၁ကော - ၆

ညီအစ်ကိုချင်းတရားတွေ့ခြင်း
1သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကို မခံဘဲ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစ်စုံတစ်ယောက်ရှိသလော။- 2သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရားစီရင်မည်ဟု မသိကြသလော။ သင်တို့သည် လောကီနိုင်ငံကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသော အမှုများကို မစီရင်ထိုက်သလော။- 3ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည် မဟုတ်လော။- 4ထိုကြောင့် သင်တို့သည် လောကီအမှုကို စီရင်စရာရှိလျှင်၊ အသင်းတော်၌ အသရေနည်းသောသူတို့ကို တရားသူကြီးအရာ၌ ခန့်ထားကြလော့။- 5ထိုသို့ဆိုသော်၊ သင်တို့ရှက်စေခြင်းငှာ ပြောဆို၏။ သင်တို့တွင် ပညာရှိတစ်စုံတစ်ယောက်မျှ မရှိသလော။ ညီအစ်ကိုချင်းတို့၏ အမှုကို စီရင်ဆုံးဖြတ်နိုင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသလော။- 6ညီအစ်ကိုချင်းတို့သည် တရားတွေ့သည် သာမက၊ မယုံကြည်သော သူတို့ရှေ့၌ပင် တရားတွေ့ပါသည်တကား။- 7ထိုသို့သင်တို့သည် အချင်းချင်း တရားတွေ့သည်အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့် မခံသနည်း။- 8ကိုယ်ဥစ္စာရှုံးခြင်းကို အဘယ်ကြောင့် မခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် ညှဥ်းဆဲ၍၊ ညီအစ်ကိုချင်းတို့၏ ဥစ္စာကို သိမ်းယူကြသည်တကား။- 9မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊- 10သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ။- 11အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် သခင်ယေရှု၏ နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။
ကိုယ်ခန္ဓာသည်ဘုရားဂုဏ်တော်အဖို့
12ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။-၁ကော၊ ၁၀:၂၃။ 13အစားအသောက်တို့သည် ဝမ်းအဖို့၊ ဝမ်းသည်လည်း အစားအသောက်တို့အဖို့ ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန်အဖို့ ဖြစ်သည်မဟုတ်။ သခင်ဘုရားအဖို့ ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ ဖြစ်တော်မူ၏။- 14ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည်။- 15သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏အင်္ဂါ ဖြစ်စေအပ်သလော။ မဖြစ်စေအပ်။- 16အဘယ်သို့နည်း။ ပြည့်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော။ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။-က၊ ၂:၂၄။ 17သခင်ဘုရား၌ မှီဝဲသောသူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။- 18မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင် ပြစ်မှား၏။- 19အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။-၁ကော၊ ၃:၁၆။ ၂ကော၊ ၆:၁၆။ 20သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။

၁ကော - ၆ (အနက်ဖွင့်)

(ယုံကြည်သူများအချင်းချင်းတရားစွဲဆိုကြခြင်း (:၁၁)

ပထမပိုင်း အပိုဒ်ငယ် (၁၁)ခုသည် ယုံကြည်သူအချင်းချင်း တရားစွဲဆိုကြသည့်အကြောင်း ဖြစ်သည်။ မယုံကြည်သူလောကသားများရှေ့တွင် ယုံကြည်သူအချင်းချင်းတရားစွဲဆိုကြသည်။ ထို့ကြောင့် အသင်းတော်အား အထူးမှာကြားလိုက်သည်။ “မသိကြဘူးလား” ဟု အစချီ၍ (ငယ်၂၊၃၊၉၊၁၅၊၁၆၊၁၉) တို့တွင် ထပ်ခါထပ်ခါ ဆုံးမထားသည်။

