၁ရှင်ပေတရု - ၃

ဇနီးနှင့်ခင်ပွန်း
1အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။- 2သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍၊ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ၏။- 3သင်တို့၌ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊- 4ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။- 5-6ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ 7ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့၊ သတိပညာနှင့် လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့။
သုစရိုက်ကိုပြု၍ဆင်းရဲခံခြင်း
8အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။- 9သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှာ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍၊ အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။- 10အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။- 11ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။- 12အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။-ဆာ၊ ၃၄း၁၂-၁၆။ 13သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။- 14ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။- 15စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။- 16ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ၊ ကိုယ်တိုင် ရှက်ကြောက်ခြင်းမရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့။- 17ဘုရားသခင့် အလိုတော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက် သာ၍ကောင်း၏။- 18ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။- 19ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။- 20ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ်စဉ်တွင်၊ ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သောဝိညာဉ် ဖြစ်သတည်း။- 21ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေး ဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။- 22ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍၊ ကောင်းကင်တမန်အစရှိသော အာဏာစက် တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရှိတော်မူ၏။

၁ရှင်ပေတရု - ၃ (အနက်ဖွင့်)

(ဇနီးသည်ကခင်ပွန်းသည်အားဆက်ဆံခြင်း (:)

          : အုပ်စိုးသူမင်းနှင့် သခင်များသို့ကျိုးနွံရမည့်အကြောင်း သွန်သင်ပြီးနောက်တဖန် ဇနီးသည်များက ခင်ပွန်းသည်များအား ကျိုးနွံရမည့်အကြောင်းသွန်သင်ပါသည်။

ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ဇနီးသည်အား မိမိခင်ပွန်းသည်အပေါ်တွင် ကျိုးနွံ၍ မယားဝတ် ကျေပွန်ရသည်။ ခင်ပွန်းသည် ဇနီး၏ဦးခေါင်းအဖြစ် ဘုရာသခင်က စီရင်ခန့်ခွဲထားပါ သည်။ အလိုတော်နှင့်အညီ ခွဲခန့်ခြင်း ဖြစ်ကြောင်းဝန်ခံရသည်။ လင်မယားနှစ်ယောက်ဆက်ဆံရေးသည် ခရစ်တော်နှင့်အသင်းတော်ကို ပုံဆောင်ပါသည်။ အသင်းတော်က ခရစ်တော်၏ ဦးဆောင်မှုကို ခံယူသကဲ့သို့ ဇနီးသည်ကလည်း ခင်ပွန်းသည်၏ ဦးဆောင်မှုကိုခံယူသကဲ့သို့ ဇနီးသည်ကလည်း ခင်ပွန်းသည်၏ ဦးဆောင်မှုကိုနာခံရသည်။

စဉ်းစားဆင်ခြင်စရာရှိသည်မှာ ယနေ့လူ့အဖွဲ့အစည်းထဲတွင် အမျိုးသမီးများက အမျိုးသားများအပေါ် သြဇာအာဏာ လွှမ်းမိုးလိုလားခြင်း ဖြစ်သည်။ အသင်းတော်များစွာတွင် အမျိုး သမီးများသည် အမျိုးသားများထက် ဆုလက်ဆောင်ရရှိသူများသဖွယ် တွေ့ရသည်။ သို့သော် ဘုရားသခင်နှုတ်ကပတ်တော်သည် တည်မြဲခိုင်မာလျက်ရှိပါသည်။ အမျိုးသား၏ဦးဆောင်မှုသည် ဘုရာသခင်၏ အမိန့်တော်ဖြစ်သည်။ မည်သို့ပင် အကျိုးအကြောင်းပြ၍ စောဒကတက်ကာ ပဲ့တင်ထပ် အောင်ဟစ်ကြစေကာမှု အမျိုးသမီးများက အမျိုးသားများအပေါ်တွင် ကြီးစိုးလွှမ်းမိုးစရာ အကြောင်းမရှိ။

မိမိခင်ပွန်းသည် မယုံကြည်သူဖြစ်သည့်တိုင်အောင် အိမ်ထောင်ဦးစီးအဖြစ် လေးစားရမည်။ ထိုသို့ပြုခြင်းသည် ခရစ်တော်အား သက်သေခံခြင်း ဖြစ်သည်။ နာခံခြင်းကောင်းသော အမျိုးသမီးသည် ချစ်ခြင်းမေတ္တာ၊ ဆက်ကပ်ခြင်းဖြင့် ထိုခင်ပွန်းသည်အား အနိုင်ယူ၍ ကယ်တင်ရှင်ထံသို့ ပို့ဆောင်ပေးရသည်။

ထိုသို့ဖြင့်နှုတ်ကပတ်တော် တခွန်းမပြောဘဲနှင့်အနိုင်ယူနိုင်သည်။ ဇနီးသည်ခင်ပွန်း အားတတွက်တွက် နှုတ်ကပတ်တော်သွန်သင်စရာ မလိုဟုဆိုခြင်းမဟုတ်။ မကြေလည်သောအရာများ ခံတွင်းရှင်းသွားအောင် ပြောပြရသည်။ ဤကျမ်းပိုဒ်၏ အဓိကသွန်သင်လိုသည်မျာနေ့စဉ်အသက်တာ ကိုခရစ်တော်၌ အသက်ရှင်ခြင်းဖြင့် မိမိခင်ပွန်းအား အနိုင်ယူရန်ဖြစ်သည်။

နောက်တစ်ခုရှိသည်မှာ ထိုအကြင်လင်မယား၏ခရစ်ယာန်အသက်တာသည် မတူခြားနား နိုင်သည်။ ထို့သို့ခြားနားလျှင်မည်သိုလုပ်ရမည်နည်း။ အကယ်၍ခင်ပွန်းသည်က မလိုက်လျောဘဲ သမ္မာကျမ်းစာကို မနာခံခြင်း ဖြစ်သောကြောင့် ထိုအမျိုးသမီးသည် ခင်ပွန်းသည်အား မလိုက်လျောဘဲ၊ သခင်ဘုရားဘက်၌ ရပ်တည်ရမည်။ မည်သို့ပင်ဖြစ်စေ၊ခရစ်ယာန်အခွင့်အရေးသည် လူမှုဝတ္တရား ထက်ကြီးမားသဖြင့် ခင်ပွန်းသည်အား စည်းရုံးရန်ဝတ္တရားရှိပါသည်။

ယုံကြည်သူခရစ်ယာန် အမျိုးသမီးသည် စင်စစ်အားဖြင့် မယုံကြည်သူနှင့် အိမ်ထောင်မပြုအပ်ပါ။ ဘုရားသခင်အလိုတော်နှင့် လည်းမညီပါ။ မယုံကြည်သော အမျိုးသမီးသာလျှင် အိမ်ထောင်ပြုပြီးသောအခါ ယုံကြည်သူဖြစ်လာစရာ အကြောင်းများသည်ဟု တမန်တော်ကဆို ထားပါသည်။ မည်သို့ဆိုစေအမျိုးသမီးသည် မယုံကြည်သူ ခင်ပွန်းကိုလည်း ဝန်ခံကျိုးနွံရမည်။

: ကယ်တင်ခြင်း မရသေးသောခင်ပွန်းကိုလည်း ဇနီး၏ သွန်သင်ရာသို့ ဆွဲဆောင်စည်းရု့နိုင် ပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့်မိမိအပြစ်များကို သိမြင်ပြီးခရစ်တော်ထံသို့ ရောက်ရှိနိုင် ပါသည်။

George Muller ကပြောပြဘူးသည်။ တခါကအလွန်ဆက်ကပ်သောဂျာမနီအမျိုးသမီး တစ်ဦးရှိသည်။ အမျိုးသားသည် အရက်အိုး ဂျိုးကပ်နေသူဖြစ်သည်။ တစ်ချိန်လုံးအရက်ဆိုင်တွင် အချိန်ဖြုန်းနေသည်။ အိပ်ယာပို့ပေးရသည်။ အိပ်ယာထချိန်ကို အဆင့်သင့်စောင့်ပေးရသည်။ ကြင်နာစွာပြုစုသည်။ ငြူစူခြင်း၊ ကတောက်ကဆပြုခြင်း ဘယ်သောအခါမှမပြု။ အဝတ်အစားမကပ်သည့် အချိန်များတွင်ပင် သေချာစွာဝတ်ဆင်ပေးပြီး၊ အိမ်ယာဝင်ခိုင်းသည်။ အိမ်ပြန်နောက်ကျလျှင် လည်းတံခါးဝက ထိုင်စောင့်နေသည်။ တံခါးဖွင့်ပေးလျက် နွေးနွေးထွေးထွေး ခရီးဦးကြိုသည်။ ညစာကောင်းကောင်းကျွေးမွေးသည်။ ကိစ္စအဝဝပြီးသောအခါ သူ့အခန်းထဲသို့ဝင်သွားသည်။ တစ်ညနေတွင်မိတ်ဆွေတစ်ဦးက ထိုအရက်အိုးအား “သင်ဘယ်လိုကောင်လဲ၊ ဒီလိုကောင်းမွန်တဲ့ အမျိုးသမီးကိုပစ်ပယ်သလား” ဟုမေးသည်။ ပြောပြောဆိုဆိုနှင့် အိမ်ပြန်သွားသည် နောက်တစ်ယောက်လည်း ထိုသူအတိုင်းထပြန်သွားသည်။

နာရီဝက်မကြာမီ၊ ထိုအရက်အိုးသည် သူ့အမျိုးသမီးအပေါ်မညှာမတာ ရက်စက်မှုများအတွက် စိတ်ထိခိုက်လျက်၊ နောင်တရသည်။ ဇနီးသည်အခန်းထဲသို့ ဝင်ပြီး သူ့အပြစ်များကို ဝန်ချသည်။ ယေရှုခရစ်တော်အား လက်မြှောက်သည်။ ဇနီးသည်အား ဆုတောင်းစေသည်။ ထိုအချိန်မှစ၍ ထိုအရက်အိုးသည် ယေရှုခရစ်၏ တပည့်တော်အစစ် ဖြစ်သွားသည်။ ဇနီးသည်က နှုတ်ကပတ်တော် တစ်ခွန်းမှမသွန်သင်ပါ။

ထိုအကြောင်းကို မူလာက အကြံပြုသည်မှာ –

မပြောင်းလဲသောအပေါင်းဖော်များအတွက် စိတ်ပျက်အားငယ်ခြင်းမရှိနှင့်။ မျက်စိတမှိတ် လျှပ်တပြက်မှာ သခင်ဘုရားအား အချိန်အခါပြင်ဆင်ပေးနိုင်ပါသည်။ ထိုသူများအတွက်သင့်ဆု တောင်းချက်အဖြေရနိုင်သည်။ သို့သော်ထိုအချိန်မှာ ထိုသူများကိုချဉ်းကပ်ခြင်းထက် သမ္မာတရား၏ သွန်သင်ချက်ကိုရှာကြံပါ။ ထိုသူများ၏ တုံ့ပြန်ခြင်းထက် သင့်ယဉ်ကျေးသိမ်မွေ့မှုကိုပြသပါ။ ယေရှုခရစ်တော်၏ ကရုဏာတော်ကိုပြသပါ။

: ဤကျမ်းပိုဒ်တွင် အမျိုးသမီး၏ အသွင်အပြင် အကြောင်းဖြစ်သော်လည်း ခင်ပွန်သည်များအတွက် စိတ်ပျော်ရွင်စေဖို့ အကောင်းဆုံးအစေခံနည်းလမ်း သွန်သင်ထားသည်။ အပြင်ပန်းရုပ်သွင်ပြင်သာမက စိတ်နှလုံးထဲမှသန့်ရှင်းစွာ ဝန်ခံကျိုးနွံမည့် အကြောင်းဖြစ်သည် ရှောင်ကြဉ်ရမည့်အပြင်အဆင်များကို ဖော်ပြထားပါသည်။

