ရာဇဝင်ချုပ်ပဌမစောင် - ၁၆
ရာဇဝင်ချုပ်ပဌမစောင် - ၁၆ (အနက်ဖွင့်)
၁၆:၁–၃ တဲတော်သို့ ပဋိညာဉ်သေတ္တာ စံမြန်းသည်နှင့် တပြိုင်နက် ယဇ်ပူဇော်ကြသည်။ အမြင့်ဆုံး ပူဇော်သက္ကာဖြစ်သော မီးရှို့ယဇ်ပူဇော် ကြသည် (ဝတ်နှင့် ယှဉ်ဖတ်)။ ယဇ်ကောင်တခုလုံး မီးလောင်ပြာကျရာ ဘုရားသခင်လက်ခံသော မွှေးနံ့သာပူဇော်သက္ကာ ဖြစ် သည်။
ထို့အပြင် မိဿဟာယပူဇော်သက္ကာ လည်းပူဇော်ကြသည်။ ယဇ်ကောင်အဆီနှင့် ကျောက်ကပ်များကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်တွင် ဘုရားသခင်ထံသို့ မီးရှို့ပူဇော်ရသည်။ မိဿဟာယယဇ်သည် ဘုရားသခင်နှင့် ကောင်းမှုကုသိုလ်တို့ ဆက်စပ်ခြင်း အမှတ်လက္ခဏာ ဖြစ်သည်။
၁၆:၄–၇ ဒါဝိဒ်မင်းသည် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ပျော်ရွှင်ခြင်းအမှတ်သင်္ကေတ အဖြစ်ဘုရားသခင်ရှေ့တွင် နေ့စဉ်ရက်တိုင်း ဝတ်ကြီးဝတ်ငယ်ပြုသည် (ငယ် ၃၇-၄၂)။ လေဝိ အမျိုးအား အစဉ်တစိုက်ချီးမွမ်းပူဇော်ဖို့ တာဝန်ပေးအပ်လိုက်သည်။
၁၆:၈–၂၂ ဤဆာလံသီချင်းကို နှစ်ပိုင်းခွဲခြားနားလည်နိုင်သည်။ အပိုဒ်ငယ် ၈-၂၂ သည် ဣသရေလလူမျိုးကို ရည်ရွယ်၍ အငယ် ၂၃-၃၄ သည် လူမျိုးအားလုံးသို့ ရည်ဆောင်ပါသည်။ အပိုဒ်ငယ် ၃၅နှင့် ၃၆ သည် ဆာလံသီချင်းနိဂုံးဖြစ်သည်။ ဆာ ၁၀၅:၁-၁၅၊ ၉၆:၁-၁၃၊ ၁၀၆:၁၊ ၄၇၊၄၈ တို့တွင် ထပ်မံဖွဲ့ဆိုထားသည်။
အပိုဒ်ငယ် ၈-၂၂ သည် ဣသရေလလူတို့အား ဘုရားသခင်၏ မျက်နှာတော်ရှာဖွေဖူးမြင်ဖို့၊ ဘုရားသခင်၏ကြီးမြတ်ခြင်းကို ဂုဏ်ပြုဖို့ တိုက်တွန်းခြင်းဖြစ်သည်။ ဘုရားသခင်ပြုတော်မူသော အမှုများပြန်လည် သတိရဖို့၊ အတိတ်ကာလတွင် ပြုခဲ့သော အမှုတော်များ၊ ပညတ်တော်များအောက်မေ့ဖို့၊ ဘိုးဘေးများသို့ ပြုထားသော ကတိတော်များ ပြန်လည်ဆင်ခြင်ဖို့ သတိပေးခြင်းဖြစ်သည်။
၁၆:၂၃–၂၄ ဆာလံဆရာက ကမ္ဘာပေါ်ရှိ လူသတ္တဝါအပေါင်းအား ဘုရားသခင်၏ ဘုန်းတန်ခိုးတော် ချီးမွမ်းကြဖို့ နှိုးဆော်ထားသည်။ ဖန်ဆင်းခံသတ္တဝါတိုင်း ဘုရားသခင်၏ ဘုန်းတန်ခိုးကို ကြောက်ရွံ့ကြ သည်။ ထာဝရ ဘုရားသခင် သည် စွမ်းအားရှင်၊ တန်ခိုးကြီးရှင်၊ အံ့သြဖွယ်ဖြစ်သည်။ ဘုရားသခင်၏ အုပ်စိုးမှုခံယူခြင်းသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။
၁၆:၃၅–၃၆ ဤကျမ်းချက်သည် ဆုတောင်းချက်နိဂုံးဖြစ်၍ ဆာ ၁၀၆း ၄၇-၄၈ နှင့်ဆင်တူသည်။
၁၆:၃၇–၄၃ ဒါဝိဒ်မင်းသည် လေဝိသားများအား ပဋိညာဉ်သေတ္တာ၏ ဝတ်ကြီးဝတ်ငယ် တာဝန်ထမ်းဆောင်ရန် စနစ်တကျ တာဝန်ပေးအပ်သည်။ မီးရှို့ယဇ်ပူဇော်ကြမည့်သူများကိုလည်း ခွဲ့ခန့်ထားသည်။ ယဇ်ပုရောဟိတ် အာဗျာသ ကွပ်ကဲမှုအောက်တွင် အဆိုတော်များ၊ တူရိယာပညာရှင်များ၊ တံခါးမှူးများ ခွဲခန့်ထားသည်။ ယဇ်ပုရောဟိတ် ဇာခုတ်ကဂိဗောင်မြို့တွင် တာဝန်ချထားသည်။ ဤကျမ်းချက်၏ အခရာမှာ တူရိယာဂီတ ပညာရှင်များဖြစ်သည်။ အပိုဒ်ငယ် ၃၈ တွင် သြဗဒေပုံနာမည်တွေ့ရသည်။ ပဋိညာဉ်သေတ္တာသည် ဇိအုန်တွင်အသားကျနေပြီ။ ပရိတ်သတ်ကြီးလည်း အိမ်ပြန်ကြပြီ။ ဒါဝိဒ်အိမ်တော်လည်း ဘုရားသခင် ကောင်းကြီးမင်္ဂလာနှင့် ပြည့်စုံကြွယ်ဝသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။