ဓမ္မရာဇဝင်တတိယစောင် - ၉
ဓမ္မရာဇဝင်တတိယစောင် - ၉ (အနက်ဖွင့်)
(ဆ) ရှောလမုန်မင်းကျော်ကြားခြင်း (အခန်း ၉၊၁၀)
(၁) ဘုရားသခင်ထံမှ ပညတ်တော် (၉:၁-၉)
၉:၁–၅ ဘုရားသခင်က ရှောလမုန်မင်း၏ ဆုတောင်းချက်များကို နားညောင်းသည်။ ရှောလမုန်မင်း တည်ဆောက်သော ဗိမာန်တော်ကိုလည်း ဘုရားသခင်၏ အိမ်တော်အဖြစ် အသိအမှတ်ပြု၍ နာမတော်အားဖြင့် တည်တံ့စေမည်။ ရှောလမုန်မင်း ဗိမာန်တော် သက်တမ်းကုန်၍ ရပ်ဆိုင်းသွားသော်လည်း တလောကလုံးဆိုင်ရာ နိုင်ငံတော် တည်ထောင်ရန် ယေရှုခရစ်ပြန်ကြွလာသောအခါ ယေရုရှလင်ဗိမာန်တော်၌ ပြန်လည်ကိန်းဝပ်မည်။ ယခုကာလတွင် ဘုရားသခင်သည် ယုံကြည်သူများထဲ၌၎င်း၊ အသင်းတော်၌၎င်း၊ ကျိန်းဝပ်နေသည်။
၉:၆–၉ ဘုရားသခင်ကလည်း စကားတော်နာခံ နေသရွေ့ ရှောလမုန်၏ သားစဉ်မြေးဆက်တို့ နန်းဆက်မပြတ်ရ ဟု ကတိတော်ပြုသည်။ သို့သော် ဘုရားရှင်နှင့် ကွေကွင်း၍ ရုပ်တုဘုရားထံသွားလျှင် တိုင်းတပါးသို့နှင်မည်။ ဗိမာန်တော်ကိုလည်း ဖျက်ဆီးမည်။ တပါးအမျိုးသားတို့ ပြောစမှတ်တွင်ရစ် စေမည်။ ပြိုလဲနေသော အပျက်အစီးပုံကိုကြည့်၍ တိုင်းတပါးသားတို့က အံ့သြလက်ဖျားခါ ကြမည်။
(၂) ဟိရံထံသို့ လက်ဆောင် (၉:၁၀–၁၄)
၉:၁၀–၁၄ ဤကျမ်းချက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အချို့ကျမ်းစာပညာရှင်များက ရှောလမုန်သည် တည်ဆောက်ရေးလုပ်ငန်း ကုန်ကျမှုအတွက် ဟိရံမင်းထံမှ ရွှေအခွက်တစ်ရာ့ နှစ်ဆယ် ချေးငှါးယူသည် ဟုဆို၏(ငယ်၊၁၄)။ အပြန်အလှန်အားဖြင့် ဂါလိလဲမြို့ (၂၀)ကို ဟိရံမင်းထံ အပေါင်ထားရသည်။ ယင်း၌ ဟိရံမင်းက ဦးစွာကူညီခဲ့ခြင်းကြောင်း ဖြစ်သည်(ငယ် ၁၁)။ ထိုမြို့များကို ဟိရံမင်း သွားရောက်ကြည့်ရှုသောအခါ အားမရ၊ ကျေနပ်မှုမရှိ။ ထို့ကြောင့် ထိုအရပ်ဒေသကို ကာဗု (အနက်မှာ အညစ်အကြေးပုံ၊ မနှစ်မြို့ဖွယ်နေရာ) ဟု အမည်ပေးလိုက်သည်။ (NKJV marg ကျမ်းမူက ဘာမျှသုံးစားမရ ဟု ပြန်ဆိုထားသည်)။ ၆ရာ၊၈:၂ တွင် ထိုမြို့များကို ရှောလမုန်မင်းက ပြန်ရွေးယူမည်ဟု မှတ်တမ်းတင်ထားသည်။
(၃) ပူဇော်သက္ကာပြုခြင်း (၉:၁၅–၂၅)