၁။ ဆံပင်အလှပြင်ဆင်ခြင်း။ အချို့ကကျစ်ဆံမြီးကျစ်ခြင်းဟု ယူမှတ်ကြသည်။ ကျမ်းစာ၏ဆိုလိုချက်မှာ ရောမခေတ်က တောင်ကုန်းကဲ့သို့မို့မောက်ခြင့်း၊အတွန့်အတက်များဖြင့် ထူးဆန်းအောင်ပြုလုပ်ခြင်းများဖြစ်သည်။

၂။ ရွှေဆင်ခြင်း။ ဤကျမ်းပိုဒ်ကိုယူ၍ အချို့ကရွှေလက်ဝတ်ရတနာများ လုံးဝဝတ်ဆင်ခြင်းမပြုရန် တားမြစ်ကြသည်။

၃။ ဝတ်ကောင်းစားလှဆင်မြန်းခြင်း။ အဝတ်အစားကောင်းများ မဝတ်ဆင်ရဟုဆိုလိုခြင်း မဟုတ်ပါ။ လိုသည်ထက်ပို၍မစင်တောထဲမှာ လသာခြင်းကိုဆိုလိုသည် (ဟေရှာ ၃:၁၆ -၂၅) တွင် ဝတ်ကောင်းစားလှ ဝတ်ခြင်းအပေါ် ဘုရားရှင်၏ အမြင်ကိုဖော်ပြထားပါသည်။

ခရစ်ယာန်များ၏အဝတ်အစား

          အမျိုးသမီးများနှင့်အမျိုးသားများ ယုံကြည်သူအားလုံးအတွက် ဝတ်စားဆင်မြန်းရမည့် အဝတ်အစားနှင့်လက်ဝတ်တန်ဆာများအကြောင်းဖြစ်သည်။ ပထမဦးဆုံးအနေနှင့်တန်ဘိုးဖြစ် သည်။ အဝတ်အစားအတွက်မည်မျှကုန်ကျသင့်သနည်။ အမှန်တကယ်လိုအပ်ချက်ဖြစ်ပါသလား။ ထို့ထက်ကောင်းသောကိစ္စအတွက် ပိုမသုံးသင့်ဘူးလား။

(၁တိ ၂:၉) တွင်တန်ဘိုးကြီးမားသော အဝတ်အစားများ မဝတ်ဖို့တားမြစ်ထား ပါသည်။ တတ်နိုင်၍ဖြစ်စေ၊ မတတ်နိုင်ဘဲလျက်ဖြစ်စေ၊ မဝယ်ဝတ်သင့်ပါ။အဝတ်အစားအတွက် ငွေကုန်ကြေးကျ များခြင်းသည် ခရစ်ယာန်များအတွက် အပြစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှုတ်ကပတ်တော်က တားမြစ်ထားသည်။ သနားကြင်နာမှု မရှိခြင်းလည်း ဖြစ်သည်။ အိမ်နီးနားချင်း များနှင့်အခြားအရပ်များတွင် ဝိညာဉ်ရေးအပါအဝင် ရုပ်ပိုင်းဆိုင်ရာချို့ယွင်း အားနည်းသူဒုနှင့်ဒေး ရှိကြသည်။ ထိုသူများကို ပေးကမ်းစွန့်ကြဲခြင်း မပြုဘဲ အဝတ်အစားတွင် မလိုအပ်ဘဲ ငွေကုန်ကြေးကျ များခြင်းသည်အပြစ်ဖြစ်သည်။

ထိုသို့ပြောရာတွင် စျေးကြီးကြီးပေးရသော အဝတ်အစားကိုသာ ဆိုလိုသည်မဟုတ်။ အဝတ်အစားများစွာ ဝယ်ယူ၍ ထည်လဲဝတ်ဆင်ခြင်းလည်း ပါသည်။ အချို့ခရစ်ယာန်များသည် အဝတ်အစား ကုန်စုံဆိုင်ကြီးပမာ အဝတ်အစားများ ပေါများကြွယ်ဝသည်။ အဝတ်အစားလိုက်လံ ရောင်းနေသူပမာ ကားထိုင်ခုံမှီပေါ်မှာ ချိတ်လျက်၊ အကျီအဝတ်အစားများကို ချိတ်ပြီးလှည့်လည်ခရီး သွားတတ်ကြသည်။

အဘယ်ကြောင့် ထိုသို့ပြုရသနည်း။ ဝါကြွားခြင်းမဟုတ်ဘူးလား။ လူများသည်ကောင်းသော အရသာလှသော အဝတ်တန်ဆာမှာ သာယာနေတတ်ကြသည်။ ဂုဏ်ယူတတ်ကြသည်။ အဖိုးတန်ဝတ် ကောင်းစားလှများ ငွေကုန်ခံ ဝယ်ယူဝတ်ဆင်ခြင်းသည် ကျွန်ုပ်တို့ရွေးချယ်စရာ ဟုတ်ပါသလား။

နောက်တစ်ခုမှာ ခေတ်ဆန်ခြင်းဖြစ်သည်။ ရှင်ပေါလုက “တစ်ဦးတည်းပိုင်နှင့်ချုပ်တီးခြင်း” ဟုဆိုသည်။ တစ်ဦးတည်း ပိုင်ဆိုင်သည်မှာ “သင့်တင့်လျောက်ပတ်ခြင်း” ဟု အနက်ရသည်။ အဝတ်အစားသည် လူ၏ အရှက်အကြောက်ဖုံးကွယ် ရာသာဖြစ်သည်။ အစတွင် အရှက်ဖုံးကွယ်ရာသာ ဖြစ်သည်။ အစတွင် အရှက်ဖုံးကွယ်ရာ ဖြစ်သော်လည်း ယနေ့ခန္ဓာကိုယ်တစ်ခုလုံး ဖုံးကွယ်ရာ ဖြစ်လာသည်။ ထိုအတွက် ဖုံးကွယ်ရာဖြစ်သောကြောင့် ကျေးဇူးတင်ရသည်။ ဘုရားလူ မဟုတ်သော သူအတွက် ထိုသို့ အရှက်ဖုံးကွယ်ခြင်းသည် အံ့အားသင့်စရာ မဟုတ်သော်လည်း ယုံကြည်သူ ခရစ်ယာန်များက ထို့ထက် ဝတ်ဆင်ကြသည်မှာ စဉ်းစားစရာဖြစ်သည်။

ခေတ်ဆန်သော အဝတ်အစားများက ဆွဲဆောင်မှုရှိသည်မှာ အမှန်ဖြစ်သည်။ ထိုသဘောအရ ခရစ်ယာန်များသည် လှလှပပ ဝတ်ဆင်ရသည်။ မသပ်မရပ်ဝတ်ဆင်ခြင်းသည် ကျက်သရေမရှိ။ Oswald Chambers က အဝတ်အစား မသပ်မရပ်ဝတ်ဆင်သူသည် သန့်ရှင်းသောဝိညာဉ်တော်အား မထီလေးစားခြင်း ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် ယုံကြည်သူသည် သန့်သန့်ရှင်းရှင်း၊ ချပ်ချပ်ယပ် ယပ်၊ လှလှပပ စနစ်တကျဝတ်ဆင်ရသည်။

ယေဘုယျခြုံပြောရလျှင်ခရစ်ယာန်များသည် ဖက်ရှင်ထွင်၍ဆွဲဆောင်မှုမလုပ်ရ။ ထိုဖက်ရှင် အလှနှင့်ခရစ်ယာန်အသက်တာ မသက်ဆိုင်ပါ။ ယုံကြည်သူသည် လောကချပ်ဝတ်တန်ဆာများ မဟုတ်ပါ။ စပျစ်နွယ်မှထွက်သော အခက်အလက်များသာဖြစ်သည်။ လူများအားစည်းရုံးရန် နည်းလမ်းများစွာရှိပါသည်။ အဝတ်အစားဖြင့်ဆွဲဆောင်ခြင်းသည် ရိုးအီနေပါပြီ။ ထို့ကြောင့် ဖက်ရှင်ဖြင့်ဆွဲဆောင်စည်းရုံးခြင်းကို ရှောင်ကြဉ်ရသည်။ အများနှင့်မတူတမူထူးဆန်းသောဈေးကြီး သောကလက်တက်တက်မျိုးကို မဝတ်ဆင်ရပါ။

ဤကိစ္စသည် ယုံကြည်ခါစနှင့်လူငယ်လူရွယ်များအတွက် အခက်အခဲပြဿနာဖြစ်သည်။ ဝတ်ကောင်းစားလှများကို ရှောင်လွဲခြိုးခြံနိုင်ကြမည်လား။ ဖက်ရှင်သည်လူတိုင်း၏ ထင်ပေါ်ရာဖြစ် သည်။ ထိုအဝတ်အစားက လူ့ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံနိုင်သော်လည် စင်ကြယ်မှုများကို မဖြစ်စေနိုင်ပါ။ ခေတ်မီဖက်ရှင်များက ဝိညာဉ်ရေးရာ သတ္တိမဖြစ်ထွန်းစေနိုင်ပါ။ ခေတ်မီဖက်ရှင် များက ဝိညာဉ်ရေးရာသတ္တိ မဖြစ်ထွန်းစေနိုင်ပါ။ ကာမတဏှာရမက်သာ ဖြစ်စေပါသည်။ အဝတ်အစားက ယုံကြည်သူများအား စိတ်အားထက်သန်ခြင်း မဖြစ်စေနိုင်သကဲ့သို့ အခြားသူများကို  ခရစ်များအား စိတ်အားထက်သန်ခြင်း မဖြစ်စေနိုင်သကဲ့သို့ အခြားသူများကိုလည်း ခရစ်ယာန် အသက်တာဖြစ်လာစေရန် ဟန့်တားစေပါသည်။

အရေးကြီးဆုံးပြဿနာမှာ လူမှုပတ်ဝန်းကျင်၏ ဖိစီးမှုဖြစ်သည်။ အမှန်တက်ထိရောက်သကဲ့သို့ ဆက်လက်ထိရောက်နေဦးမည်။

ထို့ကြောင့် ခရစ်ယာန်များသည် ဖက်ရှင်အန္တရယ်ကို ကြံကြံခံနိုင်ဖို့ အတွင်းအားလိုသည်။ လူမှုပတ်ဝန်းကျင် လှိုင်းလုံးကြီးများကို ကူးခတ်လွန်မြောက်နိုင်ဖို့ ကြံခိုင်ရမည်။ ရိုးရိုးစင်းစင်း ဝတ်ဆင်ခြင်းသာလျှင် သတင်းကောင်းကို အကျိုးဖြစ်ထွန်းစေပါသည်။

ခရစ်တော်ဘုရားအား သခင်အဖြစ်ထားရှိခံယူလျှင် အားလုံးကို ကျော်ဖြတ်နိုင်ပါမည်။

: ယုံကြည်သူများကို ဆွဲဆောင်နိုင်သော ဝတ်ကောင်းစားလှသည် အတွင်းလူဖြစ်သည်။ ဖက်ရှင်အလှပြင်ခြင်း၊ အဘိုးတန်လက်ဝတ်ရတနာနှင့် ဝတ်ကောင်းစားလှများသည် ပျက်စီးတတ်သောအရာများ ဖြစ်သည်။ ထိုအရာများနှင့် ဆန့်ကျင်သောအရာများကို ရွေးချယ်ဖို့ ကျမ်းပိုဒ်က သွန်သင်ထားပါသည်။ ထိုအကြောင်းနှင့် ပတ်သက်၍  F.B. Meyer က “ပြင်ပလက္ခဏာများသည် ဝတ်ကောင်းစားလှဖြင့် သားသားနားနားဆင်ယင် ကြပါသော်လည်း အတွင်းသရုပ်မှာ စုတ်ပြတ်ပုပ်ပွနေသည်။ တစ်နည်းပြောရလျှင် ထိုလက်ဝတ်တန်ဆာများသည် အတွင်းလူထိအောင် လှပတင့်တယ်အပ်သည်” ဟုဆိုထားသည်။

လက်ဝတ်ရတနာများသည် တန်ဖိုးကြီးသည်ဟု ထင်မှတ်ကြသော်လည် ဘုရားသခင်က နူးညံ့သိမ်မွေ့ခြင်း သဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာခြင်းရှိသော အတွင်းလူ” ကိုသာတန်ဖိုးထားသည်။

