးဇူးတော်ပြုခြင်း ဖြစ်သည်။ သို့သော် တစ်ခါတည်းနှင့် အပြီးအစီးပေးသည် မဟုတ်။ အထံတော်ပါးမှ အမြဲတမ်းအားဖြည့်မှသာလျှင် တပါးသူများထံသို့ ဆက်လက်ဝေငှ စီးဆင်းနိုင်မည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်အဖြာဖြာ၌ အစေခံကောင်းများ ဖြစ်ကြရမည်။ ကျေးဇူးတော်ဆိုသည်မှာ လူအများအပေါ်ပြုစေလိုသည့်အရာကိုဆိုလိုခြင်းဖြစ်သည်။ အဖြာဖြာ ဆိုသည်မှာ နည်းလမ်းမျိုးစုံ ရောင်စုံဟုအနက်ရ၍ ဖိလစ်က “ခမ်းနားကြီးကျယ်သောအရာများ” ဟု ဘာသာပြန်ထားသည်။

:၁၀ ဟောကြားခြင်း သို့မဟုတ် သင်ကြားခြင်းဆုလက်ဆောင် ရရှိထားသူသည် ဆုလက်ဆောင် ရရှိထားသည်မှန်သော်လည်း ကိုယ့်သဘောနှင့်ကိုယ်မပြောရ။ ဘုရားသခင်ဖော်ပြပေး သောစကားများကိုသာ ပြောကြားရမည်။ ဗျာဒိတ်တော်နှင့် အညီဟောရမည် သမ္မာကျမ်းစာပါ အကြောင်းအရာများကို ရွတ်ဖတ်ဖော်ပြရုံနှင့် မလုံလောက်ပါ။ ထိုအချိန်အတွက် ဘုရားသခင်ကဖော်ပြ ပေးစေလိုသောအရာများကိုသာ ပြောကြားရမည်။ တစ်နည်းအားဖြင့် ဟောပြောချက်တိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်ပါရှိရမည်။

အခြားသောအမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင်ပေးသနားတော်မူသောအစွမ်း သတ္တိအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုဝိညာဉ်ဆု ပိုင်ဆိုင်သူများသည် ဘုရားသခင်မြွတ်ဆိုကြောင်း သက်သေခံရာဖြစ်သည်။

ဘုရားရှင်တော်က ပေးသနားသော ဝိညာဉ်ဆုကျေးဇူသည် ဝါကြွားစရာ မဟုတ်ပါ။ မိမိအစွမ်းဖြင့် ထိုဆုလက်ဆောင် ရရှိသည်မဟုတ်။ အထက်အရပ်မှ ပေးသနားရာဖြစ်သည်။ အကယ်စင်စစ် ထိုသူတွင် ဘာမျှအခုအခံ ရှိသည်မဟုတ်။ ပြုဖွယ်အမှုတိုင်းသည် ဘုရားသခင်ချီးမြှင့်ပေးသနားရာ  ဖြစ်သည်။

စေ့စပ်ငြိမ်းချမ်းရေး အရှင်ခရစ်တော်ဘုရားသည်လည်းအဘဘုရားသခင်ပေးသနားရာ ဖြစ်သည်ဟု ဤကျမ်းစာက ဆိုထားပါသည်။ သို့သော် အရှင်သခင်ကယ်တင်ရှင်သည် ကမ္ဘာအဆက် ဆက် ဘုန်းအသရေအစွမ်းသတ္တိ ရှိတော်မူစေသတည်း “အာမင်

(ဆင်းရဲဒုက္ခများအပေါ်ရှင်းပြခြင်းနှင့်တိုက်တွန်းချက် (:၁၂၁၉)

