ဆာလံကျမ်း - ၇၄

အမျိုးသားလွတ်မြောက်ရေးအတွက် ဆုတောင်း
1အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသောသိုးတို့ကို အဘယ်ကြောင့် အမျက်ထွက်တော်မူသနည်း။ 2ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကိုလည်းကောင်း၊ ရွေးတော်မူသော အမွေတော်အဖို့ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ 3သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့်ပြု၍၊ အမြဲသုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။ 4ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။ 5လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊ 6ယခုတွင် ဗိမာန်တော်တန်ဆာများကို ပုဆိန်၊ သံတူနှင့် တစ်ပြိုင်နက်ရိုက်ချိုးကြပါ၏။ 7သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကျိန်းဝပ်ရာတဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။ 8ဤအမျိုးသားအပေါင်းတို့ကို အတူဖျက်ဆီးကြကုန်အံ့ဟုဆို၍၊ မြေတစ်ပြင်လုံးတွင် ဘုရားသခင်၏ တရားဇရပ်တို့ကို မီးရှို့ကြပါ၏။ 9အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည် တစ်ဖန်မပေါ်မရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူမရှိပါ။
10အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။ 11လက်ယာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော်မူပါ။ 12အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ပြုသော ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၏။ 13ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ်ကိုခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။ 14လဝိသန်၏ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်းသားတို့ စားစရာဖို့ အပ်ပေးတော်မူပြီ။ 15စမ်းရေနှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။ 16နေ့နှင့် ညကို ပိုင်တော်မူ၏။ နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။ 17မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကိုလည်းကောင်း၊ နွေကာလနှင့် ဆောင်းကာလကိုလည်းကောင်း စီရင်တော်မူပြီ။
18ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့တော်မူပါ။ 19ကိုယ်တော်၏ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။ 20ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သောအရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။ 21နှိပ်စက်ခြင်းကိုခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။ 22အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော်အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။ 23ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော်မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ် တိုးတက်လျက်ရှိပါ၏။

ဆာလံကျမ်း - ၇၄ (အနက်ဖွင့်)

ဆာ ၇၄၊ မှတ်ထား

          ဤဇာတ်လမ်းသည်ဗာဗုလုန်ဘုရင် နေဗုခပ်နေဇာမင်းကယေရုရှလင်ဗိမာန်တော်ဖျက်ဆီး သည့်ဝမ်းနည်းဘွယ်အဖြစ်အပြက်အခြေခံသည်။ ဣသရေလသမိုင်းကြောင်းတွင် လာမည့်ကာလ၌ ထိုဖြစ်စဉ်မျိုး (၃)ခုကြုံတွေ့မည့်အကြောင်းကိုလည်း သတိပေးထားသည်။

  • ဘီစီ ၁၇၀-၁၆၈ ခုနှစ်တွင် Antiochus Epiphanes ကမတော်တရော်ညစ်ညူး စော်ကားခြင်း
  • အေဒီ ၇၀ ခုနှစ်တွင် Titus ၏ ရောမစစ်သားများက ဗိမာန်တော်ဖျက်ဆီးခြင်း
  • မ ၂၄:၂၅ပါ ပရောဖက်ပြုချက်အတိုင်း နောင်ကာလတွင် ဗိမာန်တော်မြင်ရတော့မည် မဟုတ်သည့်အကြောင်း။

ဗာဗုလုန်သားများက ဖျက်ဆီးပစ်ကြသည့်အခါဘုရားသခင်က ဣသရေလလူမျိုးကို စွန့်ခွာ သွားလေပြီလားဟု တကြိမ်တခါဝမ်းနည်းကြသည်။ မီးခိုးမီးငွေ့များကောင်းကင်ယံသို့ တလူလူတအူအူပျံဝဲပုံကိုကြည့်ပြီး ဘုရားသခင်၏အမျက်ဒေါသသင့်ခဲ့သည်ဟု အနက်ကောက်ကြသည် ။သို့သော် ဘုရားသခင်ကလုံးဝစွန့်ခွာခြင်းမဟုတ်သေးကြောင်း အောက်ပါအချက်များဖြင့် သိရှိကြသည် –

မြက်ခင်းလွင်ပြင်တွင် ကျက်စားသောသိုး (ငယ် ၁)

လူအစုအဝေးကြီး                       (ငယ် ၂)

ရွေးကောက်တော်မူသောအမွေခံလူ (ငယ် ၂)

