၁ကော - ၅

မတရားသောမေထုန်၌မှီဝဲသူ
1မတရားသောမေထုန် သာမညမဟုတ်၊ အဘ၏မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။-တရား၊ ၂၂:၃၀။ 2ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည်အကြောင်း၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု၊ မာနထောင်လွှားလျက် နေကြ၏။- 3ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာလျက်ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင် သင်တို့နှင့်အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။- 4စီရင်ချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍၊- 5ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။- 6သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။-ဂလ၊ ၅:၉။ 7သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏။-ထွ၊ ၁၂:၅။ 8ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။-ထွ၊ ၁၃:၇။ တရား၊ ၁၆:၃။ 9သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသောသူတို့နှင့် မပေါင်းဖော်မည်အကြောင်း၊ အထက်ဩဝါဒစာ၌ ငါရေးထားခဲ့ပြီ။- 10ထိုသို့ရေးထားသော်၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့နှင့် အလျှင်းမပေါင်းဖော်ရဟု မဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည် လောကီမှ ထွက်သွားရကြမည်။- 11ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သောသူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။- 12ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။- 13ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ နှင်ထုတ်ကြလော့။

၁ကော - ၅ (အနက်ဖွင့်)

(ယုံကြည်သူများအကျင့်စာရိတ္တပျက်ပြားမှု(အခန်း၅)

အခန်း(၅)တွင် ပေါ်လွင်ထင်ရှားစွာ အပြစ်ကျူးလွန်သူအား စည်းကမ်း ကလနားအရ ထိရောက်စွာ အရေးယူပုံ သွန်သင်ထားသည်။ စည်ကမ်းသည် ဒေသန္တရအသင်းတော်တွင် မရှိမဖြစ်လို အပ်ချက် ဖြစ်သည်။ ပတ်ဝန်းကျင် အမြင်တွင်လည်း စင်ကြယ်ရသည်။ သို့မှသာလျှင် ထိုသူများ အလယ်တွင် သန့်ရှင်းသော ဝိညာဉ်တော် စိုးစံလှုပ်ရှားနိုင်သည်။

:  ကောရိန္သု အသင်းတော်ထဲတွင် ကျော်မကောင်း၊ ကြားမကောင်း ကာမညစ်ညမ်းမှု ရှိနေသည်။ မယုံကြည်သူများပင်လျှင် မပြုလုပ်သော အစွန်းရောက်ကာမညစ်ညမ်းမှုဖြစ်သည်။ မိထွေး နှင့်ဖောက်ပြန်ကြသည်။ ဖခင်သည် တစ်ပင်လဲလျှင် တစ်ပင်ထူခွင့်ရှိပါသည်။ နောက်အိမ်ထောင် သည်မယုံကြည်သူ ဖြစ်ချင်လည်း ဖြစ်မည်။ သို့ကြောင့် အသင်းတော်က ထိုအမျိုးသမီးအား အရေးယူပိုင်ခွင့် မရှိပါ။

: ထိုသူမျိုးကို အသင်းတော်က မည်သို့အရေးယူဆောင်ရွက်ရမည်နည်။ ဝမ်းနည်းပူးဆွေး ရမည့်အစား ဂုဏ်ယူမော်ကြွားကြသည်။ ဝိညာဉ်ဆုလက်ဆောင် ကြွယ်ဝသူများဖြစ်သောကြောင့် ထိုပြစ်မျိုးကိုလည်း သည်းခံခွင့်လွတ်ခြင်း ဖြစ်ချင်ဖြစ်မည်။ ဝိညာဉ်ဆုကျေးဇူးကိုသာ ဦးစားပေးသူများ ဖြစ်သောကြောင့် အပြစ်ကို စိတ်မဝင်စား၊ ဘေးမဲ့လွှတ်ခြင်းလည်း ဖြစ်နိုင်သည်။ စင်ကြယ်ခြင်းကို ဦးစားပေးကြသောကြောင့် အပြစ်ကို ဉပေက္ခာပြုခြင်းလည်း ဖြစ်နိုင်သည်။

