ဇာခရိအနာဂတ္တိကျမ်း - ၁

နောင်တရရန်ခေါ်တော်မူခြင်း
1ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါသား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ 2ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ။ 3သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ငါ့ထံသို့ ပြန်၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ငါသည်လည်း သင်တို့ရှိရာသို့ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေထာဝရဘုရား မိန့်တော်မူ၏။ 4ရှေးပရောဖက်တို့က၊ သင်တို့ မကောင်းသောလမ်း၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင်ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ 5ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း။ ပရောဖက်တို့သည် အစဉ်အမြဲ အသက်ရှင်တတ်ကြသလော။ 6ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကိုမီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူသည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။
မြင်းများရူပါရုံ
7ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်းဟူသော ရှေဗတ်လ နှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊ 8ညအခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတစ်ဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတုတော၌ ရပ်၏။ သူ့နောက်မှာ နီသောမြင်း၊ ညိုသောမြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။ 9ငါကလည်း၊ အို သခင်၊ ထိုသူတို့ကား အဘယ်သူနည်းဟု မေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ၊ 10မုရတုတော၌ ရပ်သောလူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှာ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။ 11ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီးတစ်လျှောက်လုံးသည် အမှုမရှိ။ ငြိမ်ဝပ်လျက်ရှိပါ၏ဟု မုရတုတော၌ရပ်သော ထာဝရဘုရား၏ကောင်းကင်တမန်အား ပြန်လျှောက်ကြ၏။
12တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ်လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက်သော်၊ 13ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ကောင်းသောစကား၊ နှစ်သိမ့်စေသောစကား ပြန်ပြောတော်မူ၏။ 14ငါနှင့် ပြောဆိုသော ကောင်းကင်တမန်ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဖို့ အလွန်ကြင်နာသောစိတ်အားကြီး၏။ 15ငြိမ်ဝပ်စွာနေသော တစ်ပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။ 16ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကိုလည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ 17တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ်သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ ပြုစုဦးမည်ဟု မိန့်တော်မူ၏။
ဦးချိုများနှင့်လက်သမားလေးဦး
18တစ်ဖန် ငါမျှော်ကြည့်၍ ဦးချိုလေးချောင်းကို မြင်၏။ 19ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အားလည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။ 20ထာဝရဘုရားသည်လည်း လက်သမားလေးဦးတို့ကို ပြတော်မူ၏။ 21ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှာလာပါသနည်းဟု မေးလျှောက်သော်၊ ကောင်းကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှမျှော်၍ မကြည့်ဝံ့အောင်၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ကို ကွဲပြားစေခြင်းငှာ တိုက်လာသောထိုဦးချိုတို့ကို ခြိမ်းမောင်း၍၊ တစ်ပါးအမျိုး၏ဦးချိုတို့ကို ရှုတ်ချသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။

ဇာခရိအနာဂတ္တိကျမ်း - ၁ (အနက်ဖွင့်)

၁။ နောင်တရ၍ နာခံခြင်းရှိဖို့ တိုက်တွန်းခြင်း၊ ဘိုးဘွားများ၏အမှားများကို သင်ခန်းစာယူတတ်ဖို့ သတိပေးခြင်း (:)

ပထမပိုင်းအပိုဒ်ငယ် (၆)ခုသည် ဗေရခိ၏သား ဇာခရိဖြစ်ကြောင်း မိတ်ဆက်ကဏ္ဍဖြစ်သည်။ ယုဒလူများ အား ဘုရားသခင်ထံတော်သို့ ပြန်လည်ခေါ်ဆောင်ဖို့ ဘုရားသခင်က ရွေးနှုတ်ခန့်ထားသူဖြစ်သည်။ အပိုဒ်ငယ် ၃ခုသည် ဤကျမ်းစာ၏ အဓိကသော့ချက်ဖြစ်သည်။ ထာဝရဘုရားမိန့်တော်ရှိသည်မှာ ငါထံသို့ပြန်လာကြလော့ ငါသည်လည်း သင်တို့ရှိရာသို့ ပြန်လာမည်ဟု မိန့်တော်မူသည်။ ယုဒဘိုးဘေးများသည် ဟေရှာယ၊ ယေရမိ၊ ဟောရှေစသော ရှေးပရောဖက်များ၏ ဟောပြောချက်များကို မနာခံ ငြင်းပယ်ခဲ့ကြသောကြောင့် ဘုရားရှင်၏ အပြစ်စီရင်ခြင်းခံခဲ့ရသည်ကို သင်ခန်းစာယူကြဖို့ တိုက်တွန်းသည်။ ဘုရားသခင်သည် အပြစ်အလျောက် စီရင်သော ဘုရားဖြစ်ကြောင်း သတိပေးသည်။

