ရှောလမုန်သီချင်း - ၃

သတို့သမီးအိပ်မက်
1ငါ့ဝိညာဉ်ချစ်သောသူကို ညအခါ အိပ်ရာပေါ်မှာ ငါရှာ၏။ ရှာသော်လည်း မတွေ့။ 2ငါထမည်။ မြို့လမ်းတို့တွင်လည်မည်။ ငါ့ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင် ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။ 3မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကိုတွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သောသူကို မြင်ကြသလောဟု ငါမေး၏။ 4သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါ့ဝိညာဉ်ချစ်သောသူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင်၍ ငါ့ကိုဖွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့၏။
5ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလို မနိုးမီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သောသမင်ဒရယ်များကို တိုင်တည်၍၊ သင်တို့ကိုငါမှာထား၏။
သတို့သားရောက်လာပြီ
6မုရန်၊ လောဗန်အစရှိသော ကုန်သည်ရောင်းတတ်သော နံ့သာမှုန့်မျိုးကိုမီးရှို့၍၊ ထသော မီးခိုးတိုင်သဏ္ဌာန်ရှိလျက် တောထဲကလာသော ထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။
ရှောလမုန်မင်း၏ ယာဉ်ပျံတော်ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုးသားသူရဲ အခြွေအရံရှိကြ၏။ 7ထိုသူအပေါင်းတို့သည် ဓားကိုင်လျက်၊ စစ်မှုစစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။ 8ညအခါစိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်း မိမိအပေါ်၌ မိမိဓားကို မြှောင်ထားလျက်ရှိ၏။ 9လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။ 10ကွန်းစင်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ပိုင်းကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ဗလာဖြင့်လည်းကောင်း ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီးတို့သည် မေတ္တာနှင့် ချယ်လှယ်ကြပြီ။
11ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင်သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင်သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန်မင်းကြီးကို သွား၍ဖူးမြင်ကြလော့။

ရှောလမုန်သီချင်း - ၃ (အနက်ဖွင့်)

၆။           အပျိုမ၏ မိုးကောင်းကင်ချစ်အိပ်မက် (၃း၁-၄)

သူငယ်မသည် သူ့ချစ်သူရီးစားသဲဦးဖျားအား အိမ်မက်ထဲမှပင် လိုက်ရှာနေရှာသည်။ တညတသော အခါမိုးအောက်မြေပြင်လိုက်ကြည့်ပါလည်း အရိပ်အယောင်ရှာမတွေ့။ မြို့ပြပန်းခြံ၊ လမ်းခွဆုံနှင့် လမ်းစောင့်ရဲတွေမေးကြည့်ပါသည်။ ထိုစဉ်အခိုက် အနောက်မှ သိုင်းဖက်ပွေ့ချီမလျက် တဲကုပ်ဟော်နန်းသို့ခေါင်ဆောင်သွားပေသည်။ ရွှေရင်ဖိုထဲငြိမ့်ကနဲ။

၇။           ယေရုရှလင်းသမီးပျိုများအား ထပ်မံသတိပေးခြင်း (၂း၅)

သူမ၏ အချစ်ကို အတင်းအဓမ္မနှိုးဆွဖို့၊ ငယ်ချစ်ဦးထံသမင်ဒရယ်များအလျင်ပြေးသို့နှယ် ရောက်ရှိစေဖို့သတိစကားမှာကြားသည်။

၈။           ယေရုရှလင်တွင် ရှောလမုန်တိုင်းခန်းလှည့်လည်ခြင်း (၃း၆-၁၁)


တိုင်းသူပြည်သားလူအများသည် ဘုရင်မင်းကြီးကြွချီလာရာလမ်းတဖက်စီတွင် ရပ်နေလျက် မုရန်နှင့် နံ့သာဆီမွှေးပတ်ဖြန်းကြသည်။ ရှောလမုန်၏ ယာဉ်ပျံတော်ကို ဖူးမြင်ရပြီ။ စစ်သူရဲခြောက် ကျိပ်ခြံရံလျက် ဗိုလ်ရှုသဘင်ကြွချီလာသည်။ ကွန်းစင်တိုင်ကိုငွေဖြင့်၄င်း၊ အောက်ပိုင်းကို ရွှေဖြင့်၄င်း၊ ထိုင်ခုံဆိုဖာကို ကြက်သွေးရောင် ကမ္ဗလာဖြင့်၄င်း တန်ဆာဆင်ချယ်မှုန်းထားသည်။ ကမ္ဗလာ ကော်ဇောသည် ယေရုရှလင်သမီးပျိုတို့၏ လက်ရာတော်ဖြစ်သည်။ ဇိအုန်သမီးများကို ရှောလမုန်မင်းအား ဖူးမျှော်ကန်တော့ဖို့ဆင့်ခေါ်သည်။ မင်္ဂလာဆောင်နေ့တွင် ဂုဏ်ယူစွာ ၀တ်ဆင်ရသော ၀တ်စားတန်ဆာ၊ သရဖူများကို ဆင်မြန်း၍ ဖူးမျှော်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။