ထိုသို့ပြသောသူကို သင်တို့အထဲမှ နှင်ထုတ်ရမည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Erdman က ဤသို့ ဆိုထားသည်။

ဘုရားသခင်၏ကောင်းကြီးမင်္ဂလာ ကြွယ်ဝသော အသင်းတော်သည် ဝိညာဉ်ဆုကျေးဇူးများ ခံစားခြင်း အပေါ်တွင်မတည်ပါ။ အကျင့်သိက္ခာဖြူစင်ခြင်းနှင့် အသင်းသားများ၏ အသက်တာတွင် တည်ပါသည်။၁၁

: တမန်တော်ပေါလုက သင်တို့နှင့်အတူတူ မနေရသော်လည်း အသင်းတော်နှင့် နေရသကဲ့သို့ စိတ်ခံစားသည် ထိုသို့ဆိုးညစ်မှုများအတွက် ပူဆွေးဝမ်းနည်းသည်ဟု ရေးသားသည်။

: ထိုသို့ အကျင့်ယုတ်သူများကို အသင်းတော်က အရေးယူအပြစ်ပေးစေချင်သည်။ ပေါလုသည် အသင်းတော်နှင့် အတူတကွ မနေရသော်လည်း ယေရှုခရစ်တော်၏ နာမတော်မြတ်၌ ဝိညာဉ်အသိဖြင့် အတူရှိသည်။ ထိုသို့သောအမှုများကို အရေးယူရန် ယေရှုက အသင်းတော်နှင့် တမန်တော်များအား အခွင့်အာဏာ အပ်နှင်းထားပါသည်။ ထို့ကြောင့် ပေါလုက ယေရှု၏တန်ခိုး အာဏာဖြင့် အရေးယူရန်ဟုစာရေးခြင်းဖြစ်သည်။

: ထိုသူအား အရေးယူရန် နည်းလမ်းမှာ သခင်ဘုရားနေ့၌ သူ့ဝိညာဉ်အား ကယ်တင်ခြင်း ရရှိနိုင်ရန် ရုပ်ခန္ဓာကိုယ်အား စာတန်လက်ထဲသို့ အပ်နှံခြင်း ဖြစ်သည်။ ကျမ်းစာပညာရှင်များက ဤကျမ်းစကားကို သဘောမတူကြ၊ ဘဝင်မကျကြပါ။ အချို့ကအသင်းတော်မှပထုတ်ရန်ဆိုလိုခြင်း ဖြစ်သည်ဟုဆိုသည်။ အသင်းတော် ပြင်ပဆိုသည်မှာ စာတန်နယ်မြေဖြစ်သည် (၁ယော၅:၁၉)ဟု ခံယူကြသည်။ ထို့ကြောင့် စာတန်လက်ထဲသို့ အပ်နှံခြင်းဖြစ်သည်ဟု ဆိုကြသည်။ အချို့က စာတန်လက်ထဲသို့ အပ်နှင်းခြင်း အမိန့်အာဏာသည် တမန်တော်များကိုသာ အပ်နှင်းထားခြင်း ဖြစ်သည်။ ယနေ့ခေတ်ကာလနှင့် မဆိုင်ဟု ဆိုကြသည်။

တဖန်သူ၏ ကိုယ်အားပျက်စီးဘို့ရာ ဆိုသောကျမ်းစကားကို အငြင်းပွားကြပြန်သည်။ လူများစုကမူ ဘုရားသခင်နှင့် အဆက်အသွယ်ဖြတ်တောက်ပြီး တဏှာလောဘ ဇာတိလောကသို့ တွန်းပို့ခြင်းဖြစ်သည်ဟု ခံယူကြသည်။ အချို့ကမူ နောင်တမရမချင်း တဖြည်းဖြည်း လုံးပါးပါး၍ သေစေခြင်းဖြစ်သည်ဟုဆိုကြသည်။

