၁ကော - ၄

တမန်တော်များ၏အမှုတော်
1ခရစ်တော်၏ အစေအပါ ကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့လည်းကောင်း၊ သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။- 2ထိုမှတစ်ပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။- 3သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။- 4အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။- 5ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့။
6ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍ သူတစ်ပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည်စေခြင်းငှာလည်းကောင်း၊ မာနစိတ်ထောင်လွှားသည်နှင့် တစ်ယောက်ကိုမှီဝဲ၍ တစ်ယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှာလည်းကောင်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏အကျိုးကိုထောက်၍ ငါနှင့် အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။- 7ထိုမှတစ်ပါး၊ အဘယ်သူသည် သင့်ကို ထူးခြားစေသနည်း။ သူတစ်ပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။- 8ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသောအခွင့် ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှာ အလိုရှိ၏။- 9သတ်ဖို့ရာထားသောသူကဲ့သို့ အခြားသောသူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။- 10ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသောသူဖြစ်၍၊- 11ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်နွမ်းပါးခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊- 12ကိုယ်လက်နှင့် ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။-တ၊ ၁၈:၃။ 13အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အကြေးကဲ့သို့လည်းကောင်း၊ အရပ်ရပ်ထဲက လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။
14သင်တို့သည် ရှက်စေခြင်းငှာ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့မှတ်၍ သတိပေး၏။- 15သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတစ်သောင်းရှိငြားသော်လည်း၊ အဘအများ မရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ပွားစေပြီ။- 16သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန်၏။-၁ကော၊ ၁၁:၁။ ဖိ၊ ၃:၁၇။ 17ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါစေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှာ သူသည် ပြသတိုက်တွန်းလိမ့်မည်။- 18ငါသည် သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။- 19သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိလျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာနထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။- 20အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။- 21သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်လည်းကောင်း၊ လာရမည်လော။

၁ကော - ၄ (အနက်ဖွင့်)

: ပေါလုအပါအဝင် အခြားတမန်တော်များကိုလည်း ခရစ်တော်၏အစေခံ၊ ဘုရားသခင် ၏နက်နဲသော အစေခံများအဖြစ် မှတ်ယူစေချင်သည်။ အစေခံ ဆိုသည်မှာတစုံတရာ၏ ဝေယျာဝစ္စဗဟီရ လုပ်ဆောင်သူ ဖြစ်သည်။ ဘုရားသခင်၏နက်နဲသောအမှုတော် ဆိုသည်မှာ  ရှေးယခင်က သိမ်းဝှက်ထားသောအမှုအရာများကို ဓမ္မသစ်ကျမ်းတွင် ထုတ်ဖော်ခြင်းဖြစ်သည်။

: အမှုတော်ထမ်းဆောင်ရန် မရှိမဖြစ် လိုအပ်သောအချက်မှာ သစ္စာစောင့်သိခြင်း ဖြစ်သည်။ လူ့စံချိန်စံညွှန်းသည် လိမ္မာပါးနပ်မှု၊ ဉာဏ်ပညာထက်မြက်မှု၊ ချမ်းသာမှု၊ အောင်မြင်ကျော်ကြားမှု တို့တွင် အခြေခံသည်။ ဘုရားသခင်ကမူ ယေရှုခရစ်တော်အပေါ် သစ္စာရှိခြင်း ပေတံဖြင့် တိုင်းတာသည်။

: လူအရည်အချင်းတွင် သစ္စာစောင့်သိခြင်း သည်ခက်ခဲသည်။ လူ့စံချိန်စံညွှန်းဖြင့် တိုင်းတာလျှင် အမှုမထားဟုပေါလုက ဝန်ခံသည်။ သူ့ကိုယ်သူလည်း တစ်ခါမှ မတိုင်းတာကြည့်ဖူးပါ ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည် သာမန်လူသားမိဘနှစ်ပါးမှ ပေါက်ဖွား လာသူ ဖြစ်သည်။ မှားနိုင်သူဖြစ်သည်။