: ကျမ်းပိုဒ်စလျှင်စခြင်းမေးခွန်းဖြင့် ထုနက်ထားသည်။ ယုံကြည်သူအချင်းချင်း ဖြစ်ပါလျက် တရားတော်နှင့်ညှိနှိုင်း အဖြေရှာခြင်းမပြုဘဲ၊ မယုံကြည်သူလောကီသားများရှေ့တွင် ဟိုးလေးတကျော်ကျော်ဖြစ်အောင် အဘယ်ကြောင့် တစ်ဦးကိုတစ်ဦး အရှက်ခွဲကြသနည်း။  ဖြောင့်မတ်စင်ကြယ်သော ခရစ်ယာန်အသက်တာကို မစင်ကြယ်သူများလက်ထဲသို့ အဘယ် အကြောင်းကြောင့် ဝကွက်အပ်နှံရမည်နည်း။

: အမှန်စင်စစ်တွင် ယုံကြည်သူများကသာလျှင် ကမ္ဘာလောကကို စီရင်ရမည်။ ခရစ်တော်ဘုရားတဖန်ကြွလာသောအခါယုံကြည်သူများသည် ထိုအရှင်သခင်နှင့်အတူ ကမ္ဘာလောက ကို အုပ်စိုးမည့်သူများဖြစ်သည်။ ထိုသို့ ကမ္ဘာကို အုပ်စိုးမည့်သူများဖြစ်ပါလျက်နှင့် မိမိတို့အကြားရှိ ပြဿနာအသေးအဖွဲ့ကို အဘယ်ကြောင့်အဖြေရှာမရနိုင်ကြသနည်း။

: ယုံကြည်သူများသည် ကောင်းကင်တမန်များကိုလည်း စီရင်မည့်သူဖြစ်သည်။ ကောရိန္သုယုံကြည်သူများသည် တနေ့သောအခါ ကောင်းကင်တမန်များကို စီရင်မည့်သူများဖြစ်သည် ဟုဆိုသည်။ (ယု၆၊၂ပေ ၂:၄၉)တွင် ကောင်းကင်တမန်များသည်လည်း စီရင်ခံရမည် အကြောင်း ရေးထားသည်။ သခင်ယေရှုလည်းစီရင်ခြင်းခံရသည် (ယော ၅:၂၂)။ ယုံကြည်သူများသည် ခရစ်တော်၌ပါ၀င်သူများဖြစ်သောကြောင့် ကောင်းကင်တမန်များကို စီရင်ရခြင်းဖြစ်သည်။ ထိုသို့ ကောင်းကင်တမန်များကို စီရင်နိုင်သည့်အခွင့်အရေးရရှိထားသူများပီပီ၊ နေ့စဉ်အသက်တာတွင် ကြုံတွေ့ရသော ပြဿနာများသည် ပြောပစရာမဟုတ်ပါ။

: ပြဿနာမဖြေရှင်းနိုင်လျှင် အကျင့်စာရိတ္တအညံ့ဖျင်းဆုံးသော လောကီသားကိုခေါ်၍ အသင်းတော်ထဲတွင် တရားသူကြီးအဖြစ် ခန့်အပ်ကြပါလားဟု အရွဲ့တိုက်ပြောသည်။ မယုံကြည်သူ အား ဒေသန္တရအသင်းတော်တွင် ရာထူးရာခံခန့်အပ်လေ့ရှိပါသလား။ လောကီသားများက လေးစားကောင်းလေးစားကြမည်။ သို့သော် အသင်းတော်၌စီရင်ပိုင်ခွင့်မ ထိုက်တန်ပါ။ ထို့ကြောင့် ပေါလုက ကောရိန္သုသားများအား ငေါ့တော့တော့ပြောခြင်း ဖြစ်သည်။

ယုံကြည်သူအချင်းချင်း အသင်းတော်ထဲတွင် ညှိနှိုင်းအဖြေရှာ၍ မရသောအခါ ဘုမသိ ဘမသိသူအား သွားရောက်ခေါ်ယူ၍ အသင်းတော်တွင် တရားသူကြီးအဖြစ် ခန့်အပ်သင့်ပါသလား။

: ထိုသို့မေးခွန်းထုတ်ခြင်းသည် ကောရိန္သုသားများ အရှက်ရဖို့ဖြစ်သည်။ မှန်ပါသည်။ ထိုအသင်းတော်သည် လောကအရာတွင် ကြွယ်ဝချမ်းသာသူများ ဉာဏ်ပညာရှိကြသူများဖြစ်သကဲ့သို့ ဝိညာဉ်ရေးရာတွင်လည်း ဝိညာဉ်ဆုလက်ဆောင် အသီးသီးရရှိကြသူများ အများအပြားရှိပါသည်။ သို့သော် အချင်းချင်းခိုက်ရန်ဖြစ်ပွားနေသည်မှာ ရှက်ဖွယ်ရာ ဖြစ်ပါသည်။

