သင်ခန်းစာ (၁၇)
လူဟောင်းသေခြင်း
ကျူးလွန်သောအပြစ်ကို ခရစ်တော်၏အသွေးတော်အားဖြင့် ဆေးကြောဖြေလွှတ်ခြင်းကို သင်ခန်းစာ(၁၄) ၌ သင်ခဲ့ရပြီ။ အသွေးတော်၏ လုပ်ဆောင်ချက်များကို သင်ခန်းစာ (၁၅)၊ ကိုယ်စားခံခြင်းကို သင်ခန်းစာ (၁၆)၌လည်းကောင်း သင်ခဲ့ရပြီ။ ယခုအပြစ် ပြုလုပ်သူလူဟောင်းအကြောင်း လေ့လာဖို့ ဖြစ်သည်။
အပြစ်ပွားများလျှင်ကျေးဇူးတော်ကြွယ်၀
ကျမ်းစာ၌၊ “အပြစ်ပွါးများသည့်အရာမှာကျေးဇူးတော်သာ၍ကြွယ်၀၏။”ဟု ဆိုသည် (ရောမ ၅:၂၀)။ ဆိုလိုသည်မှာ အပြစ်များလေလေကျေးဇူးတော် ခံစားလေလေဖြစ်သည်။ သို့ဖြစ်လျှင် ကျေးဇူးတော်များများ ခံစားဘို့ရန် အပြစ်များများ လုပ်ရမည်လောဟု မေးစရာရှိလာသည်။ ထိုကြောင့်ကျမ်းစာက၊ “ထိုသို့ မှန်လျှင် အဘယ်သို့ ပြုရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှါ အပြစ်တရားကိုကျင့်၍နေရမည်လော။ ထိုသို့ မနေရ။ အပြစ်တရား၌ စုတေ့သောသူသည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။”ဟုဆိုသည် (ရောမ ၆:၁-၂)။ သို့ဖြစ်၍ အပြစ်တရား၌ သေခြင်းအကြောင်းကို လေ့လာကြစို့။
အလင်းနိုင်ငံ၌
ဘုရားသခင်သည် အာဒံအား အလင်းနိုင်ငံ၌ ထားခဲ့သည်။ အလင်းနိုင်ငံဆိုသည်မှာ အပြစ်ကင်းမဲ့သောနေရာ ဘုရားသခင်အုပ်စိုးသောနိုင်ငံကိုဆိုလိုသည်။ အလင်းနိုင်ငံ၌ အပြစ်မရှိသောကြောင့် ဘုရားသခင်နှင့်ပေါင်းဖေါ်၍ရသည်။ ကြောက်ရွံ့ခြင်း၊ ရှက်ခြင်းများမရှိ။
အမှောင်နိုင်ငံသို့
အာဒံသည် ဘုရားသခင်၏ စကားကိုနားမထောင်သောအားဖြင့် အလင်းနိုင်ငံမှအမှောင်နိုင်ငံသို့ကူးပြောင်းသွားသည်။ အမှောင်နိုင်ငံဆိုသည်မှာ ဘုရားသခင်မအုပ်စိုးသောနေရာ ဤလောကကိုဆိုလိုသည်။
အမှောင်နိုင်ငံ၏ သခင်အပြစ်
အမှောင်နိုင်ငံ၏သခင်သည် အပြစ်ဖြစ်သည်။ ခရစ်တော်က၊ “ဒုစရိုက်အပြစ် ပြုသမျှသော သူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်သည်၊” ဟုဆိုသည် (ယောဟန် ၈:၃၄)။ အာဒံသည် ဘုရားစကား နားမထောင်သောကြောင့် အမှောင်နိုင်ငံ၌ အပြစ်၏ကျွန်ဖြစ်ခဲ့ရသည်။
မွေးဘွားခြင်းဖြင့်
အာဒံသည် စကားနားမထောင်ခြင်းဖြင့်အပြစ်၏ ကျွန်ခံရသည်။ သူ၏သားသမီးများသည် အမှောင်နိုင်ငံ၌မွေးဘွားခြင်းအားဖြင့် ရောက်ရှိ၍ အပြစ်၏ ကျွန်ခံရကြသည်။ ငါတို့သည် အာဒံ၏သားများဖြစ်သောကြောင့် ငါတို့၏သခင်သည် အပြစ်ဖြစ်သည်။
လူမတတ်နိုင်