ကိုယ်တော်၏ ဆင်းရဲသားများ     (ငယ် ၉)

နှိပ်စက်ခြင်းခံရသူများ     (ငယ် ၂၀)

ဆင်းရဲငတ်မွတ်သူများ     (ငယ် ၂၁)

ဘဝအလှည့်အပြောင်းအဖြစ်မှတ်ထားဟူသော ခေါင်လောင်းကိုလည်းထိုးခဲ့ကြသည်-

လူစုလူဝေးကိုအောက်မေ့တော်မူပါ            (ငယ် ၂)

ဇိအုန်တောင်ကို အောက်မေ့ပါ       (ငယ် ၂)

မထီမဲ့မြင်သော လူမိုက်များ          (ငယ် ၁၈)

ကိုယ်တော်ကို ကဲ့ရဲ့သောလူမိုက်များ (ငယ် ၂၂)

၇၄: ဘုရားသခင်က ဘာမှမသိသကဲ့သို့အော်မြည်တမ်းတကြသည်။ ခါလဒဲစစ်သားများက သာသနိကအဆောက်အအုံများ ဖျက်ဆီးပြာချခဲ့ကြသည်ကို လာရောက်ကြည့်ရှုလှည့်ပါဟု တမ်းတကြသည်။ သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင် ကြသည်။ နိုင်ငံရပ်ခြားကျူးကျော်ရေးသမားများက နန်းတော်ကိုမုန်တိုင်းပမာ အလယ်ဗဟို မှထုတ်ခြင်း ခွင်းကြသည်။ အောင်လံတခွန် တလူလူလွှင့် ထူကြသည်။ ယေဟောဝါဘုရားရှင် ကိုးကွယ်ရာဌာနတော်၌ စော်စော်ကားကား ရုပ်ဝတ္တုပစ္စည်းကိုးကွယ်ကြသည်။ ရုပ်တုဘုရား ကိုးကွယ်ကြသည်။

          ၇၄: သစ်ခုတ်သမားကသစ်တောတအုပ်လုံးခုတ်လှဲ၍ ထင်းပုံလုပ်သကဲ့သို့ ဗိမာန်တော်ကို ရဲတင်းပုဆိန်များဖြင့်ခုတ်လှဲကြသည်။ တူများဖြင့်တံခါးမကြီးများကို ဖျက်ဆီးကြသည်။ ဗိမာန်တော်ပြိုလဲသည်ကိုအားမရသေးဘဲ၊ သန့်ရှင်းရာဌာနတော်လည်း မီးရှို့ပြာချ ကြလေပြီ။

          ၇၄: ထိုအနိဋ္ဌါရုံကြုံတွေ့မည့်အတိတ်နိမိတ်လည်း တစ်ခုမှမပြသဖြင့်မေးစရာမေးခွန်း (၃)ခွန်းရှိသည်။ အတိတ်နိမိတ်မရှိပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

          ကိုယ်လက္ခဏာသက်သေမမြင်။ ဣသရေလသမိုင်းကြောင်းတွင် ထူးခြားဖြစ်စဉ်ကြုံ တွေ့ခါနီးတွင်ဘုရားသခင်ထံမှ အံ့ဘွယ်နိမိတ်လက္ခဏာမြင်ရလေ့ရှိသည်။ ထိုလက္ခဏာမျိုး မတွေ့မြင်ရ။

          ပရောဖက်လည်းမပေါ်။ ထိုအချိန်ကာလတွင်ပရောဖက်များ ရေငုံနှုတ်ဆိတ်နေကြ သည်။ (ယေဇ ၃:၂၆)

          ကာလအပိုင်းအခြားလည်းမသိကြ။ ဘုရားသခင်၏အချိန်နာရီကိုမည်သူမျှအတိ အကျမသိနိုင်။ လာမည့်ကာလတွင်လည်း ထိုအတိုင်းရှိနေဦးမည်။

