ဆာလံကျမ်း - ၄၄

ကွယ်ကာစောင့်ရှောက်ရန်ဆုတောင်း
1အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလတွင်၊ ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။ 2တစ်ပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ်၍ အကျွန်ုပ်တို့၏ဘိုးဘေးများကို နေရာချတော်မူ၏။ တစ်ပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွားစေတော်မူ၏။ 3သူတို့သည် ကိုယ်ဓားဖြင့် ထိုမြေကိုအစိုးရကြသည် မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြသည် မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ယာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။ 4အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင် ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်းအကြောင်းကို စီရင်တော်မူပါ။ 5ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူများကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့် နင်းရသောအခွင့် ရှိကြပါစေသော။ 6ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုးစား။ ကိုယ်ဓားသည် အကျွန်ုပ်ကို မကယ်ရပါ။ 7ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက်မှ ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။ 8အကျွန်ုပ်တို့သည် မခြားမလပ် ဘုရားသခင်၌ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
9သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီ။ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူပါ။ 10အကျွန်ုပ်တို့ကို ရန်သူရှေ့မှာ ပြန်ပြေးစေတော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။ 11ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တစ်ပါးအမျိုးသားတို့တွင် အရပ်ရပ် ကွဲပြားစေတော်မူ၏။ 12ကိုယ်တော်၏လူများကို အဖိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွားတော်ကို တိုးပွားစေတော်မူသည် မဟုတ်။ 13အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်းကျင်၌နေသောသူများ ပြက်ရယ်ပြု၍၊ အရှက်ခွဲရာဖြစ်စေခြင်းငှာ စီရင်တော်မူ၏။ 14တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကိုပုံခိုင်းရသောအခွင့်၊ လူစုတို့သည် ခေါင်းညိတ်ရသောအခွင့်ကို ပေးတော်မူ၏။ 15ကဲ့ရဲ့သောသူနှင့် အသရေဖျက်သောသူ၏စကားကြောင့်လည်းကောင်း၊ 16ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာကြောင့်လည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်အရှက်ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
17ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကို မဖျက်ကြပါ။ 18စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော်လမ်းမှလွှဲ၍ မသွားကြပါ။ 19ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏။ 20အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏နာမတော်ကို မေ့လျော့၍၊ တစ်ပါးအမျိုး၏ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင်၊ 21နှလုံး၌ဝှက်ထားသောအရာများကို ဘုရားသခင်သိတော်မူသည်ဖြစ်၍၊ ထိုအမှုကို မစစ်ဘဲနေတော်မူမည်လော။ 22အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ်တတ်ကြပါ၏။
23အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။ 24အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်းကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ 25အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကိုခံရ၍၊ ရင်ပတ်လည်း မြေ၌ကပ်လျက်ရှိပါ၏။ 26အကျွန်ုပ်တို့ကို မစသောဘုရား၊ ထတော်မူပါ။ ကရုဏာတော်နှင့်အညီ ရွေးနုတ်တော်မူပါ။

ဆာလံကျမ်း - ၄၄ (အနက်ဖွင့်)

ဆာ ၄၄ သားသတ်သမားလက်မှသိုး

သာမန်ရှုံးနိမ့်ခြင်းထက် စင်ပေါ်ရောက်ပြီးမှ တဖန်ရှုံးနိမ့်ခြင်းသည် ပို၍နာကျင်ပါသည်။ ထိုအခါမျိုးတွင် ဘုရားသခင်သည် မိမိဘက်မှာ မရှိတော့ဘူးလားဟု အတွေးမှားဝင်တတ်ပါသည်။

၄၄: ဣသရေလတို့ သမိုင်းကြောင်းသည် နိမ့်တုံမြင့်တုံဖြင့် မတည်ငြိမ်ခဲ့။ ဘုရားသခင်က မကြာခဏ ဝင်ရောက်ဖြေရှင်းပေးလေ့ရှိသည်။ ရေခံမြေခံ ဒေသခံလူ၊ လူရိုင်းများကို ဖယ်ရှားပြီး ခါနာန်မြေအား ဣသရေလ လူများလက်ထဲသို့ ဘိုးဘွားပိုင်မြေအဖြစ်သို့ ပေးသည်။ ခါနာန်ပြည်သားများက ဖယ်ပေးရသည်။ ထိုသို့ တိုင်းနိုင်ငံ သိမ်းပိုက်ခြင်းသည် ဣသရေလလူများ၏ စစ်လက်နက်အင်အား တောင့်တင်းခိုင်မာခြင်းကြောင့်မဟုတ်။ ခါနာန်ပြည်သားများ အသိဉာဏ်နိမ့်ကျ၍ အင်အားချိနဲ့ခြင်းလည်းမဟုတ်။ ဘုရားသခင်၏ အကြံအစည်တော် ဖြစ်သည်။ ဘုရားသခင်၏ ညာလက်ရုံးတော်ဆန့်တန်းခြင်း တန်ခိုးအစွမ်းထုတ်၍ ဣသရေလလူများ အဘယ်မျှ ချစ်ခင်ကြောင်း ပြသခြင်းဖြစ်သည်။