ဘုရားသခင်သည် မိတ်ဆွေ၏အပြစ်များကို ဖြေလွှတ်သော်လည်း မိတ်ဆွေသည် အမှောင်နယ်မြေထဲမှာ အပြစ်၏ကျွန်ခံနေရလျှင် အပြစ်ဆက်လုပ်နေရဦးမှာဖြစ်သည်။ လူသည် အမှောင်နယ်မြေမှထွက်ဘို့ရန်သော်၎င်း၊ အပြစ်ကျွန်မှလွတ်ဘို့ရန်သော်၎င်း၊ မတတ်နိုင်ပါ။
သားတော်စေလွှတ်
ဘုရားသခင်သည် အမှောင်နယ်မြေ၌ အပြစ်၏ကျွန်ခံနေရသောလူသားများကို ကယ်တင်ဘို့ရန် သားတော်ယေရှုကို အမှောင်နယ်မြေထဲသို့ စေလွှတ်သည် (ဟေဗြဲ ၂:၁၄-၁၅၊ မဿဲ ၄:၁၄-၁၆)။ သခင်ယေရှုသည် အမှောင်နယ်မြေထဲ၌ နေရသော်လည်း အပြစ်၏ကျွန်မခံချေ (၁ ပေ ၂:၂၂)။ ထို့ကြောင့် အမှောင်နယ်မြေထဲမှာ အပြစ်၏ကျွန်ခံနေရသောသူတို့ကို ကယ်တင်ခြင်းငှာ တတ်စွမ်းနိုင်သည်။
ခရစ်တော်၌
လူသည် အမှောင်နယ်မြေထဲသို့ မွေးဘွားခြင်းအားဖြင့် ရောက်ရှိလာသည်။ ထို့ကြောင့် သေခြင်းဖြင့်သာ ပြန်ထွက်နိုင်သည်။ ဥပမာ မိသားစုထဲ၌ မွေးဘွားခြင်းဖြင့် ရောက်လာ၍ သေခြင်းဖြင့်ပြန်ထွက်ရသည်။ ထိုနည်းတူ လူသည် သေခြင်းဖြင့် အမှောင်နယ်မှ ပြန်ထွက်ရမည်။ သို့သော်ကိုယ်ခန္ဓာသေလျှင် ငရဲရောက်ဘို့သာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်က လူကို ခရစ်တော်အထဲ၌ ထည့်လိုက်သည် (၁ ကော ၁:၃၀)။ ထိုသို့ ဘုရားသခင်က လူကို ခရစ်တော်အထဲ၌ ထည့်ခြင်းကို ယုံကြည်ခြင်းအားဖြင့်လက်ခံဘို့ လိုသည်။
လူဟောင်းသေ
အမှောင်နယ်မြေ၌ မွေးဖွား၍ အပြစ်၏ကျွန်ခံနေရသောလူကို လူဟောင်းဟုခေါ်သည်။ ထိုလူဟောင်းသည် ဘုရားစကားကို နားမထောင်နိုင်။ အကြောင်းမှာ သူ့သခင်အပြစ်၏စကား နားထောင်ဖို့လိုသောကြောင့် ဖြစ်သည်။ ထိုလူဟောင်းကို ဘာသာရေးသမားများက ကောင်းသောအကျင့်ကျင့်ဖို့ရန် သွန်သင်သော်လည်းမရ။ ဘုရားသခင်အနေဖြင့် ထိုလူဟောင်းကို ပြုပြင်ဖို့မကြိုးစား။ ထို့ထက် အဆုံးစီရင်ဖို့ အကြံရှိသည်။ ထို့ကြောင့် လူဟောင်းကို ခရစ်တော်အထဲ၌ထည့်လျက် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံစေသည်။ ကျမ်းစာ၌၊ “ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်း ခံရပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှါ အပြစ်တရား၏ကိုယ်ကို ဖျက်စီးမည့်အကြောင်းတည်း။” ဟု ဆိုထားသည် (ရောမ ၆:၆)။ လူဟောင်းသည် အပြစ်ကျွန်ခံရာမှ ခရစ်တော်နှင့်အတူ အသေခံသောအခါ အပြစ်၏ကျွန်မှ လွတ်မြောက်သွားသည်။ အကြောင်းမူကား၊ “သေသောသူသည် အပြစ်တရား၏လက်မှလွတ်လျက်ရှိ၏။” (ရောမ ၆:ရ)။ လူသေကို မည်သူမျှ မစေခိုင်းနိုင်ချေ။ ထို့နည်းတူ သေနေသော လူဟောင်းကို အပြစ်တရားက မအုပ်ချုပ်နိုင်တော့ချေ။ ထိုနည်းဖြင့် လူဟောင်းသည် အပြစ်၏ကျွန်မှ၎င်း၊ အမှောင်နယ်မြေမှ၎င်း လွတ်မြောက်လာသည်။