ယုံကြည်သူများသည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း၌ ခိုင်မာသထက်နိုင်မာရပါမည်။ အဆက်အသွယ်ပြတ်တောက်ခြင်း ဆိုသည်မှာ အလိုလိုပြတ်သွားသည် မဟုတ်ပါ။ အစဉ်သဖြင့် ပြတ်တောက်ဖို့လမ်းစ ရောက်နေကြသူများ ဖြစ်သည်။ နောက်ဆုံးရည်ရွယ်ချက်မှာ သခင်ဘုရားနေ့၌ သူ့ဝိညာဉ်အား ကယ်တင်ခြင်းရရှိရန် ဖြစ်သည်။ တစ်နည်းပြောရလျှင် ထာဝရမပျက်စီးစေလိုခြင်း ဖြစ်သည်။ အပြစ်ကျူးလွန်သောကြောင့် အသက်တာအား ဒဏ်ခတ်ခြင်း ဖြစ်သည်။ သို့သော်လည်း သခင်ဘုရားနေ့၌မူ ကယ်တင်ခြင်းရရှိစေချင်သည်။

: ကောရိန္သုသားများ၏ မော်ကြွားထောင်လွှားခြင်းကို ရှုတ်ချထားသည်။ သူ့တို့ကိုယ် သူတို့မှာမူ ခွင့်လွှတ်ကြဟန်တူသည်။ အနည်းငယ်သောတဆေးသည် မုန့်တစ်ခုလုံးကို  ဖောင်းကြွစေနိုင်ကြောင်း သိကြပါသည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားနိုင်သည် ကိုလည်း သိကြသည်။ ဤနေရာတွင် တဆေး ဆိုသည်မှာ အကျင့်စာရိတ္တ ပျက်ပြားခြင်း ဖြစ်သည်။ ထိုအနည်းအကျဉ်းကို သည်းခံခွင့်လွှတ်ပါက အသင်းတော်တစ်ခုလုံးသို့ ကူးစက်ပျံ့နှံ့သွားနိုင်သည်။ သို့ကြောင့် အသင်းတော်တွင် အလိုတော်နှင့်ညီသော စည်းကမ်းကလနားရှိဖို့ လိုအပ်သည်။

:  တဆေးဟောင်းကို ဖယ်ရှားခြင်းဆိုသည်မှာ အကျင့်ဆိုးများကို ပယ်ဖျက်ပြီး အသက်တာသစ်ကျင့်ကြံရန်ဖြစ်သည်။ တဆေးမပါသောမုန့် ညက်သစ် ဟုဆိုသည်။ ခရစ်တော်ထဲ၌ သန့်ရှင်းစင်ကြယ်သော၊ ဖြောင့်မတ်သောအသက်တာရှိစေချင်သည်။ လက်ရှိကောရိန္တုများ၏ အခြေအနေသည် တဆေးဟောင်း ရောနေသည်။ သို့ကြောင့် တဆေးမပါသော မုန့်ညက်အသစ် စက်စက်ဖြစ်စေချင်သည်။

ပဿခါသိုးတည်းဟူသော ခရစ်တော်အားယဇ်ပူဇော်ပြီးဖြစ်သည်။ ဆိုသည်မှာ ပဿခါပွဲ ပထမနေ့ညနေမှာ တဆေးမပါသော မုန့်ညက်ကို မိမိတို့အိမ်သို့ဆောင်ယူသွားသည်ဓလေ့ကို ရည်ညွှန်းပုံနှိုင်းခြင်းဖြစ်သည်။ ပသခသိုးဆိုသည်မှာ ယေရှုခရစ်တော်၊ ကားတိုင်ပေါ်၌ အသေခံခြင်းကို ဆိုလိုသည်။ ဓမ္မသစ်ကျမ်းတွင်မှ သိုးသငယ်များအနက် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းပုံရိပ်များ အမှန်တကယ်ဖြစ်မြှောက်လာခြင်းဖြစ်သည်။ သိုးသငယ် ယစ်ပူဇော်ခြင်း ဆိုသည်မှာ ယေရှုခရစ်တော်အသေခံခြင်းဖြစ်သည်။