: ဓမ္မဟောင်းကာလမှဘုရားသမီးတော်များသည် စိတ်ဓာတ်နှင့်အကျင့်သီလဖြင့် ဘဝအလှကိုတန်ဆာဆင် ကြသည် ။ထိုဘဝအလှမှာ ခင်ပွန်းသည်အုပ်စိုးမှုကိုဝန်ခံခြင်း ဖြစ်သည် ဖြောင့်မတ်စင်ကြယ်သောအမျိုးသမီးများသည် ဘုရားသခင်ကိုယုံကြည်ကိုင်းရှိုင်းကြသည်။ သူတို့ဘဝ အသက်တာသည် ဘုရားသခင်၌ဗဟိုပြုသည်။ ခင်ပွန်းသည်၏အုပ်စိုးမှုကိုဝန်ခံခြင်းဖြင့် ပြုလေသမျှ၌ ဘုရားအလိုတော်နှင့်ထိတွေ့စေသည်။

: စာရာကိုစံနမူနာအဖြစ်ဖော်ပြထားသည်။စာရာသည်ခင်ပွန်းသည် အာဗြဟံအားကျိုးနွံ စွာသခင် ဟုခေါ်သည်။ (က ၁၈:၁၂)ကိုပြန်ဖတ်လျှင် ငါသည်ပျော်မွေ့ခြင်းရှိမည်လော” ဟုဆိုသည်။ ပတ်ဝန်းကျင်က သူ့ယောက်ျားအား “သခင်” ဟုခေါ်ကြသကဲ့သို့လိုက်ခေါ်ခြင်းမဟုတ်ပါ။ သူမ၏ အသက်တာတွင် အိမ်ထောင်ဦးစီးအရှင်သခင် အဖြစ် မှတ်ယူ၍ “အရှင်”အဖြစ်ခေါ်ဝေါ်ဆက်ဆံ ခြင်းဖြစ်သည်။

စာရာပြုသည့်အတိုင်း သူ့သမီးများကလည်းအမေ့ခြေရာလိုက်နင်းကြသည်။ ယုဒလူမျိုးများ သည် ဇာတိုအစဉ်အလာအရ စာရာ၏ သမီးစဉ်ဆက်များ ဖြစ်ကြသည်။ အဓိကဖြစ်ရသည့် အကြောင်းရင်းမှာ အကျင့်သီလအတုယူခြင်း ဖြစ်သည်။ ကလေးသူငယ်များသည် အိမ်ထောင်မိသားစု အစဉ်အလာအတိုင်း ကြီးပြင်းတတ်သူများ ဖြစ်သည်။

ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကြောင့် စိုးရိမ်ကြောင့်ကြစရာ မရှိနိုင်။ ဆိုလိုသည်မှာ ခရစ်ယာန်အိမ်ထောင်ရှင်မသည် ဘုရားသခင်၌ ရပ်တည်လျှင် အဖော်အဖက်များအတွက် ပူပန်သသောက ရောက်စရာအကြောင်းမရှိ။ မယုံကြည်သူနှင့် ပေါင်းဖက်သည့်တိုင်အောင် ဘဝမုန်တိုင်း သောကဗျာဒ ကြောက်ရွံ့တုန်လှုပ်စရာများ မတွေ့နိုင်။

(ခင်ပွန်းသည်ကဇနီးသည်အား ဆက်ဆံခြင်း (:)

ယခုတဖန်ခင်ပွန်းသည် အမျိုးသားများက အိမ်သူသက်ထားများအပေါ် ပြုကျင့်ရမည့် လင့်ဝတ္တရားကို သွန်သင်ထားပါသည်။ မိမိအိမ်သူသက်ထားများနှင့် ပျော်ရွှင်ရမည်၊ ကြင်နာရမည်။ ယဉ်ကျေးပျူငှာရမည်၊ နားလည်မှုရှိရမည်။ အမျိုးသမီးများသည်အားနွဲ့သူများဖြစ်သဖြင့် ငဲ့ညှာရမည်။

ယနေ့ခေတ်ကာလ၌ အမျိုးသမီးအခွင့်အရေး ကျယ်လောင်စွာမြည်သော်လည်း သမ္မာကျမ်းစာကမူ အားနွဲ့သူမိန်းမသားဟု ဆိုထားပါသည်။ ယေဘုယျအားဖြင့် ခြုံပြောရလျှင် အမျိုးသမီးများသည် အမျိုးသားများလောက် မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိကြပါ။ စိတ်နှလုံးနုနယ်သောကြောင့် ဆင်ခြင်တုံတရား အားနည်းကြသည်။ ယုတ္တိကျကျစဉ်းစားတတ်။ လေးနက်သိမ်မွေ့လှသော ဓမ္မအတွေးအခေါ်ကို လိုက်မမှီနိုင်ကြပါ။ အမျိုးသားများထက် မှီတွယ်အားထားချင်စိတ် ရှိကြသည်။

အားနွဲ့သည်ဆိုသော်လည်း နေရာတကာမှာ မဟုတ်ပါ။ သမ္မာကျမ်းစာကလည်း ထိုသို့မပြောပါ။ သို့သော်အမျိုးသားများထက် အစွမ်းရှိသည် အရည်အချင်ရှိသည်ဟု မဆိုထားပါ။ သာမန်အားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် ခရစ်တော်၌ဆက်ကပ်နိုင်ပါသည်။ ကာလကြာရှည် အနွံအတာ ခံနိုင်ကြသည်။

အမျိုးသမီးများအား ၎င်းတို့အသက်တာတွင် ကျေးဇူးတော်အမွေခံစားသူများအဖြစ် မှတ်ယူရသည်။ ဇနီးမောင်နှံနှစ်ယောက်စလုံး ယုံကြည်သူဖြစ်လျှင် ပိုမိုပြည့်စုံသည်။ အမျိုးသားများထက် အားနွဲ့သည် ဆိုသော်လည်း ဘုရားသခင်ရှေ့တွင် မူတန်းတူညီမျှထာဝရ အသက်ဆုလက်ဆောင် တန်းတူညီမျှရရှိနိုင်ပါသည်။ အမျိုးသားထက်လည်း ဤကမ္ဘာလောကတွင် အသက်ပိုရှည်နိုင်ပါသည်။

ဆုတောင်ချက် အဟန့်အတားဖြစ်စေနိုင်သော အကြောင်းများကို Bigg ကဤသို့ဆိုထားပါသည်။” အမျိုးသမီးနာကြင်ခြင်းသည် အမျိုးသား၏ ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ အဖြေကြားတွင် ပေါ်ပေါက်လာတတ်သည်” လင်မယားနှစ်ဦးအကြား ကတောက်ကဆစ် ဖြစ်သည့်အချိန်တွင် အတူတကွ ဆုတောင်းရန် ဧရာမအခက်အခဲ ပေါ်ပေါက်တတ်ပါသည်။ ထို့ကြောင့် အိမ်ထောင်သာယာ ရေးအတွက် အကြင်လင်မယာအကြားတွင် နားလည်မှုရှိရမည်။

၁။ ဖြောင့်မတ်စင်ကြယ်ခြင်းရှိရန်အပြန်အလှန် ယုံကြည်ရှိရမည်။

၂။ ပွင့်ပွင့်လင်းလင်းဆက်ဆံရသည်။ ထိုသို့ဆက်ဆံခြင်းဖြင့်အချိန်မရွေးပြောဆိုနိုင်သည်။ ထိုသို့ဆက်ဆံခြင်းဖြင့် အချိန်မရွေးပြောဆိုနိုင်သည်။ ရေနွေးဆူ၍အငွေ့ပြည့်လျှင် အဖုံးကန်ထွက်တတ်သည်ကိုသတိပြုပါ။ “ကျွန်တော်မှားပါတယ်၊ ခွင့်လွှတ်ပါ” ဆိုသောစကားကို မနှမြောဘဲ၊ဖောဖောသီသီသုံးပါ။

၃။ အသေးအဖွဲအမှုကိစ္စကို ဗွေမယူရချစ်ခြင်းမေတ္တာသည်အရာရာကိုဖုံးအုပ်နိုင်သည် သင်အိမ်တွင်းရေးကိစ္စကို အိမ်ပြင်ကလူအားခေါ်ယူ မဖြေရှင်းစေနှင့်။

၄။ ငွေရေးကြေးရေးစနစ်ရှိပါ။ မသုံးဖြုန်းနှင့်။ အရစ်ကျပေးချေခြင်းသည် ငွေရှင်အားပံ့ပိုးထောက်မ ခြင်းဖြစ်သည်။

၅။ ချစ်မေတ္တာသည် ထိန်းမရသိမ်းမနိုင် ရင်ခုန်ခြင်းမဟုတ်ပါ။မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း မှတ်ထားပါ။ ချစ်ခြင်းမေတ္တာအကြောင်းကို (၁ကော၁၃)တွင်ရေးထားသည်။ ချစ်ခြင်းမေတ္တာသည် သည်းခံတတ်၏။ သူတပါးအားအပြစ်မမြင်တတ်။ကလေးသူငယ်များ ရန်ဖြစ်ခြင်းကိုလည်းကာကွယ် တတ်သည့်အပြင် လုံခြုံစေသည်။ ထိုကျမ်းတွင် မပါသောအခြားပျော်ရွှင်ဖွယ်ရာများကိုလည်း ကွယ်ကာတတ်သည့်အပြင် လုံခြုံစေသည်။ ထိုကျမ်းတွင် မပါသောအခြားပျော်ရွှင်ဖွယ်ရာများကို လည်းယူဆောင်လာသည်။ အထီးကျန်ခြင်းမှလည်း ကာကွယ်လျက်နေအိမ်ဝန်းကျင်တွင် သာယာမှု ဖန်တီးပေးတတ်သည်။

(အစ်ကိုကြီးအရာဖြင့်မိဿဟာယဝင်များအား ဆက်ဆံခြင်း(:)

          ဤကျမ်းပိုဒ်သည် ယုံကြည်သူခရစ်ယာန် တစ်ဦးအနေဖြင့် မိမိသီတင်းသုံးဖော်ညီအစ်ကို မောင်နှများသို့ ပြုကျင့်ရမည့် မိဿဟာယကျင့်ဝတ်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများအား အချင်းချင်းမေတ္တာထား၍ သွေးစည်းခိုင်မာကြမည့်အကြောင်း တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။ အခြားတိုက်တွန်းနှိုးဆော်ချက် (၃)ခုအားရှင်းပြပါမည်။ အထက်ပါကျမ်းပိုဒ်များတွင် အစေခံဇနီးသည်ခင်ပွန်းသည်များ၏ ကျင့်ဝတ်များကို သွန်သင်ခဲ့ပါသည်။ ယနေ့ကျမ်းပိုဒ်တွင်မူကား အားလုံးအတွက်ဖြစ်သည်။

          သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့၊ အရာခပ်သိမ်းကို တစိတ်တည်း တသဘောတည်းရှိကြလော့ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထိုသဘောမျိုးစည်းလုံးခြင်းပုံစံဖြစ်သည်။ ဤကျမ်းပိုဒ်ကပြောသော စိတ်တညီတညွတ်တည်းဖြစ်ခြင်းမဟုတ်။ အကောင်းဆုံးအဓိပ္ပါယ်မှာ စိတ်တူကိုယ်တူ ပြောမနာဆိုမနာရှိခြင်း ဖြစ်သည်။ အချင်းချင်း စိတ်ကြင်နာခြင်းရှိကြရမည်။ ပြောပြလျင်ထပ်တူတပ်မျှ ခံစားခြင်း ဖြစ်သည်။ စုံစမ်းနှောင့်ယှက်ခြင်းခံနေရသောသူအား စိတ်နာကြင်၍ လွတ်မြောက်စေလိုသော ဆန္ဒရှိသည်။ ထိုစိတ်ရှိဖို့ သွန်သင်ထားသည်။ အဘယ်ကြောင့် ဆိုသော် စုံစမ်းစစ်ကြောခြင်းလွတ်ကင်းသော အချိန်ကာလဟူ၍ မရှိနိုင်။