၉:၁၅–၂၃ အပိုဒ်ငယ် ၁၅ မှ ၂၂ သည် အရေအတွက် (NKJV, KJV တို့က အကြောင်းရင်းဟု ဆိုသည်) ဖော်ပြခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုခဲ့သော လုပ်အား ပမာဏဖြစ်သည်။ ဟာဇော်၊ မေဂိဒ္ဒေါ နှင့် ဂေဇာ မြို့များသည် ရှောလမုန်မင်း၏ ခံတပ်မြို့များဖြစ်လာသည်။ ဟာဇော် မှာ မြောက်ဖက်၌ရှိ၍ ပါလေတိန(ပါလက်စတိုင်း) ဒေသအား ကာကွယ်သော မြောက်ဖက်တံခါးဖြစ်သည်။ မေဂိဒ္ဒေါမြို့ရိုးသည်
—–
မြောက်ဖက်အလယ်ပိုင်း ပါလက်စတိုင်း ဒေသအတွက် အရေးပါ၍ ဧသဒြေလုံ လွင်ပြင်အား စီးမိုးထားသည်။ ကူးသန်းရောင်းဝယ်ရေးလမ်းဆုံ အချက်အချာတွင်တည်ရှိ၍ ယောဒန်မြစ်ဝှမ်း တောင်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင် မြောက်ခြမ်း ဒေသကာကွယ်ရေး ခံတပ်မြို့ဖြစ်သည်။၆
ဂေဇာ မြို့သည် ယေရုရှလင်မြို့ အနောက်ဘက်တွင် တည်ရှိ၍ ဖိလိတ္တိကမ်းခြေဒေသ နှင့် ကူးသန်းရောင်းဝယ်ရေး ဖောက်ကားရာတွင် လမ်းဆုံလမ်းခွကျသော မြို့ဖြစ်သည်။ အငယ် ၂၀ အရ တပါးအမျိုးသား သုံးပန်းကျေးကျွန် အားလုံးကို အဓမ္မလုပ်အား ညှစ်ထုတ် အသုံးချခဲ့သည်။ ဣသရေလ လူမျိုးများ ကိုမူ ရှောလမုန်၏ စစ်သည်များနှင့် မင်းမှုထမ်း၊ အကြပ်၊ အရာထမ်းများ ဖြစ်စေသည်။ လုပ်ငန်းအား ကြီးကြပ် ကွပ်ကဲသူပေါင်း (၅၅၀) ရှိသည်။
၉:၂၄ မိလ္လောခံတပ်မြို့သည် ယေရုရှလင်မြို့ ကာကွယ်ရေးအတွက်ဖြစ်၏ ဖာရောမင်းသမီးတော် နန်းဆောင်သစ် ပြောင်းပြီးမှ ပြုပြင်ခြင်းဖြစ်သည်။
၉:၂၅ ရှောလမုန်ဘုရင် သည် တစ်နှစ်လျှင် သုံးကြိမ် ဘုရားသခင် အား ယဇ်ပူဇော်ပွဲ ခံလေ့ရှိသည်။ တဆေးမဲ့မုန်းပွဲ၊ ပင်တေကုတ္တေပွဲ နှင့် တဲတော်ပွဲ (၆ရာ၊ ၈:၁၃)တို့ ဖြစ်သည်။
(၄) ဘုရင့်ရေတပ်မတော် (၉:၂၆–၂၈)
၉:၂၆–၂၈ ဧဒုံပင်လယ်ကမ်းနား၌ ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောအုပ်တစ်အုပ် ကိုလည်း ဖွဲ့စည်း တည်ဆောက်စေသည်။ ဟိရံမင်းပေးသော သင်္ဘောသားများဖြင့် သြရဖိမြို့ (နေရာဒေသအတိအကျမသိရ၊ အာရေဗျတောင်ပိုင်းဟု ၎င်း၊ အိန္ဒိယပြည်မ ဟု၎င်း၊ အာဖရိကတိုက် တစ်နေရာ၎င်း ယူဆကြ၏)မှ ရွှေစင်အခွက် (၄၂၀)ကို ဆောင်၍ ရှောလမုန်ဘုရင်အား ဆက်သကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။