၁ကော - ၁၂
၁ကော - ၁၂ (အနက်ဖွင့်)
(င) ဝိညာဉ်ဆုကျေးဇူးအား အသင်းတော်တွင်အသုံးချရေး (အခန်း၁၂–၁၄)
အခန်း၁၂မှ၁၄ သည်ဝိညာဉ်ဆုကျေးဇူးအကြောင်းဖြစ်သည်။ ကောရိန္သုအသင်းတော်တွင် အများအားဖြင့် အချက်မှာ၊ အငြင်းပွားကြသည်မှာ အခြားသောဘာသာစကား ပြောဆိုခြင်း၊ ဝိညာဉ်ဆုဖြစ်သည်။ ထိုအကြောင်းကို ပေါလုက ပဲ့ပြင်တည့်မတ်ပေးသည်။
ကောရိန္သု အသင်းသားများသည် တစ်ခါမှသင်ယူခြင်း မရှိသော်လည်း ဝိညာဉ်တော်တန်ခိုးဖြင့် မကြားဖူးသောနိုင်ငံရပ်ခြား ဘာသာစကားများကို ပြောဆိုတတ်ကြသည်။ သို့သော် ထိုဝိညာဉ်ဆု ကျေးဇူးကိုး တခြားယုံကြည်သူများ ဝိညာဉ်ရေးရာခိုင်မာဖို့ တိုက်တွန်းရာတွင် အသုံးမပြုဘဲ၊ ဝါးကြွားထောင်လွှားဖို့ တလွဲဆံပင်ကောင်းနေသည်။ ဝတ်ပြုစည်းဝေးအလယ်တွင် ငွါးငွါးစွန့်စွန့် မတ်တပ်ရပ်၍ ပရိတ်သတ်များနားမလည်သည့် ဘာသာစကားဖြင့်ပြောဆိုကြသည်။ အခြားဘာသာ စကားတတ်ကျွမ်းကြောင်း အခြားသူများသိရှိဖို့ ထုတ်ဖော်ပြသကြသည်။ ထိုသို့မာနထောင်လွှားဝါ ကြွားခြင်းဖြင့် အချင်းချင်းအကြားတွင် မနာလိုမှု၊ မြင်ပျင်းကတ်မှုပေါ်ပေါက်စေသည်။ စည်းလုံးညီ ညွတ်မှုအက်ကြောင်းပေါ်ပေါက်စေသည်။ ထိုသို့အယူအဆလွဲမှား လမ်းမှားရောက်စေသော အခြားဘာသာစကားပြောဆိုခြင်းနှင့် ပရောဖက်ပြုခြင်းများကို ပေါလုက ထိန်းကျောင်းလမ်းမှန်ပို့ ပေးသည်။
၁၂:၁ ထိုမျှယုံကြည်ခြင်း အားသန်ကြသော ကောရိန္သု အသင်းသားများအား မသိနားမလည်ဘဲ နှင့်ရရှိထားသော ဝိညာဉ်ဆုလက်ဆောင်များကို တလွဲမသုံးစေချင်။ ဝိညာဉ်ဆုလက်ဆောင်အကြောင်း ကိုနားလည်စေချင်သည် “ညီအစ်ကိုတို့၊ ဝိညာဉ်ဆုကျေးဇူးအကြောင်းကို နားမလည်ဘဲမနေစေချင်” ဟုဆိုသည်။ ဆုကျေးဇူး ဟူသောစကားသည် ဤကျမ်းချက်၏သော့ချက်ဖြစ်သည်။ ဆုကျေးဇူးသည် သန့်ရှင်းသော ဝိညာဉ်တော်သာလျှင် ပေးနိုင်သည်မဟုတ်။ စာတန်ကလည်းပေးနိုင်သည်။ သို့ကြောင့် နောက်ပိုင်း ကျမ်းပိုဒ်များတွင် ဆက်လက်ရှင်းပြထားသည်။
၁၂:၂ ကောရိန္သုပြည်သူများသည် အသက်တာမပြောင်းလဲခင်တွင် ရုပ်တုဆင်းတုကိုးကွယ် သူများ၏ နတ်ဆိုး၏ တပည့်သားမြေးများ ဖြစ်သည်။ မကောင်းဆိုးဝါး၏ ကျေးကျွန်များ ဖြစ်ခဲ့ကြသည်။ မကောင်းဆိုးဝါးစာတန်၏ လွှမ်းမိုးမှုအောက်တွင် အကြောက်တရားဖြင့် အသက်ရှင်သူများ ဖြစ်ခဲ့သည်။ သဘာဝလွန်နာနာဘာဝ၊ ဝိညာဉ်ဆိုးများ၏ ထိန်းကွပ်မှု အောက်တွင်ရှိခဲ့ကြသည်။ ထို့ကြောင့် မိမိကိုယ်ကို ထိန်းကျောင်းခြင်းမရှိ။ အထိန်းအကွပ်မရှိ၊ အလိုက်မသိ၊ ပေါင်းသင်းဆက်ဆံ ရေးကျင့်ဝတ်နားမလည်၊ ပေါက်လွှတ်ပဲစား ဖြစ်နေကြသည်။
၁၂:၃ ယခုမူကား ကယ်တင်ခြင်းအသက်တာပိုင်ဆိုင်ကြရပြီ။ မကောင်းဆိုးဝါး၏အသံနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ခေါ်သံကို ခွဲခြားပိုင်းဖြတ်နားလည်တတ်နေပြီ။ သခင်ယေရှု၏ သက်သေခံများ ဖြစ်ကြရမည်။ အကယ်၍ သခင်ယေရှုကို ကျိန်ဆဲသောစကား ပြောရလျှင်ထိုစကားသည် နတ်ဆိုးမှ လာသော ဘာသာစကား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသည် ယေရှုခရစ်တော်အား တစ်ချိန်လုံး အပြစ်ရှာသူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ပေးသော ဝိညာဉ်ဆုလက်ဆောင်သည် ထိုကဲ့သို့ မကြားဝံ့မနာသာသောစကား ပြောခြင်းမရှိ။ ယေရှု၏ဘုန်းတော် ထင်ရှားဖို့သာဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ နှုတ်ဖြင့် ဝန်ခံကြသည်သာမက စိတ်နှလုံးမှအကြွင်းမဲ့ဝန်ခံသည်။ လိုလားစွာလက်ခံကြသည်။