: သမ္မာတရားတည်းဟူသော တဆေးမုန့် မုန့်ပွဲဆိုသည်မှာ ပွဲတော်မင်္ဂလာကိုဆိုလိုခြင်း မဟုတ်။ ယုံကြည်သူများ၏ အသက်တာတစ်ခုလုံးကို ခြုံငုံ၍ ခေါ်ဆိုခြင်းဖြစ်သည်။ ပွဲတော်ဝင်ရောက်ကျင်းပရာတွင် တဆေးဟောင်းတည်းဟူသော အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်များပါဝင်ရသည် မဟုတ်။ ယေရှုခရစ်တော်၌ ပါဝင်သူများဖြစ်သောကြောင့် မကောင်းသော အကြံ၊ ဆိုးညစ်သောအကျင့်စရိုက်များ မရှိရပါ။ တဆေးဟုဆိုရာတွင် မုန့်ဖုတ်ရာတွင် ထည့်သုံးရသော တဆေးကို ဆိုလိုသည်မဟုတ်။ ဝိညာဉ်ရေးရာတစ်ခုလုံးကို ပျံ့နှံ့နိုင်သော လူ့အကျင့် စရိုက်လက္ခဏာများကိုဆိုလိုသည်။ သမ္မာတရားတည်းဟူသော တဆေးမဲ့မုန့်နှင့်ဖြောင့်မတ် တည်ကြည်ခြင်းဖြင့် အသက်တာရှင်သန်ရပါမည်။

: ဤကျမ်းပိုဒ်တွင် ယခင်ကစာထဲ၌ ညစ်ညမ်းသော လိင်ကိစ္စ မညစ်နွမ်းကြရန် မှာထားသည်ဟုဆိုသည်။ ပေါလုရေးသမျှအားလုံးသည် ဝိညာဉ်တော်မှုတ်သွင်းခြင်းမဟုတ်ပါ။ ကျမ်းစာတွင် ပါရှိသင့်သည်ဟုဖွင့်ပြသောကြောင့် ပေါလုရေးသာခြင်းဖြစ်သည်။

:၁၀ ကိလေသာညစ်နွမ်းသောသူများ ကြဉ်ရှောင်ရန်တားမြစ်ခြင်းမဟုတ်ပါ။ ထိုကျင့်ဆိုး ရှိသောလောကသားများ ကြဉ်ရှောင်လျှင် တခြားတကမ္ဘာတွင် သီးသန့်နေမှ ဖြစ်မည်။ ထိုသို့မဖြစ်နိုင် သောကြောင့် ဝေးဝေးနေရန် သတိပေးခြင်းဖြစ်သည်။ ယုံကြည်သူများသည် ဤလူ့လောက အလယ်တွင်  ရှိနေသူများဖြစ်သောကြောင့် လောကသားများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ပေါင်းအသင်းရွေးချယ်တတ်ရန်နှင့် ဘုရားမဲ့တရားမဲ့သမားများကို ခပ်လှမ်းလှမ်းမှပေါင်းသင်းရန် သတိပေးပါသည်။ အပြစ်သားများနှင့် မပေါင်းသင်းချင်လျှင် ဤကမ္ဘာမြေမှ ထွက်ခွာသွားဖို့ရန်သာ ရှိသည်။