          :၁၂ အခန်း(၄)၏ အဓိကသင်ခန်းစာသည် ခရစ်တော်နာမတော်မြတ်၌ ခံစားရသောဆင်းရဲ ဒုက္ခအားရှင်းပြခြင်းနှင့် တိုက်တွန်းအားပေးခြင်း ဖြစ်သည်။ ဆင်းရဲဒုက္ခဟူသော ဝေါဟာရကို ဤကျမ်းတွင် (၂၁)ကြိမ်တိုင်တိုင် သုံးနှုန်းထားသည်။

လူ့သဘောသဘာဝတိုင်း ပြောရလျှင် ခရစ်ယာန်များ၏ ညှဉ်းပန်းနှိပ်စက်မှု ခံရခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်။ ထူးခြားဖြစ်စဉ် ဟုဆိုရမည်။ ဆင်းရဲဒုက္ခခံကြုံလျှင် အံ့အားသင့် ကြသည်။ ဤကျမ်းစာကမူ ယုံကြည်သူများ ဆင်းရဲဒုက္ခကြုံရခြင်းသည် အထူအဆန်းမဟုတ်။ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်ဟု ဆိုထားသည်။ ကယ်တင်ရှင် ဘုရားသခင်ခံစားရသော လောက၏ ဆက်ဆံ ရေးထက်သာ၍ ကောင်းမွန်စရာ အကြောင်းမရှိ။ ဘုရားဝတ်၌ မွေ့လျော်ချင်သူတိုင်းသည် ညှဉ်းဆဲ ခြင်းခံကြရသည် (၂တိ၃:၁၂)။ အထူးသဖြင့် စာတန် မာရ်နတ်သည်သာမန် ယုံကြည်သူများအတွက် လက်နက်ခဲယမ်းများကို အလကားမဖြုန်းပစ်ပါ။ Hades တံခါးဝကို ကိုင်လှုပ်သူများကိုသာ လက်နက်ကြီးဖြင့် ချိန်ရွယ်ပစ်သတ်ပါသည်။

:၁၃ ဘုရားသခင်၏ နာကျင်သောဆင်းရဲဒုက္ခများက ကျွန်ုပ်တို့အားပျော်ရွှင်ခြင်းသို့ ပို့ဆောင်ပါသည်။ ကိုယ်တော်၏ နှိမ့်ချခြင်း ဆင်းရဲဝေဒနာများကို မျှဝေမခံစားနိုင်ပါ။ ကိုယ်တော်သာလျှင် အပြစ်များကို ယူဆောင်ပါသည်။ ကိုယ်တော်ကဲ့သို့ ဆင်းရဲဒုက္ခခံစားနိုင်မည်။ ကိုယ်တော်သာမန် လူသားကဲ့သို့ခံစားခဲ့သည်။

ဤဧဒင်ဉယျာဉ်အပြင်ဘက် ဆင်းရဲဒုက္ခအကြား ဘုရားသားသမီးများ ပျော်ရွှင်နိုင်လျှင် ဘုရားဘုန်းတော် ထင်ရှားလာသော အဘယ်မျှပျော်ရွင်ကြမည်နည်း။ ကမ္ဘာမြေပေါ်သို့ ကယ်တင် ရှင်ဘုရား၊ ယုဒလူမျိုးတို့အလယ်မှာ ခြင်္သေ့ပမာပေါ်ထွန်းသောအခါ ဘုန်းတန်ခိုးအာနုဘော် ပြည့်စုံသော ဘုရားသားတော်အဖြစ် ပေါ်ထွန်းလာမည်။ ယခုကာလတွင် စုံစမ်းခြင်း၊ ဆင်းရဲဒုက္ခခံစား သူများသည် အထံတော်ပါး၌ ချီးမြှောက်ခြင်းခံရမည်။

