ရာဇဝင်ချုပ်ပဌမစောင် - ၁၀

ရှောလုမင်းကွယ်လွန်ခြင်း
(၁ရာ၊ ၃၁:၁-၁၃)
1ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုစစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။ 2ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာလိုက်၍၊ ရှောလု၏သား ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။ 3စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ပစ်သော မြားမှန်၍ အလွန်နာသောကြောင့်၊ 4လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍သေ၏။ 5ရှောလုသေသည်ကို လက်နက်ဆောင်လုလင်မြင်လျှင်၊ သူသည်လည်း ထိုဓားကိုထောင်၍ ဓားဖျားပေါ်မှာလှဲ၍သေ၏။ 6ထိုသို့ ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။
7ဣသရေလလူပြေးကြောင်း၊ ရှောလုနှင့် သူ၏သားများသေကြောင်းကို၊ ချိုင့်၌နေသော ဣသရေလလူအပေါင်းတို့သည်သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ်သဖြင့်၊ ဖိလိတ္တိလူတို့သည်လာ၍နေကြ၏။ 8နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။ 9အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကိုယူ၍ သူတို့ရုပ်တုအိမ်များ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ၊ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။ 10လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။
11ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊ 12သူရဲအပေါင်းတို့သည် ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကိုယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာ သပိတ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာရှောင်ကြ၏။
13ထိုသို့ရှောလုသည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ 14ထာဝရဘုရားကို မမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။

ရာဇဝင်ချုပ်ပဌမစောင် - ၁၀ (အနက်ဖွင့်)

၂။ ရှောလုသေဆုံးခြင်း (အခန်း၁၁)

          ၁၀: ရှောလုနှင့်သားများ သေဆုံးပုံကို ၁ရာ ၃၁:၁-၁၃ တွင် အသေးစိတ်ရေးမှတ်ထားပါသည်။ အပိုဒ်ငယ် ၅ကို C.H.Spurgeon က ဤသို့ဆိုထားသည်။

မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းအား ရှုတ်ချကြလျှင်၊ သခင့်အပေါ်သစ္စာရှိကြောင်းပြသသည့် အနေဖြင့် မိမိကိုယ်ကို လုပ်ကြံခြင်းသည်လည်း လက်ခံစရာမဟုတ်။ သူသည်သခင့်အတွက် အကောင်းဆုံးကြိုးစားလုပ်ဆောင်ခြင်းမဟုတ်။ ထိုသို့မိမိ ကိုယ်ကိုလုပ်ကြံခြင်းကြောင့် သူ့သခင်ရှောလုအသက်ပြန်ရှင်လာမည် မဟုတ်။ ယနေ့ယုံကြည်သူများသည်လည်း ထိုကဲ့သို့ ပြုလုပ်၍ သခင်ယေရှုကို သစ္စာဖောက်မည့် လူရှိပါသလား။

၁၀:၁၀      ရှောလုသေဆုံးခြင်းနှင့် ပက်သတ်၍ အတွေးဝင်္ကဘာနယ်ချဲ့စရာ များစွာရှိပါသည်။ အငယ် ၆တွင် “သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏” ဟုဆိုထားသည်။ ၁ရာ ၃၁:၆တွင်မူ ရှောလုနှင့်အတူ တိုင်ပွဲဝင်သောသားဟုဆိုသည်။ ထိုကျမ်းချက်များဆိုလျှင် ရှောလုတွင် ဖိလိတ္တိတို့ လက်ချက်ဖြင့် မသေသော အခြားသားများ ရှိသည်(ငယ် ၁၃၊၁၄၊၂ရာ ၂:၈၊ ၂၁:၁-၉) ။သို့သော်လည်း ဖခင်၏လုပ်ဆောင်ချက်ကြောင့် ကံကြမ္မာဆိုးက မျက်နှာသာမပေး (၂ရာ ၂:၈၊ ၂၁:၁-၉)။

၁၀:၁၁၁၂ ရှောလုနှင့် သားများ၏ သတင်းဆိုးကြားသိသောအခါ ဟာဗက်ဂေလ၌ သူရဲကောင်း များသည် ဖိလိတ္တိတို့ လက်ထဲမှ ရှောလု၏အလောင်းကို ညအချိန်တွင် သွားခိုးကြသည်။ အလောင်းကို ဟာဗက်တွင် သင်္ဂြိုဟ်ပြီး (၇)ရက်ပတ်လုံး အစာရှောင် ဥပုသ်စောင့်ကြသည်။ အ မ္မုန်လူနာဟပ်လူများလက်ထဲမှ မိမိတို့မြို့ကို ရှောလုကကယ်ထုတ်ပေးခဲ့ဘူး (၁ရာ ၁၁)သောကြောင့် ယာဗက်သူရဲကောင်းများက ကျေးဇူးတုန့်ပြန်ခြင်းဖြစ်သည်။

၁၀:၁၃၁၄    ဤကျမ်းချက်တွင် ရှောလုသေဆုံးခြင်းအကြောင်း (၂)ချက် ရှင်းပြထားသည်။ ဘုရားရှင်၏ နှုတ်ကပတ်တော်ကို မစောင့်ထိန်းခြင်း (၁ရာ ၁၃ နှင့် ၁၅ ကိုလည်းကြည့်) နှင့် နတ်ဝိဇ္ဇာ အောက်လမ်းဆရာအကြံဉာဏ်ရယူခြင်း (၁ရာ ၂၈ ကိုကြည့်ဖြစ်သည်။

ရှောလု၏ အားနည်းချက် အတိုအထွာ ရှင်းပြပြီးနောက် ဘုရားသခင်၏ လူများအုပ်စိုးရန်ရွေးကောက်တော်မူထားသော ဒါဝိဒ်မင်းအကြောင်းဆက်လာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။