: ဘုရားသခင်ပေးထားသော ဉာဏ်ပညာသည် ညီအကိုအချင်းချင်းအကြားတွင် အသုံး မဝင်တော့ဘူးလား။ ဘုရားရှင်ပေးထားသောဉာဏ်ပညာ ဝိညာဉ်ဆုကျေးဇူး၊ အသိပညာ၊ အတတ်ပညာသည် အချည်းအနှီးဖြစ်ကုန်ပြီ။ ယခုမူ မယုံကြည်သူ လောကသား တရားသူကြီး ရှေ့မှောက်မှာ တစ်ယောက်တမျက်နှာ မကြည်ဝံ့ကြပြီတကား။

: ထိုသို့အချင်းချင်းတရားစွဲဆိုခြင်းသည် နှစ်ဦးစလုံးအတွက် ဆုံးရှုံးမှုဖြစ်စေသည်။ တစ်ဦးကိုတစ်ဦးရန်ဖက်မပြုနှင့်ဟူသော တရားသဘောကို မတွေးမိကြ။ မေ့လျှော့နေကြသည်။ ဤအချက်နှင့်ပတ်သက်၍ ပေါလုကို “ဤသူက ငါ့ကိုလိမ်ညာသည်ကို မသိဘူးလား” ဟုမေးကောင်း မေးနိုင်ပါသည်။ မှန်ပါသည်။ သို့သော် ပေါလုစကားက အဖြေပေးထားသည်။ “သင်သည် ယုံကြည်သူခရစ်ယာန်မဟုတ်ဘူးလား၊ တရားစွဲဆိုမည့်အစား မတရားပြုကျင့်ခံရခြင်းက ပိုကောင်း သည်ကို မသိဘူးလား” ခရစ်ယာန်အသက်တာနှင့်ယှဉ်၍ ကြိုပြောထားပါသည်။ ခရစ်ယာန် အသက်တာတွင် အမှားအယွင်းတစ်ခု ပြုလုပ်ခြင်းထက် မတရားစော်ကားခံရခြင်းက ပိုမိုခံစား ကောင်းပါသည်။

: ကောရိန္သုအသင်းတော်တွင် ထိုအမှုအကျင့်မျိုးမရှိ။ တစ်ယောက်က ဂျင်းဆိုးလျှင် တစ်ယောက်ကလည်း မိဿလင်၊ သည်းခံ ခွင့်လွှတ်ခြင်း မရှိကြ။ ခရစ်တော်၌ ညီအစ်ကိုဟု ဆိုသော်လည်း လက်တွေ့ အသက်တာတွင်မူ တခြားစီ။ မတော်မတရား ပြုကြသည်။

: ဆိုးညစ်သော၊ မကောင်းသောအကျင့် ရှိသူများသည် ဘုရားသခင်၏ နိုင်ငံတော် အမွေခံ ထိုက်သူများမဟုတ်။ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ခွင့်ရရှိသူများစာရင်းကို မေ့နေကြပြီ။ ခရစ်ယာန်ဖြစ်ပါလျက်နှင့် အကျင့်စာရိတ္တ ပျက်စီးသူများသည် ပျောက်သောသူများ ဖြစ်ကြသည်။ အပြစ်၌ ကျင်လည်သူသည် ခရစ်ယာန်မဟုတ်။ ၁၂