ညီအစ်ကိုအချင်းချင်းချစ်ခင်လော့ ထိုအကြောင်းကိုဆရာတစ်ဦးက ဤသို့ဆိုဘူးသည်။

မည်သည့်ညီအစ်ကိုအားထောက်ပံ့ရမည်ဟုတွေးစရာမလိုပါ။ အချိန်မရွေးအဆင်သင့်ရှိနေ ကြပါသည်။ ကျွန်ုပ်တို့၏ဇာတိစိတ်ကသာလျှင်ချစ်ခင်ဖို့တွန့်ဆုတ်တွန့်ဆုတ်လုပ်ခြင်းဖြစ်သည်။ “မဖြစ်နိုင်ပါဘူး”ဟုပြောချင်ပြောမည်။ အချစ်စစ်အချစ်မှန်သည် စိတ်လှုပ်ရှားခြင်းမှ ပေါ်ပေါက်လာ သည်မဟုတ်၊ စိတ်ဝိညာဉ်မှမွေးဖွားလာခြင်း ဖြစ်သည်။ အမူမဟုတ်အပြုဖြစ်သည်။ အပြောမဟုတ် အလုပ်ဖြင့် သက်သေပြရသည်။ လျှာဖျားဖြင့်မဟုတ်၊ စေတနာသဒ္ဓါတရာဖြင့်ဖြစ်သည်။ သနားစုံမက် ခြင်းစိတ်သည် တပါးသူအားထောက်မလိုသောစိတ်စေတနာဖြစ်သည်။ တုံ့ပြန်မှုကိုမမျှော်လင့်။ အေးတိအေးစက်နေနိုင်ခြင်း၊ လေစိမ်းတိုက်ခြင်းနှင့် အပြစ်အနာရှာခြင်းမပြုတတ်။

စိတ်နှိမ့်ချခြင်း သည်ယုံကြည်သူတစ်ဦးတစ်ယောက်ချင်း၏ တန်ဖိုးဖြစ်သည်။ ထိုစိတ်ဓာတ်သည် အခြားသူများအား ဦးစားပေးခြင်း ဖြစ်သည်။ မိမိထက် အခြားသူများအားအခွင့် အရေးပေခြင်း၊ ဖေးမကူပံ့ခြင်း၊ မေတ္တာပြခြင်း ဖြစ်သည်။ ဘယ်သောအခါမှ ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ မဖွယ်မရာပြုခြင်း မပြုတတ်ပါ။

(ဆင်းရဲဒုက္ခသည်ကစုံစမ်းနှောက်ယှက်ခြင်းခံရသူအားဆက်ဆံခြင်း (::)

          : ဤကျမ်းစာ တစ်စောင်လုံးသည် စုံစမ်းစစ်ကြောခြင်းနှင့် ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံနိုင် ရမည့်အကြောင်း ဖြစ်သည် (၄:၆) တိုင်အောင် ခရစ်ယာန်များနှင့် စုံစမ်းစစ်ကြောခြင်းအကြောင်းကို ရေးထားသည်။ ထပ်ပြောရလျှင် ယုံကြည်သူများ၏ ဖြောင့်မတ်မှန်ကန်မှု တောက်ပြောင်စေရန် အရည်အသွေးဆန်းစစ်ခြင်း ဖြစ်သည်။ အဆိုးကို အဆိုးဖြင့်ကဲ့ရဲ့ခြင်း ရန်ကိုရန်ချင်း မတုံ့ပြန်ရ မိမိအား ပြစ်မှားသူကို ကောင်းကြီးဖြင့်၎င်း၊ စော်ကားသူကို ကြင်နာမှုဖြင့်၎င်း တုံ့ပြန်ရသည်။ ခရစ်ယာန်မှန်လျှင် အခြားကိုဒုက္ခမပေးဘဲ ကောင်းမှုကုသိုလ်သာပေးရသည်။ ကျိန်ဆဲခြင်းအစား ကောင်းကြီးမင်္ဂလာပေးရသည်။ ထိုအပြုအမှုအတွက် ဘုရားသခင်ကဆုလက်ဆောင်ပေးဖို့ အဆင်သင့်ရှိနေပါသည်။

:၁၀ အငယ်၁၀မှ၁၂သည် (ဆာ ၃၄:၁၂-၁၆) ကိုထပ်မံအတည်မပြုခြင်းဖြစ်သည်။ ဒုစရိုက်အမှုဖရုဿဝါစာနှင့် မုသားကင်းစင်ရန် ဖြစ်သည်။ တပါးသူအား ပြန်လည်ကဲ့ရဲ့ခြင်း၊ လိမ်ညာခြင်းမပြုဘဲ ကြင်နာမှု ပြုရမည်။

မိမိအသက်ကိုချစ်သောသူအား (ယော ၁၂:၂၅) တွင်ပြစ်တင်ထားသော်လည်း ဤကျမ်းပိုဒ်၏ ဆိုလိုချက်မှာ မိမိဘဝအသက်တာကို အဓိပ္ပါယ်ရှိရှိနေထိုင်ရေးဖြစ်သည်။ ဘုရားသခင်၏အလိုတော် နှင့်အညီရှင်သန်ရန်သွန်သင်သည်။

:၁၁ မကောင်းသောစကားပြောဆိုရန်မျှသာမဟုတ်။လက်တွေ့ဘဝတွင်လည် မကောင်းမှု ဒုစရိုက်အပြစ်များမပြုလုပ်ရန် တားမြစ်သည်။ ပြဿနာရှုပ်ထွေးခြင်းမပြုနှင့်။ လောကပတ်ဝန်းကျင် စကားသုံးနှုံးခြင်းဖြင့် ပြဿနာစဖြစ်နိုင်သည်။ ယုံကြည်သူမူကား မကောင်းမှုကိုကောင်းမှုဖြင့် ရုန်းရင်းကြမ်းတမ်းမှုကို ငြိမ်သက်ခြင်းသို့ ဆောက်တည်ရသည်။ မီးကိုမီးဖြင့်မတိုက်ရ။

မကောင်းမှုကို အောင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဥပေက္ခာပြုခြင်းဖြစ်သည်။ မကောင်းမှုကို ခုခံကာကွယ် ခြင်းသည် မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်တတ်သည်။ ဆန့်ကျင်ဘက် လောင်စရာနှင့် မီးစာမရှိတော့သောအခါ သူ့သဘောနှင့်သူပြာကျ မီးငြိမ်းသွားပါသည်။ ထိုသို့အနီး အနားရှိ အသေးအဖွဲ့မှစ၍ လောင်ကျွမ်းပြီးသောအခါ အခြားသို့ ကူးစက်စရာမရှိတော့သဖြင့် သူ့အကြောင်းနှင့်သူပြီးဆုံးသွားပါသည် ။ (Selected)

:၁၂ အဘဘုရားသခင်သည် ဖြောင့်မတ်သူများကိုရှာဖွေကြည့်ရှုတတ်သည်။ ထိုသူများ၏ ဆုတောင်းသံများကိုလည်းနားညောင်သည်။ သားသမီးတိုင်း၏ ဆုတောင်းသံများကို နားညောင်းသော်လည်း စုံစမ်းနှောင့်ယှက်ခြင်းကို ခရစ်တော်၏နာမတော်၌ အောင်ပွဲခံသူများ၏ ဆုတောင်းသံအား ပိုမိုနားညောင်းပါသည်။ ထာဝရဘုရားသည် ဒုစရိုက်ပြုသောသူတို့၏မျက်နှာကိုလွှဲ တော်မူ၏။ ဆိုသောကျမ်းချက်မျာ ဘုရားသားသမီးများအား ညှဉ်းပန်းနှိပ်စက်တတ်သူများကို ဆိုလိုသည်။ ထို့အပြင်ယုံကြည်သူဖြစ်ပါလျက်နှင့် မိမိအားစော်ကားသူများကို ဖရုဿဝါစာဖြင့် ပြန်လည်ဆဲဆို ကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက် လက်တုံ့ပြန်သူများလည်း ပါဝင်သည်။ မကောင်းမှုဒုစရိုက်သည် အကုသိုလ်ဖြစ်၍ အလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ပျောက်ဆုံးသူ ဖြစ်စေ ကယ်တင်ခြင်း မရသေးသူဖြစ်စေ၊ ထိုသို့မတုံ့ပြန်ရပါ။

(ဆာ ၃၄:၁၆) တွင် “ဒုစရိုက်ကိုပြုသောသူတို့ကား မြေကြီးပေါ်မှာ အောက်မေ့စရာအမှတ်မျှ မရှိစေခြင်းငှာ ပယ်ရှင်းမည်” ဟုဆိုသည်။ ထိုပယ်ရှင်းခြင်းသည်စောင့်ကြပ်မည်ဟုဆိုလိုခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့သည်အဘဘုရားသခင်၏ ကျေးဇူးတော်အောက်မှာ ရှင်သန်သူများ ဖြစ်ပါသည်။ ဘုရားသခင်၏ လက်တုံ့ပြန်မည့်နေ့ရက် ရောက်မလာသေးပါ။ သခင်ယေရှု ခရစ်တော်ဘုရား ပြန်လည်ရောက်ရှိ၍ ဘုရင်တကာတို့၏ ဘုရင်သခင်တကာတို့၏ သခင်အဖြစ် စိုးစံသောအခါ ထိုဒုစရိုက်ညှဉ်းဆဲတတ်သူများကို အမြစ်ပါမကျန်၊ မှတ်မိစရာမရှိတော့အောင် အရေးယူဆုံးမပါလိမ့် မည်။

:၁၃ “သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင် အဘယ်သူက ညှဉ်းဆဲမည်နည်း” ဟုမေးခွန်းဖြင့် တိုက်တွန်းသွန်သင်ထားသည်။ ဘယ်သူကမှ မညှဉ်းဆဲပါဘူးဟု ဖြေရပါမည်။ မာတုရတို့၏ သမိုင်းစဉ်တွင် ဧဝံဂေလိသတင်း၏ ရန်သူများက တမန်တော်များကို ဒုက္ခအန္တရာယ် ပေးကြကြောင်း တွေ့ရပါသည်။

ဤကျမ်းပိုဒ်နှင့်ပတ်သက်၍ ဉဒါဟရုဏ် (၂)ခုတင်ပြချင်ပါသည်။

၁။ ယေဘူယျပြောရလျှင်ဖြောင့်မတ်မှန်ကန်စွာနေထိုင်သူကမှ အန္တရာယ်မပြုပါ။ ခုခံကာကွယ် ခြင်းမပြုလျှင် တဖက်ရန်သူကလည်း ဒုက္ခမပေးပါ။ ထိုနိယာမသည်ချို့ယွင်းချက် အဖြစ်ထားလိုက်မည်။ သို့သော်တစ်ခုရှိသည်မှာ ဖြောင့်မတ်မှန်ကန်မှုလိုလားသူသည် ဘေးအန္တရာယ် များကိုသူ၏ကောင်းမြတ်ခြင်းက ကာကွယ်ပေးပါသည်။

၂။ မည်မျှပင်အဆိုးတကာ့အဆိုးဆုံးဖြစ်စေကာမူ ခရစ်ယာန်များကိုတသက်လုံးဒုက္ခမပေးနိုင် ပါ။ ခန္ဓာကိုယ်အားဒုက္ခပေးချင်ပေးနိုင်သော်လည်း ဝိညာဉ်ကိုကားပျက်စီးအောင်မလုပ်နိုင်ပါ။

ဒုတိယကမ္ဘာစစ်ကာလတွင် ခရစ်ယာန်လူငယ်(၁၂)ဦး ဉရောပစစ်မျက်နှာကို သွားရန်ငြင်းဆန်ကြသည်။ “မသွာလျှင်မင်းတို့ကို သေဒဏ်ပေးနိုင်တယ်ဆိုတာသိပါသလား” ဟုမေးရာ လူငယ်များက “ခရစ်တော်အတွက် ငါတို့အသေခံနိုင်စွမ်းရှိတယ်” ဆိုတာခင်ဗျားတို့ မသိပါဘူး” ဟု ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ အဘယ်သူမျှ ထိုလူငယ်များကို ဒုက္ခမပေးနိုင်ကြ တော့ပါ။

