ဓမ္မရာဇဝင်တတိယစောင် - ၁၅

ယုဒဘုရင်အဘိယ
(၆ရာ၊ ၁၃:၁-၁၄:၁)
1-2နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံတစ်ဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကိုသုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏သမီး မာခါအမည်ရှိ၏။ 3ခမည်းတော်ပြုသော ဒုစရိုက်ကိုပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။ 4သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင်ထာဝရဘုရားသည် ဆွေတော်မျိုးတော်ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ 5အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တစ်သက်လုံး ထာဝရဘုရားမှာထားတော်မူသော အမှုတစ်စုံတစ်ခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။ 6ရောဗောင်သားအဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။
7အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 8အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယုဒဘုရင်အာသ
(၆ရာ၊ ၁၅:၁၆-၁၆:၆)
9ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံနှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ်တစ်နှစ်မင်းပြု၍ ယုဒပြည်ကိုစိုးစံလေ၏။ 10အဖွားတော်ကား၊ အဘရှလုံ၏သမီး မာခါဖြစ်၏။ 11အာသသည် အဘီတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။ 12ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ကိုလည်းကောင်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှတို့ကိုလည်းကောင်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။ 13အဖွားတော်မာခါသည် အာရှရပင်အဖို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။ 14မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။ 15ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့သွင်းတော်မူ၏။
16အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ 17ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှာ ရာမမြို့ကိုတည်၏။ 18ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိကျွန်တို့၌အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသော ရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊ 19ငါသည်သင်နှင့်လည်းကောင်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှာ၊ သူနှင့်ဖွဲ့သော မိတ်သဟာယကိုဖျက်၍လာပါဟု မှာလိုက်လေ၏။ 20အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှာ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။ 21ထိုသတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။ 22ထိုအခါ အာသမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတစ်ယောက်မျှမလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွားကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ဂေဘမြို့နှင့် မိဇပါမြို့ကိုတည်၏။ 23အာသမင်းပြုမူသော အမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီးသောအခါ ခြေတော်၌အနာရောဂါစွဲသဖြင့်၊ 24ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဣသရေလဘုရင်နာဒဒ်
25ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။ 26ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။ 27ဣသခါအမျိုး၊ အဟိယသားဗာရှာသည် သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊ 28ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကိုလုပ်ကြံ၍ နန်းထိုင်လေ၏။ 29နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည်မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မီတိုင်အောင်၊ အသက်ရှူသောသူ တစ်ယောက်ကိုမျှ မချန်မထား။ 30အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသောအပြစ်အားဖြင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။ 31နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။ 32အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏။
ဣသရေလဘုရင်ဗာရှာ
33ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်လေးနှစ် စိုးစံ၏။ 34ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။

ဓမ္မရာဇဝင်တတိယစောင် - ၁၅ (အနက်ဖွင့်)

(ယုဒဘုရင်အဘိယ (၁၅:)

ရောဗောင်၏သား အဘိယမင်းသည် ဘီစီ ၉၁၃-၉၁၀ ထိ ၃-နှစ်ကြာ ယုဒရှင်ဘုရင်အဖြစ် နန်းစံခဲ့သည် (၆ရာ၊ ၁၃:၁-၁၄:၁)။

၁၅: အပိုဒ်ငယ်-၁ သည် ဓမ္မရာဇဝင်ပါ နန်းစံသက်ကို ရေတွက်ခြင်းဖြစ်သည်။ နန်းစံကာလအား အခြားဘုရင်များ နန်းစံချိန်နှင့် နှိုင်းယှဉ်ရေတွက်ကြသည်။ ဣသရေလဘုရင် ယေရောဗောင်နန်းတက်ပြီး ၁၈နှစ်ကြာမှ အဘိယသည် ယုဒရှင်ဘုရင်အဖြစ် ထီးနန်းရသည်။ အဘိယကို အဘိယံဟုလည်းခေါ်ကြသေးသည်။ (၅ရာ၊ ၃:၁၀။ ၆ရာ၊ ၁၂:၁၆)။

၁၅: အဘိယ၏ မိခင်သည် အဘရှလုံသမီး မာခါဖြစ်၏။ ၆ရာ၊ ၁၁:၂၁ ၌လည်း အဘရှလုံ၏သမီးမာခါဟု ဆို၍ ၆ရာ၊ ၁၃:၂တွင် သြရေလ၏ သမီးမာခါဟု ဆိုသည်။ သြရေလ၏သမီး၊ အဘရှလုံ၏မြေးဖြစ်ဖွယ်ရာရှိသည်။

