ဗျာဒိတ်ကျမ်း - ၁၉

ဟာလေလုယ
1ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။- 2စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။-တရား၊ ၃၂:၄၃။ ၄ရာ၊ ၉:၇။ 3တစ်ဖန်တုံ၊ ဟာလေလုယဟူ၍လည်းကောင်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည် ဟူ၍လည်းကောင်း ပြောဆိုကြ၏။-ဟေရှာ၊ ၃၄:၁၀။ 4အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပျပ်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
သိုးသငယ်၏မင်္ဂလာပွဲ
5ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။ဆာ၊ ၁၁၅:၁၃။
6တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။-ဆာ၊ ၉၃:၁၊ ၉၇:၁၊ ၉၉:၁။ 7ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။- 8ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။- 9ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍လည်းကောင်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍လည်းကောင်း ငါ့အားပြောဆို၏။-မ၊ ၂၂:၂-၃။ 10ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ ခြေရင်း၌ ပျပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဖက် ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏သက်သေ ဖြစ်သတည်းဟု ငါ့အားပြောဆို၏။
မြင်းဖြူစီးသောသူ
11ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိ သတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။-ဆာ၊ ၉၆:၁၃။ ဟေရှာ၊ ၁၁:၄။ 12မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။- 13အသွေး၌ နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။- 14ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။- 15လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သော သန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။-ဆာ၊ ၂:၉။ ဟေရှာ၊ ၆၃:၃။ ယောလ၊ ၃:၁၃။ ဗျာ၊ ၁၄:၂၀။ 16ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏။
17ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာ ရပ်လျက်ရှိသည်ကို ငါမြင်၏။-ယေဇ၊ ၃၉:၁၇-၂၀။ 18သူသည် မိုးကောင်းကင်အလယ်၌ ပျံတတ်သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှာ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။- 19သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှာ စည်းဝေးကြသည်ကို ငါမြင်၏။- 20သားရဲကို ဖမ်းမိကြ၏။ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဖမ်းမိကြ၏။ အသက်ရှင်လျက်ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။-ဗျာ၊ ၁၃:၁-၁၈။ 21ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။

ဗျာဒိတ်ကျမ်း - ၁၉ (အနက်ဖွင့်)

(ခရစ်တော်ကြွလာခြင်း နှင့် အနှစ်တထောင် နိုင်ငံ တော်(၁၉:၂၀:)

          ၁၉: ထိုအရာများကိုတွေ့မြင်ပြီးနောက် ကောင်းကင်ဘုံတွင် ဓမ္မညီလာခံသဘင်ကြီး ကျင်းပ ကြောင်း တွေ့မြင် ရသည်။ ပြည့်တန်ဆာမကြီးအား တရားမျှတစွာ၊ တရားစီရင်ခဲ့မူ အတွက် ဘုရားရှင် တော် အားဂုဏ်တော်ချီးမွမ်းထောပနာ ပြုကြသည်။ ကယ်တင်တော် မူခြင်း ချမ်းသာ ၊ဘုန်းတန်ခိုးတော်များ အတွက် ဟာလေလုယာ ဟုချီးမွမ်းကြသည်။

          ၁၉: ထိုပြည့်တန်ဆာမကြီးသည် မတရားသော မေထုန်ဖြင့် လောကကြီးကို ပုပ်ပျက်စေသူဖြစ်သည်။ ဘုရားအစေခံ၊ ယုံကြည်သူများကို သွေးအေး အေးဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သူဖြစ်သည်။ ထိုစွဲချက်များအတိုင်း ဘုရားရှင်တော်က တရားစီရင်ခြင်း၊ သည် တင့်တယ် လျောက်ပတ်တရားမျှတပါသည်။

          ၁၉: ထိုအသုဘမီးရှို့ရာ မီးခိုးငွေ့ ကြီးသည် တအူအူ ၊တလူလူ မြင်ရသဖြင့် ဘုရားသခင်၏နာမတော်အားဟာလေလုယာ ဟုသာချီးမွမ်းကြသည်။