:၁၄ သို့သော် ခရစ်ယာန်ယုံကြည်သူသည် ကယ်တင်ရှင်အပေါ်သစ္စာစောင့်ထိန်းမှုအတွက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရနိုင်သည်။ မည်သို့လုပ်ရမည်နည်း။ အဖြေ(၃)ခုပေးထားပါသည်။

၁။ ဆင်းရဲဒုက္ခဟူသမျှကို ဘုရားသခင်ကအနိုင်ယူထားပါသည်။

၂။ ဆင်းရဲဒုက္ခသည် တပါသူများကောင်းကြီးမင်္ဂလာခံစားရာဖြစ်သည်။

၃။ နာမတော်မြတ်၌ ဆင်းရဲဒုက္ခခံရသူများသည် ကောင်းကြီးမင်္ဂလာပြုထားသူဖြစ်သည်။

လူကိုမကြောက်ပါနှင့် ခြိမ်းခြောက်ခြင်းကိုလည်း မတုန်လှုပ်နှင့်။ မာတုရာများ၏ ဘဝကိုသတိရပါ။ Polycarp အား သင့်ဘုရားသခင်ကို ကျိန်ဆဲလျှင် အချစ်မှ လွှတ်ပေးမည်ဟ ပြောကြစဉ် “နှစ်ပေါင်း၈၆နှစ်လုံးလုံး ခရစ်တော်အား အစေခံခဲ့ပါတယ်။ အမှားအယွင်းတစ်ခုမှ မမြင်းဘူး။ ထိုမျှလောက်ကောင်းတဲ့ ငါ့ကယ်တင်ရှင် ၊ ငါ့ဘုရင်ကို ဘယ်လိုလုပ်ကျိန်ဆဲနိုင်မှာလဲ” ဟု ပြန်ပက်ခဲ့သည်။ သားရဲတွင်းသို့ ပစ်ချမည်ဟု ခြိမ်းခြောက်ခဲ့ကြစဉ်တွင်လည်း “ဤမတရား ညှဉ်းဆဲမှုလောကမှ အမြန်ဆုံး လွတ်ကျွတ်သွားအောင် ကောင်းတာပေါ့” ဟု ပြန်ပြောခဲ့သည်။ နောက်ဆုံးတွင် အရှင်လတ်လတ် မီးရှို့ဖို့ခြိမ်းခြောက်ရာ “ထိုတဒဂ်တာမီးလောင်ဖို့ ငါမကြောက်ပါ၊ သင်သာလျှင်ထာဝရကာလ မီးလောင်မှာကိုကြောက်သင့်သည်” ဟုခွန်းတုံ့ပြန်ခဲ့သည်။

:၁၅ အငယ် ၁၄နှင့်၁၅သည် (ဟေရှာ ၈:၁၂-၁၃) ကိုးကားခြင်းဖြစ်သည်။ သူတို့သည် ကြောက်တတ်သောအရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့် ကောင်းကင်ဗိုလ်ခြေ ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်းရှိလော့” ဟုဆိုထားသည်။ တစုံတစ်ဦးက “ကျွန်ုပ်တို့သည် လူလူချင်းကို အလွန်ကြောက်လန့်ကြသော်လည် ဘုရားသခင်ကိုမူ အနည်းအကျဉ်းသာ ကြောက်တတ်ကြသည်” ဟုစကားဆိုဘူးသည်။

ဟေရှာယကျမ်းတွင် “သန့်ရှင်းတော်မူသောဘုရား” ကိုကိုးကားလျက် ဤကျမ်းပိုဒ်တွင်  စိတ်နှလုံးထဲ၌ ထာဝရဘုရားသခင်ကို ရိုသေခြင်းရှိကြလော့”  ဟုထပ်ဆိုထားသည်။

ဘုရားသခင်သည် လူ့ဘဝအသက်တာ၏ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်သည်။ ပြောဆို လုပ်ကိုင်သမျှသည် အလိုတော်အတိုင်း ဖြစ်သင့်သည်။ စိတ်တော်နှင့် ထိတွေ့အရာ မင်္ဂလာခညောင်းရာ ဖြစ်သင့်သည်။ ခရစ်တော်ဘုရားကိုသာ ဝအသက်တာမှာ စိုးမိုးစေရသည်။ ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း စာကြည့်တိုက် လက်ထပ်ထိမ်းမြားခြင်း၊ ကိုယ်ပိုင်ချိန်မှစ၍ နေရာဒေသမချန် ကိုယ်တော်ကိုသာ စိုးမိုးစေရမည်။

သင်တို့မြော်လင့်ခြင်း၏အကြောင်းကိုမေးမြန်းသူအားနူးညံ့သောသဘော ကြောက်ရွံ့သော သဘောနှင့် ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ်အသင့်ရှိနေကြလော့။ ညဉ်းပန်းနှိပ်စက်ခံချိန်တွင် ယုံကြည်ခြင်း မပျက်ပြားစေရန် ထားရှိရမည့်အချက်ဖြစ်သည်။ ခရစ်တော်နှင့်အတူ ရှိနေသည်ဟု သိရှိခံယူခြင်းသည် ယုံကြည်သူများ၏ အကောင်းဆုံးဝန်ခံရာနှင့် သက်သေထူရာဖြစ်သည်။

နေ့စဉ်အသက်တာတွင် ကျင့်သုံးရမည့်ကျမ်းချက်ဖြစ်သည်။ “ဘုရားသခင်ကဘယ်အချိန်မှာ စကားလာပြောမည်လဲ”ဟု လူတွေမကြာခဏ မေးတတ်ကြသည်။ ဘုရားသခင်က ကျွန်ုပ်တို့အတွက် ပြုပြီးခဲ့သော မဟာအမှုတော်ကို ပြောပြရန် အဆင်သင့် ဖြစ်နေရမည်။ ထိုသက်သေခံ အထောက်အထား များသည် ယဉ်ကျေးသိမ်မွေ့စွာပါသည်။ ကယ်တင်ရှင် သခင့်အကြောင်း ပြောပြသောအခါ ကြမ်းတမ်းသော၊ ခါးသီးသော၊ နာပျော်ဖွယ်မဟုတ်သော စကားလုံး မသုံးရပါ။

:၁၆ ယုံကြည်သူသည် စိတ်သဘောကြည်လင်ကောင်းမွန်ရမည်။ သူ့မှာအပြစ်တစုံတစ်ခုမရှိ ကြောင်းလိပ်ပြာသန့်လျှင် ခြင်္သေ့ဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ခံဝံ့သည်။ အကယ်၍စိတ်နှလုံး ကောင်းမရှိလျှင် ရန်သူများကိုလည်း ကက်ကက်လန်အောင် ရန်ပြန်တွေ့လိမ့်မည်။ ယုံကြည်သူအသက်တာသည် အပြစ်ပြောစရာမရှိအောင် သန့်ရှင်းလျှင်လည်း ဧဝံဂေလိတရား၏ ရန်သူများက အပြစ်ရှာကြံ၍ စွပ်စွဲလေ့ရှိပါသည်။ ထိုအမှုစုံစမ်းစစ်ကြောပြီးဆုံး၍ မဟုတ်မမှန်မတရာကြောင်း ထင်ရှားသောအခါ ထိုစွပ်စွဲသူများသည် အရှက်ရကြလိမ့်မည်။

:၁၇ အကယ်၍ ယုံကြည်သူတစ်ဦးသည် ဆင်းရဲဒုက္ခခံရလျှင်၊ ဘုရားရှင်က ထိုထက်ကောင်း သောအရာ ပြုစရာရှိသည်ဟု မှတ်ယူရမည်။ သို့သော် မိမိမိုက်မှားမှုကြောင့် ခံစားရသော ဆင်းရဲဒုက္ခ မျိုးမပါပါ။ ထိုဆင်းရဲဒုက္ခမျိုးသည် ဘုရားအမှုနှင့်မသက်ဆိုင်ပါ။

:၁၈ အခန်း၃၏ အနှစ်သာရမှာ ခရစ်တော်သည် ဖြောင့်မတ်မှန်လူဖြစ်လျက် ဆင်းရဲဒုက္ခခံစား ရခြင်းအကြောင်းကို အောက်မေ့သတိရလျက် ထိုသို့ခံစားရခြင်းသည် သုခလမ်းဖြစ်ကြောင်း ခံယူရန်ဖြစ်သည်။

ကိုယ်တော်၏ဆင်းရဲဒုက္ခခံစားရခြင်းကို (၆)မျိုးဖြင့် ရေးပြပါသည်။ (၁) အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခြင်း။ ယုံကြည်သူအပြစ်သားများသည် သူတို့အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရကြသည်။ (၂)ထာဝရအကျိုး သက်ရောက်မှုရှိသည်။ တစ်ကြိမ်တခါတည်း အသေခံတော်မူခြင်းဖြင့် လူ့အပြစ်ဟူသမျှကို ဆေးကြောသွားသည်။ အပြစ်၏မေးခွန်းကို ဖြေခဲ့သည်။ ရွေးနှုတ်ခြင်းအမှုပြီး ပြည့်စုံသည်။ (၃) ကိုယ်စားပြုပေးခဲ့သည်။ တရားမျှတသူသည် မတရားသူများအတွက် အသေခံခဲ့သည်။ “ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏ အပြစ်များကိုသူ့အပေါ်၌ တင်တော်မူ၏” (ဟေရှ ၅၃:၆)။ (၄) ပြန်လည်သင့်မြတ်စေသည်။ ခရစ်တော် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်ထံသို့ ယူဆောင်သွားသည်။ အပြစ်ဟူသမျှကို ဆေးကြောသုတ်သင်ခဲ့သည်။ (၅) ဉပေစ္ဆေဒကံထိုက်သည်။ ကိုယ်တော်ကို သတ်ဖြတ်ကြသည်။ (၆) ရှင်ပြန်ထမြောက်ခြင်းဖြင့် အထွဋ်အထိပ်သို့ရောက်သည်။ သေလွန်ပြီး (၃)ရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်သည်။ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးဖြင့် ရှင်သန်ထမြောက်ခြင်းကိုဆိုလိုပါသည်။

          :၁၉ ငယ်၁၉နှင့်၂၀သည် ဓမ္မသစ်ကျမ်းတွင်ပဟေဠိအဆန်ဆုံးသောကျမ်းပိုဒ်ဖြစ်သည်။ သမ္မာကျမ်းစာ မတိုင်ခင်ကျမ်းစာတွင် မတွေ့ရသောသေလွန်သူများ၏ ဝိညာဉ်နားနေရာနှင့် စကြဝဠာ တစ်ခုလုံးနှင့်ဆိုင်သော ကယ်တင်ခြင်းတရားများ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဧဝံဂေလိ ခရစ်ယာန်များ အနေနှင့် လက်သင့်ခံနိုင်ဖွယ်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက် နှစ်ခုပေးပါမည်။

