ဆာလံကျမ်း - ၉၆

ချီးမွမ်းသီချင်း
(၅ရာ၊ ၁၆:၂၃-၃၃)
1ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ 2ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းချီးပေးကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။ 3ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။ 4ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ် ဖြစ်တော်မူ၏။ 5တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ 6ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာဌာနတော်၌ ရှိ၏။
7လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ 8ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သကာကိုဆောင်ခဲ့လျက် တံတိုင်းတော်သို့ဝင်ကြလော့။ 9သန့်ရှင်းသောတန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံခြင်းရှိကြလော့။ 10ထာဝရဘုရားစိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓာတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများကို ဖြောင့်မတ်စွာတရားစီရင်တော်မူလိမ့်မည်။ 11ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ။ 12လယ်ပြင်နှင့် လယ်ပြင်၌ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ရှိသမျှသောအပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ 13အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း၊ လူများကို သစ္စာတော်နှင့်လည်းကောင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။

ဆာလံကျမ်း - ၉၆ (အနက်ဖွင့်)

ဆာ ၉၆ ပြည့်ရှင်မင်းတရားကြီးကြွလာတော်မူပြီ

ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြမည့်အကြောင်း စကားလုံးအမျိုးမျိုးဖြင့် (၁၆)ကြိမ်ရေးသား ထားသည် “သီဆို”ဟူသောဝေါဟာရကို ငယ် ၇၊၈နှင့် “ပါစေ”ဟူသောဝေါဟာရကိုငယ် ၁၁၊၁၂တို့တွင် သုံးနှုန်း ထားသည်။

၉၆: ယေရုရှလင်မြို့သို့သခင်ယေရှုတဖန်ကြွလာတော်မူ၍ မင်းစိုးစံသောအခါ ဓမ္မသီချင်းသစ် သံပြိုင်ဟစ်ကြွေးသီဆိုကြမည်။ ထိုသီချင်းသစ်ကို ကမ္ဘာတဝှမ်းလုံးရှိလူများက အသံလွှင့်၍သီဆိုကြမည်။ တန်ခိုးတော်ဖြင့် ကယ်တင်ခဲ့သည့်အကြောင်းကို ရိုးမယ်ဖွဲ့၍ နာမတော်တော်အား ကောင်းချီးပေးကြမည်။” ထိုနေ့တွင် ကယ်တင်ခြင်းရရှိပုံ အချင်းချင်းဝေငှကြမည်” (LB ကျမ်းမူ)။

၉၆: ရှေ့ဆက်ဘာလုပ်ကြဦးမည်လဲ။ ယခုကဲ့သို့ပင် တိုင်းနိုင်ငံသား လူမျိုးခြားများအကြား၌ ဘုန်းတန်ခိုးကြီးမာပုံ ဟောပြောကြမည်။ ထာ၀ရဘုရားသခင်သည် ရုပ်တုဆင်းတု ဘုရားတုများထက်၎င်း၊ အခြားသော ကိုးကွယ်ယုံကြည်ရာ ဘုရားငယ်များ၎င်း ကြီးမြတ်ကြောင်း ၀န်ခံကြမည်။ သစ်သား၊အုတ်ခဲ၊ ကျောက်တုံးဖြင့်ပြုလုပ်ထားသော ရုပ်တုဘုရားတုများသည် ဘုရားစစ်ဘုရားမှန်မဟုတ်။ ဘုရားစစ်ဘုရားမှန် ဆိုသည်မှာ ကောင်းကင်စကြ၀ဋ္ဌာကို ပိုင်စိုးတော်မူသည့်ယေဟောဝါဘုရား တဆူသာရှိပါသည်။ ထိုအံ့ဘွယ် တန်ခိုးအစွမ်းများကြောင့် လူများကရှိခိုးပူဇော်ကြရသည်။ အစွမ်းသတ္တိနှင့်ဂုဏ်အသရေသည် သန့်ရှင်းရာဌာန တော်၌တည်၏“ဘုန်းတန်ခိုးနှင့်ဂုဏ်ကျက်သရေတို့သည်လည်း ကိုယ်ရံတော်တပ်မှူးများဖြစ်၏။ ဘုန်းတန် ခိုးနှင့်အာနုဘော်ကို ၀တ်ပြုကိုးကွယ်သူများက ကြည်ညိုကြ၏” (Knox ကျမ်းမူ)။

