ရောမဩဝါဒစာ - ၂

ဖြောင့်မတ်သောတရားစီရင်ခြင်း
1သူတစ်ပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတစ်ပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။-မ၊ ၇:၁။ လု၊ ၆:၃၇။ 2ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်းအရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။- 3ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်ပင်၊ သူတစ်ပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။- 4ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။- 5ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသကို ဆည်းပူးသလော။- 6ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့ အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့၊-ဆာ၊ ၆၂:၁၂။ သု၊ ၂၄:၁၂။ 7ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကိုလည်းကောင်း၊ မဖောက်ပြန်သော ဇာတိကိုလည်းကောင်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတ္တံ့၊- 8ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတ္တံ့၊- 9ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတ္တံ့၊- 10ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတ္တံ့။- 11ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ။တရား၊ ၁၀:၁၇။
12ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။- 13အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။- 14သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်လည်းကောင်း၊- 15ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်း ဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။- 16ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတ္တံ့။
ယုဒအမျိုးသားနှင့်ပညတ်တရား
17သင်သည် ယုဒလူဟုသမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊- 18အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားတတ်သောသူဖြစ်သည်နှင့်၊- 19လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊- 20လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကို ထင်မှတ်တတ်သည်မှန်လျှင်၊- 21သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။- 22သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။- 23ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။- 24အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တစ်ပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။-ဟေရှာ၊ ၅၂:၅။
25သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲ ဖြစ်ပြန်၏။- 26ထိုမှတစ်ပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည် တရား၌ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏ အရေဖျားမလှီးဘဲအဖြစ်ကို အရေဖျားလှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။- 27အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက် ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့် အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည်မဟုတ်လော။- 28အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန်မဟုတ်။- 29အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့် မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့် ဆိုင်သတည်း။

ရောမဩဝါဒစာ - ၂ (အနက်ဖွင့်)

:     ယခုဒုတိယတန်းစားများအကြောင်း ပြောထားသည်။ ထိုသူများသည် မိမိကိုယ်ကို သူများထက် နှာတစ်ဖျားသာသည်ဟု ဘဝင်မြင့်နေသူများ ဖြစ်သည်။ ရုပ်တုဆင်းတုကိုးကွယ်သူများ၏ ယဉ်ကျေးမှု နိမ့်ကျခြင်း အပြုအမူရိုင်းစိုင်းခြင်းများကို မထေမဲ့မြင်ပြုတတ် ကြသည်။ ထိုစိတ်သဘော ထားရှိသူများသည် သူတို့အထင်သေးသော အဖွဲ့အစည်းနှင့် ထူးမခြားနားပါ။ အပြစ်ရှိသောသူများသည် တခြားသူများ၏အပြစ်ကို သူတို့အပြစ်ထက်ဆိုးကြောင်း မြင်တတ်ကြသည်။ မိမိအပြစ်များကို မမြင်ချင်ယောင်ဆောင်ကာ ဖုံးဖိထားတတ်ကြသည်။ အမှားအမှန်ဝေဖန်ပိုင်းခြား သိမြင်ခြင်းမပြုနိုင်ဘဲနှင့် အခြားသူများကို ဝေဖန်စီရင်တတ်ကြသည်။ မကောင်းမှန်းသိလျှက်နှင့် သူများမိန်းမခိုးသည်။ သို့သော သူ့မိန်းမခိုးသူ၏ အပြစ်ကိုပိုမြင်သည်။ သူများအပြစ်ကိုမူ ခွင့်မလွှတ်နိုင်။

ထိုအပြစ်များသည် ဘုရားမဲ့သမားများ၏ အပြစ်နှင့် အတူတူဖြစ်သည်။ လူသည် ပေအက္ခရာတင် အပြစ်များကို မကျူးလွန်ပါသောလည်း အောက်ပါအချက်များကိုသိရှိသင့်သည်။

၁။        မည်သည့်အပြစ်ကိုမဆို ကျူးလွန်နိုင်သည်။

၂။         ပညတ်တော်တစ်ပါး ချိုးဖောက်လျှင် ပညတ်တော်အားလုံး ချိုးဖောက်ခြင်းနှင့် အတူတူဖြစ်သည်    (ယာ ၂:၁၀)။

၃။        ကာယကံမြောက် အပြစ်မကျူးလွန်သော်လည်း ဝစီကံ၊ မနောကံဖြင့် ကျူးလွန်နိုင်သည်။ ကိလေသာ၊ တပ်မက်သောစိတ်ဖြင့် ကြည့်ရှု့လျှင်လည်း ထိုအပြစ်ကျူးလွန်ရာရောက်၏ (မ ၅:၂၈) ဟု သခင်ယေရှု့က မိန့်မှာထားပါသည်။

:     ဒုတိယဘုရားသခင်၏ အပြစ်စီရင်ခြင်းသည် ပြေးမလွတ်နိုင်သော စီရင်ခြင်းဖြစ်သည်။ အခြားသူများကို ဝေဖန်စီရင်ခြင်းသည် အပြစ်ဖြစ်သည်။ သူများကို ဝေဖန်စီရင်သောသူသည် အပြစ်မှမလွတ်ကင်းနိုင်။ သို့သော် ဘုရားသခင်၏ စီရင်ခြင်း ပြန်ခံရသည်။

ဘုရားသခင်၏ အပြစ်စီရင်ခြင်းမှ လွတ်မြောက်ရန် နည်းလမ်းမှာ နောင်တရခြင်းမှတပါး အခြားမရှိပါ။