ပထမစာသားအရ ခရစ်တော်သည်သေလွန်၍ ရှင်ပြန်ထမြောက်ခြင်း မပြုမီကာလ (၃)ရက် အတွင်းတွင် Hades သို့ဝိညာဉ်ဖြင့် သွားရောက်ခဲ့သည်။ လက်ဝါးကပ်တိုင်တွင် ပြုခဲ့အမှုတော်ကို သွားရောက်ကြေညာသည်။ ထောင်ကျသော ပဋိညာဉ်များဆိုသည်မှာ ယုံကြည်သူများ၊ မယုံကြည်သူ များသို့မဟုတ် နှစ်မျိုးစလုံး ဖြစ်နိုင်သည်ဟုဆိုသော်လည်း သဘောမတူသူများ ရှိသည်။ သို့သော် ထင်ရှားသည်မှာ ခရစ်တော်ကထိုသူများအား ဧဝံဂေလိသတင်းမသွန်သင်သည်မှာ ယေဘုယျအား ဖြင့် သဘောတူကြသည်။ ထိုအချက်သည် သမ္မာကျမ်းစာတွင်မပါသော ဒုတိယအချက်ဖြစ်သည်။ ထိုသဘောထားရှိသူများသည် (၄:၈၉) “အစဦးစွာမြေကြီးအောက် အရပ်သို့ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍” ဟူသောကျမ်းပိုဒ်ကို ဆက်စပ်ကိုးကားကြသည်။ ထိုကျမ်းပိုဒ်အရ ခရစ်တော်သည်ကရာ နီတွင် အောင်ပွဲခံကြောင်း သွားရောက်ကြွေးကြော် ကြေညာသည်ဟုယူမှတ်ကြသည်။ တမန်တော်များ ၏အယူဝါ “မရဏပြည်သို့ တည်၍” ဟူသောစကားကိုလည်းကိုးကားကြသည်။

ဒုတိယစာသားမှာ နောဧလက်ထက်က အဖြစ်အပျက်ကို ကိုးကားသည်။ ရေလွှမ်းမိုးခြင်း မတိုင်မီ မယုံကြည်သူများအား ခရစ်တော်၏ဝိညာဉ်တော်က သွန်သင်ခြင်းအကြောင်းဖြစ်သည်။ ထိုချိန်ကာလကလူသည် ဝိညာဉ်ရေးရာခံယူကြသည်မဟုတ်၊ နောဧ၏သတိပေးချက်ကို မနာခံကြ သဖြင့် ရေလွှမ်းမိုးခြင်းခံကြရသည်။ ထို့ကြောင့် ယခုကာလမှာသူတို့ ဝိညာဉ်များသည် Hades ကချုပ်နှောင်ခြင်းခံကြရသည်။

ဤဒုတိယအဆိုသည် အခက်အခဲအနည်းဆုံးနှင့် အကောင်းဆုံးသော အကျိုးသက်ရောက်မည် ထင်ပါသည်။ စကားတစ်လုံးပြီး တစ်လုံး တစ်ခုပြီးတစ်ခုအသေးစိတ် လေ့လာကြည့်ကြရအောင်။

ထိုဝိညာဉ်တော်အားဖြင့် ကြွသွားတော်မူ၍ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့ အား တရားဟောတော်မူ၏။ ထိုဝိညာဉ်တော် ဆိုသည်မှာ အပိုဒ်၁၈ပါ ဝိညာည်ကို ထပ်မံရည်ညွှန်းခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဟု နားလည်ရသည်။ (၁:၁၁)တွင် ခရစ်တော်၏ ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်၍ ဓမ္မဟောင်းကျမ်းပါ ပရောဖက်များ ပြောသည့်စကားဖြစ်သည်။ (က ၆:၃) တွင်ဘုရားသခင်က ကိုယ်တော်၏ ဝိညာဉ်တော်အကြောင်းပြောရာ၊ သန့်ရှင်းသော ဝိညာဉ်တော်အကြောင်း ပြောရာ၊ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ ရေမလွှမ်းမိုးခင်ကာလထိ သုံးနှုန်းထားသည်။

သွားရောက် တရားဟောတော်မူ၏။ ခရစ်တော်၏ဟောကြားခြင်းသည် နောဧကိုဟောကြား ခြင်းဖြစ်သည်။ (၂ပေ ၂:၅)တွင် ဖြောင့်မတ်ခြင်းတရားဟောသောနောဧ ဟုဆိုထားရာ ခရစ်တော်၏ တရားနှင့်အရင်းအမြစ်တူညီနေသည်။

ယခုထောင်ထဲမှာ လှောင်ထားသောဝိညာဉ်။ နောဧ၏သတိပေးစကားကိုကြား၍ သင်္ဘောဖြင့် ကယ်တင်ခြင်း ရမည့်ကတိကြားသူ အသက်ရှင်သူများကို ဆိုလိုပါသည်။ နောဧသတင်းစကားကို ငြင်ပယ်သောကြောင့် ပျက်စီးဆုံးရှုံးရသည်။ ယခုသော်ကား ဝိညာဉ်ထောင်ထဲတွင် အကျဉ်းခံလျက် နောက်ဆုံး အပြစ်စီရင်ခြင်းကို စောင့်မျှော်နေကြရသည်။

ကျမ်းပိုဒ်ကို ဤသို့ဆက်စပ်ကြည့်ကြရအောင်။ ထိုဝိညာဉ်တော် (သန့်ရှင်းသောဝိညာဉ်တော်) ကြွသွား (ခရစ်တော်) တရားဟောတော်မူ၏ (နောဧ) ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တော် (Hades)။

ထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်များသည် နောဧလက်ထက်၌ အသက်ရှင်သူများဟု မည်သို့နားလည်ရမည်နည်း။ နောက်အခန်းငယ်တွင် ဆက်လက်ဖြေထားပါသည်။

:၂၀ ထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်များသည် မမှားယွင်းသူများ မဟုတ်နိုင်။ မည်သူတွေနည်း။ နားမထောင်သူများ ဖြစ်သည်။ ဘယ်တုန်းက နားမထောင်သလဲ။ ကယ်ဆယ်သော သင်္ဘောကိုတည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္ဓိတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သောဝိညာဉ်” ဟုကျမ်းစာက ဆိုထားပါသည်။ ထိုကာလကို မည်သို့ အဆုံးသတ်သနည်း။ လူနည်းစု၊ လူရှစ်ယောက်သာလျှင် ရေဘေးမှ ကယ်တင်ခွင့်ရသည်။

ဤကျမ်းချက်သည် ရှေးပဝေသဏီ အတိတ်ဇာတ်လမ်းသော်လည်း မိမိတို့အသက်တာတွင် လည်းဆင်ခြင်စရာ ဖြစ်ပါသည်။ ဤကျမ်းစာက သွန်သင်သော ညှဉ်းပန်းနှိပ်စက်မှုများသည် ထိုကယ်တင်ခြင်း ခံရသူများ၏ ဆင်းရဲဒုက္ခဖြစ်သည်။ သူတို့ဘဝဖြင့် သက်သေခံခဲ့ကြသည်။ ခရစ်ယာန် ဘာသာတရားသည် သမ္မာတရား မှန်လျှင် ဆင်းရဲဒုက္ခထက် သုခချမ်းသာခံစားသင့်သည်မဟုတ်လား၊ ခရစ်ယာန်များသည် ယုံကြည်သူအစစ်အမှန်ဖြစ်လျှင် အဘယ်ကြောင့် ထိုလူနည်းစုသာလျှင် အသက်ချမ်းသာရာ ရကြသနည်းဟု မေးဖွယ်ရာရှိပါသည်။

ပထမမေးခွန်းကို ဖြေရလျှင်ကျမ်းစာကယေရှုခရစ်တော်ကိုအဖြေအဖြစ်ပေးပါသည်။ ခရစ်တော်သည် ဖြောင့်မတ်စင်ကြယ်ခြင်းအတွက် ဆင်းရဲဒုက္ခခံသည်။ သို့သော်လည်း ဘုရားသခင်က ထမြောက်စေတော်မူသောကြောင့် ကောင်းကင်နိုင်ငံ၌ စိုးစံခွင့်ရသည် (ငယ်၂၂ကိုကြည့်)။ ကောင်းကြီး သုခဘုံစံဖို့ရာ ဆင်းရဲဒုက္ခချိုင့်ဝှမ်းကို ဖြတ်သန်းရသည်။

နောင်တစ်ချက်မှာ နောဧကို သက်သေထူသည်။ ဤကမ္ဘာကြီးကို ဘုရားသခင်ကဖျက်ဆီးမည့် အကြောင်းနှစ်ပေါင်း (၁၂၀)လုံးလုံးသစ္စာရှိစွာ ဟောကြားခဲ့သောလည်း ပြောင်လှောင်ခြင်းနှင့် ငြင်းပယ်ခြင်းသာ ဂုဏ်ပြုခံရသည်။ သို့သော်အဆုံးတွင် သူနှင့်သူ့မိသားစုများကို ဘုရားသခင်က ချမ်းသာရာပေးခဲ့သည်။

နောက်ပြဿနာတစ်ခုကား “ဖြောင့်မှန်ပါလျက်အဘယ်ကြောင့်လူနည်းစုသာလျှင် ကယ်တင် သနည်း” ကျမ်းစာကဖြေထားပါသည်။ အမှန်တကယ်ဖြောင့်မတ်စင်ကြယ်သူများမှာ (၈)ဦးသာရှိ ပါသည်။ လူ့သမိုင်းစဉ်ဆက်တလျှောက်တွင် လူသည်အကျင့်သီလတွင် မသန့်ရှင်းသူများဖြစ်သည်။ တကယ့်ယုံကြည်သူ အစစ်အမှန်သည် လက်တစ်ဆုတ်စာမျှသာ ရှိပါသည်။ သို့ကြောင့်လူတိုင်း၏ ယုံကြည်ခြင်းသည် စစ်မှန်သည်ဟုမဆိုနိုင်ပါ။ နေဧလက်ထက်တွင် (၈)ယောက်သာရှိသော်လည်း ယနေ့ကာလတွင် သန်းချီ၍ရှိနိုင်ပါသည်။

ကျမ်းပိုဒ်တွင် “ထိုဝိညာဉ်တို့မူကားရှေးကာလနောဧလက်ထက်၌ နည်းသောသူတည်းဟူ သောလူရှစ်ယောက်တို့ကို ရေက ကယ်တင်သည်ဟု ဆိုထားပါသည်။ ရေအားဖြင့်ကယ်တင်ခြင်း မဟုတ်ပါ။ ရေဖြင့်ကယ်တင်ခြင်း ဖြစ်သည်။ ရေသည် ကယ်တင်ရှင်မဟုတ်ပါ။ ရေပေါ်၌နေခြင်းဖြင့် အပြစ်စီရင်ခြင်းမှ လွတ်ငြိမ်းချမ်းသာခြင်းကို ဆိုလိုသည်။

ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ ဆင်ခြင်နားလည်ရမည့်အကြောင်းအရာရှိသေးသည်။ နောဧသင်္ဘောသည် ယေရှုခရစ်တော်ကို ပုံဆောင်ပါသည်။ ရေလွှမ်းမိုးခြင်းဘေးဒဏ်ကြီးသည် ဘုရားသခင်၏ အပြစ်စီရင်ခြင်း ဖြစ်သည်။ ထိုသင်္ဘောသည် တစ်ခုတည်းသော အသက်ချမ်းသာရာလမ်း ဖြစ်သည်။ ရေလွှမ်းမိုးလာသောအခါ ထိုသဘော်ထဲ၌ရှိနေသူများသာလျှင် အသက်ချမ်းသာရာရကြသည်။ အပြင်ဖက်တွင် ရှိနေသူဟူသမျှအားလုံး သေကြေပျက်စီးကြသည်။ သို့ကြောင့်တစ်ခုတည်း သောကယ်တင်ခြင်း ဖြစ်သည့်ခရစ်တော်၌ တည်သူများသာလျှင် ကယ်တင်ခြင်းရ၍ ခရစ်တော်၌မတည်သော ပြင်ပလူမျိုးအားလုံးသည် ပျောက်လွင့် ပျက်စီးကြရမည်။

ရေသည်ကယ်တင်ခြင်း နည်းလမ်း မဟုတ်ပါ။ ရေထဲမှာနစ်မြှုပ်သူများသည် ကယ်တင်ခြင်းရရှိမည် မဟုတ်ပါ။ သင်္ဘောကြီးသာလျှင် မှီခိုရာ ဖြစ်သည်။ ထိုသင်္ဘောကြီးသည် အပြစ်စီရင်ခြင်းတည်း ဟူသော ရေပြင်ကြီးကို ကျော်လွှားနိုင်သည်။ လှိုင်းကြီး လေထန်လေမုန်တိုင်းဆန်ခြင်း ဖြစ်သည်။ သို့သော်ရေတစ်စက်မျှ သင်္ဘောထဲသို့မဝင်ပါ။ ထိုကဲ့သို့ပင် အဘဘုရားသခင်၏ကျွန်ုပ်တို့အပြစ်စီရင် ခြင်းကိုခရစ်တော်က အောင်မြင်ကျော်လွှားစေပါသည်။ အထံတော်ပါး၌ တည်မှီသူသည်အပြစ်စီရင် ခြင်းမခံရ (ယော ၅:၂၄)။