၄၄: မိမိအပေါ်သို့ ဘုရားသခင်ပြုတော်မူသည့် အမှုအရာများကို ပြန်လည်ရေတွက်တိုင်း ကျေးဇူးတော်ရေတွက်၍ မကုန်နိုင်ပါ။ ယာကုပ်၏သားများဆိုသည်မှာ အပြစ်ဗရပ္ပရှိသူများဟု အဓိပ္ပါယ်ရသည်။ ထိုမျှ အပြစ်ဗရပ္ပရှိသော်ငြားလည်း ချစ်မြဲချစ်နေသောကြောင့် ဘုရားသခင်က အောင်မြင်ခြင်းအစွမ်းအစများ ပေးထားသည်။ ဘုရားရှင်သည် ကြီးမြတ်သောဘုရား၊ ခွန်အားကြီးသောဘုရားဖြစ်ပေသည်။ ဘုရားပေး ထိုအစွမ်း ပကားများကြောင့် ဣသရေလလူများသည် တောင်ပုံယာပုံရန်သူကို မြေထိုးစက်ကြီးသဖွယ် ထိုးလှန်နိုင်ခဲ့သည်။ ဓါးသွားလည်းမခွေ၊ လှံသွားလည်း မကြွေဘဲ အောင်မြင်ခဲ့ကြသည်။ ထိုဘုရားရှင်က သူ့လူများကို အောင်မြင်ခြင်း အစွမ်းအစပေးသည်။ ရန်သူများကို ပြိုကွဲစေသည်။ ထို့ကြောင့်လည်း ဣသရေလလူများသည် ဘုရားသခင်ကို သိကျွမ်းခြင်းအား ဂုဏ်ယူမဆုံးပြောပြသည်။ ကျေးဇူးတော်ချီးမွမ်း၍ မဆုံးနိုင်ကြ။

၄၄:၁၂ သို့သော် ထိုကာလတွင် အခြေအနေ ရုတ်ခြည်းပြောင်းလဲသွားသည်။ ဝမ်းမြောက်သီချင်းမှ ငိုချင်းသို့ ပြောင်းလဲသွားသည်။ ဘုရားသခင်က သူ့လူများအား ပစ်ပယ်၍ ဆင်းရဲဒုက္ခကြုံရပြန်သည်။ ဣသရေလ တပ်တော်သည် ချီလေတဲ့ချီပါလျက်၊ ဘုရားရှင်မပါရှိပါ။ ဘုရားရှင်၏ ကွပ်ကဲထိန်းကျောင်းမှုမရှိ။ သို့ဖြင့် ကသောင်းကနင်းဖြစ်ကုန်ပြီ။ ရန်သူများ ဣသရေလတို့၏ ဂုဏ်သိက္ခာ၊ စော်ကားနင်းချေကုန်ပြီ။ ဘုရားသခင်က သူ့သိုးများကို ထားပစ်ခဲ့ပြီ။ သားသတ်သမား တပါးအမျိုးသားလက်ထဲသို့ အပ်နှံပြီ။ ဘုရားသခင်၏ သိုးသား များကို အမဲဖြတ် မှီဝဲစားသုံးခြင်းဖြင့် အဆီအသားမဖြတ်။ အဆိပ်အတောက်သာဖြစ်သည်။ ရန်သူများက အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဖဲ့စားကုန်ကြပြီ။

၄၄:၁၃၁၆ ထိုသို့ဖြင့် ဣသရေလလူများသည် နွားသတ်ရုံတွင် သတ်ဖို့ သိုလှောင်ထားသော အမဲများ ဖြစ်ကြသည်။ တပါးအမျိုးသားများလက်ထဲက ရေဖြစ်ကြသည်။ လူတိုင်းပါးစပ်ဖျားမှာ ပြောလာခဲ့ကြသော ယုဒလူမျိုးနှင့် အစဉ်အလာဟူသောစကားသည်  ပြက်ယယ်ပြုစရာ ဟာသဖြစ်ကုန်လေပြီ။ ဘုရားသခင်၏ ရှေးဦး သန့်ရှင်းသူများသည်လည်း ရယ်စရာဖြစ်ကုန်ကြလေပြီ။ အရှက်ရစရာ ဖြစ်ကုန်ုပြီ။ ရန်ဘက်ပြုချင်သော ရန်ရှာသောသူများ၏ ဝါးစားပစ်မတတ် အကြည့်မျိုး ခံနေရပါသည်။