:     ဘုရားသခင်၏ စီရင်ခြင်းသည် တစ်ခါတရံ နှောင့်နှေးကြန့်ကြာ တတ်သည်။ ထိုသို့နှောင့်နှေးခြင်းမှာ  ဘုရားသခင်၏ ကောင်းမြတ်ခြင်း သည်းခံခြင်း၊ စိတ်ရှည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်း ဆိုသည်မှာ အပြစ်သားများ၏ အပြစ်ကိုစာရင်းမမှတ်ဘဲ၊ လျှော်ပစ်ခြင်းဖြစ်သည်။ စိတ်ရှည်ခြင်း ဆိုသည်မှာ လူ၏ဆိုးဝါးသောင်းကျန်းမှု ကိုအပြစ်ဒဏ်မပေးဘဲ နေခြင်းဖြစ်သည်။ သည်းခံခြင်း ဆိုသည်မှာ မရပ်မနား ဆင့်ကာဆင့်ကာ အပြစ်ကျူးလွန်ခြင်းကို ညှာတာခြင်းဖြစ်သည်။

ဘုရားသခင်၏ကောင်းမြတ်ခြင်း ကိုဘုရားသခင်၏ ကျွေးမွေးထောက်ပံ့မှု ကာကွယ်စောင့်ရှောက်မှု၊ စောင့်ထိန်းမှုတိုဖြင့် သိရှိနိုင်သည်။ “ဘုရားသခင်သည် မည်သူမှမပျက်စီးဘဲ နောင်တရသည်ကို အလိုတော်ရှိသည်” (၂ပေ ၃:၉)။

နောင်တ  ဆိုသည်မှာ အပြန်လမ်းမှ နောက်ပြန်လှည့်ခြင်း ဖြစ်သည်။ စိတ်သဘောထား အပြုအမူ အားလုံး ပြောင်းလဲပစ်ခြင်း ဖြစ်သည်။ အပြစ်များကို ဆန့်ကျင်၍ ဘုရားသခင်ဘက်သို့ ချဉ်းကပ် ခြင်းဖြစ်သည်။ အပြစ်ဒုစရိုက်ကိုသိရှိရုံသာမက စွန့်ခွာခြင်း ဖြစ်သည်။ John Newton က “ငါ့အသိတရားသည် ငါ့အပြစ်က ပိုင်ဆိုင်ခဲ့သည်” ဟု ဆိုခဲ့ဘူးသည်။

:     ဘုရားသခင်၏ အပြစ်စီရင်ခြင်း စတုတ္ထသင်ခန်းစာမှာ အပြစ်များ စုပုံစီရင်ခြင်း ဖြစ်သည်။ နောင်တ မရသောသူများသည် မိမိတို့အပြစ်များကို စုဆောင်းနေသူများဟု ပေါလုကရှင်းပြသည်။ ထိုသူများအပေါ်တွင် တနေ့သောအခါ အမျက်တော် ပုံကျလာမည်။ ပလ္လင်တော်အဖြူ အပြစ်စီရင်ခြင်း ရင်ဆိုင်ရမည် (ဗျာ ၂၀:၁၁-၁၅) ။ ထိုတရားစီရင်ရာနေ့တွင် ဘုရားသခင်ကို ဘုန်းတန်ခိုး      အပြည့်အစုံ ဖူးမြင်ရမည် မျက်နှာလိုက်ခြင်း မျက်နှာသာပေးခြင်းအလျဉ်းမရှိ။ ဖြောင့်မတ်စင်ကြယ်စွာ တရားစီရင်မည်။

:     နောက်ပိုင်းကျမ်းပိုဒ်များသည် မိမိတို့လုပ်ဆောင်သည့် အတိုင်းစီရင်ခံရမည့် အကြောင်းသွန်သင်ထားသည်။ မိမိကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ကောင်း၊ကောင်းမွန်လိမ့်မည်။ လူမျိုးနှင့် တိုင်းပြည်အတွက် လူကြီး လူကောင်းဖြစ်ချင်ဖြစ်မည်။ ဘုရားသခင်အတွက် ကောင်းသောအလုပ်များ လုပ်ကောင်း လုပ်မည်။ သို့သော် ထိုအရာများအသုံးမဝင်။ သူ့စိတ်နှလုံးယုံကြည်ခြင်း တခုတည်းနှင့်သာ ဆိုင်သည်။ သူ့၏အကျင့်ပေါ်မှာ မူတည်သည်။

အငယ် ၆မှ ၁၁ကို ကြည့်လျှင် အကျင့်ကောင်းဖြင့် ကယ်တင်ခြင်းရရှိသည်၊ ထာဝရအသက်ရသည်ဟု ခံယူတတ်ကြကြောင်းတွေ့နိုင်သည်။

သို့သော် ထိုခံယူချက်သည် မှားယွင်းကြောင်း ယုံကြည်ခြင်းဖြင့်သာ ကယ်တင်နိုင်ခြင်းရှိကြောင်း ဓမ္မသစ်ကျမ်းတွင် အကြိမ် (၁၅၀) ဖော်ပြထားပါသည်။ မည်သူမှ ထိုကျမ်းများ၏ ဆိုလိုရင်းကို သေချာနားလည်နိုင်မည်မဟုတ်။

