ဆာလံကျမ်း - ၄၅

မင်းကြီး၏ထိမ်းမြားမင်္ဂလာပွဲသီချင်း
1ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့် ပွက်ထလျက်ရှိ၍၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆိုပေအံ့။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်ဖြစ်ရ၏။ 2ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူ၏။ 3တန်ခိုးကြီးသောအရှင်၊ ဘုန်းအသရေတော်ဖြစ်သော ကိုယ်တော်၏ဓားကို ပေါင်တော်၌ စည်းတော်မူပါ။ 4သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားကြောင့်၊ အသရေတော်ထင်ရှားလျက်၊ အောင်မြင်၍ စီးသွားတော်မူပါ။ လက်ယာလက်တော်လည်း ကြောက်မက်ဖွယ်သောအရာကို ကိုယ်တော်အား ပြပါလိမ့်မည်။ 5ရှင်ဘုရင်၏ ရန်သူတို့နှလုံးထဲမှာ မြားတော်တို့သည် ထက်သည်ဖြစ်၍၊ လူတို့သည် ခြေတော်အောက်၌လဲကြပါ၏။ 6အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။ 7ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်၊ ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ။ 8ဆင်စွယ်ဘုံဗိမာန်ထဲကထုတ်သော အဝတ်တန်ဆာတော်ရှိသမျှတို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက်တော်မူဖွယ်ဖြစ်ကြပါ၏။ 9အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမမိဿံအဝင်ဖြစ်၍၊ လက်ယာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။
10ငါ့သမီးနားထောင်လော့။ ဆင်ခြင်၍ နာယူလော့။ ကိုယ်အမျိုးသားချင်းနှင့် ကိုယ်အဘ၏အိမ်ကို မေ့လျော့လော့။ 11သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင်သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အရှင်ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့။ 12တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သောသူတို့သည်လည်း၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။
13ရှင်ဘုရင်၏သမီးတော်သည် အတွင်း၌ ဂုဏ်အသရေသက်သက်ရှိ၏။ ရွှေဖြင့်ချယ်လှယ်သော အဝတ်တန်ဆာကိုဆင်၏။ 14ဇာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏။ နောက်လိုက်သော အပေါင်းအဖော် အပျိုတော်များကိုလည်း၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်။ 15ဝမ်းမြောက်ရွှင်လန်းသော အခြင်းအရာနှင့် ဆောင်ခဲ့၍၊ ရှင်ဘုရင်၏နန်းတော်သို့ ဝင်ရကြလိမ့်မည်။ 16ကိုယ်တော်၏အဘများကိုယ်စား သားများကိုရ၍၊ မြေကြီးတစ်ပြင်လုံးတွင် မင်းအရာ၌ ခန့်ထားတော်မူလိမ့်မည်။ 17အကျွန်ုပ်သည် ကိုယ်တော်၏နာမကို လူမျိုးအစဉ်အဆက် အောက်မေ့ကျော်စောစေသဖြင့်၊ လူမျိုးတို့သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတ္တံ့သတည်း။

ဆာလံကျမ်း - ၄၅ (အနက်ဖွင့်)

ဆာ ၄၅ ဘုရင်တကာတို့၏ ဘုရင်

          ၄၅: ဆာလံဆရာသည် ဤကျမ်းချက်ကို လျှောကနဲ၊ လျှောကနဲ ရေးသားမည်ထင်ပါသည်။ ရင်ထဲခံစားချက်မှ ပြည့်လျှံလာသမျှကို စာစီကုံးခြင်းဖြစ်သည်။ ရှင်ဘုရင်ချီးမွမ်းခန်းဖြစ်သည်။ အထွေအထူး စဉ်းစားမနေ။ ဖောင်တိန်ကိုင်လိုက်သည်နှင့် ကရားရေလွှတ်စကားလုံးများ စီးဆင်းလာသည်။ လျှာကလည်း ထုတ်ဖော်မြွက်ဆိုဖို့ ယားနေသည်။ သို့သော် လူ့အစွမ်းအစ လုပ်ဆောင်ချက်များမဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုဖြစ်သည်။

၄၅: ဦးစွာ ထိုရှင်ဘုရင်ကို မိတ်ဆက်ပေးပါမည်။ သူ့ပတ်ဝန်းကျင်တွင် ဂုဏ်ကျက်သရေ ဖြာဝေနေသည်။ ကျေးဇူးတော်စကားသာ တဖွဖွပြောဆိုလေ့ရှိသည်။ စကားတော်သည် ချိုလာသည်။ အဘယ်သို့ဆိုသော် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ထာဝရခံစားသည်။

