ရာဇဝင်ချုပ်ပဌမစောင် - ၁၃

ပဋိညာဉ်သေတ္တာကိုပြောင်းရွှေ့ခြင်း
(၂ရာ၊ ၆:၁-၁၁)
1တစ်ဖန် ဒါဝိဒ်သည် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊ 2ဣသရေလ အမျိုးပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင် ထာဝရဘုရားအခွင့်ပေးတော်မူလျှင်၊ ဣသရေလ နိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့် မြို့နယ်၌နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့နှင့်အတူ စည်းဝေးစေခြင်းငှာ အနှံ့အပြားစေလွှတ်ကြကုန်အံ့။ 3ငါတို့၏ ဘုရားသခင်သေတ္တာတော်ကို တစ်ဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာတော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူသောစကားကို၊ 4စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ 5ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှာ အဲဂုတ္တုပြည်အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင်နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ 6ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏ နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ၊ ဣသရေလအမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည် ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။ 7ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့် အဟိဩသည် လှည်းကိုနှင်ကြ၏။ 8ဒါဝိဒ်နှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် သီချင်းဆိုလျက် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကိုကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။ 9ခိဒုန် ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။ 10ထိုသို့ သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ်တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။ 11ဩဇကို ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင်သတည်း။ 12ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကိုကြောက်၍၊ ဘုရားသခင်၏သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟု ဆိုလျက်၊ 13မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကိုမဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွားလေ၏။ 14ဘုရားသခင်၏ သေတ္တာတော်သည် သုံးလပတ်လုံး၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၏။

ရာဇဝင်ချုပ်ပဌမစောင် - ၁၃ (အနက်ဖွင့်)

(ယေရုရှလင်သို့ ပဋိညာဉ် သေတ္တာသယ်ဆောင်ခြင်း (အခန်း ၁၃၁၆)

          ၁၃:                  ဒါဝိဒ်မင်း ပထမဆုံးအကြိမ် ပဋိညာဉ်သတ္တောသယ်ဆောင်ရန် ကြိုးပမ်းချက်ဖြစ်သည်။ လောလောလတ်လတ် နန်းတော်သစ် သို့ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော် စိုးစံစေချင်သည်။

ရှောလုမင်း လက်ထက်တွင် ပဋိညာဉ်သေတ္တာ ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟု မအောက်မေ့ခဲ့။ ဖိလိတ္တိတို့ လက်ထဲသို့ ကျရောက်ခဲ့ပြီး (၇)လ အကြာတွင် ကိရယတ်ယာရိမ်သို့ ပြောင်းရွှေ့ထားရှိကြသည်။ ထို့နောက်လေဝိအမျိုးသား အဘိနာဒပ်နေအိမ် သို့ (၁ရာ၄-၇) သို့ရောက်ရှိသည်။ ယခုဒါဝိဒ်မင်းက အဘိနာဒပ်နေအိမ်မှ သယ်ဆောင်လာသည်။ လှည်းသစ်ပေါ်သို့တင်၍ သြဇနှင့် အဟိသြကို လှည်းနှင်စေ သည်။ အဲဂုတ္တပြည် ဂိဟောရေမြစ် ဆိုသည်မှာ အဲဂုတ္တုချောင်း ဖြစ်သည်။

၁၃:၉-၁၂ နွားများရုန်း၍ လှည်းလှုပ်ခါသောအခါ ပဋိညာဉ်သေတ္တာ လိမ့်ကျမည်စိုးသောကြောင့် သြဇက သေတ္တာတော်ကို လှမ်းဖိသည်။ မထိုက်တန်ဘဲ ကိုင်တွယ်ရသောကြောင့် ဘုရားသခင်ကရိုက်ချ၍ သြဇသည် ပွဲချင်းပြီး သေဆုံး သည်။ ယဇ်ပုရောဟိတ်မှ တပါး ပဋိညာဉ်သေတ္တာ ထိပါးကိုင်တွယ်ခြင်းမပြုရန် ပညတ်ချက်ထားရှိထားသည် (တော ၄:၁၅)။ ကောဟတ်အမျိုးတို့ ပဋိညာဉ်ထမ်းသယ်ကြစဉ်ကလည်း သေတ္တာကို မထိကြ။ ထမ်းပိုးလှန်၍ ခပ်လှန်းလှန်းမှ ပုခုံးဖြင့်ထမ်းကြခြင်းဖြစ်သည်။ ထို့ပြင် လဲကျသေဆုံးသည့်နေရာကို ပေရဇောဇ (သြဇသင်္ချိုင်းကုန်း )  ဟုခေါ်စမှတ်ပြုကြသည်။ ထိုနေအိမ်တွင် (၃)လကြာ စိုးစံရာ ထိုနေအိမ်မိသားစုသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ကြွယ်ဝသထက် ကြွယ်ဝလာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။