:  ပေါလုက ငါ၏သြတ္တပ္ပစိတ်သည်ကြည်လင်လျက်ရှိ၏ ဟုဆိုသည်။ ထိုစကားသည် အမှုတော် ထမ်းဆောင်ရာတွင် သဘောရိုးဖြင့် ထမ်းဆောင်ခြင်းဖြစ်သည်။ သစ္စာရှိစွာထမ်းဆောင် သည်ဟုဆိုလိုသည်။ သို့သော် အပြစ်တစုံတရာ မကျူးလွန်ဟု ကြွေးကြော်ခြင်းမဟုတ်။ ဤကျမ်းပိုဒ်၏ အနှစ်သာရသည် အမှုတော် ထမ်းဆောင်ရာတွင် အသေးအဖွဲမှစ၍ သစ္စာရှိဖို့သွန်သင်ခြင်းဖြစ်သည်။ အကယ်၍ လုပ်မှားကိုင်မှားရှိလျှင်လည်း မတော်တဆ လုပ်သွားမိခြင်းသာဖြစ်သည်။ ဤသစ္စာစကား နှင့်မဆိုင်ဟု ဆိုသည်။ မှားသည်မှန်သည်ကို မိမိကိုယ်ကို မစစ်ကြောစေလိုပါ။ သခင်ဘုရား ဆုံးဖြတ်ပါလိမ့်မည်။

: ခရစ်ယာန် အသက်တာတွင် အထူးဂရုစိုက်ရမည့် ကျမ်းပိုဒ်ဖြစ်သည်။ သူတစ်ပါးကို ပြစ်တင်ခြင်း၊ ဝေဖန်ခြင်း၊ စောကြောခြင်း မပြုသင့်ပါ။ အကောင်းဆုံးနည်းလမ်းမှာ ဘုရားသခင်၏ အပြစ်စီရင်ခြင်းနေ့ရက်အား စောင့်ဆိုင်းခြင်းဖြစ်သည်။ လူ့အမြင်သည် သာမန်အပေါ်ယံကြောသာဖြစ်၍၊ အတွင်းသရုပ်ထိအောင် အကုန်အစင်သိမြင်သူမှာ ဘုရားသခင်သာ ဖြစ်သည်။ ဘုရားရှင်စီရင်ခြင်းသည် တရားမျှတသည်။ ပြီးစီးခဲ့သော အမှုအရာသာမက၊ ထိုသို့ပြုရသည့် အကြောင်းကိုလည်း ဘုရားသခင် သိမြင်သည်။ လူ့နှလုံးသာ အကြံအစည်များကိုလည်း စစ်ကြောစီရင်သူဖြစ်သည်။

ထိုနေ့ရက်သည် မိမိလုပ်ဆာင်သမျှကို ထိန်ဝှက်ဘက်လိုက်ခြင်းမရှိဘဲ၊ အကုန်အစင်ပြန်လည် တွေ့မြင်ရမည့် နေ့ရက်ဖြစ်သည်။ ဆိုလိုသည်မှာ လူများ၏ ချီးမွမ်းခြင်းများမဟုတ်ဘဲ ဘုရားသခင်၏ ချီးမွမ်းခြင်း ခံစားရမည့်အကြောင်း ဖြစ်သည်။

: လာမည့်အခန်းငယ် (၈)ပိုဒ်တွင် ကောရိန္သုအသင်းတော်၏ ဦးဆောင်မှုသည် လူ့ဦးဆောင်မှုဖြစ်သည်။ (၃:၅-၄:၅)ဟု ဆိုသည်။ အာပေါလုနှင့်  ပေါလုကိုယ်တိုင်ကို ပုံဥပမာ ပေးထားသည်။ ကောရိန္သု ယုံကြည်သူများသည် ထိုသူနှစ်ဦးကိုသာ ဆည်းကပ်သည်မဟုတ်။ အခြား သာသနာပြုဆရာများကလည်း ဝိုင်းဝိုင်းလည်နေကြသည်။ ထို့ကြောင့် တရားစစ်၊ တရားမှန်ခွဲခြား နားလည်ရန် လူ့စည်း၊  ဘီလူးစည်း သိတတ်ကြရန် တိုက်တွန်းသည်။ သန့်ရှင်းသူတိုင်းအား သမ္မာကျမ်းစာအတိုင်း အသက်တာရင့်ကျက်စေလိုသည်။