လူ့လောက၌ လူဖြစ်ဘူးသမျှထဲတွင်

ရှားရှားပါးပါးပြည့်စုံသောအရှင်

နှုတ်တော်ထွက်ကျေးဇူးတော်စကားသည်

ချစ်ခြင်းမေတ္တာတသွင်သွင် စီးဆင်းလျက်

သုခမင်္ဂလာ ပြည့်စုံပါဘိ။

ဒူးစုံထောက်လျက်ရှိခိုးပါသည်ဘုရား။

ရှေးစာဆိုတဦး

၄၅: ဆာလံဆရာက သခင်ယေရှုခရစ်တော်ဘုရား လူ့လောကသို့ ဒုတိယအကြိမ် ပြန်လည် ကြွလာခြင်း ဇာတ်ဝင်ခန်းသို့ ကူးခေါ်ဆောင်သွားပြန်သည်။ ဒုတိယအကြိမ်ပြန်လည်ကြွလာသည့်အခါတွင်မူ နာဇရက်ယေရှုအဖြစ် ကျိုးနွံစွာ ကြွလာမည်မဟုတ်။ ဘုန်းတန်ခိုး အရှိန်အဝါအပြည့်ဖြင့် မင်းခမ်းမင်းနားနှင့် ကြွလာမည်။ ရာဇာဝင်း၊ ဒေဝါဝင်းစံမည်။ ပေါင်တော်၌ ဓါးတော်စည်းလျက် ဘုန်းတန်ခိုးပြသမည်။ ဖြောင့်မတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ သစ္စာတရားများပြသမည်။ လက်ဝါးတော်၌ရှိသော သံမှိုနှက်ရာကို ပြသသောအခါ ရန်သူများပက်လက်လန် အံ့သြသွားမည်။ မြားတော်တို့သည် ရှင်ဘုရင်တို့၏ရင်ခွင်ကို ထုတ်ခြင်းခွင်းနိုင်သဖြင့် ရှင်ဘုရင်များသာမက လူများတို့သည်လည်း ရှေ့တော်တွင် လဲကျကုန်ကြမည်။

၄၅:၇က စစ်ခိုးစစ်ငွေ့များ ပျောက်လွှင့်ကုန်ပြီ။ ရှင်ဘုရင်သည် ယေရုရှလင်ပလ္လင်တော်ပေါ်တွင် ဘုန်းကျက်သရေအပြည့်ဖြင့် စိုးစံတော်မူပြီ။ ကောင်းကင်ယံမှ ဘုရားသခင်၏အသံတော်ကြားရကြပြီ။ ထာဝရ စိုးစံမည့်သူဟု ကျေညာထုတ်ပြန်မည်။ ထိုအသံတော်သည် ဘုရားသခင်၏အသံတော်ဖြစ်သည်။ အဘယ်သို့ ဆိုသော် ဟေဗြဲ ၁:၈-၉ တွင် ဤသို့ဆိုထားသည်။

သားတော်သို့ မိန့်တော်မူသည်ကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် နိစ္စထာဝရ တည်မြဲပါစေ။ ကိုယ်တော်၏နိုင်ငံတော်သည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအပါတို့ထက် ကိုယ်တော်ကိုချီးမြောက်၍ ဝမ်းမြောက်ခြင်းနှင့် ဘိသိက်ပေးတော်မူပြီ။

ဤနေရာတွင် ဘုရားသခင်က ခရစ်တော်အား သူအရှင်သခင် မိန့်မြွက်သည်ကို သတိပြုပါ။ ထိုစကားတော်သည် ခရစ်တော်ဇာတိတော်ကို သိမှတ်ခြင်းဖြစ်သည်။ အချို့ကျမ်းပညာရှင်များက ဆာ ၄၅:၆ကို “ကိုယ်တော်၏ ပလ္လင်တော်သည် နိစ္စထာဝရတည်မြဲပါစေသား”ဟု ရိုးရိုးလေးမပြန်ဘဲ၊ “ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ပလ္လင်တော်သည် ကာလစဉ်ဆက်တည်မြဲပါ၏”ဟု ပြန်ဆိုကြသည်။ ဤကျမ်းချက်ကို ဟေဗြဲကျမ်းတွင် “ကိုယ်တော်၏ ပလ္လင်တော်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏”ဟု ဆိုထားသည်။ သို့ကြောင့် ခရစ်တော်၏ပလ္လင်တော်သည်သာ ဘုရားရှင်စိုးစံရာမဟုတ်ဘဲ၊ ခရစ်တော်ကိုယ်တိုင်သည်လည်း ဘုရားရှင်တော် အဖြစ် စိုးစံကြောင်း ထင်ရှားသည်။

ခရစ်တော်၏ နိုင်ငံတော်သည် ထာဝရတည်တံ့မည် လူ့ကမ္ဘာလောကမှာ အနှစ်တထောင်အုပ်စိုးပြီးနောက် ကိုယ်တော်၏နိုင်ငံတော်သည် သခင်ယေရှုစိုးစံသော ထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက်သွားမည် (၂ပေ ၁:၁၁)။