၉၆: ဘုရားသခင်၏ကြီးမြတ်ခြင်းနှင့်ကောင်းမြတ်ခြင်းကို အမှန်တကယ်မြည်းစမ်းဘူးလျှင် တယောက်တည်း မှိန်းမနေနိုင်။ အခြားသောသူများကိုလည်း ဝေမျှပြောကြသည်။ အဘယ်သို့ဆိုသော် ပင်လယ်ရေသည် တယောက်တည်းသောက်၍မကုန်နိုင်။ သို့ကြောင့် ဆာလံဆရာက လူမျိုးအပေါင်းအား အော်ဟစ်ဖိတ်ခေါ်သည်။ ဘုရားသခင်၏အံ့သြဘွယ်ရာအစွမ်းနှင့် ဘုန်းတန်ခိုးကို လာကြည့်လှည့်ကြ။ လာရောက်မြည်းစမ်းကြဟုဆိုသည်။ နာမတော်သည်ဘုန်းတန်ခိုးအစွမ်းတင့်တယ်သည်။ ခြေတော်ရင်းသို့ ပူဇော်သက္ကာယူဆောင်လာကြမည်။ ကိုယ်တော်၏ ဘုန်းအသရေကို ဦးချကိုးကွယ်ကြမည်။ မြင့်မြတ်သော ၀တ်ရုံတော် (NASB)ကို ကြည်ညိုကြမည်။ တကမ္ဘာလုံးက ဦးညွတ်ရိုသေကြမည်။

မြင့်မြတ်သော၀တ်ရုံတော်ဆိုသည်မှာ ဘုရားရှိခိုး၀တ်ပြုရာတွင် ၀တ်ဆင်ရသော ၀တ်ရုံတော် ဖြစ်သည်။ ရှေ့တော်သို့ခစားသည့်အခါ အကောင်းဆုံး၊ စင်ကြယ်ဆုံး ၀တ်ရုံ၀တ်စားဆင်မြန်းရသည် ပုံဥပမာ ကိုယူသည် ယေဘျယျအားဖြင့် ၀တ်ပြုကိုးကွယ်ရာတွင် စိတ်နှလုံးဖြူစင်ရမည်။ ထိုသို့ ဖြူစင်သည့် အကြောင်းကို အပြင်ပန်းသဏ္ဍာန်အားဖြင့် သက်သေပြရသည်။ ဘိုသီဗတ်သီအ၀တ်အစားသည် အချင်းချင်း ရင်းနှီ:မှုကို သရုပ်ဖော်သော်လည်း မင်္ဂလာဆောင်အခမ်းအနားတွင် အသုဘရှုသွားသည့် အ၀တ်အစားမျိုး ၀တ်စားလေ့ မရှိကြ။

၉၆:၁၀ မေရှိယဘုရင်ကြွလာရာတွင် ချီးမြှင့်ဂုဏ်ပြုသည့်တေးဖြစ်သည်။ ပြည့်ရှင်မင်းတရားကြီး၏ အုပ်စိုးခြင်းအမိန့်အာဏာအသက်၀င်လာပြီ။ လောကဓမ္မတာထုံးစံအရ အတည်အတံ့ နန်းစံခဲ့ပြီဖြစ်၍ စစ်ပွဲ၊ ဆင်းရဲခြင်း၊ မတရားမှု၊ ကပ်ဘေး၊ အနာရောဂါဆိုးများက မွှေနှောက်ပျက်စီးခြင်းမပြုနိုင်။ မြဲမြံစွာ တည်လိမ့်မည်ဆိုသည်မှာ အနှစ်တထောင်တိုင်းပြည်ကာလတွင် တည်တန့်နေမည်။ ထိုခေတ်ကာလ လွန်သော် ကောင်းကင်မြေကြီးကို မီးလောင်းစားသွားမည် (၂ပေ ၃:၇-၁၂)၊ ဘုရားသခင်က လူများကို ဖြောင့်မတ်တည်ကြည်ရာ စီရင်တော်မူမည်။ ဘေးဥပဒ်အပေါင်းမှလည်း ကွယ်ကာစောင့်ရှောက်မည်။

၉၆:၁၁၁၃ ကမ္ဘာတဝှမ်းလုံး အုပ်စိုးမည့်နန်းတက်မင်္ဂလာပွဲသို့ ဖန်ဆင်းခံများအားလုံး ဖိတ်ခေါ်မည်။ ရွှင်လန်း၀မ်းမြောက်စွာ တက်ရောက်လာကြမည်။ Jehovah (သို့) Yahwch၆၄ ထံသို့စုရုံးကြမည် ကောင်းကင်လည်း ပျော်ရွှင်မည်။ မြေကြီးလည်း ရွှင်လန်းမည်။ ပင်လယ်သမုဒ္ဒရာနှင့် ရေနေသတ္တဝါ များလည်း မိုးချိန်းသည့်ပမာ တခဲနက်ချီးမွမ်းကြမည် (Gelineau)။ တယောက်မှရေငုံနှုတ်ဆိတ်သူမရှိ။ ပြည့်ရှင်မင်းတရားကြီးကြွလာခြင်းကို ခရီးဦးကြိုထောမနာ ပြုကြမည် (Knox ကျမ်းမူ) ကမ္ဘာလောကကြီး ကို အုပ်စိုးဖို့ကြွလာတော်မူသည်။ ဖြောင့်မတ်ခြင်းနှင့် ရိုးသားခြင်းအပြည့်ဖြင့် အုပ်စိုးမည်။

ဘုရင်ကြီးအတွက် မည်သည့်လက်ဆောင်ယူလာပါသလဲ တိတ်ဆိတ်စွာနေစိမ့်ရက်ပါသလား (၂ရာ ၁၉:၁၀ကိုကြည့်ပါ)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။