၁၉: သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ့်လေးပါး ကလည်း အူလှိုက်သဲလှိုက်ဖြင့် “အာမင် ၊ဟုလေလုယာ” ဟုကြွေးကြော်ကြသည်။

၁၉: ပလ္လင်ပေါ် မှ အသံတော်က ဘုရားရှင် ၏ အစေခံများအား ဆင့်ခေါ်စေကာ၊ ဘီလူးသရဲ ဗာဗလုန်ကို ဖျတ်ဆီးလိုက်သောကြောင့် ဘုရားသခင်၏ သဗ္ဗညုတဉာဏ်တော်အား ဟာလေလုယာ ဟု တခဲနက်ကြွေးကြော်ချီးမွမ်းကြပြန်သည်။

          ၁၉: ဘေးဒဏ်ကြီးပြီးဆုံးသွားပြီ။ ဗာဗလုန် လည်း အပြစ်စီရင် ခြင်းခံရပြီ။ သိုးသူငယ်မင်္ဂလာဆောင် ပွဲလာခြေပြီ။ ခရစ်တော်၏ သတို့သမီးဖြစ်သော အသင်းတော်သည် နှလုံးတုန်ရင်ခုန်စွာ ဖြင့် အလှပြင် ဆင်နေသည်။ သန့်ရှင်းသူများ၏ ဖြောင့်မတ်ခြင်း တန်ဆာဖြစ် သော စင်ကြယ် ပြောင်လက်သည့် ပိတ်ချောကို ဆင်မြန်းထားသည်။

၁၉: သိုးသူငယ်၏မင်္ဂလာဆောင်ပွဲ တွင် တက်ရောက် ချီးမြှင့်သူများသည် မင်္ဂလာရှိသူများ ဖြစ်ကြောင်း ကောင်းကင်တမန် က ယောဟန်အား ရေးမှတ်ခိုင်းသည်။ အသင်းတော်သည် ကောင်ကင်းဘုံသတို့ သမီးဖြစ်သည်။ ထိုစကားတော်သည် ဘုရားရှင်တော် မိန့်မြွက်သော နှုတ်တော်ထွက်စကားဖြစ်၍ အလွန်အရေးကြီးသည်။

          ၁၉:၁၀ ယောဟန်က ကောင်းကင်တမန် ခြေရင်းတွင် ပြပ်ဝပ်ကိုးကွယ် မည်ပြုစဉ် ကောင်းကင်တမန်က ဟန့်တားသည်။ ဘုရား သခင် တပါးတည်းသာလျှင် ကိုးကွယ်ရာတည်း။ ကောင်ကင်းတမန်သည် ယောဟန်၏ မိဿဟာယဝင်လုပ်ဖော်ဆောင်ဖက်ဖြစ်ကြောင်း ပြန်ပြောသည်။ ဆက်လက်၍ ယေရှု၏ သက်သေခံတော်မူချက်ကို လုပ်ဆောင်သူ” ဖြစ်ကြောင်း ရှင်းပြ သည်။ ဆိုလိုသည်မှာ လူသား တော်ယေရှု က လုပ်ဆောင် ချက်များကို ယူဆောင် လာခြင်း ဖြစ်သည်။C .C .Ryrie က”ယေရှုခရစ် တော်၏ ကြီးမားလှသော မေတ္တာတော်” ဟု ဖွင့်ဆိုထားသည်။

ကောင်းကင်တမန်က လူသားများ ဘုရားသားတော်ကို ကိုးကွယ်စေချင်သည်။ သက်သေခံတော်မူချက်များအား ကြည် ညိုစေချင်သည်။