သုံးပါးတစ်ဆူအကြောင်းကို အခန်းငယ် ၃-၆တွင်ရှင်းပြထားသည်ကိုသတိပြုပါ။
၁၂:၄ အသင်းတော်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ဝိညာဉ်ဆုကျေးဇူး အမျိုးမျိုး ပေးထားပါသည်။ ထိုကျေးဇူးများသည် ဘုရားသခင်၏ ဦးဆောင်မှု၌ပါဝင်သော သုံးပါးတစ်ဆူအပေါ်တွင် အခြေခံပါသည်။
ဝိညာဉ်ဆုကျေးဇူးအမျိုးမျိုး ရှိသော်လည်း ဝိညာဉ်တော်တစ်ပါးတည်းသာ ရှိ၏။ ကောရိန္သု အသင်းသားများက ဝိညာဉ်ဆုကျေးဇူးတွင် တခြားသော ဘာသာစကား တစ်ခုတည်းသာရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။ ပေါလုက “သင်တို့ပိုင်ဆိုင်သော ဝိညာဉ်ဆုကျေးဇူးတစ်ခုသာရှိသည်မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်ဆုလက်ဆောင်များ၏ ဇစ်မြစ်ဖြစ်သည်” ဟုရှင်းပြသည်။
၁၂:၅ ထိုကဲ့သို့ပင် အမှုတော်လုပ်ငန်းသည်လည်း အမျိုးမျိုးရှိသည်။ အလုပ်တစ်မျိုးတည်းကို သာ လူတိုင်းလုပ်ကြရသည်မဟုတ်။ အမှုတော်လုပ်ငန်းအမျိုးမျိုးအဖုံဖုံရှိသော်လည်း ဦးတည်ချက်သည် သခင်ဘုရားတစ်ပါးတည်းသာ ဖြစ်သည်။ ထိုသခင်ဘုရားကို သာရည်ရွယ်ကြသည်။
၁၂:၆ အမှုတော်လုပ်ဆောင်ရန် ဝိညာဉ်ဆုလက်ဆောင်အမျိုးမျိုးကိုလည်း ပေးထားသည်။ ထိုဝိညာဉ်ဆုလက်ဆောင်များကို ပေးသနားသူလည်း ဘုရားသခင် တစ်ပါးတည်းသာရှိသည်။ မိမိရရှိထားသော ဆုဝိညာဉ်သည် သူများရရှိထားခြင်းထက် ပိုကောင်းသည်။ ပိုမြတ်သည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုဆုလက်ဆောင်များကိုပေးသော အရှင်သခင်သည် အတူတူဖြစ်သည်။ ဘုရားသခင် ပေးသနားရာ ဖြစ်သည်။
၁၂:၇ ထိုဆုလက်ဆောင်အသီးသီး၌ ဝိညာဉ်တော်ပါရှိသည်။ မယုံကြည်သူများထံတွင် ဝိညာဉ်ဆုလက်ဆောင်များမတွေးရပါ။ ထိုဝိညာဉ်ဆုကျေးဇူးများသည် ကောင်းသောအကျိုးပြုဖို့ ဖြစ်သည်။ မိမိအတ္တအတွက်မဟုတ်။ အခြားသူများအား ကောင်းကျိုးပြုရန်ဖြစ်သည်။ ထိုကျမ်း စကားသည် ဤကျမ်းပိုဒ်၏မဏ္ဍိုင်ဖြစ်သည် ဝိညာဉ်ဆုကျေးဇူးအားလုံး၏ သော့ချက်ဖြစ်သည်။
၁၂:၈ ပညာတရား ဆိုသည်မှာ ဘုရားသခင်ပေးသနားတော်မူသော အသိဉာဏ်ဖြစ်သည်။ အခက်အခဲပြဿနာများ ဖြေရှင်းခြင်း၊ ယုံကြည်မှုခိုင်မာစေခြင်း၊ ပဋိပက္ခများဖြေရှင်းခြင်း၊ အကြံဉာဏ်ပေးခြင်း၊ အခက်အခဲရှင်းလင်းပေးခြင်းတို့သည် ဉာဏ်ပညာဖြစ်သည်။ ဉာဏ်ပညာ ဝိညာဉ်ဆုကျေးဇူးကို သတေဖန်၏ အသက်တာတွင် ပုံဥပမာတွေ့ရသည်။ တ ၆:၁၀တွင် “သတေဖန် ဟောပြော၍ သုံးစွဲသောပညာနှင့် ဝိညာဉ်တော်ကိုမခံမဆီးနိုင်ကြ” ဟုဆိုထားသည်။
ဉာဏ်ပညာသည် ဘုရားသခင်၏ဘုန်းတခိုးပြသထင်ရှားစေရာဖြစ်သည်။ ပေါလုက ၁ကော ၁၅:၅၁ တွင် “နက်နဲသော အရာတစ်ခုကိုငါပြဦးမည်” ဟူ၍၎င်း၊ ၁သက်၄:၁၅တွင် “သခင်ဘုရား၏ ဗျာဒိတ်တော်ဖြင့် တဖန်ငါတို့သည်ကား” ဟုဖော်ပြထားသည်။ ထိုကျမ်းစကားများအရ သန့်ရှင်းသော ဝိညာဉ်တော်ပေးသောဉာဏ် ပညာရရှိသောအခါ မူလမိမိအသိဉာဏ်သည် ရပ်စဲသွားပြီ။ သုံးစားမရတော့ပါ။ ယု:၃ တွင် “သန့်ရှင်းသူတို့၌ အထက်ကပေးအပ်ခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ သွေးဆောင်ရေးသားရသည် ” ဟုဆိုထားသည်။ ခရစ်ယာန်ယုံကြည် ခြင်းတရားကိုယ်၌ တည်ရသည်။ ဒုတိယ အချက်အနေဖြင့် အသိဉာဏ်ပညာသည် သူနှင့်အတူ ရှိနေသည်။ သို့ကြောင့်ဘုရားသခင်နှင့်နီးကပ်စွာ ရှိသူသည် ပိုမို၍ ဉာဏ်ပညာရှိသည် (ဆာ ၂၅:၁၄) ကိုကြည့်ပါ)။ အခြားသူများဉာဏ်ပညာမျှဝေခြင်းသည် ဘုရားသခင်ပြောသော ဉာဏ်ပညာရှိခြင်း ဖြစ်သည်။
