ဆာလံကျမ်း - ၉၀

အတွဲ ၄
(ဆာ၊ ၉၀—၁၀၆)
ဘုရားသခင်နှင့်လူ
ဘုရားသခင်၏လူမောရှေပြုသောပတ္ထနာ
1အို ဘုရားရှင်၊ ကိုယ်တော်သည်ကာလအစဉ်အဆက် အကျွန်ုပ်တို့ခိုလှုံရာ ဖြစ်တော်မူ၏။ 2တောင်များကို မဖော်၊ မြေကြီးနှင့် လောကဓာတ်ကိုဖန်ဆင်းတော်မမူမီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။ 3လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့၊ ပြန်ကြလော့ဟု မိန့်တော်မူ၏။ 4ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ 5လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည် မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။ 6နံနက်အချိန်၌ကား၊ ပွင့်လန်း၍တိုးပွားပါ၏။ ညဉ့်ဦးအချိန်၌ကား၊ ရိတ်၍ ညှိုးနွမ်းပါ၏။ 7အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။ 8အကျွန်ုပ်တို့၏ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ ဝှက်ထားသောအကျင့်များကို မျက်နှာတော် အလင်းထဲ၌လည်းကောင်း၊ လှန်ထားတော်မူ၏။ 9အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။ 10အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။ 11အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။ 12အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။
13အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော်၏ကျွန်တို့အတွက် နာကြင်သောစိတ် ရှိတော်မူပါ။ 14အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တစ်သက်လုံး ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။ 15အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးသနားတော်မူပါ။ 16အမှုတော်သည် ကိုယ်တော်၏ကျွန်တို့အားလည်းကောင်း၊ ဘုန်းတော်သည် သားမြေးတို့အားလည်းကောင်း ထင်ရှားပါစေသော။ 17အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသောအမှုတို့ကိုလည်း၊ အကျွန်ုပ်တို့အဖို့ မြဲမြံစေတော်မူပါ။

ဆာလံကျမ်း - ၉၀ (အနက်ဖွင့်)

အပိုင်း၄ (ဆာ ၉၀၁၁၉)

ဆာ၉၀၊ အသုဘကြေးစည်သံလွင်လွင်

ဤဆာလံတေးသီချင်း နောက်ခံရှုခင်းကို ခင်းပြပါရစေ။ သိနာတောင် ပန်းချီနောက်ခံကား မြင်ရသည်။ ကာဒေ့ဘာရှေတောသို့ စေလွှတ်ထားသော သူလျှိုများကလည်း အားတက်ကျေနပ်ဘွယ်ရာ သတင်းစကား မယူလာကြ။ ပတ်ဝန်းကျင် တောတောင်လွင်ပြင်များသို့ စခန်းချထားရေး နေရာကောင်း လိုက်ရှာကြသည်။ သို့သော် မျှော်လင့်သည် အဖြေမရကြ။ မှန်းချက်နှင့် နှမ်းထွက်မကိုက်။ ပြုသမျှအမောသာ အဖတ်တင်သည်။

နံနက်တိုင်း မောရှေကဲ့သို့ သတင်းလာပို့ကြသည်။ လောလောလတ်လတ် ဒဏ်ရာရရှိသူများ အကြောင်းချည်းဖြစ်သည်။ သေစာရင်း၊ သေရင်း၊ သေပြီးသေစာရင်း တသေတည်းသေနေကြသည်။ သေကြေပျက်စီးခြင်းသည် အထူးအဆန်းမဟုတ်။ မသာဘယ်စျေးလဲ။ ရိုးနေပြီ။ ထို့ဖြင့် စခန်းကုန်းမြေ သည်လည်း သင်္ချိုင်းကုန်းဖစ်လာပြီ။ နေ့တိုင်းတဲဖျက်ပြီး အခြားတနေရာသို့ ပြောင်းရွှေ့ကြသည်။

ထိုအချိန်အခါမျိုးတွင် ဘုရားသခင်၏မောရှေသည် မည်သို့အခြေအနေထိန်းပါသနည်း။ သူ့နား ထဲတွင် အသုဘကြေးစည်းသံ တလွင်လွင်ကြားနေရသည်။ မြေပေါ်သို့ ဝမ်းလျားမှောက်၍ ဘုရားသခင်ထံသို့ ဆုတောင်းသည်။

၉၀: ထိုသို့ ပရိဒေ၀မီးတောက်လောင်သောအခါ မောရှေသည် သူ့စိတ်ဝိညာဉ်ကို ဘုရားသခင် ထံတော်သို့ ပြောင်းလဲအပ်နှံလိုက်သည်။ ကံကြမ္မာဂြိုလ်စီး၍ ဂြိုလ်၀င်ဂြိုလ်ထွက် ပရိယာယ်အလှည့်အပြောင်း ခံနေရသော်လည်း ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ။ သူ့လူများ၏ ခိုလှုံရာကိုးကွယ်ရာ ဖြစ်သည်။ ထာ၀ရကာလပတ်လုံး ဘုရားရှင်သည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် ပြောင်းလဲခြင်းမရှိ။ ဉာဏ်ပညာတန်ခိုးမြင့်မြတ်ခြင်း၊ တရားမျှတခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာတရားအစဉ် တည်သည်။