ဘုရားသခင်နိုင်ငံတော် ဝင်ခွင့်မရသူများမှာ အပြစ်သားများဖြစ်သည်။ ထိုအပြစ်များထဲတွင် ပထမသည် ကာမဂုဏ် လိုက်စားခြင်း ဖြစ်သည်။ ကာမဂုဏ်လိုက်စားခြင်း ဆိုသည်မှာ ဘုရားရှေ့၊ လူရှေ့တွင် ထိမ်းမြားလက်ထပ်ခြင်း မပြုသူနှင့် လင်မယားအဖြစ် နေခြင်း ဖြစ်သည်။ ရုပ်တု ကိုးကွယ်ခြင်း ကိုလည်း ထပ်မံထောက်ပြသည်။ ထိုအကြောင်းကို အခန်(၅)တွင် ရှင်းပြပြီး ဖြစ်သည်။ လိင်တူဆက်ဆံခြင်း အပြစ်ကို ဖြစ်သည်။

:၁၀ ခိုးမှု၊ လောဘလွန်ကြူးမှု၊ မူးယစ်မှု၊ ဆဲရေး တိုင်းထွာမှု နှင့် လုယက်တိုက်ခိုက်မှုများ ကို အစဉ်လိုက်ထားသည်။ ခိုးမှု ဆိုသည်မှာ သူတစ်ပါးပစ္စည်းအား ခွင့်ပြုချက်မရဘဲ ရယူခြင်းဖြစ်သည်။ လောဘလွန်ကြူးမှု သည် အမြဲတန်းကြုံတွေ့ရသော အဆိုးဆုံး အကျင့်ပျက် ဖြစ်သည်။ လူ့အတွေးတွင် ပေါ့ပေါ့တန်တန် သဘောထားနိုင်သော်လည်း ဘုရားသခင်အမြင်တွင်မူ ဆိုးရွားသောအပြစ်ဖြစ်သည်။ လောကတပ်မက်သူသည် မတရားသောနည်းလမ်းကို အမြဲကြံစည် နေသူ ဖြစ်သည်။ မူးယစ်သောက်စားခြင်း ဆိုသည်မှာ မူးယစ်စေတတ်သော လူ့အသိအာရုံကို ပြောင်းလဲစေတတ်သော အရေ၊ အဖတ်၊ အငွေ့အားလုံး အကြုံးဝင်သည်။ ဆဲရေးတိုင်းထွာခြင်း ဆိုသည်မှာ တစ်ဖက်သား နားခါးသည့် စကားများဖြစ်သည်။ မတရားလုယက်ခြင်း ဆိုသည်မှာ တစ်ဖက်သား၏ ပိုင်ဆိုင်မှုနှင့် လုံခြုံမှုကို ကျူးကျော်စော်ကြားခြင်းဖြစ်သည်။

:၁၁ ကောရိန္သုသားများအား ထိုအပြုအမူများကို ကျူးလွန်နေကြသည်ဟု မစွပ်စွဲပါ။ ကယ်တင်ခြင်း မရသူများ၏ အသက်တာကို သတိပေးခြင်းဖြစ်သည်။ အချို့သောသူများ၏ အကျင့်ကောင်းဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုသူများသည် စင်ကြယ်သော အသက်တာရှိကြပြီ။ သူတို့၏မစင်ကြယ်မှုများကို ခရစ်တော်၏ အသွေးတော်ဖြင့် သန့်စင်ကြပြီ။ ဘုရားသခင် နှုတ်ကပတ်တော်ဖြင့် သန့်စင်ကြပြီ။ လောကီဘုရားများနှင့် ကင်းကွာလျက် ဘုရားသခင် ထံတော်ပါးသို့ ရောက်ရှိကြသောကြောင့် ဖြောင့်မတ်ကြရပြီ။ ယေရှုခရစ်တော်၏ နာမတော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၌ ဖြောင့်မတ်ကြရပြီ။ လက်ဝါးကပ်တိုင်ပြုခဲ့သော ခရစ်တော်၏အမှုကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်ကြသည်။ ထိုအကြောင်းကို Godet က “အတိုင်းအဆမရှိသော ကျေးဇူးတော်ဖြစ်၍ နောက်တဖန်ကားတိုင်တွင် အသေခံရန် အကြောင်းမရှိ” ဟုဆိုသည်။

(ယုံကြည်သူများအကျင့်စာရိတ္တလျော့ရဲခြင်း (:၁၂၂၀)

