ဇေဖနိအနာဂတ္တိကျမ်း - ၂

ပတ်ဝန်းကျင်နိုင်ငံများ၏ကံကြမ္မာဆိုး
1အရှက်မရှိသော အမျိုးသားတို့၊ ကိုယ်ကို စစ်ကြောကြလော့။ 2အမိန့်တော်အတိုင်း မစီရင်၊ သင်တို့ အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် သင်တို့အပေါ်သို့ မရောက်၊ ထာဝရဘုရား၏အမျက်တော်နေ့သည် သင်တို့အပေါ်သို့ မရောက်မီ ကိုယ်ကို စစ်ကြောကြလော့။ 3တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။
4အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။ 5အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိအမျိုးသားတို့၊ သင်တို့ တစ်ဖက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိ၏။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည်၊ သင်၌ အဘယ်သူမျှ မနေစေခြင်းငှာ ငါသုတ်သင်မည်။ 6ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ၊ သိုးထိန်းမှီခိုရာ၊ သိုးခြံလုပ်စရာဖို့ ဖြစ်လိမ့်မည်။ 7ပင်လယ်ကမ်းသည်လည်း ကျန်ကြွင်းသော ယုဒအမျိုးသားတို့ အဖို့ဖြစ်၍၊ သူတို့သည် ထိုအရပ်၌ ကျက်စားကြလိမ့်မည်။ ညအချိန်၌လည်း အာရှကေလုန်မြို့ရာအိမ်တို့၌ အိပ်ကြလိမ့်မည်။ သူတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အကြည့်အရှု ကြွလာ၍၊ သိမ်းသွားခြင်းဘေးကို ပယ်ရှင်းတော်မူလိမ့်မည်။
8မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ၏လူမျိုးကို ကဲ့ရဲ့အပြစ်တင်၍၊ ငါ၏လူနေရာတစ်ဖက်၌ ဝါကြွားသောစကားကို ငါကြားပြီ။ 9သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဖို့ မြေတူးရာအရပ်၊ အစဉ်အမြဲ ပျက်စီးရာအရပ် ဖြစ်၍၊ ကျန်ကြွင်းသော ငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူသိမ်းစားကြလိမ့်မည်။ 10ထိုသူတို့သည် မာနကြီးသောသူဖြစ်၍၊ ကဲ့ရဲ့လျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ လူမျိုးတစ်ဖက်၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည်။ 11ထာဝရဘုရားသည် သူတို့တစ်ဖက်၌ ကြောက်မက်ဖွယ်ဖြစ်၍၊ လောကီဘုရား ရှိသမျှတို့ကို အငတ်ထားတော်မူလိမ့်မည်။ တစ်ပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။ 12အို ကုရှပြည်သားတို့၊ သင်တို့သည်လည်း ငါ့ဓားဖြင့် အသေခံရကြလိမ့်မည်။
13မြောက်မျက်နှာကိုလည်းတိုက်၍ အာရှုရိပြည်ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သောအရပ် ဖြစ်စေတော်မူမည်။ 14မြို့အလယ်၌ သိုးစုများနှင့် တစ်ပါးအမျိုး သားရဲအပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့်မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား၌ အပြောက်ပယ်ရှင်းလျက် ရှိလိမ့်မည်။ 15ထိုမြို့က၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဖူးသောမြို့ ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင်ပယ်ရှင်းရာ၊ သားရဲအိပ်ရာအရပ် ဖြစ်ပါသည်တကား။ လျှောက်သွားသော သူအပေါင်းတို့သည် ကဲ့ရဲ့သံကိုပြု၍ လက်ဖျားခါကြလိမ့်မည်။

ဇေဖနိအနာဂတ္တိကျမ်း - ၂ (အနက်ဖွင့်)

၂။ နောင်တရကြရန် ယုဒလူမျိုးပြန်ခေါ်ခြင်း (:)