၁၅: အဘိယသည်လည်း ဘိုးတော် ဒါဝိဒ်၏စိတ်သဘောမျိုးမရှိ။ အဘ ရောဗောင်၏လမ်းစဉ်လိုက်၍ ရုပ်တုဆင်းတု ကိုးကွယ်သည်။ အပိုဒ်ငယ် ၄ နှင့် ၅ သည် ဒါဝိဒ်လမ်းစဉ်မလိုက်သောကြောင့် ဖြစ်သည်။ လူ့ဘဝသည် မျက်စိတမှိတ်လျှပ်တပြက်အတွင်းမှာပင် ကြမ္မာငင်နိုင်ကြောင်းကို တရားသံဝေဂယူစဖွယ် သင်ခန်းစာပေးခြင်းဖြစ်သည်။ ဣသရေလတို့နှင့် ရန်မီးသည် ငြိမ်းအေးခြင်းမရှိ။ တငွေ့ငွေ့တောက်လောင်နေသည်။ ဣသရေလဘုရင်ယေရောဗောင်နှင့် ယုဒဘုရင်ရောဗောင်တို့မှ မွှေသော စစ်မီးသည် အဘိယနန်းစံသက်တလျှောက်တွင်လည်း လောင်မြိုက်နေဆဲ။ ဣသရေလလူများအား အနု၊ အကြမ်းနည်းမျိုးစုံဖြင့်ရယူရန် ကြိုးစားခဲ့သည်။ ဣသရေလလူငါးသိန်းကို သတ်ဖြတ်ခဲ့သည် (၆ရာ:၁၃:၁-၂၀)။

(ယုဒဘုရင်အာသ (၁၅:၂၄)

အဘိယ၏သားအာသသည် ဘီစီ ၉၁၁/၁၀မှ ၈၇၀/၈၆၉ နှစ် (၆ရာ၊ ၁၄:၁-၁၆:၁၄ နှင့်ယှဉ်ဖတ်)ထိ နှစ်ပေါင်း (၄၁)နှစ်စိုးစံခဲ့သည်။

          ၁၅:၁၅ အာသဘုရင်သည် ယုဒဘုရင်များ၌ ရှားရှားပါးပါးမင်းကောင်းမင်းမြတ်တစ်ပါးဖြစ်၏။ အဖတည်ထားခဲ့သော ရုပ်တုဘုရားများကို ဖယ်ရှားရှင်းလင်းပစ်ခဲ့သည်။ ယောက်ျားပြည့်တန်ဆာများကိုလည်း နှိပ်ကွပ်သည် (ငယ်၊ ၁၂ကို ၆ရာ၊ ၁၄:၃-၅ နှင့်ယှဉ်ဖတ်ပါ)။ အဘွားမာခါကို အရာမှချ၍ သူကိုးကွယ်သောရုပ်တုများကိုလည်း မီးရှို့ဖျက်ဆီးပစ်၏။ ခမည်းတော်ချန်ရစ်သော ရတနာများနှင့်မိမိဥစ္စာဘဏ္ဍာများကို ဗိမာန်တော်သို့ပေးလှူသည်။

