ဇာခရိအနာဂတ္တိကျမ်း - ၂

တိုင်းစရာကြိုးကိုကိုင်သူ
1တစ်ဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကိုကိုင်သော လူတစ်ဦးကိုမြင်လျှင်၊ 2အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင်မြို့ အလျားအနံကိုသိလို၍ မြို့ကို တိုင်းခြင်းငှာသွားသည်ဟု ပြန်ပြော၏။ 3ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည်ထွက်သွားသော်၊ အခြားသောကောင်းကင်တမန်သည် ကြိုဆိုလျက်၊ 4သင်သည်ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန်များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။ 5ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြို့ကိုကာသော မီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည် မြို့၏ဘုန်းအသရေဖြစ်မည်။
ပြည်နှင်ဒဏ်သင့်သူတို့အားခေါ်ခြင်း
6အချင်းတို့၊ အချင်းတို့၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလော့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ မိုးကောင်းကင်အောက် လေးမျက်နှာတို့၌ သင်တို့ကို ငါနှံ့ပြားစေပြီဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ 7ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။ 8ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ရှိရာသို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။ 9သူတို့ကို ငါတိုက်၍ သူတို့၏ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
10အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်းလော့။ ငါလာ၍ သင့်အလယ်၌ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 11ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရားဘက်သို့ဝင်စား၍ ငါ၏လူ ဖြစ်ကြလိမ့်မည်။ သင့်အလယ်၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရလိမ့်မည်။ 12ထာဝရဘုရားသည် သန့်ရှင်းသောပြည်၌ မိမိအဖို့ ယုဒပြည်ကို အမွေခံ၍ တစ်ဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။ 13အို လူသတ္တဝါအပေါင်းတို့၊ ထာဝရဘုရား ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသော ကျိန်းဝပ်ရာဌာနတော်၌ ထတော်မူပြီ။

ဇာခရိအနာဂတ္တိကျမ်း - ၂ (အနက်ဖွင့်)

(ပေကြိုးကိုင်ဆောင်သူတစ်ဦး (အခန်း၂)

          အဓိပ္ပါယ်-အနာဂတ်တွင် ယေရုရှလင်မြို့၏ ကြွယ်ဝချမ်းသာမှု၊ လူဦးရေစည်ကားသိုက်မြိုက်မှုနှင့် လုံခြုံမှု အကြောင်းဖြစ်သည်။

: တတိယရူပါရုံမှာ ပေကြိုးကိုင်ဆောင်လာသူ တစ်ဦးဖြစ်သည်။ ပရောဖက်ဇာခရိက အဘယ်သွား မည်လဲဟု မေးသောအခါ အသစ်ပြန်တည်ဆောက်မည့်ယေရုရှလင်မြို့အဖို့ အလျားအနံကို သွားရောက်တိုင်းတာ မည့်အကြောင်း ပြောပြသည်။ ထိုစဉ်တွင် ဘုရားသခင်၏ကောင်းကင်တမန်က (အခြားကောင်းကင်တမန် ဇာခရိ သို့မဟုတ် ပေကြိုးကိုင်လုလင်လည်းဖြစ်နိုင်သည်)အား ယေရုရှလင်မြို့သည် လူဦးရေတိုးပွားစည်ပင်လာမည် ဖြစ်သောကြောင့် မြို့ရိုးတံတိုင်းကို မလိုအပ်ကြောင်း ဘုရားသခင်ကိုယ်တိုင် ကွယ်ကာစောင့်ရှောက်မည်ဖြစ် ကြောင်းပြောလိုက်သည်။ ထိုစကားမှာ ခရစ်တော်အုပ်စိုးမည့် အနှစ်တစ်ထောင်နိုင်ငံတော်၏ ယေရုရှလင်မြို့ကို ညွှန်းဆိုခြင်းဖြစ်သည်။

:၁၂ ပြည်ပ၌ကြွင်းကျန်ရစ်သော ယုဒလူများကို ယေရုရှလင်မြို့သို့ မြောက်အရပ်မှ ပြန်လာကြရန်ဆင့် ဆိုသည်။ (ဗာဗုလုန်သည် ယေရုရှလင်၏အရှေ့မြောက်ဘက်တွင် ရှိသော်လည်း၊ ယေရုရှလင်မြောက်ဘက် မြေဆီသြဇာကောင်းသော လခြမ်းချိုင့်ဝှမ်းလွင်ပြင်မှာ လမ်းသင့်သောကြောင့် ဣသရေလများ မြောက်အရပ်မှ ဝင်လာရန် ဆင့်ဆိုခြင်းဖြစ်ပါသည်) ဤဗျာဒိတ်တော်သည်လည်း ခရစ်တော် ဒုတိယအကြိမ်ကြွလာသည့်နောက် ပိုင်းတွင် ပြည့်စုံမည်။ မျက်ဆန်တော်ကိုထိသောသူ ဆိုသောကျမ်းစကားမှာ လူမျိုးတော်၏ရန်သူများကိုဆိုလို၍ ဘုရားသခင်က သူတို့ကို အပြစ်ပေးလိမ့်မည်။ အနှစ်တစ်ထောင်နိုင်ငံတော်၏ ဗိမာန်တော်သို့ ခရစ်တော်ကြွလာ သောအခါ ချီးမွမ်းသီချင်းသံများ လျှံထွက်လာမည်။ တပါးအမျိုးသားတို့သည် ထိုနေ့ရက်၌ ဘုရားသခင်ထံ ချဉ်းကပ်ရောက်ရှိလာကြမည်။ ယုဒပြည်(ပါလေတိနဒေသ)အား သန့်ရှင်းသောပြည် အဖြစ်ညွှန်းဆိုခြင်းကို သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ဤတစ်နေရာတည်း၌သာ တွေ့ရှိရသည်။

:၁၃ ဘုရားသခင်ကိုယ်တော်တိုင် တပါးအမျိုးသားများကို အရေးယူအပြစ်ပေးတော့မည်ဖြစ်သော ကြောင့် တလောကလုံး ငြိမ်ဝပ်စွာနေကြရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။