၄၄:၁၇ ထိုသို့ တမျိုးသားလုံး အရှက်တကွဲအကျိုးနည်းရှိကြသော်လည်း ဣသရေလလူများသည် ဖောက်ပြန်ခြင်းမရှိကြ။ စိတ်ဓါတ်ပျက်ပြား သစ္စာဖောက်ပြားခြင်းမပြု။ ဣသရေလသမိုင်းကြောင်းတွင် အပြစ် ဒုစရိုက်နှင့် ဆင်းရဲဒုက္ခဒွန်တွဲနေသည်။ သို့သော် အမြဲတမ်းမဟုတ်။ ဣသရေလလူများသည် ဘုရားသခင် ရွေးကောက်တော်မူသော လူမျိုးဖြစ်ကြသောကြောင့် ကတိတော်လာသည့်အတိုင်း ဆင်းရဲဒုက္ခကြုံတွေ့ကြရသည်။

၄၄:၁၈၁၉ ကတိတော်လာသည့်အတိုင်း ဘုရားသခင်ကို ယုံကြည်စွဲမြဲကြသည်။ သစ္စာမဖောက်ကြ။ သို့သော်လည်း ဘေးဒုက္ခအပေါင်း ရင်ဆိုင်ကြရသည်။ ဘုရားသခင်ကို မေတ္တာမပျက်၊ လမ်းလွဲမလိုက်ကြသော် လည်း ဘုရားသခင်က မြေခွေးများအဘယ်သို့ သိုးသူငယ်ပမာပစ်ထားရက်လေရော့သလား။ သေကြပေတော့ဟု ထားပစ်ခဲ့ပါသလား။

၄၄:၂၀၂၂ ဘုရားသခင်၏နာမတော်ကို မေ့လျော့နေကြသောကြောင့်လား။ ဘုရားသခင်က ထိုသူများ၏ စိတ်နှလုံးကလီစာမှစ၍ အူမချီခါးကအစဆုံး သိထားပါသည်။ ထို့သို့သော အပြုအမူများကြောင့် မဟုတ်။ ယေဟောဝါဘုရားရှင်နှင့် ဆက်ဆံရေးအဆင်မပြေသောကြောင့်တည်း။ ဘုန်းတော်ထင်ရှားစေဖို့ရန် အသက်ရှင် နေသော ယဇ်ကောင်များ ဖြစ်ကြရသည်။ သားသတ်သမားလက်ထဲရောက် အမဲများဖြစ်ကြရသည်။

ထိုအကြောင်းကို နှစ်ပေါင်းရာချီကြာလေသောအခါ ရှင်ပေါလုက ဆာ ၄၄:၂၂ ကို ကိုးစားလျက် ရော ၈:၃၆တွင် ခေတ်အဆက်ဆက် ဘုရားသခင်၏လူများ ခံစားသောဆင်းရဲဒုက္ခဟု ရေးထားသည်။

၄၄:၂၃၂၆ ဆာလံဆရာသည် ချောက်ကမ္ဘားထိပ်သို့ ရောက်နေပြီ။ ခြေထောက်တဘက်က လျှောကျနေပြီ။ နည်းနည်းလေးလှုပ်သည်နှင့် စုန်းစုန်းမြှုပ်တော့မည်။ ဘုရားသခင်၏ ကယ်မခြင်းမှတပါး မျှော်လင့်စရာမရှိ။ သို့ကြောင့် မျက်နှာတော်ဖုံးကွယ်မနေဘဲ ကယ်မတော်မူပါဟု တောင်းလျှောက်သည်။ သို့မဟုတ် လျှင် သူ့လူများသည် ပုံမှန်ဖြစ်ကြရတော့မည်။ အသံကုန်ဟစ်၍ ဘုရားရှင်ကို အော်ဟစ်နေပြီ။

အကျွန်ုပ်တို့ကို မစသောဘုရား

          ထတော်မူပါ

          ကရုဏာတော်နှင့်အညီ ရွှေးနှုတ်တော်မူပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။