: အကယ်၍ ဒေသနာဆရာ တစ်ဦးသည် ဝိညာဉ်ဆုကျေးဇူးတစ်ခုထက် ပိုမိုရရှိလျှင်လည်း ဘုရားသခင်ပေးသနားရာ ဖြစ်သည်။ အရာခပ်သိမ်းအား ပိုင်ဆိုင်ဖို့ပေးထားပါသည်။ သို့ကြောင့် ဝါကြွား ထောင်လွှားစရာ အကြောင်းမရှိ။ ရရှိထားသော ပါရမီဆုလက်ဆောင်များသည်လည်း မိမိလိမ္မာပါးနပ်မှုကြောင့် ရရှိခြင်းမဟုတ်။

: ကောရိန္သုသားများသည် ပြည့်စုံကြွယ်ဝသူများ ဖြစ်သည်။ ကုံလုံချမ်းသာသူများ ဖြစ်သည်။ ဝိညာဉ်ဆုလက်ဆောင်များလည်း အသပြာ၊ အသပြာရရှိသူများဖြစ်သည်။ ဇိမ်နှင့် ပိမ်နှင့် စည်းစိမ်ခံစားကြသူများ ဖြစ်သည်။  လိုလေသေးမရှိ လိုတရကြသည်။ သို့သော်ထိုသူများထဲတွင် တမန်တော်များ မပါရှိပါ။ တမန်တော်ပေါလုက ထိုသူများနှင့် အတူစိုးစံချင်သည်။ စင်စစ် ထိုကာလ သည် စမ်းသက်ကာလဖြစ်သည်။  ဆရာတစ်ဦးကမူ ကောရိန္သုသားများနှင့် ပေါလု၏အသက်တာ ပေါင်းစပ်လျှင်  ခရစ်တော်ဘုရား၏ အနှစ်တစ်ထောင် အုပ်စိုးခြင်းနှင့် တူနိုင်သည်ဟု တင်စားပြောဆို ဖူးသည်။ ထိုအကြောင်းကို H.P Barker က ဤသို့ဆိုသည်။

ကောရိန္သုယုံကြည်သူအချို့၏ အပြုအမူသည် ဘုရားသခင်ကို ပွင့်လင်းစွာသစ္စာဖောက်ခြင်း ဖြစ်သည်။ တမန်တော်များကိုယ်တိုင် ခရစ်တော်ထံသို့ ပို့ဆောင်ရသည်။ ကောရိသန္သုယုံကြည်သူ များသည် ကြွယ်ဝချမ်းသာ၍ ဂုဏ်အသရေမြင့်မားသူများဖြစ်သည်။ သခင် ဆင်းရဲဒုက္ခရောက်သည့် အချိန်အား အချိန်ကောင်းအဖြစ် မျှော်လင့်ရသူများဖြစ်သည်။

ဘုရားသခင်၏ဓမ္မသရဖူများ မဆောင်းခင်ကတည်းက မိမိအစီအစဉ်ဖြင့် ဘိသိက်မင်္ဂလာ ပေး၍ သရဖူများဆင်မြန်းကြသည်။ သခင်ယေရှုခရစ်တော် ငြင်းပယ်ခြင်း ခံရ၍ ဆင်းရဲဒုက္ခခံရ သော်လည်း ကောရိန္သုသားများသည် မင်းခမ်းမင်းနားဖြင့် စိုးစံကြသည်။