:၁၄ ကနဦးခရစ်ယာန်များသည် ခရစ်တော်နာမတော်မြတ်၌ ဆင်းရဲဒုက္ခကြုံတွေ့လျှင် ဝမ်းသာကြသည် (တ၅:၄၁)။ ထိုကဲ့သို့ပင် ခရစ်ယာန်တိုင်းသည် နာမတော်မြတ်၌ ဆင်းရဲဒုက္ခကြုံ တွေ့လျှင်ဝမ်းသာကြသည် (တ၅:၄၁)။ ထိုကဲ့သို့ပင် ခရစ်ယာန်တိုင်းသည် နာမတော်မြတ်၌ အခွင့်အရေးယူခံကြရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဆင်းရဲဒုက္ခခံစားရခြင်းမှာ ဘုရားသခင် ၏ဘုန်းတော်ကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်၌ ကျိန်းဝပ်တော်မူ၏ ဟုကျမ်းစကားသက် သေရှိပါသည်။ ရှေးယဇ်ပူဇော်သက္ကာပလ္လင်ပေါ်၌ ဘုရားသခင်၏ ဝိညာဉ်တော်သည် တိမ်သဖွယ်အုပ် မိုးသကဲ့သို့ ထိုဆင်းရဲဒုက္ခခံစားရသော ခရစ်ယာန်များအပေါ်၌လည်း သန့်ရှင်းသော ဝိညာဉ်တော် အုပ်မိုးပါသည် ။ ဘုရားသခင်အတူပါရှိသည်။

ဘုရားသားသမီးတိုင်း၌ ဝိညာဉ်တော်ပါရှိသည်မှာ မှန်ပါသော်လည်းအထူးသဖြင့် ခရစ်တော်၌ လုံးဝဆက်ကပ်သူများ၏ အထဲတွင် တမူထူခြားစွာ ကိန်းဝပ်ပါသည်။ အခြားအရာများ နှင့်မတူဘဲ၊ ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးရှိကြောင်း ထင်ရှားသည်။ သခင်ခရစ်တော်သည် သူ၏နာမတော်မြတ်၌ အပြစ်တင်ကဲ့ရဲ့ခြင်းခံရသော သန့်ရှင်းသူများအား မင်္ဂလာရှိစေပါသည်။

:၁၅ ဆင်းရဲဒုက္ခသည် ခရစ်ယာန်များကို ဘယ်သောအခါမှ လမ်းမှားမရောက်စေနိုင်ပါ။ လူသတ်မှု ဒုစရိုက်အမျိုးမျိုး၊ မဆီမဆိုင်ဝင်ရောက် ရောနှောခြင်းမပြုနိုင်ပါ။ ဤအမူအရာမှာသည် ဘုရားသားသမီးနှင့် မဆိုင်ခရစ်တော်ဘုရားအား အရှက်ရစေရာသာ ဖြစ်သည်။

:၁၆ သို့သော် ခရစ်ယာန်ဖြစ်ခြင်းကြောင့် ခံရလျှင်မူကား ရှက်ကြောက်ခြင်း မရှိနှင့်။ F.B Meyer က ခရစ်ယာန်ဖြစ်ခြင်းကြောင့် ခံရခြင်းတွင် “စီးပွားဥစ္စာပျက်ပြားခြင်း၊ စည်းစိမ်ဥစ္စာ၊ အိမ်ခြံမြေယာ၊ မိဘသားသမီးနှင့် မိဆွေအပေါင်းအသင်းတို့က ပြစ်မှားမုန်းတီး၍ သေခြင်းတိုင်အောင် ပါဝင်သည်” ဟုဆိုသည်။ ခရစ်တော်၏ နာမတော်မြတ်၌ ခံစားရသောဝေဒနာများသည် မင်္ဂလာတရား ဖြစ်ကြောင်း G.Campbell Morgan က အောက်ပါအတိုင်း ဆိုထားသည်။

