ရာဇဝင်ချုပ်ပဌမစောင် - ၂၀

ရဗ္ဗာမြို့ကိုသိမ်းပိုက်ခြင်း
(၂ရာ၊ ၁၂:၂၆-၃၁)
1အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ယွာဘသည် ဗိုလ်ခြေအလုံးအရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင် ယေရုရှလင်မြို့၌ နေလေ၏။ 2ယွာဘသည် ရဗ္ဗာမြို့ကိုတိုက်ဖျက်ပြီးမှ၊ ဒါဝိဒ်သည် မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တစ်ဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ 3မြို့သားတို့ကိုလည်း ထုတ်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
ကြီးမားသောဖိလိတ္တိအမျိုးသားတို့နှင့် တိုက်ပွဲများ
(၂ရာ၊ ၂၁:၁၈-၂၂)
4နောက်တစ်ဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကိုသတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။ 5နောက်တစ်ဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။ 6နောက်တစ်ဖန် ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တစ်ဖက်၌ လက်ခြောက်ချောင်းစီ၊ ခြေတစ်ဖက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေးချောင်းရှိသော ရေဖိမ်အမျိုးသားတစ်ယောက်သည်၊ 7ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကိုသတ်လေ၏။ 8ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီးသားဖြစ်၍ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။

ရာဇဝင်ချုပ်ပဌမစောင် - ၂၀ (အနက်ဖွင့်)

၂၀:                  ဒါဝိဒ်မင်းကိုယ်တိုင်သည် ယေရုရှလင်မြို့တွင် နန်းစံ၍ (၂ရာ ၁၂:၁) ဗိုလ်ချုပ် ယွာဘအား ရဗ္ဗာမြို့ကို တိုက်ခိုက်သိမ်းပိုက် စေသည်။ ထိုမြို့ ကြံ့ကြံ့ခံသဖြင့် (၂)နှစ်တိုင်တိုင် ဝိုင်းရံတိုက်ခိုက်ကြသည်။ ထိုကာလတွင် ဒါဝိဒ်သည် သူ၏ စစ်သူရဲကောင်းသုံးကျိပ်စာရင်းဝင် ဥရိယ၏ မယားဗာသရှေဘအား မတရားကျင့်သည်။ ၂ရာ ၁၂တွင် ဒါဝိဒ်မင်း၏ ထိုအပြစ်နောင်တရပုံ ရှင်းပြသော်လည်း ဤကျမ်းတွင်မူ အပြစ်ဒုစရိုက်အကြောင်း ချန်လှပ်ထားသည်။ ရဗ္ဗာမြို့သိမ်းပိုက်ပြီးသောအခါ စိန်ရွှေရတနာ အပြည့်အလျှံထားသော ဘုရင့်သရဖူအား ဒါဝိဒ်မင်းထံသို့ ဆက်သသည်။

          ၂၀:  ဤကျမ်းပိုဒ်ရှိ လူသူများသည် စစ်သုံ့ပန်းများကို ဆိုလိုဟန်ရှိသည်။ ဟေဗြဲကျမ်းမူတွင် ထိုမြို့ခံစစ်သုံ့ပန်းများအား အကျဉ်းသား အလုပ်သမားများအဖြစ် စေခိုင်းသည်ဟုဆိုသည် (၂ရာ ၁၂ မှတ်စုကိုကြည့်)။

၂၀:                  လူ့ဘီလူးကြီး (၃)ဦးကျဆုံးခန်းဖြစ်သည်။ ဖိလိတ္တိလူများနှင့် တိုက်ခိုက်ကြစဉ် ဂေဇာတိုက်ပွဲတွင် ဟုရှသိလူ သိဗေခဲ က သာဖ၊ ယာဣယ၏သား ဧလဟာနန်က ဂေါလျတ်၏ ညီ လာခမိ၊ ဂါသတိုက်ပွဲတွင် ခြေလက်ခြောက်ချောင်း စီရှိသော လူ့ဘီလူကြီးအား ဒါဝိဒ်၏တူ ယောနသန် (ရှိမာ၏သား) က တိုက်ခိုက်သတ်ဖြတ်ကြသည်။ ဤကျမ်းချက်ကို Matthew Henry က ဤသို့ဖွင့်ဆိုသည်။

ဒါဝိဒ်၏စစ်သားများသည် သူ့လူကိုယ့်လူ သာမန်ဗလများရှိကြသော်လည်း အဆမတန် ခွန်အားဗလကြီးမားသော လူ့ဘီလူးကြီးများ သတ်ဖြတ်နိုင်ကြခြင်းမှာ သူတို့နှင့်အတူ ဘုရားသခင်ပါရှိခြင်းဖြစ်သည်။ ယုံကြည်သူများသည်လည်း ခွန်အားတန်ခိုးပြည့်စုံသော ဘုရားသခင်နှင့်အတူ ရှိနေသရွေ့ အဘယ်ရန်သူမျှ မှုစရာမဟုတ်။ သာမန်လူများထက် ခြေချောင်း၊ လက်ချောင်း ပိုသော်လည်း ဘုရားသခင်၏ လူများကို ဘာမှ မတတ်စွမ်းနိုင်ပါ။၁၆

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။