ထိုသို့လျှင် နားလည်အောင် မည်သို့လုပ်ရမည်နည်း။ပထမဦးစွာ သိရှိရမည်အချက်မှာ မိမိကြိုးစားမှု ကောင်းမှုကုသိုလ်အားဖြင့် ကယ်တင်ခြင်းမရနိုင်ကြောင်း သိရှိနားလည်ရမည်။ “ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့လုပ်ဆောင်ရမည်နည်း” ဟုမေးကြသောအခါ ယေရှုက “ဘုရားသခင်အလိုတော်မှာ စေလွှတ်တော်မူသော သားတော်ကိုယုံကြည်ခြင်း” (ယော ၆:၂၈-၂၉) ဟု ဖြေကြားခဲ့သည်။ သို့ကြောင့် ပထမဦးဆုံးလှမ်းရမည့် ကောင်းမှုကုသိုလ်မှာ ယေရှုခရစ်တောကို ယုံကြည်ခြင်း ဖြစ်သည်။ သို့သော်မှတ်သားရမည့် အချက်မှာ ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်းမရနိုင်။ သို့ကြောင့် တရားစီရင်ခြင်းရင်ဆိုင်ရသောအခါ မယုံကြည်သူများတွင် အထောက်အထားမရှိခြင်း ဖြစ်သည်။ “ပြုသမျှသော ကောင်းမှုကုသိုလ်တို့သည် ညစ်သောအဝတ်စုတ်နှင့်တူ၏” (ဟေရှာ ၆၄:၆)ဟု ဆိုထားပါသည်။ သို့ကြောင့်သားတော် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းမရှိသူတိုင်းသည် အပြစ်စီရင်ခြင်းခံရမည် (ယော ၃:၁၈)။ သူတို့လုပ်ဆောင်သမျှသည် အပြစ်ဒဏ်ပေးဖို့ သက်သေခံချက်များဖြစ်သည် (လု ၁၂:၄၇-၄၈) ။

လုပ်ဆောင်သည်အတိုင်း တရားစီရင်မည်ဆိုလျှင် ယုံကြည်သူများသည် မည်သို့ ဖြစ်ပေါ်လာကြမည်နည်း။ ထိုသူများ၏ လုပ်ဆောင်ချက်များသည်လည်း ကောင်းသောအမှုတခုမှ မရှိပါ။ အရေမရ အဖတ်မရ အချည်းနှီးသာ ဖြစ်သည်။ ကယ်တင်ခြင်းမရခင်ပြုခဲ့သောအရာများသည် ဒုစရိုက်အမှိုက်များသာ ဖြစ်သည်။ သို့သော် ထိုပြုမှားခဲ့သော အပြစ်အမှားများကို ခရစ်တော်၏အသွေးတော်ဖြင့် ဆေးကြောစင်ကြယ်တော် မူလိုက်ပြီ။ သို့သော်ငရဲပြည်သို့ သွားရလောက်သောစွဲချက် မရှိတော့ပါ။ ကယ်တင်ခြင်းရရှိသည့် နောက်ပိုင်းတွင်မူ ကောင်းသောအကျင့်များကို ကျင်ကြသည်။ လူ့အမြင်တွင်မူ ကောင်သောအမှုဟု မမြင်ရသော်လည်း ဘုရားဘက်တွင်မူ စင်ကြယ်သည်။ ထိုကောင်းမှုကုသိုလ်များက တတ်စွမ်းသောကြောင့် လုပ်ကြရသည်မဟုတ်။ ကယ်တင်ခြင်းရလာဒ်၏ အသီးအပွင့်များဖြစ်သည်။ ယေရှုခရစ်တော်၏ တရားပလ္လင်ရှေ့တွင် စီရင်ခြင်းခံရသောအခါ ထိုသူများသည် ထိုက်တန်စွာ ဆုလက်ဆောင်များရရှိကြမည်။

သို့သော် တရားစီရင်ခြင်းသည် မယုံကြည် သောသူများနှင့်မဆိုင်။ ကယ်တင်ခြင်းရရှိသူများ မိမိလုပ်ဆောင်မှု အပေါ်တွင် ဆုလက်ဆောင် တန်ရာတန်ကြေးစီရင်ခြင်းဖြစ်သည်။

:     မိမိတို့ လုပ်ဆောင်ချက်အပေါ် တွင်စီရင်မည်ဟု ဆိုသည်။ ကောင်းသောအကျင့်ကို အမြဲကျင့်၍ ဘုန်း အသရေကို၎င်း၊ မဖောက်ပြန်သော ဇာတိကို၎င်း၊ ရှာသောသူတို့အား ထာဝရအသက်ကိုပေးတော်မူ လတံ့။ ဤကျမ်းစာစကားက ကောင်းမှုအမြဲ ကျင့်ဆောင်ခြင်းဖြင့် ကယ်တင်ခြင်းရရှိသည်ဟု မဆိုပါ။ သတင်းကောင်းများသာဖြစ်သည်။ မည်သူမှ မိမိဇာတိအတိုင်း အသက်ရှင်ခြင်းမရှိနိုင် သကဲသို့ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်မပါရှိဘဲနှင့် လည်းအသက်မရှင်နိုင်ပါ။ ကျေးဇူးတော်အားဖြင့်သာ ကယ်တင်ခြင်းရရှိခြင်းဖြစ်သည်။ ဘုန်းအသရေနှင့် မဖောက်ပြန်သော ဇာတိရှာဖွေသူများသည် အသစ်တဖန် မွေးဖွားကြသူများဖြစ်သည်။ အသက်တာ တလျှောက်လုံးသည်လည်း အမြဲတန်းသစ်လွင်နေသည်။

