ရာဇဝင်ချုပ်ပဌမစောင် - ၁၁
ရာဇဝင်ချုပ်ပဌမစောင် - ၁၁ (အနက်ဖွင့်)
၃။ဒါဝိဒ်နန်းစံခြင်း (အခန်း၁၁–၂၉)
(က) ဒါဝိဒ်၏စစ်တပ် (အခန်း ၁၁–၁၂)
၁။ဒါဝိဒ်၏ ညာလက်ရုံးစစ်သူကြီးများ (အခန်း၁၁)
၁၁:၁–၃ ရာဇဝင်ချုပ်တွင် အရေးမပါအရာမရောက်သော ဣရှဗောရှက်အကြောင်းကို မှင်ကုန်ခံ၍မရေးမှတ်ပါ။ ဟေဗြုန်တွင် ဒါဝိဒ်မင်းနှင့်အတူ ပွဲတော်တည်သည့်အကြောင်းသာ တခွန်းစနှစ်ခွန်းစပါသည် (၂ရာ၅)။
၁၁:၄–၉ ဒါဝိဒ်မင်း၏ ပထမဦးဆုံးလုပ်ငန်းစဉ်မှာ ဘုရင်နှင့်တကွ မြို့တော်လုံခြုံကာကွယ်ရေးဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ယေရုရှလင်မြို့တည်ဆောက်ပုံ ရေးမှတ်ထားသည် (၂ရာ ၅:၆-၁၀ နှင့်ယှဉ်ဖတ်)။
ဒါဝိဒ်၏တူ၊ ဇေရုယာ၏သား ယွာဘသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ သူရသတ္တိနှင့် ပြည့်စုံသူ ဖြစ်၍ ယေရုရှလင်မြို့ကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်သည်။ ဒါဝိဒ်မင်း၏ ကတိပေးချက်အတိုင်း ဣသရေလလက်နက်ကိုင်တပ်ပေါင်းစု၏ အကြီးအကဲဖြစ်သည်။ ယွာဘသည် ရဲစွမ်းသတ္တိနှင့် ပြည့်ဝ၍ လက်ရုံးရည်ဖြင့် ပြည့်စုံသော်လည်း လူကြီးသူကောင်းမပီသ။ ရက်စက်ကြမ်းကြုတ်သည်။ ဒါဝိဒ်၏လူကြီးသူကောင်းပြုခြင်းမခံရ။ လက်ရုံးရည်ပြည့်ဝသော်လည်းနှလုံးရည် မပြည့်ဝပါ။
၁၁:၁၀ ဤလူကြီးသူကောင်းများသည် ဒါဝိဒ်မင်း စတင်နန်းစံစဉ်ကတည်းက လူများဖြစ်သည်။ ဒါဝိဒ်မင်း နေညိုချိန်တွင်လည်း ထိုသူများ၏ နာမည်စာရင်းတွေ့ရသည် (၂ရာ ၂၃)။ ဒါဝိဒ်မင်းထံသို့ရောက်ရှိကြသည့် အချိန်တယောက်နှင့်တယောက် မတူညီကြပါ။ အချို့သည် ဒါဝိဒ်မင်း အဒုလံကျောက်ဆောင် တွင် ပုန်းအောင်းချိန် (ငယ် ၁၅-၁၉)။ အချို့သည် ဇီကလပ်တွင် (၁၂:၂၂) အချို့သည် ဟေဗြုန်တွင် နန်းတက်ချိန် (၁၂:၂၃-၄၀)တွင် ခန့်အပ်ခြင်းဖြစ်သည်။
အချို့လူများသည် စွမ်းဆောင်မှုနည်းပါသော်လည်း ဒါဝိဒ်မင်း၏ လူကြီးသူကောင်းပြုခြင်းခံရသူများဖြစ်သည်။ အောက်တွင် ဆက်လက်ဖော်ပြပါမည်။
၁၁:၁၁ ယာရှောဗံ လှံတချောင်းတည်းဖြင့် ရန်သူသုံးရာ ကို နှိမ်နှင်းသတ်ဖြတ်နိုင်သည်။ ဘုရားသခင်က အထူးအားပေးထားသူဖြစ်သည်။ သူရဲကောင်းများသည် ဘုရားသခင်ကို ကိုးစားလျှင် မိမိအစွမ်းထက်သာလွန်သော အံ့ဖွယ်အစွမ်းသတ္တိ၊ ဘုရားသခင်ထံမှရရှိပါသည်။ ရန်သူအင်အားထူထပ်စေကာမူ ယုံကြည်ခြင်း လက်နက်ဖြင့် အောင်ပွဲဆင်နိုင်သည်။