:၁၂ ဤအခန်း၏ အဆုံးပိုင်းသည် အမှားနှင့်အမှန်ခွဲခြားပိုင်းဖြတ်နိုင်ရန် သွန်သင်ခြင်း ဖြစ်သည်။ ပထမအချက်သည် တရားဓမ္မဆန်လွန်းသဖြင့် လက်တွေ့အကျိုးပြုဖို့ နည်းပါးသည်။ ပေါလုက “အဘယ်အမှုကိုမဆို ပြုနိုင်ခွင့်ရှိသည်” ဟုဆိုသည် အဘယ်ကိုမျှ သခင်အဖြစ်မထားနိုင် ဟု ထပ်ဆိုထားသည်။ တစ်ယောက်နှင့် တစ်ယောက် အကျင့်စာရိတ္တမတူညီခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် ထိုခေတ်ကာလတွင် ဝက်သားကိုမြိန်ယှက်စွာ စားသုံးသူရှိသကဲ့သို့၊ ဝက်သားရှောင် သူများရှိသည်။ ထိုသို့ရှောင်ကြဉ်ခြင်းသည် အကျင့်လက္ခဏာ ဖြစ်သည်။ ဝက်သားရှောင်ခြင်းသည် ဘုရားသခင်အမှုတော်တွင် အရေးပါ အရာရောက်သော ကိစ္စမဟုတ်။ သို့ကြောင့် “အရာမရောက်၊ အကျိုးအမြတ်မရှိသောကိစ္စကို သခင် အဖြစ်မထားနိုင်”ဟု ဆိုခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသို့စားသုံးသူ၊ ရှောင်ကြဉ်သူများကို မဝေဖန်လို။ မသင့်လျှော်သောအရာဟူ၍ ပေါလုအတွက်မရှိ။

ဒုတိယအချက်မှာ အဘယ်အမှုကမှ ငါအားကျွန်မပြုနိုင်ဟူသောစကားဖြစ်သည်။ ယနေ့ခေတ်ကာလာနှင့် ယှဉ်လျှင် ပိုမိုသဘောပေါက်လွယ်ပါသည်။ ဥပမာ ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါးများ၏ ကျေးကျွန်မဖြစ်နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤအချက်များသည် သိသာမြင်သာ အောင် ပုံဥပမာပေးခြင်း ဖြစ်သည်။ အခြားမရှိမဖြစ်၊ စွဲလန်းသောစရာ များစွာရှိပါသည်။ စွဲလန်းခြင်းသည် စွဲလန်းသောအရာ၏ ကျေးကျွန်ခံခြင်းဖြစ်သည်။

:၁၃ တတိယဥပဒေသမှာ ယုံကြည်သူများမကြာခဏကြုံတွေ့ရသောအရာဖြစ်သည်။ ပေါလုက “အစားအစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်းအစား အစာအတွက်ဖြစ်သည်။ သို့သော် ထိုအရာနှစ်ခုစလုံးကို ဘုရားသခင် ဖျက်ဆီးလိမ့်မည်” ဟု ဆိုသည်။ ဝမ်းခေါ်အစာအိမ်က အစားအသောက်များကို လက်ခံချေမွသည်။ ဝမ်းနှင့်အစာ၏ အပေးအယူ သဘောသည် ဘုရားရှင်၏ အံ့သြဖွယ် လက်ရာတော် ဖြစ်သည်။ သို့သော် အစားစားဖို့ အသက်ရှင်ရသည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် အစားအစာသည် တစ်ခဏတာ အတွက်သာဖြစ်သည်။ ယုံကြည်သူများ အသက်တာတွင် ဦးစားပေးစရာမဟုတ်။ ထို့ထက်ကြီးမားသော အရာမရှိဟု မထင်မှတ်ရ။

ဝမ်းနှင့်အစာသည် ဘုရားသခင်၏ အံ့သြဖွယ်လက်ရာ တော်ဖြစ်သကဲ့သို့ အခြားတစ်ခု ရှိသေးသည်။ ခန္ဓာကိုယ်သည် ကာမဂုဏ်လိုက်စားရန် မဟုတ်၊ ဘုရားသခင်၏ အမှုတော်ဆောင်ရန် ခန္ဓာကိုယ်ပေးခြင်း ဖြစ်သည်။ လူ့ကိုယ်ခန္ဓာကိုယ်အား ညစ်ညမ်းဆိုးယုတ်သော အရာများပြုကျင့်ဖို့ ဘုရားသခင်က ရည်ရွယ်ခြင်းမရှိခဲ့။ သခင်ဘုရားဘုန်းတော် ထင်ရှားစေဖို့ အမှုတော်ထမ်းရွက်ဖို့ ဖြစ်သည်။

