သင်ခန်းစာ (၆)
မိန်းမအမျိုးနှင့်မြွေအမျိုး
သင်ခန်းစာ (၅)၌ ကျူးလွန်သောအပြစ်အကြောင်း သင်ခဲ့ကြပြီ။ လူသည် ကောင်းသောအကျင့် မကျင့်နိုင်ကြောင်း သိရှိခဲ့ကြပြီ။ ယခုလူတိုင်းချစ်မြတ်နိုး၍ အသေအလဲကာကွယ်လိုသော အမျိုးအကြောင်းကို လေ့လာကြစို့။ လူမျိုးတိုင်း မိမိအမျိုးကို နှစ်သက်မြတ်နိုးတတ်ကြသည်။ မိမိအမျိုးကို အမွှမ်းတင်တတ်ကြသည်။ အမျိုးကို အထိမခံနိုင်ကြ။ အမျိုးအတွက် အသေခံရဲကြသည်။ သူတပါး၏အမျိုးထက် ကိုယ့်အမျိုးသာ၍ကောင်း၊ ပို၍မြတ်သည်ဟု ယူဆတတ်ကြသည်။ အိမ်ထောင်ဖက်ရွေးချယ်ရာတွင်လည်း အမျိုးအကြောင်းကို ထည့်တွက်စဥ်းစားတတ်ကြသည်။ သို့ဖြစ်၍ အမျိုးအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏အမြင်ကို သိရှိနားလည်ဘို့ လိုအပ်သည်။
ရန်ငြိုးဖွဲ့ခြင်း
အာဒံနှင့်ဧဝတို့သည် မြွေ၏လှည့်ဖျားမှုကြောင့် ကောင်းမကောင်းသိကျွမ်းရာ အပင်၏အသီးကိုစားခြင်းဖြင့် အပြစ်သားဖြစ်ရကြသည်။ ထိုအခါဘုရားသခင်က မြွေကိုခေါ်၍၊ “သင်သည်ဤအမှုကိုပြုသောကြောင့်၊ သားယဥ်သားရဲအပေါင်းတို့ထက်၊ ကျိန်ခြင်းကို ခံရ၏။ သင်သည်ဝမ်းဖြင့်သွား၍၊ မြေမှုန့်ကိုတသက်လုံးစားရမည်။ သင်နှင့်မိန်းမကို၎င်း၊ သင်၏ အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟု၊ မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၄-၁၅)။ အထက်ပါကျမ်းပိုဒ်အရ၊ ဘုရားသခင်သည် မြွေ၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို၊ ရန်ငြိုးဖွဲ့လိုက်သည်။ သို့ဖြစ်လျှင်၊ မြွေ၏အမျိုးအနွယ်သည် မည်သူဖြစ်၍၊ မိန်းမ၏အမျိုးအနွယ်သည် မည်သူနည်း။ ဤအချက်ကိုသိဘို့ရန်၊ ကမ္ဘာပေါ်၌လူဖြစ်နည်း၊ လေးနည်းကိုသိဘို့လိုအပ်သည်။
လူဖြစ်နည်းလေးနည်း
ကမ္ဘာပေါ်၌လူဖြစ်နည်း၊ လေးနည်းရှိသည်။ ၎င်းတို့မှာ၊-
(၁) မိဘမဲ့ (ကမ္ဘာဦး ၂:ရ)
မိဘမရှိဘဲလူဖြစ်လာသောသူရှိသည်။ လူသားများအားလုံး၏ဖခင်ဖြစ်သောအာဒံသည် မြေမှုန့်မှလူဖြစ်လာသည်။ ဘုရားသခင်သည် အာဒံကို မြေမှုန့်မှဖန်ဆင်းခဲ့သည်။ အာဒံ၌မိဘမရှိ။ ကလေးဘဝလည်းမရှိ။ အရွယ်ရောက်သောလူကြီးအဖြစ် ဖန်ဆင်းသည်။ အာဒံကဲ့သို့ ဘုရားသခင်သည် မည်သူကိုမျှ မဖန်ဆင်းတော့ချေ။
(၂) မိခင်မဲ့ (ကမ္ဘာဦး ၂:၂၁-၂၂)
ဖခင်သာရှိ၍ မိခင်မရှိဘဲလူဖြစ်လာသောသူ ရှိသည်။ ထိုသူသည် လူသားအားလုံး၏မိခင်တည်းဟူသော၊ ဧဝ ပင်ဖြစ်သည်။ ဘုရားသခင်သည် အာဒံကိုကြီးသောအိပ်ခြင်းဖြင့်အိပ်စေ၍၊ သူ၏နံရိုးတစ်ချောင်းကိုထုတ်ကာ၊ လူမိန်းမကို ဖန်ဆင်းခဲ့သည်။ ဧဝလည်း ကလေးဘဝမရှိ။ အရွယ်ရောက်သောမိန်းမကြီးအဖြစ် ဖန်ဆင်းခြင်းဖြစ်သည်။ သူကဲ့သို့၊ မည်သူမျှဖန်ဆင်းခြင်းမရှိတော့ချေ။