: ကောရိန္သုသားများ၏ ပြုမူနေထိုင်ပုံစရိုက်တွင် တမန်တော်များသည် အောက်ဆုံးအလွှာ လူတန်းစားများဖြစ်သည်။ ကောင်းကင်တမန်များသည် လူများအား ဝါစဉ်ခေါ်ရလျှင်  တမန်တော် များသည် တောရိုင်းတိရစ္ဆာန်အဆင့်တွင် ရှိနေကြညသည်။ Godet ကမူ “အသင်းတော် ခယောင်း တောထဲရောက်၍ တမန်တော်များ ဓါးမိုးခြင်းခံရချိန်တွင် ကောရိန္သုသားများသည် မော်ကြွား ထောင်လွှားရန်အချိန်မလုံလောက်ကြ” ဟုဆိုသည်။

:၁၀ တမန်တော်များ ခရစ်တော်၏ လူမိုက်ဖြစ်ကြသည့်အချိန်တွင် ကောရိန္သုများသည် ပူပန်သောကမရှိကြ။ တမန်တော်များနှင့် ကောရိန္သုယုံကြည်သူများသည် အရှေ့နှင့် အနောက်ပမာ ဖြစ်ကြသည်။

:၁၁ တမန်တော်များ၏ အောင်မြင်ခြင်းအရိပ်အယောင် အရောင်ခြည်မပေါ်သေး။ ခေါင်းပါးငတ်မွတ်လျက် ညှဉ်းပန်းနှိပ်စက်ခြင်း ညဉ့်နက်ယံရောက်နေသည်။ ခြေသလုံးအိမ်တိုင်ဖြင့် ပြေးလွှားနေကြရသည်။

:၁၃ ပင်ပန်းကြီးစွာ  လက်လုပ်လက်စား လုပ်ကြသည်။ သူများက ကျိန်ဆဲလျှင် ကောင်းကြီး ပေးခြင်းဖြင့် တုန့်ပြန်ကြသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရသော်လည်း ရင်တုန့်မပြန့်။ စိတ်ရှည်စွာ ဖြင့် သည်းခံခွင့်လွှတ်သည်။

:၁၃ လူအများက စော်ကားမော်ကားပြုသောအခါ ယေရှုခရစ်တော်၏ နာမတော်မြတ်၌ မေတ္တာပို့ကြသည်။ ခပ်ရှင်းရှင်းပြောရလျှင် လောကသားများက အမှိုက်ဟုသတ်မှတ်ကြသော်လည်း နာမတော်ကို ထောက်ရှု၍ သည်းခံခွင့်လွှတ်ကြသည်။ ယနေ့ခေတ်ကာလအရဆိုလျှင် “သင်တို့သည် ဘုရင့်စည်းစိမ် ခံနေကြပါလား” ဟုပြောခြင်းဖြစ်သည်။

:၁၄ အခန်းငယ် ၁၄ မှ ၂၁ သည် ယုံကြည်သူများအကြား အဆင့်အတန်းခွဲခြားခြင်း အကြောင်းသင်ခန်းစာဖြစ်သည်။ သို့သော် ထိုသို့ထောက်ပြရခြင်းမှာ အရှက်ခွဲလို၍မဟုတ်။ သရော်လှောင်ပြောင်ခြင်း မဟုတ်။ ညီငယ်နှမငယ်များသဖွယ်သဘောထား၍ ပဲ့ပြင်ဆုံးမခြင်း ဖြစ်သည်။ အပြစ်တင်ခြင်းမဟုတ်။ ဝိညာဉ်ရေးရာ ရှုထောင့်ဖြင့် လမ်းညွှန်ခြင်းဖြစ်သည်။

:၁၅ ယုံကြည်သူများတွင် သင်ဆရာ၊ ဓမ္မဆရာထောင်သောင်းမက များပြားသော်လည်း ယုံကြည်ခြင်း၌မူ ခမည်းတော်ဘုရားရှင်တစ်ပါးတည်းသာ ဖြစ်သည်။ ပေါလုသည် ထိုဘုရားရှင် စေလွှတ်တော်မူသော် ဝိညာဉ်ရေးရာ မွေးသဖခင်ဖြစ်သည်။ သင်ဆရာမြောက်မြားစွာ ပေါ်ထွက်လာ သော်လည်း သွန်သင်ချက်များသည်  သိုးသူငယ်၌သာ အဆုံးသတ်ရသည်။ ပေါလု၏ စကားတရား ဓမ္မသွန်သင်ချက် တစ်ခုတည်းသာ ဆိုလိုသည်မဟုတ်။ ဧဝံဂေလိသတင်းကောင်း ဟူသမျှသည် ခရစ်တော်ကိုသာ ဗဟိုပြုခြင်း ဖြစ်သည်။