ထိုသူသည် ကောင်းကင်ယံ ဘုရားသခင်ထံမှ ဘုန်းအသရေနှင့် ရှာဖွေတတ်သည် (ယော ၅:၄၄)။ မပျက်စီးနိုင်သောအရာအဖြစ်ခန္ဓာကိုယ်ဖြင့်ထမြောက်သည် (၁ကော ၁၅:၅၃-၅၄)။ မပျက်စီး၊ မညစ်ညူး၊ မဆုံးရှုံးနိုင်သော ကောင်းကင်အမွေခံစားကြသူများ (၁ပေ၊ ၁:၁၄)ဖြစ်သည်။

အသစ်ပြောင်းလဲသော အသက်တာအတွက် ထာဝရအသက်လက်ဆောင်ရသည်။ ထာဝရအသက်ကို ဓမ္မသစ်ကျမ်းတွင် အမျိုးမျိုးပြထားသည်။ အသက်တာပြောင်းလဲသည့်အချိန်သည် ထာဝရအသက်ရရှိသည့် အချိန်ဖြစ်သည် (ယော ၅:၂၄)။ ရုပ်ခန္ဓာကိုယ်အား ဘုန်းအသရေနှင့် ပြောင်းလဲသွားမည် (ဤကျမ်းပိုဒ်နှင့် ရော ၆:၂၂)။ ယုံကြည်ခြင်းကြောင့်ရရှိသော ဆုလက်ဆောင်ဖြစ်သော်လည်း တစ်ခါတရံ သစ္စာရှိခြင်း၏ဆိုလက်ဆောင်လည်း ဖြစ်သည် (မာ ၁၀:၃၀ )။ ယုံကြည်သူတိုင်း ထာဝရအသက်လက်ဆောင်ရရှကြမည် ဖြစ်ကြသော်လည်း အချို့သည်ပို၍ ပျော်ရွှင်ရမည်။ ထိုစကားသည်ဆုံးခန်းတိုင်သည်မရှိ၊ ကြွယ်ဝသော အသက်တာ(ယော ၁၀:၁၀) ကတိတော်ဖြစ်သည်။ ခရစ်တော်ကဲ့သို့သော အသက်တာ (ကော  ၁:၂၇) ဖြစ်သည်။

:     ငြင်းဆန်သော သဘောရှိ၍ သမ္မာတရားကို နားမထောင်ဘဲ၊ မတရားသဖြင့် ကျင့်သောသူတို့မှာ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူ လတ္တံ။

          ထိုသူများသည် သမ္မာတရားကို မနာခံ၊ ဧဝံဂေလိ တရားခေါ်သံကို ပြန်မထူး၊ မစင်ကြယ်သော လောကအရာ၌ ပျော်မွေ့နေကြသည်။ ကြပ်တည်းခြင်း၊ ရုန်းရင်းဆန်ခတ်ခြင်း၊ ခေါင်းမာခြင်းရှိကြသဖြင့် ဘယ်သောအခါမှ ကယ်တင်ခြင်းမရှိနိုင်။

:     ဤကျမ်းပိုဒ်တွင် အကျင်နှစ်မျိုးကို ထပ်မံဖော်ပြထားသည်။

ဆိုးညစ်သောအမှု ပြုသူဟူသမျှသည် ကြီးစွာသော ဆင်းရဲဒုက္ခခံစားရမည်။ ထိုဆိုးသောအမှု ဆိုသည်မှာ စိတ်နှလုံးယိုးယွင်းသူများနှင့် မယုံကြည်သူများဖြစ်သည်။ အမူအကျင့်ဆိုသည်မှာ ဘုရားသခင်နှင့် မသက်ဆိုင်သော အပြုအမူအကျင့်စရိုက်များဖြစ်သည်။

ရှေးဦးစွာ ယုဒလူ၊ နောက်၌ ဟေလသလူဆိုသည်မှာ ဘုရားသခင်၏ အလင်းရရှိမှုကိုမူတည်၍ ဝါစဉ်သတ်မှတ်ခြင်း ဖြစ်သည်။ ယုဒလူများသည် ဘုရားသခင်ဦးစွာပထမ ရွေးကောက်တော်မူသော လောကလူသားများဖြစ်သည်။ သို့ကြောင့်ပထမဦးစွာ ခံစားရသည်။ ဘုရားသခင်၏ အပြစ်စီရင်မည့် အကြောင်းကို အငယ် (၁၂ မှ ၁၆ တွင်) ဆက်လက်ရှင်းပြထားသည်။

:၁၀  သုစရိုက်ပြုသူများသည် ဘုရားသခင်၏ ဘုန်းအသရေနှင့် ငြိမ်သက်ခြင်းခံစားကြရမည်။ ယုဒလူမျိုးဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ ခံစားပိုင်ခွင့်ရှိသည်။ သခင်ယေရှု ခရစ်တော်ကို ယုံကြည်၍ အသက်တာတွင် ပထမဦးစားပေးသူများသာဖြစ်ကြောင်း သိရှိထားရမည်။