(၃) မိဘနှစ်ပါး
မိတ်ဆွေနှင့်ကျွန်ုပ်အပါအဝင်၊ လူသားအားလုံးသည် မိဘနှစ်ပါးမှ မွေးဖွားလာကြသည်။ ကလေးဘဝမှ ကြီးပြင်းလာကြသည်။ ဖန်ဆင်းခြင်းအားဖြင့်၊ လူဖြစ်ကြသည်မဟုတ်။ မွေးဖွားခြင်းအားဖြင့်လူဖြစ်ကြသည်။
(၄) မိန်းမအမျိုး
မိခင်ရှိသော်လည်း ဖခင်မရှိဘဲ လူဖြစ်သောသူရှိသည်။ ထိုသူသည် သခင်ယေရှုပင် ဖြစ်သည်။ သခင်ယေရှု၌ မိခင်မာရိရှိသော်လည်း၊ လူဖခင်မရှိပေ။ လူများအထင်အမှတ်အားဖြင့်၊ ယောသပ်သည် သူ၏ဖခင်ဖြစ်သည် (လုကာ ၃း၂၃)။ သို့သော် သခင်ယေရှုသည်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မာရိ၏ဝမ်း၌ ပဋိသန္ဓေယူခြင်းသာ ဖြစ်သည် (မဿဲ ၁း၁၈-၂၀)။ ထို့ကြောင့်၊ မိန်းမအမျိုးသည် သခင်ယေရှုပင် ဖြစ်သည်။
မြွေအမျိုး
မိန်းမအမျိုးသည်သခင်ယေရှုဖြစ်ပါက မြွေအမျိုးသည်မည်သူနည်း။
(၁) ဗတ္တိဇံယောဟန်က
ဗတ္တိဇံခံရန်လာကြသောလူအစုအဝေးအား၊ “အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှပြေးသွားစိမ့်သောငှါ၊ သင်တို့ကိုအဘယ်သူသတိပေးဘိသနည်း။” ဟုဆိုခဲ့သည် (မဿဲ ၃:ရ၊ လု ၃:ရ)။ ယောဟန်သည် လူများအား၊ အချင်းမြွေဆိုးအမျိုးဟု အချည်းနှီးပြောသည်မဟုတ်။ သူသည် ဘုရားသခင်စေလွှတ်သောလူဖြစ်သည်။ လူ့မျက်နှာကိုမထောက်ဘဲ အမှန်အတိုင်းပြောခြင်း ဖြစ်သည်။ လူသည် ဘုရားအမြင်၌ မြွေမျိုး ဖြစ်ကြသည်။
(၂) သခင်ယေရှုက လည်း လူများအား၊ “အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်အဆိုးဖြစ်လျက်ကောင်းသောစကားကိုအဘယ်သို့ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မြွက်တတ်၏။”ဟု ဆိုသည် (မဿဲ ၁၂:၃၄)။ သခင်ယေရှုက၊ ဣသရေလလူမျိုးများအား မြွေဆိုးအမျိုးဟု ဆိုသည်။ မြွေဆိုးအမျိုးဖြစ်သောကြောင့်၊ ကောင်းသောစကားကိုမပြောနိုင်ဟု ဆိုသည်။ ဣသရေလလူမျိုးများပင်လျှင်၊ မြွေဆိုးအမျိုးဖြစ်လျှင် တပါးအမျိုးသားများဖြစ်ကြသော၊ ကျွန်ုပ်တို့၌ပြောစရာမလိုတော့ချေ။
မြွေဆိုးအမျိုးဖြစ်ရခြင်း
အာဒံနှင့်ဧဝသည် အပြစ်မကျူးလွန်ခင်၌၊ ဘုရားသားများဖြစ်ကြသည်။ သို့သော် ဘုရားစကားကိုပယ်၍၊ မြွေစကားကိုထောက်ခံသောကြောင့်၊ မြွေသားသမီးများ ဖြစ်သွားကြသည်။ အာဒံနှင့်ဧဝမှဆင်းသက်လာသော လူသားတိုင်းသည်လည်း၊ မြွေအမျိုးဖြစ်ရကြသည်။
မြွေမျိုး၏လက္ခဏာများ
လူသည် မြွေမျိုးဖြစ်သောကြောင့်၊ အောက်ပါမြွေ၏လက္ခဏာများတွေ့ရသည်။
(၁) အဆိပ်အတောက်ရှိခြင်း။