ဘုရားအမြင်နှင့်လူ့အမြင်
လူ့အမြင်၌ လက်ဝါးကပ်တိုင်ပေါ်မှာ ခရစ်တော်အသေခံသည်။ သို့သော် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ခရစ်တော်သေဖို့ရန် မဟုတ်။ လူဟောင်းသေဖို့ရန် ဖြစ်သည်။ ထို့ကြောင့် လူဟောင်းကို ခရစ်တော်အထဲ၌ထည့်လျက် ခရစ်တော်နှင့်အတူ အသေခံစေသည်။ ထို့ကြောင့် ဘုရားအမြင်၌ လက်ဝါးကပ်တိုင်ပေါ်တွင် လူဟောင်းသေနေသည်။
ယုံကြည်ခြင်းဖြင့်လက်ခံ
မိတ်ဆွေ အနေဖြင့် ခရစ်တော်နှင့် အသေခံခြင်းကို လက်ခံဘို့ရန် ခက်နေပေလိမ့်မည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့လိုသည်။ ရှင်ပေါလုသည်လည်း ခရစ်တော်အသေခံသောအခါ ယုံကြည်သူမဟုတ်သေးပါ။ သို့သော်နောက်ပိုင်း၌ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံပြီ။” ဟု၀န်ခံခဲ့သည် (ဂလာတိ ၂:၂၀)။
မြှုပ်နှံဗတ္တိဇံခံ
လူသည် သေသွားသောအခါ သင်္ချိုင်းထဲ၌မြှုပ်နှံရသည်။ ထိုနည်းတူ ခရစ်တော်နှင့်အတူ သေသော လူဟောင်းကိုလည်း ခရစ်တော်နှင့်အတူ မြှုပ်နှံခြင်းခံရသည်။ မြှုပ်နှံခြင်းကို ဗတ္တိဇံဟုခေါ်သည်။ ရှင်ပေါလုက၊ “အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင်နှင့်အတူသင်္ဂြိုလ်ခြင်းကို ခံရကြ၏။” ဟု ဆိုသည် (ရောမ ၆:၄)။ ထို့ကြောင့် မိတ်ဆွေသည် ခရစ်တော်နှင့်အတူ သြင်္ဂိုလ်ခြင်းကို ခံရသည်။ မိတ်ဆွေ၏ လူဟောင်းသည် လက်ဝါးကပ်တိုင်၌ အသေခံ၍ သင်္ချိုင်း၌ အဆုံးသတ်သည်။ ထို့ကြောင့် မိတ်ဆွေသည် အပြစ်ကျွန်မှ လွတ်မြောက်ခဲပြီး ဖြစ်သည်။
ရှင်ပြန်ထမြောက်ခြင်း
သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ ထိုနည်းတူ ငါတို့သည်လည်း အသစ်သော အသက်တာအားဖြင့် ရှင်ပြန်ထမြောက်ကြပြီ။ ကျမ်းစာ၌၊ “ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူသည့်နည်းတူ၊ ငါတို့လည်း အသစ်သော အသက်တာ၌ ကျင်လည် ရကြသတည်း။”ဟု ဆိုသည် (ရောမ ၆:၄)။ တဖန်ကျမ်းစာက၊ “ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်း မှထမြောက် စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ် တော်မူခြင်းကို ယုံကြည်သောအားဖြင့် ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။ (ကောလောသဲ ၂:၁၂)။ ထို့ကြောင့် မိတ်ဆွေလည်းထမြောက်ပြီးဖြစ်သည်။