ဦးစွာယုဒလူနောက်မှ ဟေလသလူဆိုသည်မှာ ဦးစားပေးခြင်းမဟုတ်ကြောင်း နောက်ပိုင်းကျမ်းများတွင် တွေ့ရမည်။ ဘုရားသခင်၏ စီရင်ခြင်းသည် မျက်နှာလိုက်ခြင်းမရှိပါ။ ဧဝံဂေလိ ပျံ့နှံ့ခြင်းကို မူတည်ခြင်းဖြစ်သည် (   ၁:၁၆ )။ ပထမဦးစွာ ယုဒလူမျိုးများထံသို့ ရောက်ရှိသောကြောင့် ယုဒလူမျိုးက ဦးစွာ ယုံကြည်ကြသည်။

:၁၁   ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပက်သတ်၍ သိသင့်သောအချက်တခုမှာ ထိုတရားစီရင်ခြင်းတွင် မျက်နှာသာပေးခြင်း၊ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း လုံးဝမရှိ။ လူ့တရားရုံးများတွင်မူ သြဇာလွှမ်းမိုးမှု၊ အရိပ်အငွေ့မကင်းမှုရှိသည်။ ဘုရားသခင်၏တရားစီရင်ခြင်းတွင်မူ ထိုမရိုးသားမှုများ လုံးဝကင်းစင်သည်။ မည့်သည့် ရာထူးလူမျိုး၊ မျက်နှာလိုက်စိုးမိုးခြင်းမရှိ။

:၁၂   အထက်ပါအတိုင်း လူတိုင်းအလင်းတရား ခံယူရရှိမှု အပေါ်မူတည်၍ တရားစီရင်ခြင်းခံရမည်။ လူတန်းစား (၂) မျိုးရှိပါသည်။ ပညတ်တရားမရှိသော တပါအမျိုးသားနှင့် ပညတ်တော် တရားအောက်မှာရှိသော ယုဒလူမျိုးဖြစ်သည်။ လူညာဆိုသည်မှာ ဘုရားသခင် အသင်းတော်ထဲတွင် မပါဝင်သောသူများကို ဆိုလိုသည် (ယော ၁၀:၃၂ အရဆိုလျှင် (၃)မျိုးဖြစ်သွားမည်)။

ပညတ်တော်တရားအောက်တွင် မရှိသောအပြစ်သားများသည် ပညတ်တော်တရား ပြင်ပမှာ ပျက်ဆီး ဆုံးရှုံးကြသည်။ သို့သော် ပညတ်ချက်မရှိဘဲအစီရင်ခံရသည်ဟု ဆိုလိုခြင်းမဟုတ်။  ပညတ်တရားအောက်မှာ မနေရသော်လည်း ပျက်စီးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်က ဗျာဒိတ်တော်ပေးသော်လည်း ဗျာဒိတ်တော်လက်ခံ၍ အသက်ရှင်ခြင်းမရှိကြသောကြောင့် ပျက်စီးကြရမည်။

ပညတ်တရားအောက်မှာ ရှိကြသူများသည်လည်း ပညတ်တရားကိုနာခံခြင်းမရှိကြသောကြောင့် ပျက်စီးကြမည်။ ပညတ်တရားသည် အပြည့်အစုံ နာခံခြင်းကိုသာ အလိုရှိသည်။

:၁၃   ပညတ်တရားကိုသဘောတရားမျှ နာခံခြင်းသည်မလုံလောက်။ အပြည့်အဝ စဉ်ဆက်မပြတ်နာခံရန်လိုအပ်သည်။ မည်သူမှ ပညတ်တရားကို ပြည့်စုံစွာ လိုက်နာနိုင်သူမရှိ။ ပညတ်တော်သည် စင်ကြယ်ခြင်းရှိဖို့ ထိန်းသိမ်းကာရံခြင်းဖြစ်သည်။ သို့သော်လည်းလူသည် ပညတ်တော်ကို မစောင့်ထိန်းနိုင်သောကြောင့် အပြစ်သားများဖြစ်ကြရသည်။ ဤကျမ်းပိုဒ်သည် လူသားများစောင့်ထိန်းခြင်း ပြုနိုင်သည့် ပညတ်တရား စံနမူနာအတု ယူဖို့ ဖြစ်သွားသည်။

လူသည် ပညတ်တော်စောင့်ထိန်းခြင်းဖြင့် စင်ကြယ်ခြင်းမရနိုင်ကြောင်း ဓမ္မသစ်ကျမ်းတွင် အတိအလင်း သွန်သင်ထားသည် (တ ၁၃:၃၉ ၊ ရော ၃:၂၀ ၊ ဂလာ ၂:၁၆  ၃:၁၁ )။ ပညတ်တော် စောင့်ထိန်းခြင်းဖြင့် ကယ်တင်ခြင်းရရှိရေးသည် အလိုတော်မညီ။ အကယ်၍ ပညတ်တော်ကို စောင့်ထိန်းနိုင်ကြလျှင် အပြစ်စီရင်ခြင်းလည်း ရှိတော့မည်မဟုတ်။ သို့ကြောင့် ပညတ်တော်တရား ပဌာန်းထားသည့် အတိုင်းတရားစီရင်ခြင်းခံရမည်ဟုဆိုခြင်းမှာ မွေးဖွားသည့်အချိန်မှစ၍ ပညတ်တရား စောင့်ထိန်းရန် လိုအပ်ကြောင်း၊ အသက်တာတခုလုံးကို ကြည့်၍ တရားစီရင်မည့်အကြောင်း၊ သွန်သင်ခြင်းဖြစ်သည်။ ထိုသို့ စောင့်ထိန်းနိုင်သူ တစ်ယောက်မှမရှိ။