၁၂:၉ ယုံကြည်ခြင်း ဆုကျေးဇူးသည် အလိုတော်နှင့်ပြည့်စုံလျှင်တောင်များကို ရွှေ့နိုင်သည် (၁၃:၂)။ ကတိတော်၌ တည်လျှင်ကြီးမားသောအမှုအရာများကို စွမ်းဆောင်သည့် ဘုရားသခင်နှင့် ထိုယုံကြည်သူ၏ ဆက်နွယ်မှုဖြစ်သည်။ ထိုအကြောင်းကို George Muller က သက်သေခံဘူးသည်။ သူကိုယ်တိုင်၌ ဘာမှအစွမ်းအစမရှိသော်လည်း ယုံကြည်ခြင်းအားဖြင့် နှစ်ပေါင်း (၆၀) အတွင်းတွင် မိဘမဲ့ကလေးသူငယ် တစ်သောင်းကျော်ကျွေးမွေးနိုင်ခဲ့သည် ဟုဆိုသည်။
အနာရောဂါ ကင်းငြိမ်းစေခြင်း ဆုကျေးဇူးသည်လည်း အံ့ဖွယ်တန်ခိုး လက္ခဏာတစ်ရပ် ဖြစ်သည်။
၁၂:၁၀ နိမိတ်လက္ခဏာများကို ပြနိုင်သောတန်ခိုး ဆိုသည်မှာ နတ်ဆိုးများနှင်ထုတ်ခြင်း၊ အဖြစ်အပျက်တစ်ခုမှ တစ်ခုသို့ကူးပြောင်းစေခြင်း၊ သေလွန်သူ ထမြောက်စေခြင်း၊ အရာဝတ္ထုတစ်ခုခုပေါ် တွင် ဘုန်းတန်ခိုးပြသခြင်းအစရှိသဖြင့် အမျိုးမျိုးပါဝင်သည်။ ဖိလစ်သည် ဧဝံဂေလိတရားနာ ပရိတ်သတ်အား အံ့ဖွယ် နိမိတ်လက္ခဏာများ ပြသခဲ့သည် (တ ၈:၆-၇)။
ပရောဖက်ပြုခြင်း ဆိုသည်မှာ ဘုရားသခင်မှ တိုက်ရိုက်ဖော်ပြချက်များကို အခြားသူများအား ပြောပြခြင်း ဖြစ်သည်။ တစ်ခါတရံ ပရောဖက်များသည် အနာဂတ်အကြောင်းကို ကြိုဟောကြားသည် (တ ၁၁:၂၇-၂၈၊၂၁:၁၀)။ ဘုရာသခင်၏ ဗျာဒိတ်တော်များကို ဟောကြားခြင်းဖြစ်သည်။ ဥပမာ အားဖြင့် တမန်တော်များသည် အသင်းတော်၏ အုတ်မြစ်ဖြစ်သည့်အကြောင်း (ဧ ၂:၂၀)။ တမန်တော်များသည် အသင်းတော်များ၏ အုတ်မြစ် မဟုတ်ကြပါ။ သို့သော်လည်း တမန်တော်များ၏ ယေရှုခရစ်တော်အကြောင်း သွန်သင်ချက်ဖြင့် အသင်းတော် ပေါ်ထွန်းခြင်း ဖြစ်သည်။ အုတ်မြစ် တည်ပြီးသောအခါ ပရောဖက်ပြုချက်သည်လည်း ရပ်စဲပပျောက်သွားသည်။ တမန်တော်များ၏ လုပ်ဆောင်ချက်များကို ဓမ္မသစ်ကျမ်းစာမျက်နှာများတွင် အများအပြားတွေ့ရှိရသည်။ သမ္မာကျမ်းစာ သည်ပြည့်စုံသော နှုတ်ကပတ်တော်ဖြစ်၍ ပရောဖက်ထပ်ပြုစရာအကြောင်းမရှိပါ။
တစ်ခုရှိသည်မှာ ပရောဖက် ဟုပြောရာတွင် ဘုရားသခင်အမိန့်အရ ဟောကြားခြင်းဖြစ်သည် ဟုဆိုသူတိုင်းအား ပရောဖက်မဟုတ်ပါ။ ပရောဖက်ပြုခြင်းသည် ဘုရားသခင်း ချီးမွမ်းနိုင်ခြင်း(လု ၁:၆၇-၆၈)၊ ယုံကြည်သူများ တိုက်တွန်းအားပေးခြင်း (တ ၁၅:၃၂) လည်းအကြုံး ဝင်သည်။
” စိတ်ဝိညာဉ်အား ပိုင်းခြားသိရှိနိုင်ခြင်း” “ဝိညာဉ်ဆုကျေးဇူးဆိုသည်မှာ တစုံတစ်ဦး၏ ဟောပြောချက်သည် ဘုရားသခင်၏ဝိညာဉ်တော်လား။ စာတန်ပေးသော စကားလား။ ခွဲခြားသိရှိနိုင်ခြင်း၊ ဉာဏ်ပညာဖြစ်သည်။ ထိုသူ၏ ပြောစကားသည် အခွင့်အလမ်း ဖန်တီးခြင်းဟုတ်မဟုတ် ဆန်းစစ်သိ ရှိရသော ဉာဏ်ပညာဖြစ်သည်။ ဥပမာအားဖြင့် ရှိမုန်သည် ဝိညာဉ်ဆုကျေးဇူးကိုငွေဖြင့် ဝယ်ယူရန် ကြိုးစားသည်ကို ပေတရုသိရှိနားလည်သည် (တ ၂၀-၂၃)။
အခြားသောဘာသာစကား ပြောဆိုခြင်းဆိုသည်မှာ တစ်ခါမှ မသင်ကြားဘဲ နိုင်ငံရပ်ခြား ဘာသာစကား ပြောဆိုတတ်ခြင်း ဖြစ်သည်ဟု အထက်တွင် ဖော်ပြပြီးဖြစ်သည်။ အထူးသဖြင့် ဣသရေ လများသို့ပေးသော နိမိတ်လက္ခဏာ ဖြစ်သည်။
ထိုဘာသာစကားကို အနက်ပြန်နိုင်သော ဝိညာဉ်ဆုကျေးဇူးဆိုသည် မှာ ထိုသူပြောဆိုသော စကားအနက်ပြန်ဆိုနိုင်ခြင်းဖြစ်သည်။ မိမိတို့အရပ်သုံး စကားလည်းမဟုတ်၊ မကြားဘူးသော ဘာသာစကားကို သိရှိနားလည်၍ အဓိပ္ပါယ်ပြန်ဆိုနိုင်ခြင်း ပညာဖြစ်သည်။