သို့ကြောင့် ကိလေသာညစ်နွမ်းကြသော အကျင့်ယုတ်၊ စရိုက်ဆိုးများနှင့် လုံးဝဖယ်ကြဉ်ရန် မတိုက်တွန်းပါ။ လောဘကြီးသူ များဆိုသည်မှာ စီးပွားရေးလုပ်ငန်းတွင် မရိုးသားသူများ၊ ငွေရေးကြေးရေးတွင် စိတ်မချရသူများဖြစ်သည်။ အစိုးရထံသို့ အခွန်အကောက်မှန်မှန်မပေးသူများ လည်း ပါဝင်သည်။။ အကြမ်းဖက်သမားများ ဆိုသည်မှာ တရားသဖြင့်မဟုတ်ဘဲ ဝင်ငွေရရှိချမ်းသာ သူများ၊ သူများကို ဒုက္ခပေး၍၎င်း၊ အသက်အန္တရာယ်ပေး၍၎င်း ငွေရှာသူများဖြစ်သည်။ ရုပ်တုကိုးကွယ်သူ များဆိုသည်မှာ ဘုရားသခင်ထက် တစ်ခုခုအား ဦးစားပေး အာရုံစူးစိုက်ခြင်း ဖြစ်သည်။ ထိုအရာတွင် အာရုံစူးစိုက်ခြင်းသည် ထိုအရာကို ရုပ်တုအဖြစ် ကိုးကွယ်ခြင်းဖြစ်သည်။

:၁၁ ယုံကြည်သူညီအစ်ကိုဟုဆိုပါလျက် ကာမလွန်ကျူးညစ်ညူးသူ၊ လောဘကြီးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာတတ်သူ၊ မူးယစ်သောက်စားသူ၊ အနိုင်အထက်လုယက်သူများကို မပေါင်းဖော်ရဟုထပ်လောင်း သတိပေးထာသည်။

အပေါင်းအသင်းဆက်ဆံရာတွင် ဘုရားတရားမသိသူများနှင့် မဆက်ဆံမဖြစ် ဆက်ဆံ ရသည့်အခါအခွင့်မကြာခဏကြုံတွေ့ရသည်။ စစ်မှန်သော ယုံကြည်သူမဟုတ်သည့််တိုင်အောင်၊ ယုံကြည်သူဖြစ်နေလျှင်မူ အန္တရာယ်မကြီးမားလှပါ။ သို့သော် မိမိက ပုံသက်သေကောင်း ပြသ နိုင်ရမည်။

အပိုဒ်ငယ်(၁၀)ပါအကျင့်စရိုက်ဆိုးများထဲမှ ဆဲရေးတိုင်းထွာခြင်းနှင့်မူးယစ်သောက်စားခြင်း ကို အပိုဒ်ငယ်(၁၁)တွင် ထပ်မံရှင်းပြထားသည်။ ဆဲရေးတိုင်းထွာခြင်းဆိုရာတွင် ဒေါသထွက်၍ ကြမ်းတမ်းစွာပြောဆိုခြင်းလည်းပါဝင်သည်။ အသင်းတော်နှင့်ကင်းကွာလျှင် စကားမိုက်ရိုင်း ကြမ်းတမ်းသည်ဟု ဆိုနိုင်ပါသလား။ ထိုသို့မထင်ပါ။ လူ၏ပင်ကိုယ်စရိုက်ဖြစ်သည်။ တနည်းအားဖြင့် အခြားသူများကို ဆဲဆိုခြင်း၊ ညစ်ညမ်းစွာပြောခြင်း၊ နားမခံသာအောင်ပြောဆိုခြင်း၊ ဖရုဿဝါစာ စကားများကို တားမြစ်သည်။ စကားပြောဆိုရာတွင် ဆင်ခြင်ရသည်။ Dr. Ironside က “လူအများသည် စကားပြောဆိုရာတွင် လွှတ်ကနဲ၊ လွှတ်ကနဲပြောတတ်ကြသည်။ အချို့ကမူ စက်သေနတ်ပစ်သကဲ့သို့     ဒလစပ်ပြောတတ်ကြသည်။ အချို့က ခရားအိုးငှဲ့သည့်ပမာမရပ်မနား ပြောကြသည်”ဟုဆိုသည်။

