ဆာလံကျမ်း - ၃၅

ကူမတော်မူရန်ဆုတောင်းခြင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။ 2ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကိုကူညီခြင်းငှာ ထတော်မူပါ။ 3အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကိုရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေးသော သူပေတည်းဟု အကျွန်ုပ်၏ဝိညာဉ်အား မိန့်တော်မူပါ။ 4အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ 5ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါစေသော။ ထာဝရဘုရား၏တမန်သည်လည်း သူတို့ကို လှဲပါစေသော။ 6သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်း ဖြစ်ပါစေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော။ 7အကြောင်းမရှိဘဲ အကျွန်ုပ်အဖို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဖို့တွင်းကို တူးကြပါပြီ။ 8ထိုသို့သောသူသည် အမှတ်တမဲ့ပျက်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသော ကျော့ကွင်းသည် မိမိကို ကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါစေသော။ 9သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူခြင်း အကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူးခြင်းရှိလိမ့်မည်။ 10အကျွန်ုပ်အရိုး ရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏လက်မှ ဆင်းရဲသားကို နုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်းဟု လျှောက်ဆိုကြမည်။
11မမှန်သောသက်သေတို့သည် ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာ တင်ကြ၏။ 12ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်းတည်းဟူသော မကောင်းသောအရာကို ဆပ်ပေးကြ၏။ 13ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။ 14သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် တမှိုင်မှိုင်နေလေ၏။ 15ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက်၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌ စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကိုဆွဲဖြတ်ကြ၏။ 16ပွဲ၌ခစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။
17အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံးကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှလည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှလည်းကောင်း ကယ်လွှတ်တော်မူပါ။ 18ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်။ 19မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်းမရှိဘဲ အကျွန်ုပ်ကိုမုန်းသော သူတို့လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။ 20အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေသော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည်သားတို့တစ်ဖက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြပါ၏။ 21အကျွန်ုပ်ကိုပါးစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။
22အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော်မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ 23အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည်အကြောင်း ကိုယ်ကိုနှိုးဆော်၍ ထတော်မူပါ။ 24အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ်အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုနိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။ 25အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေနှင့်။ ငါတို့သည် သူ့ကိုမျိုပြီဟု၊ မပြောကြပါစေနှင့်။ 26အကျွန်ုပ်၌ ဘေးရောက်သည်အကြောင်းကို ဝမ်းမြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။ 27အကျွန်ုပ်၏ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့သည် ရွှင်လန်းစွာသီချင်းဆို၍ ဝမ်းမြောက်ကြပါစေသော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော်မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေသော။ 28အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။

ဆာလံကျမ်း - ၃၅ (အနက်ဖွင့်)

ဆာ ၃၅၊ မိတ်ဆွေမှ သစ္စာဖောက်သို့
၃၅း၁-၃ ဒါဝိဒ်က ဘုရားသခင်ထံတော်သို့ လျှောက်လဲဆုတောင်းသည်။ မိတ်ဆွေဘဝမှသစ္စာ ဖောက်အဖြစ်သို့ ပြောင်းလဲသွားသောသူ၏လက်နက် ဘေးရန်မှ ကွယ်ကာဖို့သာမက စစ်ကူပေးရန် တောင်းလျှောက်သည်။ ဘုရားရှင်ကို ဒိုင်းလွှားအဖြစ် ခိုလှုံ သည်။ ရန်သူ့ လှံချက်များကို ဆီးတားပေးစေလိုသည်။ “ငါသည်သင့်အား ချမ်းသာပေးသောသူဖြစ် သည်”ဟု သော အသံတော်ကိုကြားချင်သည်။
၃၅း၄-၆ ဘုရားသခင်အား တရားမျှတစွာ စီရင်လျှောက်လဲသည်။ လူသတ်သမားများ အရှက်တ ကွဲအကျိုးနည်းဖြစ်ကြပါစေ။ မကောင်းကြံစည်မှု အရေ မရအဖက်မရအချည်းနှီးဖြစ်ကြပါစေ။ ဖြောင့်မတ်သူ များကို ဆန့်ကျင်သူများသည် အချိန်မဲ့၊ အဆံမရှိဘဲ၊ ဖွဲကဲ့သို့ လေမှာလွင့်ကြပါစေ။ ဘုရားသခင်၏ကောင်းကင်တမန်များက တွန်းလှဲဖယ်ရှားကြပါစေ။ (ဘုရားသခင်၏ ကောင်းကင်တမန်ဆိုသည်မှာ လူ့ဇာ တိမခံယူမီ ခရစ်တော်ကိုရည်ညွှန်းသည်)။ ထိုမတရားသော သူများ၏ သွားရာလမ်းသည် မှောင်မိုက်၍ ရေခဲပြင်မှာ လျှောက်ရသကဲ့သို့ ချော်လဲကြပါစေ။ ဘုရား သခင်၏ ကောင်းကင်တမန်က ထပ်ချပ်လိုက်ပါစေသား။
၃၅း၇-၈ ထိုသူများသည် လုံလောက်သောအကြောင်းမရှိ၊ အရင်းမရှိအဖျားမရှိဘဲ ဆာလံဆရာကို လုပ်ကြံကြသည်။ ဆာလံဆရာကို တောရိုင်းသတ္တဝါသ ဖွယ် ကွင်းလောင်ဖမ်းကြသည်။ ဘုရားရှင်က ထိုသူများကို တကျော့ပြန်စီစဉ်၍ မိမိတို့ထောင်သော ထောင်ချောက်တွင် ပြန်မိကြပါစေ။
၃၅း၉-၁၀ ထိုသို့ပြုတော်မူလျှင် ဒါဝိဒ်သည် ရွှင်လန်းအားရစွာဖြင့် ကယ်တင်ခြင်းကျေးဇူးတော် ပွဲလမ်းသဘင်ကျင်းပမည်။ အဖေါ်မဲ့၊ အကွယ်အကာ မဲ့ဘဝမှ ကယ်တင်တော်မူသော ဘုရားရှင်ကို ချီးမွမ်း ထောမနာပြုမည်။