ဤကျမ်းပိုဒ်တွင် အထူးမှတ်သားစရာများရှိသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် သခင်ဘုရား အတွက်ဖြစ်သည်သာမက ဘုရားသခင်သည်လည်း ကိုယ်ခန္ဓာလိုအပ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကျန်းမျာဖို့၊ ဖွံ့ထွားဖို့၊ ခိုင်မာဖို့ သခင်ဘုရားစိတ်ဝင်စားနေသည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအားအသက်ရှင်သော ပူဇော်သက္ကာယဇ်ကောင် ဖြစ်စေချင်သည် (ရော ၁၂:၁)။ Erdman ကမူ “သခင်ဘုရားမပါရှိလျှင် ခန္ဓာကိုယ်သည် ကျက်သရေမရှိ၊ မင်္ဂလာလည်း နိတ္ထိ” ဟု ဆိုသည်။

:၁၄ ဘုရားသခင်ထံတွင် ကိုယ်ခန္ဓာ လိုအပ်သည်ဟူသော ကျမ်းစကားကို ဤအပိုဒ်တွင် ရှင်းပြထားသည်။ ဘုရားသခင်သည် သခင်ခရစ်တော်အား သေခြင်းမှ ရှင်ပြန်ထမြောက် စေသကဲ့သို့ ယုံကြည်သူများကိုလည်း ပြန်လည်ထမြောက် စေမည်။ ကျွန်ုပ်တို့၏ရုပ်ခန္ဓာကိုယ်အား သေခြင်းတွင် အဆုံးမသတ်စေပါ။ သခင်ယေရှုကဲ့သို့ ပြန်လည် ထမြောက်စေသည့် တိုင်အောင် စိတ်ဝင်စားသည်။ ဝိညာဉ်အဖြစ် ထာဝရနေရမည်မဟုတ်။ ဝိညာဉ်နှင့်စိတ်တို့သည်လည်း ခန္ဓာကိုယ်၌ လာရောက် ပူးပေါင်းမည်။ ထိုသို့ ပူးပေါင်းခြင်းဖြင့် ကောင်းကင်နိုင်ငံတွင် ထာဝရအသက်ရှင်စိုးစံကြရမည်။

:၁၅ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ခရစ်တော်၌ ပါဝင်သောကြောင့် ခန္ဓာကိုယ်မှ သန့်ရှင်း သောအရာများ၊ ညစ်နွမ်းသော အကျင့်စရိုက်များ၊ သန့်ရှင်းစင်ကြယ်ဖို့လိုအပ်သည်။ ယုံကြည်သူတိုင်း သည် ခရစ်တော်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြသည်။ သို့ကြောင့် ခရစ်တော်၏ ကိုယ်ခန္ဓာအား ပြည့်တန်ဆာမ၏ ကိုယ်ခန္ဓာနှင့် မပတ်သက်စေနှင့် ဟု သွန်သင်ထားသည်။

:၁၆ ဆန့်ကျင်ဖက်လိင် နှစ်ဦးအတူတူ ဆက်ဆံခြင်းသည် နှစ်ကိုယ့်တစ်ကိုယ်ပြုခြင်း ဖြစ်သည်။ (က၂:၂၄)တွင် “ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့်ထိုသူတို့သည် တစ်သားတည်း တစ်ကိုယ်တည်း ဖြစ်သွားကြသည်” ဟု ဆိုထားသည်။ ထို့ကြောင့် ပြည့်တန်ဆာနှင့် ဆက်ဆံခြင်းသည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအား ထိုပြည့်တန်ဆာနှင့် ဆက်ဆံစေရာ ရောက်ပါသည်။