ထိုဝိညာဉ်ဆုကျေးဇူးများသည် စိတ်နှလုံးခံစားချက်ဖြင့် ပေါင်းစပ်သောအသိဉာဏ်ပညာ များဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အချို့သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ရရှိသော ထိုဆုကျေးဇူ:များကို အမှုတော်တွက် မသုံးဘဲအလွဲသုံးစားလုပ်ကြသည်။ မိမိတို့အစွမ်းအစနှင့် ဝိညာဉ်တန်ခိုးမခွဲခြားတတ် ရောနှောကြသည်။
၁၂:၁၁ အပိုဒ်ငယ် ၈-၁၀တွင်ဖော်ပြသော ဝိညာဉ်ဆုကျေးဇူးအားလုံးသည် ဝိညာဉ်တော်တစ်ပါး တည်းမှလာခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်တွင် လူတိုင်းအား ဝိညာဉ်ဆုလက်ဆောင်တစ်မျိုးစီ ပေးထားသည်ဟု ဆိုပါသည်။ လူအသီးသီးတို့အား အသီးသည်းခံရသောအခွင့်ကို အလိုတော်ရှိသည့်အတိုင်း ဝေငှပေးသနားတော်မူ၏။ အရေးကြီးသော ကျမ်းချက်ဖြစ်သည်။ ဝိညာဉ်ဆုကျေးဇူးများကို ဝိညာဉ်တော်က ထိန်းချုပ်ထားပါသည်။ ဤကျမ်းချက်ကို ခံယူနိုင်လျှင်ဝိညာဉ်ဆုကျေးဇူး မရှိခြင်းသည်လည်း ဂုဏ်ယူစရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလိုတော်ရှိသည့်အတိုင်း ဟုဆိုထားပါသည်။ ဘုရားသခင်၏ ရွေးချယ်သတ်မှတ်ပေးရာ ဖြစ်သည်။ လူတိုင်းကိုလည်း တူညီသော ဆုလက်ဆောင်မပေးပါ။ အကယ်၍ တူညီသောကရိယာချည်းသာ ကိုင်တွယ်ကြလျှင် သံစုံတီးဝိုင်းကြီး ဖြစ်ပေါ်လာနိုင်မည်မဟုတ်။ အကယ်၍ လူသည်လည်းစကားတစ်မျိုးသာ ပြောတတ်ကြ မည်ဆိုလျှင် နားခံသာမည်မဟုတ်။
၁၂:၁၂ လူ့ခန္ဓာနှင့်ပုံဥပမာပေးထားသည်။ ခန္ဓာကိုယ်သည် တစ်ခုတည်းဖြစ်သော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းများစွာရှိသည်။ ယုံကြည်သူများသည် တစ်ဦးချင်းအမျိုးမျိုးကွဲပြားခြားနား ကြသော်လည်း ခရစ်တော်၏ခန္ဓာကိုယ်၌ အစိတ်အပိုင်းဝင်များဖြစ်ကြသည်။
ခရစ်တော်သည် ခန္ဓာကိုယ်အစိတ်ပိုင်းများစွာ ရှိသည်ဟု ဆိုရာတွင် ကောင်းကင်နိုင်ငံ၌ ခရစ်တော်၏ အစိတ်အပိုင်းများစွာရှိသည်ဟု ဆိုခြင်းမဟုတ်။ ခရစ်တော်၏ ဦးခေါင်းသည် ကောင်းကင်နိုင်ငံတွင်ရှိ၍ ခန္ဓာကိုယ်သည် လူ့လောကတွင်ရှိသည်။ လူ့လောကတွင်ရှိသော ခန္ဓာကိုယ် ဆိုသည်မှာ ယုံကြည်သူများဖြစ်သည်။ ယုံကြည်သူအားလုံးသည် ခရစ်တော်၏ ခန္ဓာကိုယ်အစိတ်အပိုင်း များဖြစ်ကြသည် ။ဥပမာအားဖြင့် စက်ယန္တရားတစ်ခုသည် စက်အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသည်။ ထိုကဲ့သို့ပင် ခရစ်တော်၏ကိုယ်ခန္ဓာသည် လူ့လောကကို ယုံကြည်သူများဖြင့် စုပေါင်းဖွဲ့စည်းထားသည်။ ထိုကျမ်းစကားသည် အံ့ဖွယ် လက္ခဏာဖြစ်သည် ။ဘုရားခင်၏ ကျေးဇူးတော်အားဖြင့် ခရစ်တော်၏ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်ခွင့်ရရှိကြသည်။
၁၂:၁၃ ယုံကြည်သူများသည် ခရစ်တော်၏ခန္ဓာကိုယ် အစိတ်အပိုင်း မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံခံကြသည်။ ထိုထက်ရှင်းအောင်း ပြောရလျှင် “ဝိညာဉ်တော်တစ်ခုတည်း၌ ပါဝင်ပေါင်းစပ်ကြသည်။ ဆိုလိုသည်မှာ နှစ်ခြင်းမင်္ဂလာ ခံယူကြသောကြောင့် အတူတူ ဖြစ်သွားကြသည်ဟု နားလည်ခံယူနိုင်သည်။ ထိုသို့ပြောလျှင် သဘောပေါက်မည်ထင်ပါသည်။
သန့်ရှင်းသောဝိညာဉ်တော် နှစ်ခြင်းမင်္ဂလာခံယူခြင်းကို ပင်တေကုတ္တေနေ့မှ အစပြုခဲ့သည်။ ထိုအချိန်တွင် အသင်းတော်လည်း ပေါက်ဖွားလာသည်။ အသစ်တဖန်မွေးဖွားသူတိုင်းနှစ်ခြင်းမင်္ဂလာ ခံယူကြသည်။ နှစ်ခြင်းမင်္ဂလာ ခံယူသည်နှင့် ခရစ်တော်၏ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်ပွားကြသည်။