မြွေသည် နှုတ်ခမ်းထဲ၌အဆိပ်အတောက် ရှိသည်။ ထို့နည်းတူ၊ လူ၏နှုတ်ခမ်းအထဲ၌လည်းအဆိပ်အတောက်ရှိသည်။ ကျမ်းစာက၊ “သူတို့၏ နှုတ်ခမ်းထဲမှာမြွေဆိုးအဆိပ်အတောက်ရှိ၏။”ဟု ဆိုသည် (ရောမ ၃:၁၃)။ ရှင်ယာကုပ်ကလည်း၊ “လျှာကိုကားအဘယ်လူမျှမအောင်နိုင်။ မဆုံးမနိုင်သောအဆိုးအညစ်ဖြစ်၏။ သေစေတတ်သောအဆိပ်အတောက်နှင့်ပြည့်စုံ၏။” ဟု ဆိုသည် (ယာကုပ် ၃:၈)။ မြွေ၏အဆိပ်သည်အစွယ်၌ ရှိ၏။ လူ၏အဆိပ်သည်လျှာ၌ရှိ၏။ လူသည် နှုတ်မှပြောသောစကားအားဖြင့် အခြားသူများကို စိတ်နာစေနိုင်သည်၊ အန္တရာယ်ပြုနိုင်သည်၊ ရန်ဖြစ်စေနိုင်သည်။ ထို့ကြောင့်လူသည် မြွေဆိုးအမျိုးဖြစ်ကြောင်း ထင်ရှားသည်။
(၂) လျှာနှစ်ခွရှိခြင်း။
မြွေသည် လျှာနှစ်ခွရှိသကဲ့သို့၊ လူသည်လည်း လျှာနှစ်ခွရှိသည်။ ရှင်ယာကုပ်က၊ “ငါတို့သည်လျှာအားဖြင့်ခမည်းတော်ဘုရားသခင်ကိုကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့်အညီဖန်ဆင်းသောလူကိုလျှာဖြင့်ကျိန်ဆဲတတ်ကြ၏။ နှုတ်တပါးတည်းကထောပနာချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား။” ဟုဆိုသည် (ယာကုပ် ၃:၉-၁၀)။ လူသည် စကားနှစ်မျိုးပြောတတ်သောကြောင့်၊ မြွေကဲ့သို့လျှာနှစ်ခွရှိသည်။ ဘုရားသခင်ကိုချီးမွမ်းသော်လည်း၊ လူကိုအပြစ်တင်ကျိန်ဆဲတတ်သည်။ ရှေ့မှာတမျိုး၊ နောက်ကွယ်မှာတမျိုးပြောတတ်သည်။ ဧည့်သည်ကိုစားပါစားပါဟုပြောသော်လည်း၊ ဧည့်သည်ပြန်သွားသောအခါ၊ စားကျူးသောသူဟု ပြောတတ်သည်။ ထို့ကြောင့် မြွေကဲ့သို့လျှာနှစ်ခွရှိကြောင်း ထင်ရှားသည်။ ယောဟန် ၉ ထဲ၌သခင်ယေရှုက၊ မျက်စိကန်းသောသူကို မျက်စိပြန်မြင်စေခဲ့သည်။ ထိုအခါ ဖါရိရှဲတို့က မျက်စိကမ်းဘူးသောသူကိုခေါ်၍၊ “ဘုရားသခင်ကိုချီးမွမ်းပါ။ ထိုသူ (ယေရှု) သည်၊ လူဆိုးဖြစ်ကြောင်းကိုငါတို့သိ၏ဟုဆိုကြသည်။” (ယော ၉:၂၄)။ ဖာရိရှဲတို့ချီးမွမ်းခိုင်းသောဘုရားသည်၊ သူတို့ကိုယ်တိုင်က လူဆိုးဟုဆိုသောသခင်ယေရှုပင် ဖြစ် သည်။ သူတို့ချီးမွမ်းသောဘုရားကို၊ သူတို့ကိုယ်တိုင်ပြန်ရှုပ်ချသည်။ သူတို့သည် လျှာနှစ်ခွနှင့်ပြောနေမှန်းမသိကြ။ ထို့နည်းတူကျွန်ုပ်တို့လည်း၊ နေ့စဥ်လျှာနှစ်ခွနှင့် ပြောနေမှန်း၊ ကိုယ့်ကိုယ်ကိုမသိကြ။
မြွေဆိုးသွားမည့်နေရာ
သခင်ယေရှုက၊ “မြွေဆိုးအမျိုးတို့၊ သင်တို့သည်အပြစ်ငရဲမှအဘယ်သို့ လွတ်နိုင်မည်နည်း။” ဟု ဆိုထားရာ (မ ၂၃:၃၃) မြွေဆိုးအမျိုးသွားမည့်နေရာသည်၊ ငရဲပင်ဖြစ်သည်။ ထို့ကြောင့်၊ မြွေဆိုးအမျိုးဖြစ်သောလူသားတိုင်းလည်း၊ ငရဲသို့သွားရကြမည်သာ ဖြစ်သည်။
==================