ရေပြင်ကျ၍ကုန်းပေါ်သောအခါ သင်္ဘောကြီးသည်လည်း ကုန်းပေါ်၌ တင်သည်။ ပတ်ဝန်း ကျင်တစ်ခုလုံး ရေပြင်ဖုံးလွှမ်းနေဆဲ။ ထိုကဲ့သို့ပင် ယုံကြည်သူများသည် ဆင်းရဲဒုက္ခပင်လယ်ကြားမှ အသစ်သောဖန်ဆင်းခြင်း သတ္တဝါများ ဖြစ်ကြသည်။ သို့ကြောင့် အသေခံပြီးမှ ပြန်လည်ထမြောက် တော်မူသောကယ်တင်ရှင် ယေရှုသခင်ကို ယုံကြည်ကိုးစားလျှင် အသစ်သော အသက်တာ၌ အသက်ရှင် ရမည့်အကြောင်းဖြစ်သည်။

:၂၁ ထိုသို့သောဥပမာဏ အတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသော အားဖြင့် ငါတို့ကို ကယ်တင်တတ်၏။ တဖန်အခက်အခဲ ပြဿနာ ဆုံတွေ့ရပြန်ပြီ။ နှစ်ခြင်းမင်္ဂလာသည် အသစ်သော အသက်တာဖြစ်သည်ဟု ခံယူသူများနှင့် နှစ်ခြင်းမင်္ဂလာ ကယ်တင်ခြင်း မပေးနိုင်သူဆိုသူ များ၏စစ်မြေပြင် တိုက်ပွဲအလယ်တွင် ရောက်နေကြပြန်ပြီ။

နှစ်ခြင်းမင်္ဂလာ

          ဖြစ်နိုင်သည်၊မဖြစ်နိုင်သည်ကို ရှေးဦးစွာလေ့လာကြည့်ကြပါစို့။

စင်စစ်အားဖြင့်နှစ်ခြင်းမင်္ဂလာက ကယ်တင်ခြင်းပေးပါသည်။ ရေထဲသို့ နှစ်ခြင်းမင်္ဂလာခံယူ ခြင်းဖြင့် မဟုတ်သော်လည်း လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀)ကျော်ခန့်က ကရာနီကုန်းတော်ပေါ်က နှစ်ခြင်းမင်္ဂလာ ဖြစ်သည်။ ခရစ်တော်အသေခံခြင်းသည် နှစ်ခြင်းမင်္ဂလာ တစ်ပါးဖြစ်သည်။ အပြစ်စီရင်ခြင်း ရေတွင်နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။ ထိုစကားသည် “ဗတ္တိဇံတစ်ခုတည်းရှိ၏။ ထိုဗတ္တိဇံကိုမခံမှီ တိုင်အောင် ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏” (လု ၁၂:၅၀) ဟူသော နှုတ်ကပတ်တော်တွင် တည်ပါသည်။ နှစ်ခြင်းမင်္ဂလာနှင့်ပတ်သက်၍ ဆာလံဆရာကလည်း “ရေဘွေတော်များ အသံဗလံနှင့် တကွဝဲသြဃတစ်ခုကို တစ်ခု ဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွမ်းမိုးကြပြီ” (ဆာ ၄၂:၇) ဟုဆိုထားပါသည်။ ကိုယ်တော်ဘုရား အသေခံခြင်းသည် အဘဘုရားသခင်၏ အမျက်ဒေါလှိုင်းတံပိုးအောက်မှာ ဖြစ်သည်။ ထိုလှိုင်းတံပိုးဝဲသြဃသည် ကိုယ်တော်၏ နှစ်ခြင်းမင်္ဂလာ ခံယူရာဖြစ်၍ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း အကြောင်းရင်း တရားဖြစ်သည်။

ကိုယ်တော် အသေခံတော်မူခြင်းသည် ကျွန်ုပ်တို့အတွက်ဖြစ်ကြောင်း ဝန်ခံရပေမည်။ နောဧနှင့် မိသားစုသည် ကယ်တင်ခြင်း ရရှိဖို့ရန် သင်္ဘောထဲသို့ဝင်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကယ်တင်ခြင်း ရရှိရန်အထံတော်ပါးသို့ တိုးဝင်တည်မှီရမည်။ ထိုသို့တည်မှီလျှင် ကိုယ်တော်၏ အသေခံခြင်း၊ သင်္ဂြိုဟ်ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၌ တစ်ဆက်တည်း ပါရှိသွားသည်။ တစ်နည်းပြောရလျှင် ထိုသခင်နှင့်အတူ ကားတိုင်၌ အသေခံခြင်းဖြစ်သည် (ဂလား ၂:၂၀)။ ကိုယ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်း ခံရပြီး (ရော ၆:၄)။ ကိုယ်တော်နှင့်အတူ ထမြောက်လျက် အသက်ရှင်နေကြသည် (ရော ၆:၄)။

ထိုအမှုအရာအားလုံးသည် ယုံကြည်သူ၏ နှစ်ခြင်းမင်္ဂလာ၌ ပုံဖော်ပြီးသားဖြစ်သည် အပေါ်ယံ ရုပ်လွှာသည် ဝိညာဉ်ရေးရာသွင်ပြင်ဖြစ်၍ နှစ်ခြင်းမင်္ဂလာခံယူသည်။ ရေနှစ်ခြင်း အကြောင်း ဆက်ပြောရလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် အတူသင်္ဂြိုဟ်ခြင်းခံရသည်။ ရေပေါ်သို့ပြန်ထ ခြင်းသည် ခရစ်တော်၌ပြန်လည် ထမြောက်၍ အသစ်သောအသက်တာ လျှောက်လှမ်းခြင်း ဖြစ်သည်။

ထိုဥပမာအတိုင်းယနေ့ကယ်တင်ခြင်းရရှိကြသည်။ နှစ်ခြင်းမင်္ဂလာဟူသည်မှာ ခရစ်တော်၏ နှစ်ခြင်းမင်္ဂလာဖြစ်သော အသေခံခြင်းနှင့် ကပ်တိုင်၌ ပါဝင်ကြောင်းကို ပုံဆောင်သည် အစဉ်အလာဖြစ် သည့်နှစ်ခြင်းခံယူခြင်းဖြင့် ကယ်တင်ခြင်း မရနိုင်ကြောင်း ဤကျမ်းပိုဒ်က အဓိကသွန်သင်ထားပါ သည်။

၁။ ယေရှုအစားရေကို ကယ်တင်ရှင်အဖြစ် မှတ်ယူတတ်ကြသည်။ သို့သော် သခင်ဘုရားက “ငါသည်သမ္မာတရားဖြစ်၏” (ယော ၁၄:၆)ဟု ဆိုထားပါသည်။

၂။ ခရစ်တော်အသေခံခြင်းသည် အချည်းအနှီး သက်သက်အသေခံသည် မဟုတ်။ အကယ်၍ နှစ်ခြင်းမင်္ဂလာက ကယ်တင်ခြင်း ပေးနိုင်လျှင် ယေရှုခရစ်တော်လည်း အသေခံစရာ အကြောင်းမရှိ။

၃။ သာမန်အသေးအဖွဲကိစ္စ မဟုတ်ပါ။ လူများစွာနှစ်ခြင်း မင်္ဂလာခံယူသော်လည်း အသက်တာမှာ တကယ်ပြောင်းလဲခြင်း မရှိကြပါ။

ယုံကြည်ခြင်းနှင့် နှစ်ခြင်းမင်္ဂလာ ခံယူခြင်း နှစ်ခုပေါင်းစပ်မှသာလျှင် ကယ်တင်ခြင်း ရရှိသည် ဟုလည်း မဆိုလိုပါ။

၁။ နှစ်ခြင်းမင်္ဂလာက လုံလောက်သည်ဟု ခံယူလျှင် ကယ်တင်ရှင်၏ ကားတိုင်တော်အမှုသည် ပြည့်စုံခြင်းမရှိဟု ဆိုလိုရာ ရောက်ပါသည်။ ကိုယ်တော်ဘုရား ကားတိုင်ပေါ်မှာ ကြွေးကြော်စဉ် က “အမှုပြီးပြီ” ဟုဆိုခဲ့ပါသည်။ တကယ်မပြည့်စုံဘူးလား။ ကယ်တင်ခြင်း မပြည့်စုံသောကြောင့် နှစ်ခြင်းမင်္ဂလာ ထပ်မံလိုအပ်ခြင်းလား။

၂။ အကယ်၍ ကယ်တင်ခြင်းသာ ရှိဖို့ရန် နှစ်ခြင်း မင်္ဂလာလိုအပ်သည်ဆိုလျှင်၊ သခင်ဘုရားသီးသန့် နှစ်ခြင်းမင်္ဂလာ မခံယူခြင်းကို မည်သို့ပြောမည်လဲ။ (ယော ၄:၁-၂) တွင်သခင်ယေရှုသည် တပည့်တော်များနှင့် အတူ နှစ်ခြင်းမင်္ဂလာခံယူသည်။

၃။ ရှင်ပေါလုက ကောရိန္သုအသင်းတော်၌ လူအနည်းငယ်သာ နှစ်ခြင်းပေးနေသောကြောင့် ဘုရားရှင်တော်အား ချီးမွမ်းသည် (၁ကော ၁:၁၄-၁၆)။ အကယ်၍ နှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်း၏ ပဓာနအကြောင်းရင်း ဖြစ်လျှင် ဧဝံဂေလိဆရာစကားသည် ထူဆန်းသည်။

၄။ ကပ်တိုင်ပေါ်က ဓားပြသည်နှစ်ခြင်း မခံယူပါ။ သို့သော် ပရဒသုဘုံ၌ ဆုံမည့်အကြောင်း ယေရှုက ကတိတော်ပြုခဲ့သည် (လု ၂၃:၄၃)။

၅။ ကဲသရိမြို့ရှိ တပါးအမျိုးသားများသည် သန့်ရှင်းသော ဝိညာဉ်တော်အား ယုံကြည်လက်ခံ ခြင်းဖြင့် ကယ်တင်ခြင်း ရရှိကြသည် (တ၀:၄၄)။ ထို့နောက် ခရစ်တော်ကို ပိုင်ဆိုင်ကြသည် (ရော ၈:၉)။ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူသော အခါကယ်တင်ခြင်း ရရှိ၍ နှစ်ခြင်းမင်္ဂလာ ခံယူကြသည် (ငယ်၄၇:၄၈)။ ထို့ကြောင့် ကယ်တင်ခြင်း ရဖို့ရန်နှစ်ခြင်းမင်္ဂလာသည် မရှိမဖြစ်လိုအပ်ချက် မဟုတ်ပါ။ ကယ်တင်ခြင်း ရရှိပြီးမှ နှစ်ခြင်းမင်္ဂလာ ခံယူကြခြင်းဖြစ်သည်။

၆။ ဓမ္မသစ်ကျမ်းတွင် ရေနှစ်ခြင်းမင်္ဂလာသည်သေခြင်းနှင့်အမြဲသက်ဆိုင်၍ ဝိညာဉ်တော်မွေး ဖွားခြင်းမဟုတ်ဟုဆိုသည်။

၇။ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာရရှိနိုင်ကြောင်းအကြိမ် (၁၅၀) ထက်မက ဓမ္မသစ်ကျမ်းတွင် ရေးထားသည်။ အကြောင်းပြချက်နှစ်ခု သုံးခုနှင့်မျှကယ်တင်ခြင်း ရရှိရန် နှစ်ခြင်း မင်္ဂလာ ခံယူလိုအပ်ကြောင်း မလုံလောက်နိုင်ပါ။