          ၁၉:၁၁ သင်ခန်းစာ၏ အဓိကအနှစ်သာရမှာ လောကကြီးသို့ ခရစ်တော်ဘုရားကြွလာမည့်အကြောင်းနှင့် နိုင်ငံတော်တည်ထောင်မည့် အကြောင်း များဖြစ်သည်။ အသင်းတော် ချီဆောင်ခြင်းခံရမည့်အကြောင်းမဟုတ်ပါ။ ယုံကြည်သူများအတွက် အာကာသထဲတွင် ခရစ်တော်ကြွလာမည့် အကြောင်းသာဖြစ်သည်။

သခင်ဘုရားသည် လက်ျာဘက်တော်တွင် စိုးစံနေကြောင်း ပြန်သတိရပါ။ ရန်သူများကို အနိုင်ကြဲဖို့ရန် သခင်ဘုရားသည် မြင်းဖြူစီးကြွမြန်းလာမည်။ ကိုယ်တော်၏ အမည်နာမကို သစ္စာ၊ သမ္မာ ဟုဆိုသည်။ ကိုယ်တော် သည် ပြုထားသောကတိတော်များ တွင် သစ္စာရှိ၍ အကျင့်သိက္ခာတွင် သမ္မာတရားနှင့် ပြည့်စုံသည်။ ဖြောင့် မတ်၍ တရားမျှတစွာ ဖြင့် တရားစီရင်၍  စစ်ခင်းသည်။ ကိုယ်တော်တပါး တည်းသာလျှင် နိုင်ငံတော်အား တရားမျှတစွာ အုပ်စိုးသူဖြစ်သည်။ ထိုကြောင့် တရားမျှတမှုအတွက် ဆူးငြောင့်ခလုတ် ကန်သင်းများကို ဦးစွာ ဖယ်ရှင်းရသည်။

၁၉:၁၂ မျက်စိတော်သည် မီးလျှံကဲ့သို့ တောက်ပ၏ ဆိုသည်မှာထွင်းဖောက်မြင်နိုင်သော တန်ခိုးအစွမ်းကို ဖော်ပြသည်။ မယုံကြည်သူများနှင့်အဖျက်အမှောက်ဟူသမျှကို သိမြင်တားဆီးနိုင်သည်။ နောက်တခုမှာ ခေါင်းတော်ပေါ်၌ သရဖူဆောင်းထားဖြင်းဖြစ်သည်။  သခင်ယေရူတစ်ပါးတည်းသာလျှင် ထီးသံ၊နန်းသံ ပီပီ ပြောဆိုနိုင်စွမ်းရှိသူဖြစ်သည်။ကိုယ်တော်မှတပါး အဘယ်သူမျှ နားမလည်နိုင်သော နာမတော်ရှိသည်။ ထိုလူသားခရစ်တော်တွင် အခြားလူသားများ တတ်သိနားလည်နိုင်စွမ်းမရှိသော ဘုန်းတန်ခိုးတော် ရှိပါသည်။

၁၉:၁၃ အသွေး၌ နှစ်ပြီးသောအဝတ်ကို ဝတ်ထားသည်။ ကရာနီကားတိုင်ပေါ်မှာ သွေးစွန်းသော အဝတ်မဟုတ်ပါ။ ဘုရားသခင်၏ အမျက်ဒေါသ၌ သူ့ ရန်သူများ သွန်းလောင်းသောသွေးဖြစ်သည်။ ကိုယ်တော်၏ အမည်နာမကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဟုလည်း ခေါ်ဆို သည်။ နှုတ်ကပတ်တော်ဆိုရာတွင် အကြံအစည်များ လည်းပါဝင်သည်။ ခရစ်တော်ထဲတွင် ဘုရားသခင်ကိုယ်တော် တိုင် ကိန်းဝပ်စိုးစံခြင်းဖြစ်သည်။