ခရစ်တော်၏ တော်ဝင်လှံတံသည် တရားမျှတခြင်းကို သရုပ်ဖော်သည်။ မင်းခမ်းမင်းနားလည်း ဖော်ဆောင်သည်။ မေရှိယသခင်က တရားမျှတစွာ အုပ်စိုးသည့်အကြောင်းဖြစ်သည်။ မြင့်မြတ်စင်ကြယ်စွာ စီရင်မည်။ မတရားသူများကို မုန်းတီး၍ ဖြောင့်မတ်ခြင်းကို နှစ်သက်အားပေးသည်။

၄၅:၇ခ သို့ကြောင့်လည်း ဘုရားရှင်တော်က ယေရှုသခင်အား အခြားသောပြည့်ရှင် မင်းတရားကြီး များထက် ခမ်းခြောက်ခြင်း ဘိသိက်မီးသွန်းလောင်းသည်။ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဘိသိက်ဆိုသည်မှာ ယဇ်ပုရောဟိတ်များ သန့်ရှင်းရာဌာနထဲသို့ ဝင်ခါနီးတွင် လူးရသည့်ဆီသန့်ဖြစ်သည်။ (ထွ ၃၀:၂၂-၂၅)။ သခင်ယေရှုသည် ယဇ်ပုရောဟိတ်ကြီးနှင့် ရှင်ဘုရင်ဖြစ်သောကြောင့် ထိုကဲ့သို့ဘိသိက်ဆီသွန်းလောင်းခြင်း ခံရသည်။ မုရန်နှင့်အကျော်သည် မဖြစ်မနေ အဓိကဆီသန့်များဖြစ်၍ သစ်ကြပိုးဆီသည်လည်း အဘိုးတန်ရေ မွှေးဖြစ်သည်။ ထိုအကြောင်းကို သီ ၄:၁၄ တွင်လည်း တွေ့နိုင်သည်။ ထိုနံ့သာဆီမွှေးများသည် ယေရှုဘုရားသခင် လုပ်ဆောင်ချက်များ တန်ဘိုးရှိမွှေးကြိုင်ပုံကို သရုပ်ဆောင်သည်။ သခင်ယေရှု၏ အလောင်းတော်ပြင်ဆင်ကြစဉ် တွင်လည်း မုရန်နှင့် အကျော်နံ့သာမွှေးသုံးကြသည် (ယော ၁၉:၃၉)။

ဆင်စွယ်ဘုံဗိမာန်တော်ထဲက ထိုရေမွှေးများကို ထုတ်သုံးကြသည်။ ထိုသို့ ပြုမူခြင်းသည် လူလောက သားများမြင်သာအောင် မင်းခမ်းမင်းနား ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ လူမြင်ကွင်းမှ ကွယ်ပျောက်သည်နှင့် တပြိုင်နက် ရွှေခေတ်မိုင်းလင်းသွားပါမည်။

၄၅:၁၄၁၅ ထိုသို့ဝတ်စားဆင်မြန်းပြီးသော် ရှင်ဘုရင်ထံသို့ ခစားဝင်လာသည်။ ရောင်စုံကာဖြင့်ကာလျက် ရှေ့တော်သို့ သွင်းကြသည်။ အပျိုတော်များသည် ဝန်းရံကြသည်။ ထိုအခိုက်အတန့်တွင် ရှင်ဘုရင်အပါအဝင် နန်းတော်သူနန်းတော်သားအားလုံးဝမ်းမြောက်ဝမ်းသာကြသည်။

ခမည်းတော်သားတော်၊ သန့်ရှင်းဝိညာဉ်တော်၊ သန့်ရှင်းကောင်းကင်တမန်များ၏ ဝမ်းသာလုံးစို့ ပျော်ရွှင်ခြင်းကို မည်သူမှ ဖော်ကျူးနိုင်စွမ်းမရှိ။ လာသမျှလူများ နှလုံးပီတိကွမ်းဆီသို့ အရည်ပျော်ဝင် ကြသည်။ အကောင်းဆုံးဝတ်စားများ ဆင်ယင်လာကြသည်။ ပြုဘွယ်လှုပ်ရှားမှုတိုင်းသည် ဘုရားသခင်၏ သားတော်ကြောင့် ကျက်သရေမင်္ဂလာ ရှိကြသည်။ (ရှေးစာဆိုတဦး)

၄၅:၁၆၁၇ ဤနောက်ဆုံးကျမ်းပိုဒ်နှစ်ခုသည် ခမည်းတော်ကခရစ်တော်သို့ ပြောစကားများဖြစ်သည်။ သားများက ဘိုးဘွားများ၏အောင်မြင်ခြင်း အမွေခံကြသည့်အတိုင်း မြေတပြင်လုံးတွင် မင်းစိုးရာဇာဖြစ်ကြလိမ့် မည်။

ရှင်ဘုရင်ဖြစ်တော်မူသည့်အတိုင်း နာမတော်ကို ခေတ်အဆက်ဆက်လူသားများက ချီးမွမ်းထောမနာ ပြုကြမည်။ လာရောက်ကိုးကွယ်သူများသည် မခြားမလပ်ရပ်နားခြင်းမရှိ တသုတ်ပြီးတသုတ်ရောက်လာကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။