:၁၄   အငယ် ၁၄နှင့်၁၅သည် အငယ် ၁၂ မှ လူသည်လည်း ပညတ်တော် အပြင်ဖက်မှာ ပျက်စီးကြသည်ဟူသော ကျမ်းချက်နှင့်ဆက်စပ်သည်။ တပါးအမျိုးသားများတွင် ပညတ်တရားပြဌာန်းချက် မရှိသော်လည်း အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားခြင်းသိရှိသည့် အသိတရားရှိကြပါသည်။ မုသာစကား၊ ခိုးဝှက်ခြင်း၊ သူများသားမယား ပြစ်မှားခြင်း နှင့် လူသတ်မှုများသည် အပြစ် ဖြစ်ကြောင်းသိကြပါသည်။ နားမလည်ကြသည်မှာ ဥပုသ်နှင့်ပက်သတ်သော ပညတ်ချက်တပါးသာ ရှိသည်။ ထိုပညတ်ချက်သည် အကျင့်သက္ခာထက် ရိုးရာအခမ်းအနားဆန်သောကြောင့် မသိကြ။

သို့ကြောင့် တပါးအမျိုးသားများသည် ပညတ်တရားမရှိကြသော်လည်း သူတို့သိရှိခံယူချက်များသည် ပညတ်တရားသဖွယ် ဖြစ်သွားသည်။

:၁၅   ပညတ်တရား ပြဌာန်းချက်ကို စိတ်နှလုံးထဲမှာရေးမှတ်ထားသူများဖြစ်သည်။ စိတ်နှလုံးထဲမှာ လာရောက်ပြဌာန်းရေးမှတ်ခြင်းမဟုတ်သော်လည်း ပညတ်တရားကိုနားလည်ခံယူကြသည်။ ဣသရေလတို့၏ ပညတ်တရားအောက်၌ နေထိုင်ပုံကို အချို့တပါးအမျိုးသားများ၏ ဘဝတွင်လည်း ထိုနည်းအတိုင်း တွေ့ရသည်။ ပညတ်တရားများ၏ ပြဌာန်းချက်များ စိတ်နှလုံးတွင် စွဲမှတ်နေကြောင်း သူတို့အပြုအမူအားဖြင့် သိသာလှပါသည်။ အမှားကိုလည်း ရှင်းလင်းစွာ သိရှိကြပါသည်။ အမှားနှင့်အမှန်ကိုလည်း ဝေဖန်ပိုင်းခြားတတ်ကြသည်။ စွပ်စွဲရမည့်အချက်၊ ခွင့်လွှတ်   ရမည့်အချက် တားမြစ်ချက်နှင့် ခွင့်ပြုချက်ကိုလည်း သိမြင်ကြသည်။

:၁၆   အပိုဒိငယ် ၁၂နှင့်ဆက်နွယ်နေသည်။ ပညတ်တရားအောက်မှာ နေသည့်လူနှင့် ပညတ်တရား အပြင်ဘက်မှာနေသည့် လူများအား စီရင်မည့်အချိန် ရှင်းပြသည်။ မျက်မှောက်ကာလတွင် မသိကြသော်လည်း ခရစ်တော်၏ ပလ္လင်ဖြူ တရားစီရင်ခြင်းရှေ့သို့ ရောက်သောအခါ လျှို့ဝှက်ချက်အပြစ်များအားလုံး သည်လည်း ဘူးပေါ်သကဲ့သို့ ပေါ်လာမည်။ ခမည်းတော်က သားတော်ကို တရားစီရင်ခြင်း အာဏာကုန် (ယော ၅:၂၂) လွှဲအပ်ထားသည့်အတိုင်း ထိုအချိန်သည် ယေရှုခရစ်တော် တရားစီရင်မည့် အချိန်ဖြစ်သည်။ ပေါလုက “ငါဟောပြောကြေငြာသည့် သတင်းကောင်းအရ”ဟုဆိုသည်။ ထိုစကားမှာ ပေါလု၏ တရားဒေသနာတခုတည်းကိုသာ ရည်ညွှန်းခြင်းမဟုတ်ပါ။ အခြားတမန်တော်များ ဟောကြားသည့်တရား ဒေသနာနှင့်လည်း အတူတူဖြစ်သည်။

:၁၇   ဤကျမ်းပိုဒ်တွင် တတိယအုပ်စုအကြောင်းရှင်းပြသည်။ ပညတ်တရားစောင့်ထိန်းသော ယုဒများသည်လည်း ပျောက်ဆုံးသူများဟုတ်ပါသလား ဟူသော မေးခွန်းဖြစ်သည်။ “ဟုတ်ပါသည်၊ ထိုသူများသည်လည်း ပျောက်ဆုံးသူများဖြစ်သည်” ဟုဖြေရပါမည်။

ယုဒလူအများစုက သူတို့သည် ဘုရားသခင်၏ စီရင်ခြင်း မခံရဘူးဟုယူဆကြသည်။ မည်သည့်ယုဒလူကိုမှ အပယ်ငရဲမလားဟု ထင်မြင်ကြသည်။ တပါးအမျိုးသားများအတွက် သာ အပြစ်စီရင်ခြင်းရှိသည်ဟု ယုံမှတ်ကြသည်။ ထိုအယူမှားကို ပေါလုက ချေဖျက်သည်။ တပါးအမျိုးသားများသည် ယုဒလူမျိုးများထက် ဘုရားသခင်နှင့် နီးစပ်နိုင်သည်ဟုဆိုသည်။