၁၉:၁၄ ပိတ်ချော ဝတ်ဆင်၍ မြင်းဖြူတော်ကိုစီးသော ကောင်းကင်စစ်သည်တော်များက ကိုယ်တော်အား ခြံရံလိုက်ပါကြသည်။ ထိုစစ်သည်တော်များသည် သန့်ရှင်းသူများဖြစ်သည်မှာ မြေကြီးလက်ခတ် မလွဲပါ။ သို့သော် ကိုယ်ထိလက်ရောက် တိုက်ပွဲဝင် စရာ မလိုပါ။ မည်သူအကူညီမှ မပါဝင်ဘဲ ခရစ်တော်ကရန်သူများကို အောင်ပွဲ ဆင်နိုင်ပါသည်။

၁၉:၁၅ လူမျိုးတို့အားဒဏ်ခတ်ရန် သံလျက်သမျှ ထက်မြတ်သောစကားတော်ဟု ဆိုသည်။ သံလှံတံဆွဲကိုင်၍ အနန္တတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ ဒေါသအမျတ်တော်၏ စပျစ်သီးနယ် ရာ တန်ဆာကို ဖိနင်းသည်။

၁၉: ဘုရင် တို့၏ ဘုရင်၊ သခင်တို့၏ သခင် ဟု ဘွဲ့နာမတော်ကို ဝတ်ရုံတော်နှင့် ပေါင်ပေါ်တွင် ရေးမှတ်ထားသည်။

ဘုရင်တကာတို့၏ ဘုရင်၊

                             သခင်တကာတို့၏ သခင်

ယေရူခရစ်တော်သည် အချုပ်အခြာအရှင်သခင်ဖြစ်သည်။ အရာခပ်သိမ်း တို့သည် ထိုစကားအား ဝန်ခံကြရသည်။

၁၉:၁၇၁၈ အဂ္ဂမဟာ ဘုရားသခင်(NKJV Margin)ကနိုင်ငံတော်မတည်ထောင်မှီ ရန်သူများကို ဖျက်ဆီးပယ်ရှားမည်။ မိုးကောင်းကင်၌ ပျံဝဲသော လူသေကောင်စား လင်းတများကို ဆင့်ခေါ်လျက် ထိုအသေကောင်စား လင်းတများကို ဆင့်ခေါ်လျက် ထိုအသေကောင်များကို စားစေသည်။ ထိုအသေကောင်များထဲတွင် လူထုလူတန်းစား၊ အလွှာစုံမှ အကြီးအငယ် ၊ အရွယ်အလတ် စုံသည်။

၁၉:၁၉၂၀ ခရစ်တော်အား အုပ်စိုးမင်းမူခြင်း မပြုနုင်စေရန် သားရဲနှင့် မဟာမိတ် အပေါင်းအပါ များသည် စစ်ပြင်လျက် ခရစ်တော်နှင့် စစ်သည်တော် များအား အန်တုရန်ပြုစစ်ခင်းကြသည်။ သို့သော်အချည်းအနှီးသာဖြစ်သည်။ ထိုသားရဲနှင့် မှားယွင်း သော မိစ္ဆာပရော ဖက်နှင့် နှစ်ဦးစလုံ:ကို ဖမ်းဆီးချုပ်နှောင် လျက် ကန့်မီးအိုင်ထဲ သို့ ပစ်ချ၏။

          ၁၉:၂၁ ထိုပုန်ကန်သူများကို ခံတွင်း တော်မှ ထွက်သောဓါးဖြင့် ကွပ်မျက်လိုက်သဖြင့် အလောင်းကောင်များသည် လင်းတစာဖြစ်သွားသည်။ ထိုဓါးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထွက်စကား(ဧ၆:၁၇၊၂သက် ၂:၈၊ဟေဗြဲ ၄:၁၂၊ ဗျာ ၁:၁၆၊၂:၁၂-၁၆ တို့ကို ကြည့်) ဖြစ်သည်။ ထို့သို့ဖြင့် ဘေးဒဏ်ကြီး ကာလလည်း အဆုံးသတ်သွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။