:၁၇ လင်မယားနှစ်ဦးသည် လင်မယားနေခြင်းဖြင့် နှစ်ကိုယ့်တစ်ကိုယ်၊ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ကြသကဲ့သို့ ဘုရားသခင်နှင့် ဆက်ဆံသူသည် ဝိညာဉ်တော်၌ တစ်လုံးတဝတည်း ဖြစ်သွားသည်။ ထိုကဲ့သို့နှစ်ကိုယ့်တစ်ကိုယ်၊ နှစ်လွှာ့ တစ်လွှာ ပေါင်းစပ်ခြင်းသည် ခိုင်လုံသော စကား ဖြစ်သည်။ ထို့ကြောင့် သခင်ဘုရားနှင့် ဆက်ဆံသူသည် ဘယ်သောအခါမှ ဝိညာဉ်ရေးရာ ဆူးညောင့်ခလုပ်မတွေ့နိုင်။ ထိုအကြောင်းကို A.T. Pierson က ဤသို့ဆိုသည်။

သိုးထိန်းထံမှ သိုးတစ်ကောင်ထွက်လျှင် ထွက်မည်။ စပျစ်ပင်စည်မှ အခက်များ ဖြတ်လျှင် ဖြတ်မည် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုဖြတ်တောက်လျှင် ဖြတ်တောက်မည်။ သားသမီးကို စွန့်ပစ်ကောင်း စွန့်ပစ်မည်။ လင်မယားကွာရှင်းချင် ကွာရှင်းမည်။ သို့သော် ဝိညာဉ်ဆက်နွယ်မှုကို မည်သူ ဖြတ်တောက်နိုင်မည်နည်း။ အပြင်ပန်းပုံစံဖြင့် ဆက်နွယ်သောအရာများသည် ဖြတ်တောက်ပြတ်စဲနိုင် သော်လည်း ဝိညာဉ်ရေးရာဖြင့် ပေါင်းစပ်ထားခြင်းကိုမူ မည်သည့်အရာကမှ မဖြတ်တောက်နိုင်ပါ။

:၁၈ ကောရိန္သုသားများအား ကာမဂုဏ်လိုက်စားခြင်းကို ရှောင်ကြဉ်ရန် တားမြစ် ထားသည်။ ကာမဂုဏ်သည် လူများစိတ်ဝင်စားစရာ ဖြစ်သည်။ ထို့ကြောင့် အပြောအဆိုမှစ၍ ကာမဂုဏ်အကြောင်း ဆင်ခြင်ကြရန် သတိပေးသည်။ ပေါတီဖာမိဖုရား မြူဆွယ်ခြင်းခံရသော ယောသပ်ကဲ့သို့ (က၃၉)ကာမဂုဏ်နှင့် ကင်းစင်ကြရန်လိုသည်။ အခြားပြစ်မှုများသည် ခံသာ သော်လည်း ကာမဂုဏ်၌မှုပိုမိုချုပ်တည်းသင့်ကြသည်။

အခြားအပြစ်များသည် ကိုယ်ခန္ဓာကိုယ် မထိခိုက်။ ကာမဂုဏ်လိုက်စားခြင်းသည် မိမိ ခန္ဓာကိုယ်အား ပြစ်မှားခြင်းဖြစ်သည်” ဟု ဆက်လက် ရှင်းပြသည်။ အခြားအပြစ်များသည် မိမိခန္ဓာကိုယ်အား တိုက်ရိုက် မထိခိုက်စေပါ။ ဤနေရာတွင်ပေါလုက အခြားအပြစ် ဟုဆိုသောကြောင့် အဓိပ္ပါယ်ဖွင့်ဆိုရခက်သည်။ အပြစ်ဟူသမျှ အလုံးစုံအကြုံးဝင်သည်။ သို့သော်လည်း အဓိကဆိုလို ချက်မှာ ထိုသို့မဟုတ်တန်ရာ။ ကာမဂုဏ်လိုက်စားခြင်း အပြစ်နှင့် နှိုင်းယှဉ်ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မူးယစ်သောက်စားခြင်းနှင့် မူးယစ်ဆေးဝါးမှီဝဲခြင်းသည်လည်း ခန္ဓာကိုယ် ထိခိုက်သည်။ ခန္ဓာကိုယ်အပြင် အကျင့်စာရိတ္တသို့လည်း ကူးစက်ပျက်စီးစေပါသည်။ ထိမ်းမြား လက်ထပ်ခြင်း မပြုသော လိင်ကိစ္စအားလုံးသည် ကာမဂုဏ်လိုက်စားခြင်းတွင် အကြုံးဝင်ပါသည်။