ဘုရားသခင်သည် ယုဒလူမျိုးများအား လူမျိုးတော်အဖြစ်ရွေးကောက်တော်မူသောကြောင့် ယုဒလူမျိုးထဲတွင် နေရာယူ၍ သားတော်ဖွားမြင်ခဲ့သည်။ ပညတ်တရားများကိုလည်း လိုက်နာခဲ့သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ထင်ရှားစေလျှက် ဘုရားသခင်နှင့် ယုဒလူမျိုးသီးခြားခိုင်မာသော ဆက်နွယ်မှုဖြစ်စေသည်။

:၁၈   ယုဒလူမျိုးသည် ပညတ်တရားသွန်သင်မှုကို လိုက်နာသူများဖြစ်သောကြောင့် ဘုရားသခင်၏ အလိုတော်သိရှိသူများဖြစ်သည်။ ပညတ်တရားကို တန်ဖိုးထားစောင့်ထိန်းသောကြောင့် အမှန်ကိုသိမြင်ကြသည်။

:၁၉   ပညတ်တရားကို စောင့်ထိန်းခြင်းဖြင့် စင်ကြယ်သည်ဟု ထောင်လွှားကြသည်။ ထိုသို့ ထောင်လွှားဝါကြွားခြင်းသည် ဝိညာဉ်မျက်စိကန်းခြင်းဖြစ်သည်။ အမှောင်ထဲတွင် လမ်းပြနေသူဖြစ်သည်။ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးလမ်းပြခြင်းဖြစ်သည်။

:၂၀   ထိုသူသည် ပညတ်တရားကိုသာ သိရှ၍ သမ္မာတရား (သို့မဟုတ်) အသိတရား၏ ဉာဏ်ပညာ မသိရှိကြ သောကြောင့် ကလေးသူငယ်များ၊ မျက်မမြင်လမ်းလွဲသူများအား       လမ်းပြသင့်သူများမဟုတ်။

:၂၁   ထိုသို့သိရှိသောငြာလည်း ယုဒများသည် အသက်တာပြောင်းလဲခြင်းမရှိကြ။ သက္ခာသီလပြောင်းလဲခြင်းမရှိ၊ မိမိလူမျိုး၊ ဘာသာရေးယုံကြည်ချက်၌ ဘဝင်ရူးနေကြသည်။ အခြားသူများကို ပြသသွန်သင်သောလည်း ကိုယ်တိုင်ကမူ အကျင့်သက္ခာပြောင်းလဲခြင်းမရှိ။ သူတပါးကို ခိုးဝှက်ခြင်းမပြုရန်သွန်သင်သော်လည်း သူကိုယ်တိုင်မှာမူ ခိုးဝှက်နေသည်။ သူခိုးက သူတပါးအား မခိုးမဝှက်ရန်သွန်သင်ခြင်းမျိုးဖြစ်သည်။

:၂၂   သူများသားမယားကို မပြစ်မှားရန် တားမြစ်သေးသည်။ “ငါလုပ်သလိုမလုပ်နှင့် ငါပြောသလိုလုပ်” ဟုသွန်သင်သည်။ ရုပ်တု ဆင်းတုကို ကိုးကွယ်နေပါလျှက် နှင့် အခြားသူများ၏ဗိမာန်တော်ကို ဖျက်ဆီးသူများဖြစ်သည်။ ထိုအပြုအမူသည် ပြုတ်မနူးအမူအကျင့်ဖြစ်သည်။

:၂၃   ပညတ်တရားကို စောင့်ထိန်းရာ၌ ဂုဏ်ယူ ဝင့်ကြွားလျှက် ဘုရားသခင်ကို ရှုတ်ချသူများဖြစ်သည်။

:၂၄   ထိုစိတ်နေဘုံဖျား လူနေခြုံကြား ယုဒများ၏ အကျင့်မှာ တပါးအမျိုးသားများကမြင်သောအခါ ဘုရားသခင်ကို မကြည်ညိုစရာဖြစ်လာသည်။ ယုဒလူမျိုးများ၏ အကျင့်ကိုကြည့်၍ ဘုရားသခင်ကိုစီရင်ကြသည်။ ထိုအခြေအနေမျိုးကို ပရောဖတ် ဟေရှာယလက်ထက် (ဟေရှာ ၅၂:၅) တွင်များပြားသကဲ့သို့ ယနေ့ခေတ်ကာလတွင်လည်း ဒုနှင့်ဒေးရှိနေသည်။

အကယ်၍ ယေရှုခရစ်တော်ကိုသာ ကြည့်ရှု့ပါက သင့်ထံမှာ အခြားမည်သည့်အရာတွေ့မြင်နိုင်မည်နည်း။ ယေရှုကလွဲ၍ မည်သည့်အရာမြင်ရမည်နည်း။

:၂၅   ထို့အပြင် အရေဖျားလှီးခြင်း ကိုဂုဏ်ယူကြသေးသည်။ အရေးဖျားလှီးခြင်းဆိုသည်မှာ အပရိက ခွဲစိတ်ကုသခြင်းဖြစ်သည်။ ဘုရားသခင်နှင့် အာဗြတံတို့ ဋိညာဉ်ပြုချက်က အစပြုခြင်းဖြစ်သည်။ (က ၁၇:၉-၁၄)။ လောကသားဘဝမှ ခွဲထွက်၍ ဘုရားလူဖြစ်ကြောင်းအသိအမှတ်ပြုခြင်းလက္ခဏာဖြစ်သည်။ ထိုအချက်ဖြင့် ယုဒများသည် တပါးအမျိုးသားများအား ဝါကြွားကြသည်။