၂။ ရူပါရုံရှစ်ပါး– ဗိမာန်တော်ပြန်လည်တည်ဆောင်ဖို့ ပုံဖော်တိုက်တွန်းခြင်း (::)

          ဇာခရိသည် သူ့ခေတ်ကာလမှအစပြု၍ နှစ်တစ်ထောင် နိုင်ငံတော်ကာလထိတိုင် မြင်ကွင်းကျယ် ဇာတ်လမ်းကြီးကို ပရောဖက်ပြုတင်ဆက်ထားသည်။

(ကမြင်းနီစီးသူ (:၁၇)

အဓိပ္ပါယ်-တပါးအမျိုးသားများငြိမ်သက်ခြင်း ရရှိစဉ် ဘုရားသခင်၏လူများ ဆင်းရဲဒုက္ခခံစားနေခြင်း အပေါ် ဘုရားရှင်စိတ်မရွှင်နိုင်ပါ။ ထို့ကြောင့် သူ့လူမျိုးကို ပြန်လည်ရွေးနှုတ်စုစည်း၍ တပါးအမျိုးသားများကို အပြစ်ဒဏ်ပေးမည်။

:၁၁ အပိုဒ်ငယ်(၇)တွင် ပရောဖက်၏ ရူပါရုံရှစ်ပါးကို စတင်ဖော်ပြသည်။

ပထမဦးဆုံးရူပါရုံမှာ သခင်ဘုရား (မြင်းနီစီးသူ “ဘုရားသခင်၏ကောင်းကင်တမန်” ငယ်၁၁ယှဉ်ဖတ်) ကို ဗိုလ်ခြေများ (ကောင်းကင်တမန်များ)နှင့်အတူ တွေ့ရသည်။ ထိုသူတို့သည် မြင်းနီ၊ မြင်းညို၊ မြင်းဖြူများကို စီး၍ ကမ္ဘာအနှံ့သို့ ထာဝရဘုရား စေလွှတ်တော်မူသောသူများဖြစ်သည်။ မုရတုတောချိုင့်ဝှမ်းဆိုသည်မှာ ဣသရေ လလူမျိုးတို့သည် တပါးအမျိုးသားများထက် နိမ့်သောအရပ်၌ စိုးစံရမည့်အကြောင်းနိမိတ်ဖြစ်သည်။ ပရောဖက်က ထိုမြင်းစီးသူရဲများအား မည်သူတွေနည်းဟု မေးမြန်းသောအခါ အနားရှိကောင်းကင်တမန်က သူတို့သည် ကမ္ဘာအနှံသွားရောက်သူများဖြစ်သည်ဟု ရှင်းပြသည်။ ထိုမြင်းစီးသူရဲများက ကမ္ဘာအနှံ၌ တည်ငြိမ်လျက်ရှိကြောင်း ဘုရားသခင်၏လူများကို ဖိစီးနှိပ်ကွပ်ထားသော တပါးအမျိုးသား ဗာဗုလုန်နိုင်ငံ၌ပင် ထူးခြားဖြစ်စဉ်မရှိ ငြိမ်သက်အေးဆေးသည့်အကြောင်း ဖြစ်သည်။

