ရာဇဝင်ချုပ်ပဌမစောင် - ၂၂

1သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရအရှင် ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလအမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟု ဆိုလျက်၊
ဗိမာန်တော်တည်ဆောက်ရန်ပြင်ဆင်ခြင်း
2ဣသရေလပြည်၌ရှိသော တစ်ပါးအမျိုးသားတို့ကို စုဝေးစေခြင်းငှာ မိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဖို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကိုလည်း စေခိုင်းတော်မူ၏။ 3တံခါးလုပ်စရာ သံချွန်အဖို့နှင့် သစ်သားဆက်စရာအဖို့ များစွာသော သံကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါကိုလည်းကောင်း၊ 4များစွာသော အာရဇ်သစ်သားကိုလည်းကောင်း၊ ပြင်ဆင်တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ်သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ 5ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ ထာဝရဘုရားအဖို့ တည်ရသောအိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသောအိမ် ဖြစ်ရမည်။ ယခုပင် အိမ်တော်အဖို့ ငါပြင်ဆင်မည်ဟု အကြံရှိလျက် အနိစ္စမရောက်မီ များစွာပြင်ဆင်တော်မူ၏။
6သားတော်ရှောလုမုန်ကိုလည်းခေါ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်း မှာထားလေသည်မှာ၊ 7ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။ 8သို့ရာတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာစစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဖို့ အိမ်ကို မတည်မဆောက်ရ။ 9သင်မြင်သော သားတစ်ယောက်သည် ငြိမ်ဝပ်သောသူ ဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန်ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သော အခွင့်ကိုလည်းကောင်း၊ သူ၏လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကိုလည်းကောင်း၊ ငါပေးမည်။ 10ထိုသားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံ ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်ဟု မိန့်တော်မူပြီ။ 11သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။ 12သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ တရားတော်ကိုစောင့်ရှောက်မည်အကြောင်း၊ ထာဝရဘုရားသည် ဉာဏ်ပညာကိုပေး၍၊ ဣသရေလအမျိုးကိုစီရင်ခြင်းအမှု၌ မှာထားတော်မူပါစေသော။ 13ဣသရေလအမျိုး၏အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ သတိပြုလျှင် အကြံထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။ 14ငါသည် ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေအခွက်တစ်ထောင်နှင့် ငွေအခွက် တစ်သောင်းကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကိုလည်းကောင်း၊ သစ်သားများနှင့် ကျောက်များကိုလည်းကောင်း ပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။ 15ထိုမှတစ်ပါး သင်၌များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသောအတတ်၌ လေ့ကျက်သော ဆရာသမားရှိကြ၏။ 16ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အတိုင်းမသိများသည် ဖြစ်၍ ထလော့။ ကြိုးစားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ၏။
17ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်းမှာထားလေသည်မှာ၊ 18သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူသည် မဟုတ်လော။ ပြည်သူပြည်သားတို့ကို ငါ့လက်၌အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တစ်ပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။ 19သို့ဖြစ်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကိုရှာခြင်းငှာ ကိုယ်စိတ်နှလုံးကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား၏ နာမတော်အဖို့၊ တည်ရသော အိမ်တော်ထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှာ ထကြလော့။ ထာဝရအရှင် ဘုရားသခင်၏သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။

ရာဇဝင်ချုပ်ပဌမစောင် - ၂၂ (အနက်ဖွင့်)

(ဗိမာန်တော် ဆောက်လုပ်ဖို့ ပြင်ဆင်ခြင်း (အခန်း ၂၂၂၆)

၁။လူပစ္စည်းနှင့် လှုပ်ရှားမှု (အခန်း၂၂)

          ၂၂:                   ဒါဝိဒ်မင်းက အရောန၏ ကောက်တလင်းပြင်အား မီးရှို့ရာယဇ်      ပလ္လင်တည်ဖို့ (၂၁:၂၈) သတ်မှတ်သည်။ သူ့သားသာလျှင် ဗိမာန်တော်ဆောက်လုပ်ဖို့ ဘုရားသခင်က အထူးအခွင့်အရေးပေးကြောင်း သိသောအခါ ဒါဝိဒ်မင်းသည် ဗိမာန်တော်ဆောက်လုပ်ဖို့ လိုအပ်သော ပစ္စည်းများကို ကြိုတင်ရှာဖွေပြင်ဆင်ထားသည်။ အပိုဒ်ငယ် (၂) တွင်ပါရှိသည် တိုင်းတပါးသားများ သည် ထိုအရပ်ဒေသရှိ ခါနာန်လူများ (၃ရာ ၉:၂၀-၂၁) ဖြစ်သည်။ ထိုလူများကို ယခင်က သတ်ဖြတ်ကွက်မျက်လေ့ရှိသော်လည်း ယခုအခါ ထိုသို့မရက်စက်ကြပါ။ အလုပ် သမားများအဖြစ် စေခိုင်းသည်။

၂၂:၂၆၁၃     ဒါဝိဒ်၏လက်သည် သွေးစွန်းသောကြောင့် ဘုရားသခင်၏ ဗိမာန်တော်တည်ဆောက်ရန် အခွင့်မရှိ။ သားတော်ရှောလမုန်မင်း လက်ထက်၌ ဆောက်လုပ်ခွင့် ရှိကြောင်း ဘုရားသခင်က အမိန့်ချမှတ်ထားသည်။ ထိုတရားတော်ကို နာခံ၍ ဒါဝိဒ်မင်းသည် သားတော်ရှောလမုန်နှင့်အတူ ဘုရားသခင်စိုးစံဖို့၊ ရှောလမုန်အား ဉာဏ်ပညာပေးသနားဖို့၊ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းလိုက်နာသော နှလုံးသားရှိဖို့ ဆုတောင်းသည်။

၂၂:၁၄၁၆     ဒါဝိဒ်မင်းသည်  ဗိမာန်တော် ဆောက်လုပ်ဖို့ ပစ္စည်းကရိယာများ ပင်ပန်းကြီးစွာ ဒုက္ခခံ၍ ရှာဖွေသိုလှောင်ထားပုံကို ရှောလမုန်အား ပြောပြသည်။ ကြိုးစားပမ်းစား လုပ်ကိုင်သောသူကို ဘုရားသခင်က ပံ့ပိုးစောင့်ရှောက်သည့် အကြောင်း ကိုလည်း ထပ်လောင်းမှာကြားသည်။

၂၂:၁၇၁၉     ထို့အပြင် ဣသရေလအမျိုးသားခေါင်းဆောင်များ ကိုလည်း စုစည်း၍ ရှောလမုန်အား ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ မှာထားခဲ့သည်။ ဗိမာန်တော် ဆောက်လုပ်ဖို့ စီမံကိန်းကို ဆင်ခြင်ကြည့်ပါ။ ပထမဦးစွာ ဆောက်လုပ်လိုသော စိတ်နှလုံးစီမံကိန်းရှိရသည်။ ထို့နောက်လက်တွေ့ လုပ်ဆောင်ရသည်။ ကိုယ်စိတ်နှလုံးကို နှိုးဆော်ကြလော့.. ဘုရားသခင်၏ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြလော့” ဟုမိန့်မှာခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။