အသစ်သောအသက်တာဖြင့်
ထိုသို့ ရှင်ပြန်ထမြောက်သောအခါ လူဟောင်းထမြောက်သည်မဟုတ်၊ အသစ်သော အသက်တာ၊ လူသစ်ထမြောက်သည်။ ကျမ်းစာ၌၊ “အချင်းလူမိုက် သင်စိုက်သော မျိုးစေ့ မပျက်လျှင်မရှင်တတ်။ ထိုမှတပါး မျိုးစေ့ကိုစိုက်သောအခါ နောက်ဖြစ်လတံ့သောကိုယ်ကို မစိုက်။ ဂျုံစပါးဖြစ်စေ အခြားသောစပါး ဖြစ်စေ အစေ့သက်သက်ကို စိုက်တတ်၏။ ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ကိုယ်ကိုပေးတော်မူ၏။” (၁ ကော ၁၅:၃၆-၃၈)။ ဆိုလိုသည်မှာ စိုက်သောအစေ့နှင့် ပေါက်လာသော အပင်သည် ပုံသဏ္ဍန်ခြင်းမတူညီပါ။ စပါးစေ့သည် ချောက်၍ သေသောလက္ခဏာရှိ၏။ ပေါက်လာသော အပင်သည် စိမ်းစို၍ အသက်ရှင်သော လက္ခဏာရှိ၏။ ထို့နည်းတူ ခရစ်တော်နှင့်အတူ သေသောလူဟောင်းနှင့် ရှင်ပြန်ထမြောက်သော လူသစ်သည် မတူတော့ပါ။ “လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည် ကုန်လွန်၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ။” (၂ ကော ၅:၁ရ)။ ထိုသို့ ခရစ်တော်၌ အသစ်သော အသက်တာဖြင့် မွေးဘွားလာသော သူကို ဒုတိယမွေးဘွားသူ ဟုခေါ်သည်။ များသောအားဖြင့် ဒုတိယမွေးဘွားခြင်း born again သည် အကျင့်ပြောင်းလဲခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းကို ဆိုလိုတတ်ကြသည်။ ထိုကြောင့် အကျင့်အလွန်ကောင်းလျှင်၎င်း၊ ဘုရားတရားအလွန်ကြိုးစားလျှင်၎င်း၊ အလွန် born again ဖြစ်သည်ဟု ဆိုတတ်ကြသည်။ ခလေးမွေးဘွားသောအခါ အလွန်မွေးသည်ဟု မရှိဘူးပါ။ အကျင့်ပြောင်းလဲခြင်းဖြင့် မွေးနိုင်လျှင် ခရစ်တော်ကြွလာပြီး အသေခံစရာမလိုပါ။ ထိုကြောင့်ဒုတိယမွေးဘွားခြင်းသည် လူအားဖြင့်မဟုတ်၊ ဘုရားသခင်က သားတော်အားဖြင့် လုပ်ဆောင်သောအရာ ဖြစ်သည်။ သို့ဖြစ်၍ မည်သူမျှ ဒုတိယမွေးဘွားခြင်း မဖြစ်နိုင်သောသူမရှိ။ ဘုရားသခင်၏ လုပ်ဆောင်ချက် မသိခြင်းကြောင့်သာလျှင် ဒုတိယမွေးဘွားခြင်း ဖြစ်သည်။ ဒုတိယမွေးဘွားရန် လုပ်ဆောင်စရာမရှိ။ ယုံကြည်ခြင်းဖြင့် လက်ခံဘို့သာလျှင် မိတ်ဆွေ၏ တာ၀န်ဖြစ် သည်။
==================