နာမတော်မြတ်၌ မင်္ဂလာရှိသည်။ ဘုရားသခင်၌ ကြွယ်ဝစွာအသက်ရှင်ခြင်းဖြစ်သည်။ ခရစ်ယာန် တစ်ယောက်ဟု ခံယူပါလျက်နှင့် ထိုကဲ့သို့ အသက်မရှင်ခြင်းသည် ဘုရားသခင်ကို မကြည်ညိုခြင်းဖြစ်သည်။ နာမတော်မြတ်၌တည်လျှင်ဘုန်းတော်ထင်းရှားစေရာ အမှုများရှိပါသည်။ တစ်ခုမှမရှိသည်မှာ မဖြစ်သင့်ပါ။

:၁၇ ဘုရား၏သားများခံစားရသော ဆင်းရဲဒုက္ခနှင့်ဆိုးညစ်သူများ ထာဝရခံစားရမည့် ဆင်းရဲဒုက္ခကိုကျမ်းပိုဒ်၌ ရှင်းပြထားသည်။ ဘုရားသခင်၏အိမ်တော်သားတို့ကိုရှေ့ဦ:စွာစစ်ကြော စီရင်သော အချိန်ရောက်ပြီ။ ထိုအချိန်ကာလသည် ပင်တေကုတ္တေနေ့မှစ၍ ချီဆောင်ခြင်းခံရသည့်တိုင် အောင်ပျံ့နှံ့နေသော အသင်းတော်ကိုဆိုလိုသည်။ ဘုရားသခင်အိမ်တော်ဆိုသည်မှာ အသင်းတော်ကို ဆိုလိုသည်။ ယခုကာတွင် အသင်းတော်သည် မယုံကြည်သူများ၏ စီရင်ခြင်းကိုခံရသည်။ ယုံကြည်သူများမှာ ဤလောကတွင် ခရစ်တော်ဘုရား ပြုကျင့်သကဲ့သို့ ကျင့်ကြံနေထိုင်ကြသည်။

ဘုရားသခင်၏ ဧဝံဂေလိတရားကိုနားမထောင်သောသူတို့၏အမှုသည် အဘယ်သို့ရှိမည် နည်း။ ယုံကြည်သူများက ကောင်းသောအမှုအတွက်ဆင်းရဲဒုက္ခခံစားနေချိန်တွင် ကယ်တင်ခြင်းမရ သူများက အလိုတော်နှင့် မညီသော အမှုအတွက်မည်သို့ထာဝရ ဆင်းရဲဒုက္ခခံစားကြရမည်နည်း။

: ဤကျမ်းပိုဒ်နှင့်အဓိပ္ပါယ်တူသောကျမ်းပိုဒ်တစ်ခုကိုကိုးကားချင်ပါသည်။ “ဖြောင့်မတ်သော သူသော်လည်းမြေကြီးပေါ်မှာ အပြစ်ဒဏ်ခံရ၏။ မတရားသောသူကိုမူကား အဘယ်သို့ဆိုဘွယ်ရာရှိသနည်း” (သု၁၁:၃၁)

ထိုဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းရသလား။မရသေးဘူးလား၊ အသိရခက်ပါသည်။ ကယ်တင်ခြင်းသည် ဘုရားသခင်ဘက်မှပေးခြင်းဖြစ်၍ အဖိုးထိုက်တန်ပါသည်။ လူ့ဘက်မှကြည့် လျှင် “ကျဉ်းမြောင်းသော တံခါးဝသို့ဝင်ခြင်း” (လု ၁၃:၂၄)နှင့်တူပါသည်။ ယုံကြည်သူများသည် “ငါတို့သည်များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်နိုင်ငံတော်သို့ဝင်ရမည်” (တ၁၄:၂၂) ဟုဆိုထားပါသည်။ ယုံကြည်သူများသည် စုံစမ်းနှောင့်ယှက်ခြင်း ဘေးအန္တရာယ်အမျိုးမျိုးကြုံရပါ သည်။ ထိုဆင်းရဲဒုက္ခများသည် ဘုရားသခင်နိုင်ငံသို့လှမ်းရာလမ်း၊ အံ့သြဖွယ်ရာ ကျေးဇူတော်များ သာဖြစ်သည်။