၁၅:၁၆၂၂ ဣသရေလဘုရင်ဗာရှာက ယေရုရှလင်မြောက်ဘက်ရှိ ရာမမြို့အားအခိုင်အခန့်တည်လာသောအခါ အာသမင်း၏ ယုဒပြည်လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်လာသည်။ သို့သော် ဘုရားသခင်ထံ ကိုးစားခိုလုံခြင်းမပြုဘဲ၊ ရှုရိမင်းဗင်္ဟာဒဒ်ကို အားကိုးရှာသည်။ ရွှေငွေလက်ဆောင်ပဏ္ဏာဆက်၍ မဟာမိတ်ဖွဲ့သည်။ ဗင်္ဟာဒဒ်မင်းက ဂါလိလဲမြောက်အရပ်သို့ စစ်သည်အလုံးအရင်စေလွှတ် တိုက်ခိုက်ပေးသည်။ ထိုအခါဗာရှာမင်းက သူ့စစ်တပ်ကို မြောက်ဘက်တိရဇမြို့သို့ ရွှေ့သွားရသည်။ အာသမင်းက ထိုအခွင့်အရေးကိုယူ၍ ရာမခံတပ်မြို့ကို ဖျက်ဆီးကာ မိမိနယ်စပ်ဘက်၌ ဂေဘနှင့်မိဇပါခံတပ်မြို့တို့ကို ကဗျာကယာတည်ဆောက်ရသည်။ ယုဒမင်းအာသသည် ချမ်းသာသမျှ ရွေငွေဘဏ္ဍာကို ဘုရားသခင်အတွက် ဗိမာန်တော်သို့ ပေးလျှုခဲ့သည်။ သို့ရာတွင် ဣသရေလမင်းက စစ်ပြုလာသောအခါ ရှိသမျှမင်းစည်းစိမ်နှင့် ဗိမာန်တော်ဘဏ္ဍာများကိုယူ၍ ရှုရိမင်းထံ လက်ဆောင်ဆက် မိတ်ဖွဲ့ပြန်သည်။ ၄င်းမှာ ဘုရာသခင်ကိုလှည့်စားရာကျ၍ ရှုရိတို့အား ကြွယ်ဝလာစေသည်။ ခရစ်ယာန်တို့သည် မိမိတို့ဓနဥစ္စာ၊ ငွေကြေး၊ အချိန်၊ လုပ်အားတို့ကို အလွဲမသုံးမိစေဖို့ သတိထားကြရမည်။

၁၅:၂၃၂၄ အာသမင်းခြေထောက်အနာကြောင့်သေဆုံးခြင်းမှာ သွေးရိုးသားရိုးဖြစ်ဟန်မတူ။ ဘုရားသခင်ကို ခိုကိုးခြင်းမပြုဘဲ၊ တပါးအမျိုးသား ရှုရိဘုရင်ကို အားကိုးသောကြောင့် ဘုရားသခင်က ဒဏ်ခတ်ခြင်းဖြစ်ဖွယ်ရှိသည်။ သူ မကွယ်လွန်မီ ၃/၄နှစ် ခန့် ကာလတွင် တိုင်းပြည်ကို သားတော်ယောရှဖတ် အားတွဲဖက်အုပ်ချုပ်စေသည်။

(စ)ဣသရေလဘုရင်နာဒပ်(၁၅:၂၅- ၂၇)

၁၅:၂၅- ၂၇  ဣသရေလဘုရင် ယေရောဗောင်၏သား နာဒပ်သည် ဘီစီ- ၉၁၀/၀၉ မှ ၉၀၉/၀၈ထိ (၂ )နှစ်ခန့် နန်းစံခဲ့သည်။ ဧဖရိမ်အမျိုး ဖြစ်သည်။

နာဒပ်သည် ဖခင်ခြေရာကိုနင်း၍ ရုပ်တုဆင်းတုကိုးကွယ်သည်။ သူ့အကြောင်းမှတ်သားဖွယ် အချက်မှာ ဗာရှာက ပုန်ကန်၍ ကွပ်မျက်ခံရသည့်အကြောင်းသာရှိသည်။ ဗာရှာသည် ယေရောဗောင်၏ မျိုးနွယ်ကို လက်စတုံး သုတ်သင်ပစ်သည်။ ထိုသို့ဖြင့် ၁၄:၁၀- ၁၄ တွင် ဖော်ပြသော အဟိယ၏ ပရောဖက်ပြုချက်လည်း ပြည့်စုံလာသည်။

(ဆ) ဣသရေလဘုရင် ဗာရှာ (၁၅:၂၈-၁၆:၇)

ဣသခါအမျိုး အဟိယ၏သား ဗာရှာမင်းသည် ဣသေရလကို ဘီစီ – ၉၀၉/၀၈ မှ ၈၈၆/၈၅ ထိ ၂၄နှစ်ကြာ အုပ်စိုးနန်းစံခဲ့သည်။

၁၅:၂၈-၁၆:၇ ဗာရှာသည် ဣသရေလအမျိုးတွင် ဒုတိယနန်းဆက်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ဗာရှာမင်းလက်ထက်တွင်လည်း ဣသရေလနှင့် ယုဒအကြား၌ စစ်မီးငွေ တမြေ့မြေ့ကျွမ်းလောင်နေဆဲ။ တိရဇမြို့ ကို မြို့တော်အဖြစ် ဆက်လက်သတ်မှတ်စိုးစံသည်။ ယေရောဗောင်တည်ထားခဲ့သော ရုပ်တုဆင်းတုများကို ဆက်လက် ကိုးကွယ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။