၃၅း၁၁-၁၄ ယခုကဲ့သို့ ဆာလံဆရာကို စိတ် ဒုက္ခရောက်အောင် ဖိစီးနှိပ်စက်သူများသည် သူစိမ်းတ ရံများမဟုတ်။ တချိန်တခါက ဒါဝိဒ်၏ မိတ်ကောင်းဆွေ သဟာများဖြစ်သည်။ ယခုချိန်တွင်မူ နားမလည် နိုင်အောင် ဆန့်ကျင်ဘက်အဖွဲ့သို့ ရောက်သွားကြသည်။ ဆာလံဆရာကို မတော်မတရားအမျိုးမျိုး ပုပ်ခတ်ကြ သည်။ တချိန်က ချစ်ခင်ရင်းနှီးခဲ့ကြသမျှ မုန်းတီးရွံရှာ မှုဖြင့် ပြန်လည်ပေးဆပ်ကြသည်။ ထိုသို့ဖြစ်ကြရခြင်း မှာ မအံ့ဩဘဲမနေနိုင်။ ထိုသူများ ဖျားနာခဲ့ကြဘူးသည်။ ထိုသို့ဖျားနာခဲ့ကြစဉ် ဒါဝိဒ်က ကိုယ်ချင်းစာနာလျှက် ပြုစုစောင့်လျှောက်ခဲ့သည်။ ထပ်တူထပ်မျှ မျှဝေခံစားခဲ့ သည်။ ခေါင်းငုံ့လျှက် ဘုရားရှင်ထံသို့ ဆုတောင်းပေး သည်။ ညီအစ်ကို မိတ်ဆွေရင်းခြာအဖြစ် ဆက်ဆံခဲ့ သည်။ မိခင်သေဆုံးသောသားကဲ့သို့ ဝမ်းနည်း ကြေကွဲခဲ့သည်။
၃၅း၁၅-၁၆ ဒါဝိဒ်ဒုက္ခရောက်၍ ဖျားနာ သည့်အခါတွင်မူ ထိုသူများသည် ဝမ်းမြောက်ဝမ်းသာ လက်ခမောင်းခတ်ကြသည်။ ဒါဝိဒ်ကိုလည်း အမျိုးမျိုး ပုပ်ခတ်စွပ်စွဲကြသည်။ လမ်းတလျှောက်တွင် သွားပုပ်လေလွင့် ပြောကြသည်။ အပုပ်ချကြသည်။ ကိုက်ဖဲဝါး စားတော့မည့်အတိုင်း သွားပြင်နေကြသည်။ ထိုဆာလံ ဆရာ၏ အဖြစ်အပျက်သည် ပိလတ်မင်းနှင့် ဟေရုဒ်မင်းရှေ့ရောက် သခင်ယေရှုနှင့်တူနေပေသည်။ အမျိုး မျိုးပုပ်ခတ်ပြောဆိုကြသော်လည်း ကိုယ်တော်သည် သီးခံခဲ့သည်။
၃၅း၁၇-၁၈ ဘုရားသခင်သည် မတော်မတ ရားမှုများကို မည်မျှကြာသည့်တိုင်အောင် လက်ပိုက် ကြည့်နေမည်နည်း။ ဘယ်သောအခါမှ အရေးယူဆောင်ရွက်မည်နည်း။ လူ့ ခြင်္သေ့ များလက်ထဲမှ အပြစ်မဲ့သော လူသား၏အသက်ကို ကယ်တင်ဖို့အ ချိန်တန်ပြီ။
၃၅း၁၉-၂၁ ဒါဝိဒ်၏ရန်သူများသည် အကျိုးအကြောင်းမရှိဘဲလျှက် အမုန်းဖက်ကြသည်။ မျက်စောင်းထိုးကြသည်။ အမျက်ဖြေစကားပြောလျှင် လည်း လက်သင့်မခံကြ။ မဟုတ်မမှန်စွပ်စွဲ ကြသည်။ မကောင်းကြံစည်ကြသည်။ ရန်ငြိမ်းစကား ဆိုလျှင် လည်း ဟေ့အေးဟေ့အေးဟု ငြင်းပယ်ကြသည်။ သင့် လုပ်ဆောင်ချက်ကို မြင်ပြီးပြီဟု မဟုတ် မဟတ်ဆိုကြသည်။ ၊
၃၅း၂၂-၂၅ ထိုအဖြစ်အပျက် အားလုံးကို ကိုယ်တော်တွေ့မြင် ပါသည်။ ဖြစ်ကြောင်းကုန် စင်ကိုယ်တော်သိပါသည်။ ရေငုံနှုတ်ဆိတ်နေတော်မ မူပါနှင့် ကိုယ်တော်ဘုရား။ ဝေးရာသို့ မနေပါနှင့် ဘုရား။ အကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို ထောက်ရှု၍ တရားသဖြင့် စီရင်တော်မူပါ။ ကိုယ်တော်ကောင်း ပေးမည့်အချိန်ကို စောင့်မျှော်နေပါသည်။ ကိုယ်တော် သည် သမ္မာသစ္စာအတိုင်းလုပ်ဆောင်လေ့ ရှိပါသည်။ အကျွန်ုပ်ပျက်စီးဘို့ ထိုသူများ၏အကြံကို ဖယ်ရှား ပေးတော်မူပါ။ ထိုသူများ၏ မတော်မတရား ပြုမူ ကြံစည်မှုအတိုင်း မဖြစ်ပါစေနှင့်။ အကျွန်ုပ်ကို ဝါးမြို့ ကြတော့မည်။
၃၅း၂၆ ကိုယ်တော်ဘုရား၊ ရန်သူများသည် အကျွန်ုပ်၏ဆုံးရှုံးပျက်စီးခြင်းကို တွေ့မြင်ချင်ကြသည်။ ပျော်ရွှင်ဝမ်းမြောက်ကြသည်။ အကျွန်ုပ်ကို စော်ကားမော်ကားပြုမည့် သူများသည် အသရေပျက်ပြား၍ အရှက်တကွဲ ရှိကြပါစေ။

၃၅း၂၇-၂၈ အကျွန်ုပ်ဘက်၌ ဟုတ်မှန်သည့် အတိုင်း ရပ်တည်သူများသည် ရွှင်လန်းဝမ်းမြောက် ကြပါစေ။ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို သက်သေ ခံနိုင်ကြပါစေ။ ကိုယ်တော်၏ လူများကို ထောက်ခံအား ပေးသူများသည် ချမ်းသာကြွယ်ဝခြင်းနှင့် ပြည့်စုံကြ ပါစေ။ အကျွန်ုပ်သည် ရေငုံနှုတ်ဆိတ်မနေ၊ ကိုယ်တော်၏ တရားမျှတခြင်းနှင့် ကောင်းမြတ်ခြင်းကို အစဉ်ချီးမွမ်းပါမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။