ဤနေရာတွင် အရေးကြီးသောအချက်များစွာရှိပါသည်။ ပထမအချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်နှင့်နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ခရစ်တော်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက် ခြင်းဖြစ်သည်။ ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့်မတူပါ။ မ၃:၁၁၊ယော ၁:၃၃ နှင့် တ ၁:၅ တို့ကို ဖတ်ရှုလျှင် ရှင်းသွားမည်။ ဝိညာဉ်တော်နှင့် ပိုမိုပြည့်ဝခြင်းသည် ကယ်တင်ခြင်းကျေးဇူးတော်နှင့် မဆိုင်ပါ။ ကောရိန္သုယုံကြည်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံယူပြီးသူများ ဖြစ်သည် (၃:၁)။ အခြားသော ဘာသာစကားပြောခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂ လာခံယူခြင်းနှင့်မသက်ဆိုင်။ ကောရိန္သုယုံကြည်သူ အားလုံးသည် နှစ်ခြင်းမင်္ဂလာခံပြီး သူများဖြစ်သော်လည်း လူတိုင်း အခြားသောဘာသာစကား မပြောပါ (၁၂:၃၀)။ သန့်ရှင်းသောဝိညာဉ်တော်၏ ထိန်းသိမ်းကွပ်ကဲမှုကို နာခံသူက တန်ခိုးအစွမ်းရရှိခြင်းဖြစ်သည်။ သို့သော်ဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာ ခံယူခြင်းနှင့်မတူ။
ယုံကြည်သူများသည် ဝိညာဉ်တော်တစ်ခုတည်း၌သောက်သုံးသူများဖြစ်သည် ဟုဆက်ဆို ထားသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကိုအတူတကွခံစားကြသည်။ ခရစ်တော်ကို လက်ခံကြ၍ ခရစ်တော်၏အမှုတော်၍ အတူတူပါဝင်ကြသည့်အကြောင်းဖြစ်သည်။
၁၂:၁၄ လူ၏ခန္ဓာကိုယ်တွင် အစိတ်အပိုင်းတစ်ခုတည်းသာ မရှိပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းများ စွာရှိသည်။ ထိုအစိတ်အပိုင်းများအားလုံးသည် တာဝန်အသီးသီးရှိကြသည်။ အလုပ်အမျိုးမျိုးကိုယ်စီ လုပ်ကြသည်။ သို့သော်လည်း ဦးခေါင်း၏ ဦးဆောင်မှုကို အားလုံးနာခံကြသည်။
၁၂:၁၅ အကယ်၍ ထိုသို့ ခန္ဓာကိုယ်အစိတ်အပိုင်း ကွဲပြားခြားနားခြင်းသဘောကို အဓိက ထားခံယူလျှင် ကြောက်လန့်ဖွယ်ရာ စကားဖြစ်သည်။ မိမိခန္ဓာကိုယ်လည်း သေးသိမ်သွားမည် (ငယ် ၁၅-၂၀)။ အခြားသူများထက်လည်း သေးသိမ်သွားမည် (၂၁-၂၅)။ ဥပမာအားဖြင့် ခြေထောက်ကို ပစ်ပယ်၍မရသကဲ့သို့ လက်ကိုလည်းပစ်ခွာ၍ မရပါ။ သူ့နေရာနှင့်သူ အသုံးဝင်သည်။ သွားဖို့၊ လာဖို့၊ လုပ်ဖို့၊ကိုင်ဖို့၊ အစရှိသဖြင့် အလုပ်အမျိုးမျိုးရှိသည်။
၁၂:၁၆ နားရွတ်က သူသည်မျက်စိနှင့်မစပ်ဆိုင်ဟုမျက်စိကို ပစ်ပယ်ခြင်းမပြုနိုင်ပါ။ သိနားလည်သော အာရုံခံစားခြင်းဖြစ်သည်။ နား၏အသုံးဝင်မှုသည် သူ့နေရာနှင့်သူ အရေးကြီး ပါသည်။
၁၂:၁၇ တကိုယ်လုံးတွင် မျက်စိများသာရှိလျှင်လည်း ဘာမှကြားသိမှာမဟုတ်။ ထိုကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံးတွင် နားများသာရှိလျှင် အနံ့ခံစရာရှိမည်မဟုတ်။ ဘာမှမကြားရလျှင် အသေကောင်ကဲ့သို့ ဖြစ်နေကြမည်။
ဆိုလိုသည်မှ အခြားသောဘာသာစကား တစ်မျိုးတည်းသာ ပါးစပ်ပေါက်တစ်ရာဖြင့် ပြောဆိုနေကြလျှင် နားမခံနိုင်အောင် ဆူညံနေမည်။ အော့အန်ချင်လာမည်။ ထို့ကြောင် ကောရိန္သုအသင်းတော်တွင် အခြားသော ဘာသာစကားပြောခြင်း ဆုကျေးဇူးသာ တန်ဖိုးထား မော်ကြွားစရာမဟုတ်၊ ပြောနိုင်သကဲ့သို့ အခြားအမူအရာကိုလည်း လုပ်နိုင်ရမည်ဟု သွန်သင်သည်။
၁၂:၁၈ ဘုရားသခင်သည် ဉာဏ်ပညာကြွယ်ဝစွာဖြင့် သူ့ခန္ဓာကိုယ်တွင် ကိုယ်လက်အင်္ဂါအ မျိုးမျိုးပေးသည်။ ကိုယ်တော်၏လက်ရာကို ချီးမွမ်းဂုဏ်ပြုထိုက်ပါသည်။ ကိုယ်တော်ပေးသော ဝိညာဉ်ဆုကျေးများကို ဘုန်းတန်ခိုးတော်ထင်ရှားဖို့ အခြားသူများအား ကောင်းကျိုးပြုရသည်။ တစ်ခါတရံ အခြားသူများအား ကောင်းကျိုးပြုရသည်။ တစ်ခါတရံ အခြားသူများ၏ဝိညာဉ်ဆုကျေးဇူး ကိုမနာလို ဖြစ်တတ်ကြသည်။ ထိုသို့အပြစ်ပြုမှားခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်အား အပြစ်မှားရာ ရောက်ပါသည်။