အရှက်အကြောင်ကင်းမဲ့ (NKJV Marg)သော ဆန္ဒမပါသော ထိုယုဒလူမျိုးအား ဘုရားသခင်သည် ချစ်လက်စမကုန်နိုင်သဖြင့် နောင်တရကြလျက်၊ ဘုရားသခင်ထံ လှည့်ပြန်လာကြဖို့ ပြန်ခေါ်နေသည်။ အပိုဒ်ငယ်(၃)မှာ ရွေးနှုတ်ခံရသူ ဖြောင့်မတ်သောယုဒလူများကို ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ဘုရားသခင်အား လိုလားဆန္ဒရှိစွာ ရှာဖွေကြပါလျှင် ထိုအမျက်ဒေါသသင့်ရာနေ့ရက်၌ ဘေးမသီရန်မခ လုံခြုံစွာရှိနေစေဖို့ ဘုရား သခင်က ကွယ်ကာပေးထားလိမ့်မည်။ အမျက်ဒေါသမှ ကင်းလွတ်သည့် ပုန်းခိုရာနေရာကို ရရှိကြမည်။

၃။ တပါးအမျိုးသားတို့၏ ကံကြမ္မာ

(ကဖိလိတ္တိလူမျိုး (:)

          အပိုဒ်ငယ် ၄မှ၁၅တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ် လေးဘက်လေးလံရှိသူများ တရား စီရင်ခြင်းခံရမည့်အကြောင်း ကြိုပြောထားသည်။ ပထမဦးစွာ ဖိလိတ္တိများဟုခေါ်သော ခေရသိလူများ ခံစားရမည်။ ဂါဇ၊ အာရှကေလုန်၊ အာဇုတ် အစရှိသောသူတို့မြို့ကြီးများကို သုတ်သင်ပယ်ရှင်းမည်။ ထိုမြို့ပြ ပြည်ရွာများ ပျက်သုဉ်းပြီး ယုဒပြည်၏စားကျက်မြေ ဖြစ်သွားမည်။

(မောဘနှင့် အမ္မုန်လူမျိုးများ (:၁၁)

နောက်လူမျိုးများမှာ မောဘနှင့်အမ္မုန်လူမျိုးဖြစ်သည်။ ထိုလူမျိုးများသည် ဘုရားသခင်၏ လူမျိုးအပေါ် တွင် မထီမဲ့မြင်စကား၊ ထောင်လွှားသောစကားများဖြင့် ကဲ့ရဲ့ရှုတ်ချ ခဲ့ကြသည်။

ဘုရားသခင်သည် ထိုလူမျိုးများ၏ဆန့်ကျင်ဘက်၌ ရပ်တည်မည်။ ထိုလူမျိုးများနေထိုင်ရာဒေသကို ခြောက်သွေ့စေမည်။ အပိုဒ်ငယ် (၁၁)သည် ကမ္ဘာမြေပေါ်ရှိ ဘုရားကြီးငယ်ဟူသမျှ တိမ်ကောပျောက်ကွယ်မည့် မိလေနိကာလအကြောင်း ဖြစ်သည်။

(အဲသယောပိလူမျိုး (:၁၂)

ထိုလူမျိုးသည်လည်း ဘုရားသခင်၏ဓါးဖြင့် စီရင်ခြင်း (ဗာဗုလုန်ဘုရင်၏လက်ချက်) ခံစားရမည်။ Feinbergက ဤအဲသယောပိပြည်ကို အဲဂုတ္တုပြည်နှင့်ပါ ဆက်နွယ်ပေးသည်။

အဲသယောပိပြည်၏ ကံကြမ္မာသည် ၎င်း၏လက်အောက်ခံ အဲဂုတ္တုရာဇဝင်နှင့် ဆက်နွယ်နေသည်။ ယေရမိ ၄၆:၉နှင့် ယေဇကျေလ ၃၀:၉တို့ကို ဖတ်ပါ။ ထိုကျမ်းပိုဒ်များအရ အဲဂုတ္တုပြည်သည် အဲသရောပိ ပိုင်နက်အဝင်ဟု ယုံကြည်လောက်သည်။

(အာရှုရိလူမျိုးနှင့် အထူးသဖြင့် နိနေဝေမြို့ (:၁၃၁၅)

နေဗုခပ်နေဇာမင်းကလည်း အာရှုရိပြည်ကို သိမ်းပိုက်မည်။ နိနေဝေမြို့သည် လူသူကင်းမဲ့လျက်ကျေးငှက် သာရကာနှင့် တိရစ္ဆာန်တို့အတွက် ဘေးမဲ့တောဖြစ်စေမည်။ ထိုမြို့အနီးအပါးသို့ ဖြတ်သန်းသူများဟာ လက်ဖျား ခါ၍ကဲ့ရဲ့သံပြုကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။