ထို့ကြောင့်အပြစ်တွင်သေဆုံးသူများသည် နောင်တမရသူများလား၊ ကယ်တင်ခြင်းမရသူများ လား၊ ထိုအကြောင်းနှင့်ပတ်သက်၍ F.B. Meyer ၏ဆိုစကားကို နားထောင်ကြည့်ကြရအောင်။

ဖြောင့်မတ်ဖြူစင်သူ၏ အလိုလားဆုံးသောအရာမှာ မပြောင်းလဲသေ:သောသားသမီးများ ၏ဝိညာဉ်မှောင်ရိပ်ကျနေခြင်း၊ အရှက်အကြောက်ဖုံးလွှမ်းနေခြင်း၊ ရန်သူများ၏ ထာဝရဖမ်းဆီး ချုပ်နှောင်ခံရခြင်းအစား အသက်တာပြောင်းလဲဖို့ ဧဝံဂေလိတန်ခိုးအားသက်သေထူဖို့၊ အမှောင်ချိုင့် ဝှမ်းအားဖြတ်ကျော်ဖို့ဖြစ်သည်။

သို့သောအခြေခံကျကျ သားသမီးများအပေါ်တွင် သွန်သင်ခံယူစေသည်။ အကြီးဆုံးသူအား “ကောင်းသောဖခင်က ကျွန်ုပ်တို့ဝိညာဉ်အတွက် အဘယ်မျှ ပူပန်သောက ရောက်ပေးသည်။ ဘာများလိုပါသေးသလဲ၊ ကျွန်ုပ်တို့ဝိညာဉ်အတွက် အဘယ်သူကများ တွေးပူပေးသနည်း” ဟုတွေးတတ်လာအောင် သွန်သင်ပေးသည်။

:၁၉ ဆင်းရဲဒုက္ခများသည် အလိုတော်အတိုင်းသာဖြစ်သည်ဟု ကျမ်းစာကဆိုထားသည်။ ဘာသာရေးသမားများက ဘုရားသခင်ဝိညာဉ်တော်မပါသော ဒုက္ခစရိယ ကျင့်ကြံတတ်ကြသည်။ ထိုကိစ္စနှင့် ဘုရားသခင်၏ မာတုရများ မရောနှောစေလိုပါ။ ခရစ်ယာန်များ၏ သမ္မာတရားလမ်း၌ ခံရသော ဆင်းရဲဒုက္ခများသည် ထာဝရ သုခမင်္ဂလာ ဖြစ်ပါသည်။ အဖိုးအခချင့်ချိန်တွက်ဆစရာ မလိုဘဲ၊ ပေးဆပ်ကြရသည်။ သို့သော် ထို့သို့ ပေးဆပ်ခြင်းသည် ဝိညာဉ်နှင့် ဖန်ဆင်းရှင်အား သစ္စာရှိခြင်းဖြစ် သည်။

ဤနေရာတွင် ကယ်တင်ရှင်၊ အမြင့်ဆုံး ယဇ်ပုရောဟိတ်မင်း၊ ဖန်ဆင်းရှင်ဟု ကျမ်းစာက ဆိုထားသည်။ ခရစ်တော်ဘုရားသည် ဖန်ဆင်းရှင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ မူလဖန်ဆင်းခံ သတ္တဝါများဖြစ်၍ အသစ်သောဖန်ဆင်းခြင်းလည်း ဖြစ်ကြသည် (ဧ ၄:၂၄၊ ကော ၃:၁၀)။ အခြားတစ်ဘက်တွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ အချစ်ဆုံးများ ဖြစ်သည်။ တစ်ခုရှိသည်မှာ ကျွန်ုပ်တို့ ၏ဝိညာဉ်ကိုကယ်တင်းသူဖြစ်ကြောင်း ယုံကြည်ကိုးစားဖို့လိုပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။