၁၂:၁၉ အကယ်၍ ခန္ဓာကိုယ်တွင်အစိတ်အပိုင်းတစ်ခုသာရှိလျှင်မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ ထိုကဲ့သို့ပင် ကောရိန္သုအသင်းသားများ မော်ကြွားသည့် အခြားသောဘာသာစကား တစ်ခုတည်းသည် ဝင့်ဝါစရာ ဟုတ်ပါ့မည်လား။ အခြားဆုလက်ဆောင်များသည် အခြေအမြစ်မရှိ။ အချည်းနှီးဖြစ်သည် ဟုပြောနိုင်ပါသလား။
၁၂:၂၀ ခန္ဓာကိုယ်တစ်ခုတည်း၌ အစိတ်အပိုင်းများစွာ တပ်ဆင်ပေးထားပါသည်။ မိမိတို့ခန္ဓာ ကိုယ်၌ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများစွာ ရှိသကဲ့သို့ အသင်းတော်တွင်လည်း ထိုကဲ့သို့ပင် အခန်းကဏ္ဍများစွာ ရှိပါသည်။ လုပ်ငန်းဆောင်တာအသီးသီးရှိပါသည်။
၁၂:၂၁ ညီအစ်ကို၏ ဝိညာဉ်ဆုကျေးဇူးကို မနာလိုခြင်းသည် မိုက်မဲရာ ရောက်ပါသည်။ မျက်စိကလက်ကိုအလိုမရှိဟု မပြောနိုင်သကဲ့သို့ ဦးခေါင်းကလည်း ခြေထောက်အား အလိုမရှိဟု မပစ်ပယ်နိုင်ပါ။ မျက်စိသည် အရာခပ်သိမ်းကို မြင်နိုင်သော်လည်း မြင်ရုံမှလွဲ၍ ဘာမှမတတ်စွမ်းနိုင်ပါ။ လက်ကို မှီခိုအားကိုးရသည်။ ထိုကဲ့သို့ပင် ဦးခေါင်းက အသိတရားရှိသော်လည်း သွားရောက်ဖို့ ခြေထောက်ကို အားကိုးရပြန်သည်။
၁၂:၂၂ အချို့အစိတ်အပိုင်းများသည် အခြားအစိတ်အပိုင်းများထက် အားနည်းပါသည်။ ဥပမာ အားဖြင့် ကျောက်ကပ်သည်သည်း ခြေလက်များကဲ့သို့ အစွမ်းအစမရှိပါ။ သို့သော် ခြေလက်များသည် ထိုကျောက်ကပ်နှင့် မပတ်သက်ဘဲမနေနိုင်။ ခြေလက်လျှာမရှိဘဲနှင့် အသက်ရှင်နိုင်ကြပါသည်။ သို့သော်လည်း အသဲ၊ နှလုံး၊ ကျောက်ကပ်မရှိဘဲ မရှင်နိုင်ပါ။ ထိုအစိတ်အပိုင်းများသည် တစ်ခုတည်းနှင့် အစွမ်းအစ မပေါ်သော်လည်း ခန္ဓာကိုယ်တွင် မပါလျှင်မဖြစ်နိုင်ပါ။ ကိုယ်စီကဏ္ဍရှိကြသည်။
၁၂:၂၃ အချို့ကိုယ်အင်္ဂါ အစိတ်အပိုင်းများသည် နှစ်လိုဖွယ်ရာ နည်းပါးသည်။ ထိုနေရာများကို ဖုံးအုပ်ဖို့အဝတ်အစား၊ တန်ဆာပလာများ ဆင်မြန်းပေးရသည်။ အားနည်းသော အရာကို တန်ဆာဆင်ပေးရသည်။ ချို့တဲ့သော အစိတ်အပိုင်းကို အားဖြည့်ပေးရသည်။
၁၂:၂၄ တင့်တယ်ပြီးသော အစိတ်အပိုင်းများကို ထပ်မံချယ်သစရာမလိုပါ။ သို့သော်လည်း ဘုရားသခင်သည် တင့်တယ်သော၊ လှပသော၊ အားနည်းသော၊ အားလျှော့သောအစိတ်အပိုင်းများကို စုပေါင်း၍ ခန္ဓာကိုယ်တွင် ဖွဲ့စည်းပေးသည်။ ထိုကဲ့သို့ပင် အချို့အစိတ်အပိုင်းများသည် တည်ငြိမ်စွာနေ၍ အချို့သည်လှုပ်ရှားနေရသည်။ အချို့သည်ပေါ်လွင်ထင်ရှား၍ အချို့သည် ဖာသိဖာသာရှိနေကြသည်။ ဘုရားသခင်က ထူးခြားသော လက္ခဏာအမျိုးမျိုးတူညီခြင်းမရှိအောင် ပေးထားပါသည်။ သို့သော် တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိဘဲ တသီးတခြားစီ ပြုသည်မဟုတ်။ ဆက်စပ်နေပါသည်။ ထို့ကြောင့် အားနည်းသော မတင့်တယ်သောအရာများကို လှပအောင် ဖန်တီးပေးရသည်။
၁၂:၂၅ ထိုသိုပင်ခန္ဓာကိုယ် တစ်ခုတွင် မတူညီသော အစိတ်အပိုင်းများ ရှိနေလင့်ကစား တစ်ခုစီတခြားစီ ဖြစ်နေကြသည်မဟုတ်။ အပြန်အလှန်ဆက်နွယ်ကျိုးကြောင်းပြုလျှက်ရှိသည်။ တစ်ခုက အကူအညီလိုလျှင် ပေးနိုင်သော အစိတ်အပိုင်းက ပံ့ပိုးကူညီသည်။ ထိုကဲ့သို့ပင် အသင်းတော်မှာလည်း အပြန်အလှန် ဆက်နွယ်ကျိုးကြောင်းပြုရသည်။