:၁၉ ကောရိန္သု ယုံကြည်သူများသည် သန့်ရှင်းစင်ကြယ်သော အသက်တာ ရှိကြဖို့ ဘုရားသခင် ခေါ်ဆောင်ထားသူများ ဖြစ်သည်။ ခန္ဓာကိုယ်သည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ရာ ဗိမာန်တော် ဖြစ်သည်။ ယုံကြည်သူများ၏ ခန္ဓာကိုယ်တိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော် ကိန်းအောင်းရာဖြစ်သည်။ ထိုသန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ရာဌာနကို အဘယ်သို့ ညစ်ညမ်း ယုတ်နွမ်းစေရမည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းအောင်းရာ ဖြစ်သောကြောင့် မိမိခန္ဓာကိုယ် ကို မိမိမပိုင်ဆိုင်ပါ။ စိတ်ကြိုက်ထင်ရာ လုပ်ပိုင်ခွင့်မရှိပါ။ ဘုရားသခင်က ပိုင်ဆိုင်သည်။

:၂၀  ကျွန်ုပ်တို့သည် ဘုရားသခင်ဖန်ဆင်ထားသည့်အပြင် အပြစ်နွံထဲမှ တဖန်ရွေးကောက် ထားသူများလည်း ဖြစ်သည်။ ကရာနီတောင်ကုန်း ဇာတ်လမ်းကို ပြန်ကြည့်လျှင် ပို၍သိမြင်နိုင်သည်။ ကရာနီကုန်းပေါ်တွင် အဖိုးအခပေး၍ ရွေးဝယ်ထားသူများ ဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ်တွင် အဖိုးအခပေးဆပ်ခဲ့သည် အဖိုးတန်သွေးတော်ဖြင့် ရွေးဝယ်ထားသောကြောင့် သခင်ယေရှု၏ ပိုင်ဆိုင်ရာ ဖြစ်သွားကြသည်။ အဘယ်မျှ ချစ်တော်မူသနည်း။ အလွန်ချစ်ခင် မြတ်နိုးသောကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးသွန်း၊ အသက်ပေးခဲ့သည်။

ယုံကြည်သူများသည် ရွေးဝယ်ထားသူများ ဖြစ်ကြသောကြောင့် မိမိကိုယ်ကို မပိုင်ဆိုင်ကြပါ။ ရွေးဝယ်ထားသူ ခရစ်တော်က ပိုင်ဆိုင်သည်။ သို့ကြောင့် မိမိကိုယ်ခန္ဓာကိုယ်ကို စိတ်ကြိုက် အလိုလိုက် သုံးဆောင်လျှင် သူများပိုင်ပစ္စည်း အလွဲသုံးစားရာ ရောက်ပါသည်။ ခိုးသူ ဖြစ်သွားပါသည်။ သို့ကြောင့် မိမိခန္ဓာကိုယ်သည် ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ရန်သာ ဆက်ကပ်သင့်သည် ထိုအကြောင်းကို Bates က ဤသို့ဆိုသည်။

ဦးခေါင်း၊ ဆူးရစ်သရဖူဆောင်းပေးသည်။ ခြေထောက်နှင့်လက်များ သံမှိုနှက်ခံသည်။ လှံဖြင့် အထိုးခံရသည်။ ဝိညာဉ်တော်ကိန်းဝပ်ရာဗိမာန်တော်ကို ဒဏ်ရာဒက်ချက်များစွာ ဝေဒနာ ခံစားခဲ့သည်။

ထို့ကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ဝိညာဉ်အားဖြင့် ချီးမွမ်းကြစို့။ သတ္တလောက၊ သြကာသ လောကအားလုံးသည် ဘုရားသခင်ပိုင်ဆိုင်ရာဖြစ်ပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။