          ၇၄:၁၀၁၁ မေးခွန်း(၄)ခုမှ အောက်ပါအတိုင်းဖြစ်သည်။

          ရန်သူများက အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ကြမည်နည်း။

          နာမတော်အား မထီလေးစားပြုရ ပါမည်လော။

ရန်သူများ၏အဖျက်လုပ်ငန်းကို အဘယ်ကြောင့်မတားဆီး ပါသနည်း။

အဘယ်ကြောင့် လက်ယာလက်ကို သိမ်းဆည်းထားသနည်း။

၇၄:၁၂၁၇ သို့သော်လည်းဆာလံဆရာသည် သူ့လူများကိုယ်စားအတိတ်ကာလတွင် ဘုရားသခင်၏ကယ်မပုံကို ပြန်လည်ဆင်ခြင်သည်။ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို မျှော်လင့်ချက်ထား၍ အဖြေရှာသည်။ ဣသရေလတို့၏ဘုရင်သည် သမိုင်းကာလကြာရှည် စွာသူ့လူမျိုးဘက်တွင်ရပ်တည်၍ ဒုက္ခအလီလီမှကယ်ထုတ်ခဲ့သည်။ အဲဂုတ္တုမှလွတ်မြောက် လာခဲ့ကြစဉ် ပင်လယ်နီကိုမြေကြမ်းပြင်အဖြစ် ဖြတ်သန်းခြင်းဖြင့် ရန်သူ့ဓါးဘေးရန်မှ လွတ်ခဲ့ကြသည် ။အဲဂုတ္တုဖါရောဘုရင်၏ မြွေဟောက်စစ်သားများနောက်ကထပ်ချပ်လိုက် လာ၍ ပင်လယ်နီလိုက်ကူးကြစဉ် ပင်လယ်နီသည်ပုံမှန်အတိုင်းပြန်လည်ပူးကပ်ဆက်စပ်ကြ သဖြင့် ဖါ့ရော့စစ်သားများရေထဲတွင် သေကြေပျက်စီးကြသည်။ လေဝိသန်၏ခေါင်းခေါ် ဧရာမမိကျောင်းကြီး၊ အဲဂုတ္တုပြည်၏စစ်အင်အားကို ဖြိုခွင်း၍ ငါးစာ၊ လင်းတစာဖြစ်စေခဲ့ သည်။ ကတိတော်ပြည်သို့ ခြေချနိုင်ကြစေရန် ယောဒန်မြစ်ကိုချောင်းငယ်၊ မြောင်းငယ် သဖွယ်ဖြစ်စေခဲ့သည်။ နေ၊လနှင့်ကြယ်များသည်လည်း နေ့ညမရွေး ကိုယ်တော်၏တန်ခိုး အတိုင်းလှုပ်ရှားကြသည်။ ကမ္ဘာမြေကြီးနှင့်ကြယ်နက္ခတာရာများ အချိန်မှန်လှည့်လည်ခြင်း ဖြင့် ရာသီဉတုအလှည့်အပြောင်းဖြစ်စေသည်။

          ၇၄:၁၈၂၁ ဆာလံဆရာက ဘုရားသခင်ကိုလည်းကြိုတင်အသိပေးထားသည်။ ရန်သူများက နာမတော်ကဲ့ရဲ့နေကြပြီ။ လူ့လောကတွင် လူသွမ်းလူမိုက်လူဗာလာမျာက ဘုရားသခင်ကိုကဲ့ရဲ့ စော်ကားကြသည်။

          သို့သော်ဘုရားသခင်၏လူများသည် ထိုကဲ့သို့မမိုက်ရိုင်းကြပါ။ ဘုရားသခင်က ပစ်ပယ်ခြင်းမပြုကြောင်းသိကြသည်။ ကိုယ်တော်၏ ချိုးငှက်သားကိုဗာဗုလုန်သားရဲများက ဝါးမြိုကြတော့မည်။ ကိုယ်တော်၏သားသမီးများကို မေ့လေလျော့လေသလား။ ဣသရေလ လူများ ဆင်ကန်းတောတိုးတောကြီးမျက်မည်း၌ရှိနေကြစဉ် ဣသရေလတို့ဖခင် အာဗြံဟံထံ သို့ပြုခဲ့သော ကတိတော်ကိုပြန်လည်သတိရတော်မူပါ။ နာမတော်ချီးမွမ်းနိုင်ဖို့ရန် ဆုတောင်းသံများကို အဖြေပေးတော်မူပါ။

၇၄:၂၂၂၃ ဘုရားသခင်၏အငန်းအတာသာကျန်သည်။ ရန်သူများကနေ့ရက်စဉ် တိုင်းနာမတော်အားစော်ကားနေကြပြီ။ ရန်သူများ၏မိုက်ရိုင်းမှုကို မသိချင်ယောင်ဆောင်ပါ နှင့်။ မိုးလုံးပြည့်မုသာဝါဒကျင့်သုံးနေကြပြီ။ ကိုယ်တော်ဘုရား အမှုစီရင်ဆုံးဖြတ်တော်မူပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။