၁၂:၂၆ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု၏ ဝေဒနာခံစားခြင်းသည် ထိုအစိတ်အပိုင်းတစ်ခုတည်းသာ ခံစားရသည်မဟုတ်။ တကိုယ်လုံးနှင့်သက်ဆိုင်သည်။ ထိုသို့ခံစားရကြောင်းကို လူ့ကိုယ်ခန္ဓာအားဖြင့် နားလည်ကြပြီးဖြစ်ပါသည်။ ဥပမာအားဖြင့် ဖျားနာလျှင် အစိတ်အပိုင်းတစ်ခုတည်းခံစားရသည်မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးက ခံစားသည်။ မျက်စိဆရာဝန်သည် မျက်စိကိုကြည့်ရှုခြင်းဖြင့် ဦးနှောက်နှင့်အာ ရုံကြော၊ ကျောက်ကပ်ရောဂါ၊ အသဲရောရဂါနှင့် ဆက်စပ်ကြောင်း သိရှိနိုင်သည်။ အကြောင်းမှာ ထိုကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများသည် တခြားစီ ဖြစ်ကြသော်လည်း ဆက်နွယ်ပတ်သက်နေကြသည်။ ဝမ်းနည်းစရာ ကြုံတွေ့သောညီအစ်ကိုအတွက် ထပ်တူထပ်မျှ ဝမ်းသာရသည်။
၁၂:၂၇ ကောရိန္သုယုံကြည်သူများသည်လည်း ခရစ်တော်၏ ခန္ဓာကိုယ်ဖြစ်ကြောင်း ပေါလုက သတိပေးသည်။ သို့သော် ခရစ်တော်၏ အသွေးအသားခန္ဓာကိုယ်ဖြစ်သည်ဟုဆိုခြင်းမဟုတ်။ တစ်ယောက်ချင်းကိုလည်း ဆိုလိုသည်မဟုတ်။ အားလုံးစုပေါင်း၍ ခရစ်တော်၏ ခန္ဓာကိုယ်အစိတ်အပိုင်း များဖြစ်ပါသည်ဟု ဆိုသည်။ ယုံကြည်သူတစ်ယောက်ချင်းသည် ခန္ဓာကိုယ်၏အစိတ်အပိုင်းများ ဖြစ်ပါသည်။ ထို့ကြောင့်မာနထောင်လွှားခြင်း၊ မနာလိုခြင်းမရှိရန် သတိပေးနှိုးဆော်ထားသည်။
၁၂:၂၈ ဤကျမ်းပိုဒ်တွင် အခြားဆုကျေးဇူးများရေးထားသည်။ အသင်းတော်များတွင် ပေးစပ်သော ဝိညာဉ်ဆုကျေးဇူးများမှာ ပထမဦးဆုံးအနေဖြင့် တမန်တော်ဖြစ်သည်။ ပထမဦးစွာဟူသော စကားသည် တမန်တော်များ အားလုံးကို ဆိုလိုသည်မဟုတ်။ တပည့်တော်(၁၂)ပါးသည် ဘုရားသခင် ကိုယ်တိုင် စီရင်ခွဲခန့်ထားသူများ ဖြစ်သည်။ သခင်ဘုရားနှင့်အတူတူ အမှုတော်ထမ်းဆောင်ခဲ့သူများ ဖြစ်သည် (တ ၁:၂၁-၂၂)။ ချို့ယွင်းချက်အနေဖြင့် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးမှ ခန့်အပ်သော မဿိမပါပါ (တ ၁:၂၂)။ ထို့နောက်မှ အခြားတမန်တော်များ အထူးသဖြင့် ပေါလုဖြစ်သည်။ ဗာနဗ (တ ၁၄:၄၊၁၄)၊ သခင်ဘုရား၏ညီတော်ယာကုပ် (ဂလာ ၁:၁၉)၊ သိလနှင့်တိမောသေ (၁သက် ၁:၁၊၂:၆) တို့ပါဝင်သည်။ သခင်ယေရှု၏ သွန်သင်ချက်များကို အသင်းတော်၏ အုတ်မြစ်အဖြစ် ဟောပြောကြသော်လည်း တမန်တော်များနှင့်ပရောဖက်များလည်းပါဝင်သည် (ဧ ၂:၂၀)။ ယနေ့ ခေတ်ကာလတွင်မူ တမန်တော်များမရှိတော့ပါ။ ဘုရားသခင်စေလွှတ်တော်မူသော ဒေသနာဆရာများ၊ အသင်းတော်ဖခင်ကြီးများကိုသာ တွေ့ရသည် ။ထိုသူများသည် တမန်တော်များ အစားခန့်ထားသူများဖြစ်သည်။ သာမန်လောကလူသားထက် တမန်တော်တန်ခိုးအာဏာရှိသူများ ဖြစ်သည်။
တမန်တော်များနောက်တွင် ပရောဖက်များ ဖြစ်သည်။ ပရောဖက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပေအက္ခရာ မတင်မီ၊ နှုတ်ဖြင့်ဟောပြောသူသည်။ ဓမ္မဆရာများဆိုသည်မှာ နားမလည်၊ သဘောမပေါက်သောတရား ဓမ္မများကိုရှင်းပြသူများ ဖြစ်သည်။ အံ့ဖွယ်နိမတ်လက္ခဏာဆရာ ဆိုသည်မှာ သေခြင်းမှ ထမြောက်စေသူ၊ နတ်ဆိုးများမောင်းထုတ်ပေးသူ အစရှိသည့် လက္ခဏာ ထူးပိုင်ရှင်များဖြစ်သည်။ အနာရောဂါ ကင်းငြိမ်းစေသူဆိုသည်မှာ ကျန်းမာရေးချို့တဲ့သော ဂီလာန များအား အနာရောဂါပပျောက်ကင်းငြိမ်း စေသူများဖြစ်သည်။ ကူညီသူဆိုသည်မှာ အသင်းတော်၏ အမှုအရာကို ဆောင်ရွက်သော သင်းထောက်များ ဖြစ်သည်။ စီရင်အုပ်စိုးသူများဆိုသည်မှာ သင်းအုပ်များ၊ သင်းထောက်များ၊ အသင်းတော်လူကြီးများကို ဆိုလိုသည်။ ထိုသူများသည် အသင်းတော်၏ အရေးအရာများကို စီမံဆောင်ရွက်သူများ ဖြစ်သည်။ နောက်ဆုံး ဝိညာဉ်ဆုကျေးဇူး မှာ အသီးသီးသောဘာသာစကား ပြောဆိုခြင်းဖြစ်သည်။ ထိုဆုလက်ဆောင်သည် မထင်မရှား ခန့်အပ်ခြင်း ဖြစ်သည်။ ပေါလုသည် တမန်တော်ကို ပထမဆုံးထား၍ အခြားသော ဘာသာစကားကို နောက်ပိတ်ဆုံးတွင် ထားသည်။ ကောရိန္သုများကမူ အခြားသောဘာ သာစကားကို ပထမဦးစားပေး၍ တမန်တော်သည် နောက်ဆုံးအဆင့် ဖြစ်သည်။
၁၂:၂၉–၃၀ အကယ်၍ ယုံကြည်သူတိုင်းသည် ထိုဝိညာဉ်ဆုလက်ဆောင်များအားလုံးကို ရရသည်ဆိုလျှင် မည်သည့်အရာ လိုချင်ဦးမည်နည်း။ “မရှိပါ”ဟု ဖြေကြမည်။ လူတိုင်းအခြားဘာသာ စကားပြောကြလျှင်လည်း အဓိပ္ပါယ်မရှိ။ ခန္ဓာကိုယ် အစိတ်ပိုင်းတွင် စွမ်းရည်တစ်ခုစီရှိသကဲ့သို့ ဖြစ်သည်။
လူတိုင်းအခြားသော ဘာသာစကား မပြောတတ်ကြပါ။ သန့်ရှင်းသော ဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာ ခံယူခြင်းနှင့် အခြားသော ဘာသာစကားပြောခြင်းသည် မဆိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် လူတိုင်းလိုအပ်သော သမ္မာတရားဖြစ်သည် (ငယ်၁၃)။
၁၂:၃၁ ပို၍ မြတ်သော ဆုကျေးဇူးကို စွဲလမ်းကြလော့ ဟုဆိုရာတွင် တစ်ဦးချင်းကို ပြောသည် မဟုတ်။ အသင်းတော်တစ်ခုလုံးကို ခြုံငုံ၍ပြောခြင်းဖြစ်သည်။ သာ၍မြတ်သော ဆုကျေးဇူးဟုဆိုခြင်းကြောင့် အထက်ကျမ်းပိုဒ်များမှ ဝိညာဉ်ဆုကျေးထက် သာလွန်သည်မှာ သေချာသည်။
အမြတ်ဆုံးသော ဆုကျေးဇူးကို ငါဖော်ပြပေးမည် ဟုဆိုသည်။ ထိုဆုကျေးဇူးမှာ အခန်းကြီး ၁၃မှ ချစ်ခြင်းမေတ္တာလောက် တန်ဖိုးမရှိ။ ချစ်ခြင်းမေတ္တာသည် သူများကောင်းစားရေးကို ဦးစားပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ပေးထားသော ဆုကျေးဇူးကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းထက် အခြားသူများ ကောင်းစားဖို့ သုံးခြင်းသည် ပို၍ ကျက်သရေမင်္ဂလာ ရှိပါသည်။
အချို့ကအခန်း ၁၃ သည်စကားချပ် ဖြစ်သည်။ ထည့်သွင်းစရာမလိုဟုဆင်ခြေပေးကြသည်။ သို့သော်ထို အတွေးတိုင်းမဟုတ်။ အချက်အချာကြသော သော့ချက်ဖြစ်သည်။
အငြင်းပွားနေကြသည့် အခြားသောဘာသာစကားနှင့် ဝိညာဉ်ဆုကျေးဇူးအား မိမိကိုယ်ကျိုး အတွက်အလွဲသုံးခြင်း၊ ဝိညာဉ်ဆုလက်ဆောင်များသည် ချစ်ခြင်းမေတ္တာ၌ မပါဝင်ပါ။ လူရှေ့သူရှေ့ တွင် တခြားသော ဘာသာစကားဖြင့် အမြှုပ်ထအောင် ပြောဆိုနေကြသော်လည်း တစ်လုံးတလေမှ နားမလည်ကြလျှင် တရားနာ ပရိတ်သတ်အတွက် အကျိုးမရှိ။ ထို့ကြောင့် ဝိညာဉ်ဆုကျေးဇူးဟူသမျှ သည်မေတ္တာနှင့် ဖက်ရမည်ဟုဆိုသည်။ ချစ်ခြင်းမေတ္တာ၏ ရည်ရွယ်ချက်သည် မိမိကိုယ်ကျိုးအတွက် မပါသူများအတွက် ဖြစ်သည်။
ဝိညာဉ်ဆုလက်ဆောင် မရရှိသူများသည် ချစ်ခြင်းမေတ္တာ မပါရှိဘဲ ဟောပြောကောင်း ဟောပြောလိမ့်မည်။ နတ်ဆိုးညွန်ကြားသော စကားဖြစ်ချင် ဖြစ်မည်။ ဂရိဘာသာစကားသည် ဝိညာဉ်ဆု ရရှိသူများထက် ဆိုးချင်ဆိုးမည်။ ထိုထက်ချစ်ခြင်း မေတ္တာမပါရှိသော စကားသည် အဆိုးဝါးဆုံး ဖြစ်သည်။
ချစ်ခြင်းမေတ္တာသည် အလိုအပ်ဆုံးဖြစ်ကြောင်း၊ ပေါလုက ထောက်ပြသည်၊ ချစ်ခြင်းမေတ္တာ ထောက်ရှု၍ ပြဿနာဖြေရှင်းလျှင် ကြီးသောအမှုငယ်သွား၍ ငယ်သောအမှုပပျောက်သွားပါသည်။ ချစ်ခြင်းမေတ္တာတွင် အဆင့်အတန်းခွဲခြားခြင်း မရှိ။ စိမ်းကားရှောင်ဖယ်ခြင်းမရှိ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။