အရေဖျားလှီးခြင်းသည် ပညတ်တရားနှင့် မလုံလောက်ပါ။ နာခံခြင်းရှိဖို့လိုသည်ဟု ပေါလုကထောက်ပြသည်။ ဘုရားသခင်သည် ရိုးရာအစဉ်အလာများကို အသိအမှတ်မပြုပါ။ အပြင်ပန်းလက္ခဏာ သန့်ရှင့်းခြင်းကို မသိအမှတ်မပြုပါ။ စိတ်နှလုံးသိမ်မွေ့စင်ကြယ်ခြင်းကို နှစ်သက်သည်။ အရေးဖျားလှီးသောယုဒသည်လည်း အရေဖျားမလှီးသူနှင့် ထူမခြားဟုဆိုသည်။

ပညတ်တော်စောင့်ထိန်းသူဖြစ်စေ၊ ပညတ်တော်ပြုသူကို ဖြစ်စေစွပ်စွဲရာတွင် ပေါလုသည် တဖက်စောင်းနင်းမပြော၊ ချင့်ချင့်ချိန်ချိန် ပြောဆိုသည်။

:၂၆   အရေဖျားမလှီးသော်လည်း တရာဓမ္မ၌မွေ့လျော်သော တပါအမျိုးသားသည် အရေဖျားလှီးသော အကျင့်ဆိုးယုဒထက် ပိုကောင်းသည်မဟုတ်လား။ ထိုသို့သော တပါးအမျိုးသား၏ အကျင့်ဓလေ့ကောင်းသည် အရေဖျားလှီးခြင်းနှင့် အတူတူဖြစ်သည်။

:၂၇   ယုဒများနှာခေါင်းရှုံ့သော တပါးအမျိုးသားသည်လည်း စိတ်ပါလက်ပါ ပညတ်တရားကျင့်ကြံ စောင့်ထိန်းလျှင် ပညတ်တရားနှင့်အညီ အရေဖျားလှီးရုံသာလှီးသော ယုဒထက်မြက်သည်။

:၂၈   ဘုရားသခင်၏အမြင်တွင်မူ အာဗြဟံ၏သားစဉ် မြေးဆက် ဖြစ်ရုံမျှဖြင့် ယုဒလူမျိုးမပီသ။ အရေဖျားလှီးရုံဖြင့် ယုဒလူမျိုးမခံထိုက်။ သာမန်လူသားတစ်ယောက်သည်လည်း ထိုအချက်အလက် (၂)ခုနှင့် ပြည့်စုံနိုင်ပါသည်။ ဘုရားသခင်သည် အပြင်ပန်း လက္ခဏာများဖြင့် အဆုံးအဖြတ်မပေး။ စိတ်နှလုံးဖြူစင် သန့်ရှင်းခြင်းကိုသာ ကြည့်ရှု့ပါသည်။

:၂၉   ယုဒလူမျိုးမှန်လျှင် အာဗြံ၏ အသွေးအသားပါရှိသည်သာမက ဘုရားအမှု့တွင်မွေ့လျော်သူ ဖြစ်ရမည်။ ထိုစကားသည် ယုံကြည်သူတိုင်းအား ယုဒလူမျိုးဖြစ်သွားသည်ဟု ဆိုခြင်းမဟုတ်။ အသင်းတော်ကိုလည်း ဘုရားသခင်၏ ဣသရေလဟု ခေါ်ဆိုခြင်းမဟုတ်။ ယုဒလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားလာရုံမျှဖြင့် ယုဒလူမျိုးမပီသ၊ အရေဖျားလှီးခြင်းဖြင့်လည်း ယုဒလူမျိုးမမြောက်သေးဟုဆိုလိုပါသည်။ အဇ္စျတ္တစိတ်နှလုံး စင်ကြယ်သန့်ရှင့်ဖို့လိုသေးသည်။

စစ်မှန်သောအရေဖျားလှီးခြင်းဆိုသည်မှာ ခန္ဓာကိုယ် အစွန်အဖျားလှီးခြင်းမဟုတ်။ ဘဝဟောင်း အကျင့်ဆိုးကို လှီးဖြတ်၍ ဝိညာဉ်ရေးရား အသက်တာအသစ်၌ စင်ကြယ်ခြင်းဖြစ်သည်။

အပြင်ပန်းလက္ခဏာ ဗဟိတ္တနှင့်အတွင်းသရုပ် အဇ္စျတ္တ နှစ်ခုစလုံးစင်ကြယ် သန့်ရှင်း၍ ကျေးဇူးတော်ချီးမွမ်းခြင်းသာလျှင် အရေဖျားလှီးခြင်း အမှန်ဖြစ်သည်။ ဤနေရာတွင် ဝေါဟာရတခု ရှင်းပြလိုပါသည်။ ယုဒဟူသောစကားလုံးသည် ချီးမွမ်းခြင်း ဟုအနက်ရသည်။ သို့ကြောင့် ယုဒ လူမျိုးစစ်မှန်လျှင် ဘုရားသခင်၏ ချီးမွမ်းခြင်း ခံယူရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။