၉၀: ဘုရားသခင်သည် နိစ္စထာ၀ရတည်တံ့သည်နှယ် အခြားတဘက်ရှိ လူ့ဘ၀သည် တိုတောင်း လှသည်။ ဘုရားရှင်က လူများကို မြေမှုန့်သို့ပြန်သွားကြလော့ဟုမိန့်မှာထားသည်။ နိစ္စထာ၀ရဘုရားရှေ့၌ လူ့အသက်တစ်ထောင်သည် တရက်တညမျှသာရှည်လျားသည်။

၉၀: မောရှေသည်လည်း လူသားဖြစ်သည့်အတိုင်း အိပ်မောကျလေ့ရှိသည်။ လူသည် အိပ်ပျော်လိုက်၊ အိပ်မက်မက်လိုက်၊ နိုးထလိုက်ဖြင့် အချိန်ကုန်လွန်၍ အချိန်ကာလလွန်သည်။ လူ့ဘ၀သည် တောပန်းနှင့်တူသည်။ နံနက်လယ်တွင်စိမ်းလန်းစိုပြေ၍ ညနေခင်းတွင် ညှိုးနွမ်းလျသည်။ ဆရာကြီး  Spurgeon က “ကြဲ၊ ပေါက်၊ပွင့်၊ယော်၊ကြွေ”ဟု စာချိုးထားသည်။

၉၀:၁၀ သေခြင်းရလာဒ်ဟူသည် အပြစ်တံခါးပေါက်မှ ရောက်လာသည်ဟုဆိုရလျှင် ဘုရားသခင် အလည်အပတ်ကြွလာခြင်းသည် မည်သို့နားလည်ရမည်နည်း။ အဲဂုတ္တုပြည်မှ ထွက်လာကြစဉ်အသက်(၂၀) အရွယ်ရှိသော လူပျိုလူလွတ်များသည် ကတိတော်မြေခါနန်ပြည်သို့ ခြေမချမီသေလွန်ခဲ့ကြသည်။ အသုဘကြေးစည်သံသည် ဘုရားသခင်၏အမျက်ဒေါသမပြယ်သေးသည့် အမှတ်လက္ခဏာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လွှတ်ထားသောသူလျှို ရှေ့ပြေးကင်းထောက်များသည် သူရဲဘော်ကြောင်ကြသည်။ ယောရှေ၊ ဂါလက်ကဲ့သို့ သတ္တိသွေးမရှိကြ။

ထိုသူများ၏ ဒုစရိုက်နှင့်လျှို့ဝှက်သောအပြစ်များသည် ဘုရားသခင်ရှေ့တွင် ကွယ်ဝှက်၍မရ၊ ဗူးပေါ် သကဲ့သို့ပေါ်သည်။ သို့ကြောင့် ဣသရေလလူများသည် ဘုရားရှင်၏ အမျက်ဒေါသ တိမ်သလ္လာက ဖုံးအုပ်သည်။ အမျက်ဒေါသသည် တိမ်လှိုင်းပမာ တခအပေါ်တခုဆင်းလာသည်။ တချို့လူများသည် သက်ဇိုး ရှည်ခြင်းကို ဂုဏ်ယူကြပါသည်။ အသက်(၇၀) (၈၀)ထိသက်တမ်းရှည်ကြပါသည်။ သို့သော်လည်း လူ့ဘ၀အရသာမခံစားနိုင်။ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆင်းရဲဒုက္ခသာကြုံတွေ့ကြသည်။ ရောဂါတခုနောက်သို့ နောက်တခုထပ် ၀င်လာသည်။ အမှိုက်ကစပြသာဒ်မီးလောင်သည်။ တခုခုချို့ယွင်းသည်နှင့် ဆင့်ကာဆက်ကာ ဖျားနာသည်။ သွေးခုန်နှုန်းရပ်သည်နှင့်ပတ်၀န်းကျင်ကို မျက်စိမှိတ်ထားပစ်ခဲ့ရပါတော့သည်။