၁၁:၁၂–၁၄ ဒေါဒေါ၏သားဧလာဇာ ဒါဝိဒ်၏ လက်ဦးလက်စွဲတော်ဖြစ်သည်။ ဒါဝိဒ် အပေါ်တွင် သစ္စာရှိသူ ဖြစ်သည်။ အခြားသူများ စွန့်ခွာသွားကြသောလည်း ဦးဆွေးဆံမြေ့ သစ္စာစောင့်သည်။ သူ၏ ရဲစွမ်းသတ္တိသည် ပြောင်မြောက်သည်။ မုယောလယ်ကွင်းသည် ကျည်ကွယ်မျက်ကွယ်မရှိ သောကွင်းဖြစ်သည်။ ထိုကွင်းပြင်တွင် ဖိလိတ္တိလူများက ဣသရေလလူများ စစ်ဆင်နေစဉ် ဣသရေလသားများ ကစဉ့်ကလျားထွက်ပြေးသွား ကြသော်လည်း ဧဇလာသည် ကြောက်ရွံတုန်လှုပ်ခြင်းမရှိ။ ကြံ့ကြံ့ခံတွန်းလှန်တိုက်ခိုက်သည်။ ထိုမြေသည် ဘုရားသခင်က ဣသရေလလူတို့ထံသို့ ပေးအပ်သော ကတိတော်မြေ ဖြစ်သည်။ ထို့ကြောင့် ဧဇလာသည် တဖဝါးမှမခွါ။ ဖိလိတ္တိများကို သုတ်သင်ချေမှုန်းပစ်သည်။ ယနေ့ယုံကြည်သူများသည်လည်း မိမိတို့ ဘဝ အသက်တာတွင် စာတန်အား တဖဝါးစာမျှ အခွင့်အရေးမပေးမိရန် လိုအပ်ပါသည်။
၁၁:၁၅–၁၉ အဒုလံမှ သူရဲကောင်းသုံးဦး ဒါဝိဒ်၏အပါးတော်မြဲ သစ္စာခံများဖြစ်သည်။ ဒါဝိဒ်မင်းသည် ရေငတ်သောကြောင့် အာခြောက်၍ ရင်တလှပ်လှပ်ဆာနေသည်။ ဒါဝိဒ်၏သူရဲကောင်း သုံးဦးသည် ဒါဝိဒ်မင်းရေသောက်ရန် ဖိလိတ္တိ ရန်သူများအလယ်တွင် ရှိသော ဗက်သလင် ရေတွင်း သို့သွားရောက်၍ ရေခပ်ယူပေးကြသည်။ ထိုသူများသည် ဒါဝိဒ်မင်း၏ မျက်နှာရဖို့၊ ဖော်လံဖားခြင်းမဟုတ်။ စိတ်ဝိညာဉ်ပေါင်းစပ်သော ကြောင့် မိမိတို့ အသက်ကို ပဓာနမထားဘဲ သခင့်အတွက် ရင်းနှီးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရာဇဝင်တွင် သူတို့နာမည်ကိုဖော်ပြခြင်းမပြု။ သခင့်အလိုတော်ပြည့်ဝလျှင် ဝမ်းသာကျေနပ်နေသူများဖြစ်သည်။ ယနေ့ကာလတွင်လည်း ထိုစိတ်သဘောထားရှိသူမျိုး သခင်ယေရှုအလိုရှိသည်။ သခင်ယေရှုဘုရား ဝိညာဉ်ရေငတ်နေပါသည်။ ဝိညာဉ်ရေခပ်ပေးမည့်သူများ အဘယ်မှာရှိနေကြသနည်း။ ခရစ်တော်၏ သစ္စာခံသူရဲကောင်းများ ဘယ်မှာပုန်းအောင်းနေကြသနည်း ထွက်လာခဲ့ကြဖို့ ဖိတ်ခေါ်နေပါသည်။
