ဗျာဒိတ်ကျမ်း - ၁၅

ကောင်းကင်တမန်ခုနစ်ပါးနှင့် ဘေးဒဏ်ခုနစ်ပါး
1တစ်ဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါး တည်းဟူသော၊ ကောင်းကင်၌ အံ့ဖွယ်သောနိမိတ်ကြီး အခြားတစ်ပါးကို ငါမြင်ရ၏။- 2မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမ အရေအတွက်နှင့်လည်းကောင်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။- 3ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကို သီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။-ထွ၊ ၁၅:၁ 4အို ထာဝရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော် တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။ယေ၊ ၁၀:၇။ ဆာ၊ ၈၆:၉။
5ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။-ထွ၊ ၃၈:၂၁။ 6ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။- 7သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အား ပေး၏။- 8ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။

ဗျာဒိတ်ကျမ်း - ၁၅ (အနက်ဖွင့်)

၁၅: အခြားကောင်းကင် နိမိတ်လက္ခဏာမှာ ရောဂါဆိုးဘေးဒဏ်ယူဆောင်လာသော ကောင်းကင်တမန်ခုနှစ်ပါး ပေါ်ထွန်းလာခြင်းဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသပြည့်စုံရာဖြစ်၍ ဘေးဒဏ်ကြီးကာလ ပြီးဆုံးတော့မည့် နိမိတ်ဖြစ်သည်။

          ၁၅: မီးနှင့် ဖန်ရောထားသော ကောင်းကင်ရေကန်တွင် လူအုပ်ကြီးရပ်နေကြောင်း တွေ့ရပြန်သည်။ ထိုသူများသည် သားရဲကိုးကွယ်ရန် ငြင်းပယ်ကြသူများ ဖြစ်ကြောင်း မှတ်မိသည်။ မာတုရ အသေခံသူများဖြစ်သည်မှာ သံသယရှိစရာမလို။

          ၁၅: ကောင်းကင်နိုင်ငံတွင် ရောက်ရှိနေကြသော်လည်း မောရှေသီချင်းကို သီဆိုကြသည်။ သိုးသူငယ်သီချင်းလည်း ဆိုကြသည်။ ဓမ္မဟောင်းကျမ်းကို ကိုးကား၍ သီချင်းစပ်ထားခြင်းဖြစ်သည်။  ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သူဖြစ်ကြောင်း၊ ဘုရားသခင်၏ ဘုန်းတန်ခိုးကြီးမြတ်သည့် အကြောင်း ချီးမွမ်းသီဆိုကြသည်။ ကိုယ်တော်၏ အပြစ်စီရင်ခြင်း၊ အမှုတော် ကြီးမြတ်ခြင်းနှင့် ကြီးမြတ်ပုံတို့ကို ကျူးဧခြင်းဖြစ်ပေမည်။ သန့်ရှင်းသူများ၏ ဘုရင်သည် လူမျိုးတကာတို့၏ ဘုရင်(KLJV Margin) ဖြစ်ပေသည်။

          မောရှေသီချင်းဆိုသည်မှာ အဲဂုတ္တုပြည် ကျွန်ဘဝမှ ရွေးနှုတ်ခြင်းအား ဖော်ကျူးခြင်းဖြစ်သည်။ သိုးသူငယ်သီချင်းဆိုသည်မှာ စာတန်လက်ထဲမှ နောက်ဘိတ်ဆုံး ရွေးနှုတ်၍ ထာဝရ အသက်ရစေခြင်းအကြောင်းဖြစ်သည်။ ထို့ကြောင့် A.T.Pierson က “ရွေးနှုတ်နှစ်ခါ ကြုံကြိုက်ခဲ့ကြသည်။ ဘုရားသခင်၏ သမိုင်းစဉ်တွင် အဖိုးအခ ပေးရသော လူမျိုးစုဖြစ်သည်”၂၇ ဟုဆိုထားသည်။

ဘုရားသခင်မှ လောကကြီးအား စီရင်ခြင်းသည် ဘုရားပီပီ စင်ကြယ်စွာဖြင့် စီရင်ခြင်းဖြစ်သည်။ ထို့ကြောင့် လူမျိုတိုင်းက ရှေ့တော်၌ ကိုးကွယ်ကြသည်။

၁၅: အထက်ပါမြင်ကွင်း တွေ့မြင်ရပြီးနောက် တဖန်မြင်ရသည်မှာ ဖွင့်ထားသော ဗိမာန်တော်ရှိ သက်သေခံတော်မူချက် ပဌာနတဲတော် ဖြစ်သည်။ ထိုတဲတော်သည် တကယ့်တဲတော်ဖြစ်၍ လောကဗိမာန်တော်မှ ပုံစံကူးယူရသောအရာ (ဟေဗြဲ ၉:၂၃) ဖြစ်သည်။ အသန့်ရှင်ဆုံးသော ဌာနတော်ကြီးဖြစ်သည်။

၁၅: ကောင်းကင်တမန် ခုနှစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြသည်။ သူတို့ ချပ်ဝတ်တန်ဆာများသည်  ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရာ ဖြောင့်မတ်ခြင်း၊ သွင်ပြင်လက္ခဏာ ဆင်မြန်းသည်။ ထိုကောင်းကင်တမန်များသည် ဘေးဒဏ်ခုနှစ်ပါး ယူဆောင်လာသူများဖြစ်သည်။

          ၁၅: သတ္တဝါလေးပါးထဲက တပါးသည် ရွှေဖလား တစ်လုံးစီအား ထိုကောင်းကင်တမန်များကို အသီးသီးပေးလိုက်သည်။ ထိုရွှေဖလားသည် အဘ ဘုရားသခင်၏ အမျက်ဒေါသ ထည့်ထားရာဖြစ်သည်။ သို့သော် ထိုကောင်းကင်တမန်များအား ဒုက္ခပေးခြင်း မဟုတ်။ ဘေးဒဏ်ကြီးကာလ၌ နောက်ဆုံးအပြစ်စီရင်မည့် ရန်သူများအား ပေးအပ်စေသည်။

          ၁၅: ထိုဘေးဒဏ်ဆိုးကြီးသည်  တန်ခိုးတော်ပါရှိသောကြောင့် အခိုးအငွေ့မပြယ်မချင်း ဗိမာန်တော်ထဲသို့ မည်သူမျှ မဝင်နိုင်ဆိုခြင်းမှာ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်ယဇ်ပုရောဟိတ်မှ မငြိမ်သက်စေနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။