:၁၆ သို့ကြောင့် ယုံကြည်ခြင်းခရစ်တော်ကို နမူနာကြည့်ရှုကြပါဟု ပေါလုက မေတ္တာရပ်ခံသည်။ ပေါလု၏အတ္တကင်းမဲ့မှု၊ ခရစ်တော်ကို ဆက်ကပ်ကိုးကွယ်မှုများသည် စံပြ ဖြစ်သည်။ ယုံကြည်သူများအပေါ် မေတ္တာထားရှိမှု၊ ချစ်ခင်မှုများကို အငယ် ၉ မှ ၁၃ ထိ ပါရှိပြီး ဖြစ်သည်။

:၁၇ ကောရိန္သုသားများအား ယုံကြည်ခြင်းလမ်းကြောင်းမှန်းသို့ ရောက်ရှိရန် ပဲ့ပြင်ပေးမည့် တိမောသေစေလွှတ်ပေးမည်ဟုဆိုသည်။ တိမောသေသည် ယုံကြည်ခြင်း၌ ပေါလုသားတော်စပ်သူ ဖြစ်သည်။ ပေါလု၏သွန်သင်ချက်အတိုင်း ကြီးပြင်းသူဖြစ်ကြောင့် တိမောသေရောက်ရှိလျှင် ပေါလု ရောက်ရှိသကဲ့သို့ ခံစားကြရမည်။

:၁၈ ကောရိန္သုသို့ ပေါလုရောက်လာမည်ဟုကောလောဟာလသတင်းထွက်စဉ် ကြောက်လန့် သောမိစ္ဆာဆရာများစွာရှိသည်။ ယခုပေါလုမလာနိုင်ကြောင်း ကြားသိကြသောအခါ တောမီးလောင် တောကြောင် လက်ခမောင်းခတ်သူတွေ ပေါများလာသည်။ ထိုသူများသည် ရေပေါ်ဆီလွှာ ယုံကြည်သူ သာသနာပျက်များ ဖြစ်သည်။

:၁၉ သို့သော်လည်း ဘုရားသခင်အလိုတော်ရှိလျှင် မကြာမီအရောက်လာခဲ့မည်ဟု စကားအမြီး တပ်ထားသည်။ ထိုသို့ရောက်လာလျှင်လည်း သာသနာဖျက်များကို သိမှတ်ရန်တွေ့မည် မဟုတ်ပါ။ ထိုသူများ၏ အရည်အချင်းကိုမြင်ရလျှင် ကျေနပ်ပါပြီဟုဆိုသည်။

:၂၀ ဘုရားသခင်၏ နိုင်ငံတော်သည် အပြောအဟော၌သာမတည်။ လက်တွေ့တရား ဖြစ်သည်။ အမူမဟုတ်အပြုဖြစ်သည်။

:၂၁ ကောရိန္သုသို့ရောက်လာဖို့သည်လည်း အိမ်ရှင်များ၏ သဘောထားအပေါ်တွင် မူတည်သည်။ အကယ်၍ ဆိုးဝါးသောင်းကျန်းနေပါက ဒုတ်ကိုင်၍လာမည်။ ယဉ်ကျေးသိမ်မွေ့၍ အောက်ကျို့နှိမ့်ချသော အသက်တာရှိကြပါက၊ ချစ်ခြင်းမေတ္တာနှင့် နူးညံသိမ်မွေ့ခြင်းယူဆောင် လာမည်ဟု သတိပေးထားသည်။ ရှင်းရှင်းပြောရလျှင် ဒုတ်ယူလာရမည်လား၊ မုန့်ယူလာရမည်လား ဟူ၍ ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။