၁၀:၂၀–၂၁ ယွာဘ၏ ညီ အဘိရှဲ၊ ဒုတိယသူရဲကောင်းသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည်။ အဘိရှဲ သည် ဒါဝိဒ်မင်း၏ အပါးတော်မြဲဖြစ်သည်။ ဒါဝိဒ်နှင့်အတူ ရှောလုစခန်းထဲသို့ ဝင်သည် (၁ရာ ၂၆)။ အာဗရှလုံရန်မှ ဒါဝိဒ်မင်း တိမ်းရှောင်သောအခါ ဒါဝိဒ်နှင့် အတူရှိနေသည် (၂ရာ၁၆)။ ရှေဘ၏ပုန်ကန်ခြင်းကို နှိမ်နှင်းသည် (၂ရာ၂၀)။ ဣရှဗိဗေနုပ်၏ ဘေးရန်မှဒါဝိဒ်မင်းအား ကယ်ထုတ်သည် (၂ရာ ၂၁)။ ဒါဝိဒ်မင်းအမူအရာပေါင်းစုံကို သစ္စာရှိစွာထမ်းဆောင်သည် (၂ရာ ၁၀:၁၈၊၅ရာ၁၈)။ ကိုယ်ကျိုးစွန့်၊ သခင့်အတွက်စေလိုရာစေ၊ ရှားပါးလှသောမိတ်ဆွေကောင်းဖြစ်သည်။
၁၁:၂၂–၂၅ ဗေနာယ။ ယဇ်ပုရောဟိတ်တပါး၏သား (၅ရာ ၂၇:၅) သူရဲကောင်းတပါး ဖြစ်သည်။ ဒါဝိဒ်မင်း၏ ကိုယ်ရံတော်တပ်မှူးဖြစ်သည်။ သူ၏အကြောင်းကို ဤကျမ်းချက်တွင် အထွေအထူး မပါရှိပါ။ နောင်တွင် ယွာဘနေရာ ဆက်ခံ၍ ဣသရေလကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသည် (၃ရာ ၂:၃၄-၃၅)။ သူ၏အောင်နိုင်ပုံကို အဲဂုတ္တု ဘီလူးသရဲများ (လောကီ) မောဘ (ဇာတိ) ဟောက်သော ခြင်္သေ့ (မကောင်းဆိုးဝါး) တွေ့မြင် သင်ခန်းစာယူနိုင်သည်။
၁၁:၂၆–၄၇ အပိုဒ်ငယ် ၂၆-၄၇ တွင် ပါရှိသောပုဂ္ဂိုလ်များ၏ အထူးတလည်စွမ်းဆောင်ချက် မတွေ့ရသော်လည်း သမိုင်းမှတ်တမ်းဝင်ကြသဖြင့် စိတ်ပါဝင်စားဖွယ် ကောင်းသည်။
အမ္မုန်အမျိုးသားဇေလတ် (ငယ်၃၉) နှင့် မောဘအမျိုးသားဣသမ (ငယ် ၄၆) တို့ ဖြစ်သည်။ ထိုလူများသည် မျိုးရိုးစဉ်လာအရ ဣသရေလ ရန်သူများဖြစ်သည်။ သို့သော် ဣသရေလဘုရင်ထဲတွင် မင်းခစားဖြစ်ကြောင်းတွေ့ရသည်။ ယနေ့လောကသားများသည်လည်း ဇာတိအားဖြင့် ဘုရားသခင်၏ ရန်သူများဖြစ်ပါသည်။ သို့သော်လည်း ကျေးဇူးတော်အားဖြင့် ဘုရားသခင်၏ လူယုံစစ်သည်တော်များ ဖြစ်ခွင့် ရကြသည်။
ဟိတ္တိအမျိုးဥရိယ (ငယ်၄၁)။ ဣသရေလတို့ ကတိမြေပေါ်သို့ ခြေချဝင်ရောက်သောအခါ ဟိတ္တိလူများကို သတ်ဖြတ်မောင်းထုတ်ခဲ့ကြသည် (တရား ၇:၁-၂)။ ဥရိယသည် ထိုမောင်းထုတ်ခံရသော ဟိတ္တိအမျိုးမှ ဖြစ်သော်လည်း ရန်သူဘုရင်ထံတွင် သစ္စာတော်ခံ မင်းမှုထမ်းဆောင်သည်။ ဒါဝိဒ်၏ သူရဲကောင်းကြီးဖြစ်လာသည်။ သို့သော် ဒါဝိဒ်က မျက်နှာသာမပေး။ တိုက်ပွဲတွင် ကျဆုံးအောင် ကုလားဖန်ထိုးပြီ။ သူ့မိန်းမဗာသရှေဘကို သိမ်းပိုက်သည်(၁ရာ၁၁)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။