ထို့ကြောင့် အခန်းငယ် ၂၁ တွင်နှစ်ခြင်းမင်္ဂလာအကြောင်းပြေသည့်အခါ နှစ်ခြင်းမင်္ဂလာသည် ရေထဲသို့နှစ်ခြင်း သက်သက်ကို ဆိုလိုခြင်းမဟုတ်၊ ခရစ်တော်၌ တည်မှီခြင်းသို့ နှစ်ခြင်းမင်္ဂလာခံယူ ခြင်းဖြစ်ကြောင်း နားလည်ခံယူရသည်။

ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်း ဟုဆိုရာတွင်ဓမ္မဟောင်းခေတ်ကာလတွင် ယုဒလူမျိုးများသည် ကိုယ်လက်အဂါသန့်ရှင်းစင်ကြယ်ခြင်းကို အလေးထားလွန်းသည်။ သို့သော် ထိုဆေးကြောစင်ကြယ်ခြင်းသည် ယဇ်ပုရောဟိတ်သော်၎င်း၊ ပရိသတ်သော်၎င်း၊ အပြစ်သန့်စင်ခြင်း မပြုနိုင်ပါ။ ဤကျမ်းစာက ပြောသောနှစ်ခြင်း မင်္ဂလာသည် ရိုးရာထုံးတမ်းစဉ်လာအရ ဆေးကြောသန့်စင်ခြင်း၊ ကိုယ်လက် အင်္ဂါဆေးကြော သန့်စင်ခြင်းကို မဆိုလိုပါ။ ရေသည်ခန္ဓာကိုယ် ပေါ်ရှိ အညစ်ကြေးများကို စင်ကြယ်နိုင်သော်လည်း ဘုရားသခင်ထံတော်သို့ တိုးဝင်ခွင့် ရအောင် စိတ်နှလုံးကို စင်ကြယ်စေနိုင်ပါ။ ခရစ်တော်၏ အသေခံခြင်း သင်္ဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်မှာသာလျှင် စင်ကြယ်ပါသည်။

ဘုရားသခင် ဝန်ခံခြင်း၌ သာ အဖြေကောင်းဖြစ်ပါသည်။ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စင် ကြယ်သူဖြစ်အောင် မည်သို့လုပ်ရမည်နည်း။ စိတ်နှလုံးစင်ကြယ်အောင် မည်သို့လုပ်ရမည်နည်း။ ကျမ်းစာက ပြောသောနှစ်ခြင်းမင်္ဂလာထဲ၌ အဖြေရှိပါသည်။ ခရစ်တော်၏ ကရာနီကုန်းပေါ်၌ အသေခံခြင်း၊ နှစ်ခြင်းမင်္ဂလာကို ခံယူရပါမည်။ ခရစ်တော်၏ အသေခံခြင်းသည် လူ့အပြစ်အားလုံး၏ အဖြေစကားဖြစ်ပါသည်။

ယေရှုခရစ် ထမြောက်တော်မူသောအားဖြင့် ဖြစ်သည် ဘုရားသခင်က အားရကျေနပ်ကြောင်း မည်ကဲ့သို့နားလည်နိုင်မည်နည်း။ သေခြင်းမှ ထမြောက်တော်မူသော ခရစ်တော်အားဖြင့် နားလည်နိုင် ပါသည်။ ခရစ်တော်ဘုရားရှင် ပြန်ထမြောက်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်အား ခွဲခြား၍မရနိုင်ပါ။ ခရစ်တော်နှင့် ဘုရားသခင်းသည် အတူတူစိုးစံလျက် ဖြစ်တည်နေကြသည်။ ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းသည် ပြီးပြည့်စုံသော ရွေးနှုတ်ခြင်းကိစ္စဖြစ်၍ အဘဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့ရာ ဖြစ်သည်။ အကယ်၍ ခရစ်တော်ဘုရားသာ ထမြောက်ခြင်းမရှိလျှင် ကျွန်ုပ်တို့ အပြစ် ဗလပွသည်လည်း ရှိနေမြဲရှိနေမည်။ မိမိနည်းဟန်ဖြင့် စင်ကြယ်စေနိုင်မည် မဟုတ်။ သာမန်လူသားများ ကဲ့သို့သေခြင်းသာ အဖတ်တင်မည်။ သို့သော် ကိုယ်တော်၏ ထမြောက်ခြင်းသည် အဘဘုရား၏ အပြစ်ရွံမုန်းမှုကို ပြသအောင်မြင်ရာဖြစ်သည်။

တေးရေးဆရာ James G.Deck က”စိတ်ဝိညာဉ်အားငယ်ခြင်းမရှိ၊ အစဉ်ချမ်းမြေ့ပြီ။ ကုန်းမြင့်ပေါ်ရှိ သိုးငယ်ပလ္လင်တော်တည်ရာ” ဟုစပ်ဆိုဂုဏ်ပြုထားပါသည်။

ယခုတွင်ဗတ္တိဇံသည် ယေရှုထမြောက်တော်မူသောအားဖြင့် ငါတို့ကိုကယ်တင်တတ်၏။ ကိုယ့်ကိုယ်ကိုသိသောစိတ်ကြည်လင်၍ ဘုရားသခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။ ကိုယ့်ကိုယ် ကိုသိသော စိတ်ကြည်လင်ခြင်းဆိုသည်မှာ ခရစ်တော်အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့်ရှင်ပြန်ထ မြောက်ခြင်းဟူသော သမ္မာတရားတစ်ခုတည်းသာ၌ အာရုံပြုသည်။ ထို့ကြောင့်အောက်ပါအတိုင်း ခံယူရမည်။

၁။ ကျွန်ုပ်အတွက်ခရစ်တော်သည် ကရာနီကုန်းတော်၌ နှစ်ခြင်းမင်္ဂလာခံယူသည်။

၂။ ကိုယ်တော်အား ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်ကိုးစားသောအခါ ဝိညာဉ်တော်အားဖြင့် ကိုယ်တော်၏အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့တွင် ပါဝင်ပါသည်။

၃။ကိုယ်တော် ထမြောက်ခြင်းကို သိရှိခြင်းအားဖြင့် သိချင်သော ဘဝမေးခွန်းလွှာများ၏ အဖြသိရှိရပါသည်။

၄။  ရေထဲသို့နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းရရှိကြောင်း မျက်မြင်သက် သေထူရာ ဖြစ်သည်။

:၂၂ ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍  ကောင်းကင်တမန် အစရှိသော အာဏာစက် တန်ခိုးများကို အုပ်စိုးလျက် ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရှိတော်မူ၏။ သခင်ခရစ်တော်ဘုရားသည် သေခြင်းမှ ရှင်ပြန်ထမြောက်ရုံသာမကပါ။ ဘူမိနက်သန်ဖြစ်သော ကောင်းကင်နိုင်ငံသို့ ပြန်လည်ကြွမြန်းတော်မူပါသည်။ ကောင်းကြီးမင်္ဂလာနှင့် ပြည့်ဝသောဝိညာဉ် အသွေးအသားများဖြင့် ယနေ့အသက်ရှင်လျက်ရှိသည်။ ထိုခန္ဓာကိုယ်ပေါ်တွင် ကရာနီဒဏ်ရာဒဏ်ချက် အမာရွတ်များ ထင်းကျန်နေသည်။ ကျွန်ုပ်တို့ကို ချစ်မြတ်နိုးသည့် ချစ်သက်သေများဖြစ်သည်။

သခင်ဘုရားသည် အဘဘုရားသခင်၏လက်ျာတော်ဘက်၌ စိုးစံလျက်ရှိသည်။

တန်ခိုးလက်ျာဘက်သည် လက်ဝဲဘက် ထက်အမြဲအားထားရာ ဖြစ်သည်။ “နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ျာဘက်၌ ထိုင်လျက်” (မ ၂၆:၆၄)။

ချီးမြှင့်ခြင်း ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသည် (တ ၂:၃၃၊၅:၃၁)။

အနားယူခြင်း အမှုတော် ပြီးမြောက်သဖြင့် “သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချထား မှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်လော့” (ဟေဗြဲ ၁:၃၃) ဟု အဘဘုရားသခင်က အမိန့်တော်ရှိထားသည်။ (၈:၁နှင့်၁၀:၁၂ ကိုလည်း ကြည့်ပါ)။ ထိုအနားယူခြင်းသည် ပွဲပမ်း၍ အနားယူခြင်း မဟုတ်ပါ။ အားရကျေနပ်သောကြောင့် ပီတိဖြာခြင်းဖြစ်သည်။

ကြားကာလ ရှင်ပေါလုက “ခရစ်တော်ဘုရား၊ အဘဘုရားသခင် လက်ျာတော်ဘက်တွင် စိုးစံနေတုန်း” ဟုဆိုသည် (ရော ၈:၃၄)။

လွန်ကဲထူမြတ်ခြင်း “ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုးအားနုဘော်အရှိန်ကဲ့သို့ဖြစ်၏။ ခပ်သိမ်းသောအထွဋ်အမြတ်၊ အာဏာစက်တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝ၊ နောင်ဘဝ၌ခေါ်ဝေါ်သမုသ်သောဘွဲ့နာမအလုံးစုံ တို့ထက်ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ်သော နေရာကိုခရစ်တော်အား ပေးတော်မူ၏” (ဧ ၁:၂၀-၂၁) ဟုဆိုသည်။

နိုင်ငံတော် ဟေဗြဲ (၁:၁၃)တွင်သခင်က သားတော်အား “သင့်ရန်သူများကို သင့်ခြေအောက် သို့ငါမချထားမှီတိုင်အောင် ငါ့လက်ျာတော်ဘက်၌နေလော့”ဟုအမိန့်တော်ရှိ ထားပါသည်။ (၁ပေ၃:၂၂) တွင် “—-ကောင်းကင်တမန်အစရှိသော အာဏာစက်တန်ခိုးများတို့ကိုအုပ်စိုးလျက် ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရှိတော်မူ၏” ဟုဆိုသည်။

ကောင်းကင်တမန်မှစ၍ အာဏာပိုင်အဖွဲ့အစည်းအားလုံးသည်ထမြောက်တော်မူသော ခရစ်တော်၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

ခရစ်တော်ဘုရားပြုခဲ့သော အမှုတော်သည်ကြီး မြတ်လှသည်။ လူများက ဇာတိတော်နှင့် မတူငြင်းပယ်ခဲ့ကြသည်။ ကရာနီကုန်းပေါ်ရဲရဲနီရေမဲထဲမှာ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့သည်။ သို့သော်လည်း ဘုရားသခင်ပြန်လည် ထမြောက်စေတော်မူပြီး ကောင်းကင်နိုင်ငံ လက်ျာတော်ဘက်၌ စိုးစံစေသည်။ ကိုယ်တော်ခံစားခဲ့ရသော ဆင်းရဲဒုက္ခများသည် ထာဝရကာလ ကျက်သရေမင်္ဂလာ ခညောင်းရာ အဘဘုရားသခင်၏ အကြံတော်ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ရှင်ပေတရု၏စာဖတ်ပရိတ်သတ်နှင့်ယနေ့ခေတ်ကာလယုံကြည်သူများ၏ သင်ခန်းစာ လှလှဖြစ်ပါသည်။ ခရစ်တော်ဘုရားအား ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြသော်လည်း ကယ်တင်ရှင် သခင်ဘုရားသည် ကျွန်ုပ်တို့အတွက်အကောင်းဆုံးလုပ်ဆောင်ပေးပါသည်။ “သားမှန်လျှင် အမွေခံဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည့် အကြောင်း၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏” (ရော ၈:၁၇)။ ထို့အပြင် “ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာမပြုထိုက်ပါဟု ငါသဘောရှိ၏” (ရော ၈:၁၈)။ ဆင်းရဲဒုက္ခသည်တခဏတာခံစားခြင်းဖြစ်၍ ထာဝရကာလ ခံစားရမည့် ကောင်းကြီးမင်္ဂလာ ကိုထောက်ရှုကြရမည် (၂ကော ၄:၁၇)ဟုဆိုထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။