၉၀:၁၁၁၂ ဘုရားသခင်၏အမျက်ဒေါသကို အရှိန်သတ်ပါရန် ဘုရားသခင်၏လူက တောင်း လျှောက်သည်။ ဘုရားသခင်၏အမျက်ဒေါသကို မည်သူချုပ်ငြိမ်းစေနိုင်သနည်း။ မည်သူမှ မစွမ်းသာပါ။ လူ့ဘ၀အသက်ရှင်သည့် နေ့ရက်တိုင်းသည် စကားတော်နာခံဖို့ဖြစ်သည်။ ထိုသို့အသက်ရှင်ခြင်းသည် ပညာတတ်ဖြစ်သည်။ အသက်ရှင်ရသော နေ့ရက်တိုင်းကို ဘ၀သိသိ အဓိပ္ပါယ်ရှိရှိ ရှင်သန်ရသည်။

၉၀:၁၃၁၄ ဘုရားသခင်အား သူ့လူများကို ကရုဏာတော် တဖန်ပြသဖို့ မောရှေကမူ တောင်းပန်သည်။ တလောကလုံး ဒေါသမီးတောက်လောင်နေမှာလား။ သနားကြင်နာသော စိတ်ပြသ တော်မူပါ။ အချိန်မနှေးဘဲ သနားညှာတာမှု ပြသတော်မူပါ။ ဆင်းရဲဒုက္ခကို အမြန်မေ့ပျောက်ပြီး ပျော်ရွှင်ခြင်းဘ၀ကို အမြန်ရောက်ချင်လှသည်။

၉၀:၁၅၁၆ မောရှေက စျေးဆစ် တောင်းဆိုပြန်သည်။ ဣသရေများသည် ကာလကြာရှည် ဆင်းရဲဒုက္ခရောက်ခဲ့သည် ပမာဏအတိုင်း ၀မ်းမြောက်ပျော်ရွှင်ခြင်း စံစားရလိုသည်။ ဘုန်းတန်ခိုးကြီးသော ဘုရားရှင်၏တရားစီရင်ခြင်း မြည်းစမ်းခဲ့ဘူးပါပြီ။ ယခုဆန့်ကျင်ဘက်အရသာ ပေးတော်မူပါ ကျေးဇူးတော် တရား ခံစားရပါစေ။

၉၀:၁၇ နောက်ဆုံးတွင် သူ့လူများကိုယ်စား ဆုတောင်းသည်။ ဣသရေလူမရှိသည့် ဘုရားရှင် ရွေးကောက်ထားသော လူမျိုးဖြစ်သည်နှင့်အညီ မြေကြီးပေါ်မှာ သီးပွင့်ဝေဆာကြပါစေ။ “ကျွန်ုပ်တို့ပြုသော အမှုကို မြဲမြံစေတော်မူပါ”။

ယေဘုယျအားဖြင့် ဆာ ၉၀ကို အသုဘများတွင် ရွတ်ဖတ်သရဇ္ဇုယ်လေ့ရှိကြသည်။ မဆီမဆိုင် ရွတ်ဖတ်ကြသည်မဟုတ်။ လူ့ဘ၀တိုတောင်းပုံကိုတရားရဖို့  အချန်တန်ဘိုးထားဖို့ သတိပေးထားပါသည်။ သို့သော် ဓမ္မသစ်ကျမ်းပါ ဘုရားဟော တရားသဘောမျိုးမဟုတ်။ သခင်ခရစ်တော်ဘုရားက အသက်ဇီ၀နှင့် သေနိုင်သောအလင်း ဧဝံဂေလိတရား ယူဆောင်လာခဲ့ပါသည်။ သေလွန်ခြင်းကို လူတိုင်းသိကြသည်။ ကြုံတွေ့ ကြဦးမည်။ သေလွန်ခြင်းဆိုသည်မှာ ရုပ်ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် ထွက်ခွာ၍ ဘုရားရှင်ထံသို့ ရောက်သွားခြင်း ဖြစ်သည်။ ဆာလံဆရာပြောသောအမှောင်ထုထဲက ငြီးငွေ့ခြင်းကို ခရစ်တော်အား မျှော်လင့်ခြင်း၊ ပျော်ရွှင်မှုဖြင့် အစားထိုးရသည်။ မရဏာနိုင်ငံသို့ပျောက်ဆုံးခြင်းကို ယုံကြည်ခြင်းတန်ခိုးက အောင်ပွဲခံပါသည်။ ယုံကြည်သူမှန်လျှင် အောက်ပါတေးကဗျာအတိုင်း ဖြစ်ရသည်-

သေခြင်းမရဏာချုပ်ငြိမ်းလို့၊ ယုံကြည်သူများပျော်ရွှင်ကြ၊ သင်္ချိုင်းကုန်းဘယ်မှာ ထောင်လွှား နိုင်သလဲ။ ကိုယ်တော်ဖြင့် အောင်ပွဲဆင်ရပြီ။ ယေရှုအသက်ရှင်သည်၊ ယုံကြည်သူတိုင်းမျှဝေခံစားကြ၊ ယေရှုအသက်ရှင်သည်၊ ငါတို့ကို ကယ်တင်တော်မူပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။