မူးယစ်သောက်စားခြင်း ဆိုသည်မှာ အရက်ပျော့ဘီယာသောက်ခြင်းလည်း ပါဝင်သည်။

ပေါလုက မူးယစ်သောက်စားနေလျှင် ခရစ်ယာန်အသက်တာမမည်သေးဟုဆိုသည်။ ထိုစကားသည် ဤကျမ်းပိုဒ်၏သော့ချက်ဖြစ်သည်။ ထိုသူများနှင့် ပွဲတော်မင်္ဂလာအတူတူဝင်ဖို့ မသင့်ပါ။ အတူတကွ စားသောက်ဖို့မသတီပါ။ ချို့ယွင်းချက်ရှိသည်မှာ မိမိခင်ပွန်းသည်မူးယစ် သောက်စားသူဖြစ်လျှင် မေတ္တာပြု၍ ဆက်ဆံရမည်။ ယေဘူယျအားဖြင့်ဆိုလျှင် ထိုခရစ်ယာန်အတု အယောင်များအား နောင်တရအောင်တွန်းပို့သွန်သင်သင့်သည်။ လူသိရှင်ကြားအပြစ်သားများနှင့် အတူတကွ ဖက်လှဲတကင်းစားသောက်ခြင်းကို ရှုတ်ချသည် ထိုသူများသည် တပည့်တော်အဖြစ် မသတ်မှတ်နိုင်။ ဤကျမ်းပိုဒ်၏သွန်သင်ချက်မှာ အပြစ်ဒုစရိုက်သမားများနှင့် ဖက်လှဲတကင်း မဆက်ဆံဖြစ်သည်။

:၁၂ မယုံကြည်သူများကို ဝေဖန်စီရင်ခြင်းမပြုရ။ ထိုသူများကို ဘုရားရှင်ကိုယ်တိုင် သခင်ဘုရားနေ့ရက်၌ တရားစီရင်ရမည်။ ယုံကြည်သူများ စီရင်ရန်မှာ အသင်းတော်ထဲရှိ ညစ်ညမ်းမှု များသာဖြစ်သည်။ ထိုသို့စီရင်နိုင်ရန် ဒေသန္တရအသင်းတော်သည် စည်းမျဉ်းစည်းကမ်းထားရှိသည်။ မယုံကြည်သူများကို ဝေဖန်စစ်ကြောခြင်းမပြုလျှင် သင့်ကိုလည်း စီရင်မည်မဟုတ်ဟု ဆိုသည်မှာ သူ၏ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အခြားသူများကို ဝေဖန်စစ်ကြောစရာမလိုပါ။ အဘယ်ကြောင့်ဆိုသော် ဝေဖန်စစ်ကြောခြင်းကို ပြည့်စုံသူမှသာ စစ်ကြောနိုင်သည်။ ကျွန်ုပ်တို့သည် ပြည့်စုံဖြောင့်မတ်သူများဟု မဆိုနိုင်ပါ။ သို့သော်လည်းအသင်းတော်ရှိ ညီအစ်ကိုများကိုမူ ဖြောင့်မတ်စင်ကြယ်ခြင်း၌ ခိုင်မာလာစေရန် မေတ္တာထား၍ ပဲ့ပြင်သွန်သင်နိုင်သည်။

:၁၃ အပြင်လူများကိုဘုရားသခင်စီရင်မည်ဟုဆိုသည်။ အပြင်လူဆိုသည်မှာ ကယ်တင်ခြင်း မရရှိသူများဖြစ်သည်။ ထိုကာလတွင် ကောရိန္သုအသင်းတော်မှ ဆိုးညစ်သူများကို အသင်းတော်မှ မောင်းထုတ်ခိုင်းထားပါသည်။ အသင်းတော်က ကျေညာမောင်းထုတ်သူဖြစ်သဖြင့် ထိုသူသည် အသင်းတော်၌ မပါဝင်ရတော့ပါ။ ထိုသို့ပထုတ်ခြင်းသည် ကြေကွဲဝမ်းနည်း၍ အောက်ကျို့ခြင်းရှိရန် ဖြစ်သည်။ နောင်တရ၍ အပြစ်ဝန်ချဆုတောင်းခြင်းဖြင့် ဝိညာဉ်ခွန်အား ပြန်လည်ရယူနိုင်ရန် ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။