:၁၂၁၇ ထိုအခိုက်မှာ ဘုရားသခင်၏ကောင်းကင်တမန်က ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အား ယေရုရှလင်မြို့နှင့် ယုဒမြို့များအပေါ် အမျက်တော်ကျသင့်စေခဲ့သည်မှာ နှစ်ပေါင်း (၇၀)ရှိပြီဖြစ်၍ မည်မျှ ကြာဦးမည်နည်းဟုမေးသည်။ ဘုရားရှင်ကလည်း မှန်ပါသည်။ ယေရုရှလင်မြို့အား အနည်းငယ်အမျက်တော် ရှသည်နှင့် တပြိုင်နက်တပါးအမျိုးသားများက ဝိုင်းဝန်းညှဉ်းဆဲအမဲဖျက်ကြသည်။ ထို့ကြောင့် ယေရုရှလင်မြို့သို့ ဘုရားရှင်ပြန်လာမည်။ ဗိမာန်တော်ပြန်တည်ဆောက်ရမည်ဟု မိန့်ဆိုသည်။ ဤနေရာတွင် တိုင်းထွာရမည်ဆိုသည် မှာ ၆ရာ၊ ၂၁:၁၃ပါပျက်စီးမှုအား ပြန်လည်တည်ဆောက်မည့် နှစ်သိမ့်ခြင်းဖြစ်သည်။ ယုဒမြို့များကို ပြန်၍စည်ပင် စေမည်။ ဇိအုန်တောင်သားတို့ကို နှစ်သိမ့်စေမည်။ ယေရုရှလင် မြို့သားတို့ကို ရွေးကောက်ဦးမည်ဟု ဘုရားရှင် တော် အမိန့်ရှိခဲ့သည်။

(ဦးချိုလေးချောင်းနှင့်လက်သမားလေးဦး (:၁၈:၂၁)

အဓိပ္ပါယ် – တပါးအမျိုးသားတို့၏လက်နက် နိုင်ငံတော်အင်ပါယာလေးခု ပြိုလဲပျက်စီးမည့်အကြောင်း ဖြစ်သည်။

ဒုတိယရူပါရုံမှာ အနာဂတ်နှင့် ဆိုင်သည်။ ဦးချိုလေးချောင်းမှာ ယုဒပြည်၊ ဣသရေလနှင့် ယေရုရှလင် အား ပြိုကွဲပျက်စီး ပျံ့လွင့်စေသော လက်နက် နိုင်ငံတော် အင်ပါယာလေးခု ဖြစ်သည်။ တနည်းအားဖြင့် တပါး အမျိုးသားများ၏နိုင်ငံတော် ဗာဗုလုန်၊ ပါရှား၊ ဂရိနှင့် ရောမပြည် တို့ဖြစ်သည်။ လက်သမားလေးဦးကိုမူ မထင်ရှားပါ။ သို့သော် ယုဒတို့အား ဖြိုခွဲဖျက်ဆီးခဲ့သော တပါးအမျိုးသားနိုင်ငံတော်များကို တုန့်ပြန်ဖျက်ဆီးဖို့ ဘုရားသခင်ပေါ်ထွန်းစေသူများ ဖြစ်မည်ဟု နားလည်ရသည်။ ထိုအကြောင်းကို G Colemanက ဤသို့ရှင်းပြ သည်။

ဘုရားသခင်၏ ဤလက်သမားလေးဦးကား မည်သည့်အရာတွေနည်း။ ယေဇ ၁၄:၂၁နှင့် ဗျာ ၆:၁-၈၌ပါရှိသည့် ဘုရားသခင်၏တရားစီရင်ခြင်း လေးမျိုးဖြစ်သော စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ သားရဲနှင့် ရောဂါကပ်ဆိုးတို့ကို ရည်ညွှန်းဟန်တူသည်။ နောက်တခုမှာ အောင်မြင်ခြင်း တန်ခိုးဖြစ်သည်။ အစောပိုင်းတွင် ဧကရာဇ်လက်နက်နိုင်ငံတော်လေးပါး ဖော်ပြခဲ့ရာ၊ ပါရှားက ဗာဗုလုန်ကို အောင်မြင်ခြင်း၊ ဂရိက ပါရှားကိုအောင်မြင်ခြင်း၊ ရောမက ဂရိကို အောင်မြင်ခြင်း၊ မေရှိယနိုင်ငံတော်က ရောမအင်ပါယာ ကို အောင်နိုင်ခြင်းများ ဆိုလိုဟန်ရှိသည်။ ယေဘုယျအားဖြင့် စာတန်၏ တန်ခိုးအာဏာလွှမ်းမိုးသော တိုင်းနိုင်ငံများကို ဘုရားသခင်၏လူများက အနိုင်ယူတရားစီရင်မည့်အကြောင်းဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။