ဆာလံကျမ်း - ၃၀

သေခြင်းမှကင်းလွတ်သည့်ချီးမွမ်းခြင်း
”ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။”
1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကျွန်ုပ်ကို ဆယ်နုတ်တော်မူ၏။ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူ။ 2အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအော်ဟစ်၍၊ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏။ 3အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံထဲက နုတ်ယူတော်မူပြီ။ သင်္ချိုင်းတွင်းထဲသို့မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ။ 4ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ 5အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား၊ တစ်သက်လုံးတည်၏။ ညဉ့်ဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသောအခွင့်ရှိ၏။
6ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။ 7အိုထာဝရဘုရား၊ ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏တောင်သည် ခိုင်ခံ့မြဲမြံပါ၏။ မျက်နှာလွှဲတော်မူသောအခါ ဆင်းရဲခြင်းသို့ရောက်ပါ၏။ 8အိုထာဝရဘုရား၊ အကျွန်ုပ်သည်အသက်ဆုံး၍၊ 9သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း။ 10မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ သစ္စာတော်ကိုဖော်ပြပါမည်လော။ အိုထာဝရဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်းလျှောက်ပါ၏။ 11ထိုအခါ အကျွန်ုပ်ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်းခါးပန်းနှင့် စည်းတော်မူ၏။ 12သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။

ဆာလံကျမ်း - ၃၀ (အနက်ဖွင့်)

ဆာ ၃၀၊ အနာရောဂါကင်းငြိမ်းခြင်းတေးသီချင်း

     အသဲအသန်ဖျားနာဘူးကြသူတိုင်း ကျမ်းမာခြင်း၏တန်ဘိုးကို အထူးနားလည်သိရှိကြသည်။ ခွဲစိတ်ကုသခြင်း၊ အထူးဂရုစိုက်ကြပ်မတ်ကုသခြင်း၊ ဓါတ်စာကုသခြင်း၊ အသက်ကယ်ဆေးထိုးခြင်းနှင့် ဝိုင်းဝန်းပြုစခြင်းများကို နားလည်ခဲ့ကြသည်။ ခေတ်မှီဆေးဝါးများကိုလည်း မေ့အပ်သည်မဟုတ်။ အနာရောဂါ ကင်းငြိမ်းသူတိုင်းသည် ကျေးဇူးတော်ချီးမွမ်းဖြင်း ဆာလံသီချင်းဆိုရန်သာရှိပါသည်။

ဒါဝိဒ်သည် နေထိုင်မကောင်း မကျန်းမာခဲ့သည့်ကာလကို မမေ့။ အသဲအသန်ဖျားနာသောအခါ သူ့အိမ်တစ်ခု လုံးကို ဆက်ကပ်သည်။ ယေဟောဝါဘုရားသခင်ကို အနာရောဂါကင်းငြိမ်းစေသူ အရှင်သခင်အဖြစ် ချီးမွမ်းသည်။

၃ဝး၁-၄  ပြန်လည်နာလံထ၍ ကျန်းမာရေးအကောင်းပတိပြန်ဖြစ်သောကြောင့် ဘုရားသခင်ကျေးဇူးတော် ချီးမွမ်းရသည်။ ဒါဝိဒ်၏ကျန်းမာရေးသည် အဝီစိတိုင်ရောက်ခဲ့သည်။ စုန်းစုန်းမြုပ်ခဲ့ပြီ။ ရန်သူများကလည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ်ကြသည်။ ထိုအခါ မိမိအစွမ်းအစမတတ်သာသည့်အဆုံး ထာဝရဘုရားသခင်ထံသို့ ဆုတောင်းသည်။ ငရဲ(Sheol)မှ လွတ်မြောက်ရန် နည်းလမ်း မျှော်လင့်ချက်မရှိ သလောက် ဆိုးဝါးခဲ့သည်။ သချိုင်းကုန်းဘက်သို့ ခြေတလှမ်းနေရောက်နေပြီ။

အနာရောဂါမှပြန်လည် ကင်းလွတ်လာသည့်အခါ ဘုရားရှင်တော်ထံသို့ ကျေးဇူးတော်ချီးမွမ်းရသည့်အပြင် သန်ု့ရှင်းသူများကိုလည်း ဖိတ်ခေါ်၍အတူတကွထောမနာပြုသည်။ ဆာလံဆရာသည် တကိုယ်တော်ချီးမွမ်းသည် သာမက၊ ဘုရားသခင်၏ လူများနှင့်အတူတကွ သန့်ရှင်းသောနာမတော်အား ချီးမွမ်းကြသည်

၃ဝး၅   ဘုရားသခင်ကို ချီးမွမ်းသည့်အကြောင်း (၂)ချက်ရှိသည်။ ထိုအကြောင်းကို Knox ကျမ်းမူတွင် ဤသို့ဆိုထားသည်။

အမျက်တော်သည် တခဏသာဟုန်းဟုန်းတောက်၍မေတ္တာတော်သည် အစဉ်ထာဝရရွှင်လန်းသည်။

     ဝမ်းနည်းခြင်းဧည့်သည်သည် တညတာတည်းခို၍နံနက်အာရုဏ်ဦးနှင့်အတူ ပျော်ရွှင်ခြင်းရောက်လာသည်။

     ကိုယ်တွေ့အဖြစ်အပျက်တစ်ခုပြောပြပါရစေ။ MacDonald တို့မိသားစုသည် အလွန်အမင်းဝမ်းနည်းကြေကွဲ ကြသည်။ အပေါင်းအသင်းမိတ်ဆွေများက လာရောက်နှစ်သိမ့်အားပေးကြသော်လည်း ဖြေမဆည်သာ။ အမျိုးမျိုးချော့မော့ကြပေမယ့် မရွှင်ကြ။ ဤနေရာတွင် Dr. H.A. Ironside ၏ ဆာလံ၃ဝး၅ပါစကားသည် တိုတောင်းပေမယ့် မှတ်သားဘွယ်ရာ သင့်မြတ်သည် –

ငိုနိုင်လှတညပေါ့၊

မိုးလင်းလျှင် ပျော်ရွှင်ခြင်းရှာရမယ်ပါ့။

မှန်ပါသည်။ တလောကလုံး ငို၍ မဖြစ်။ ဝမ်းနည်းသည့်အခါ ဝမ်းနည်းကြေကွဲရပေမင့် တခဏသာ ဖြစ်သင့်သည်။

စာရေးသူသည် ဝမ်းနည်းကြေကွဲသူများကို ဤကျမ်းပိုဒ်ဖြင့်နှစ်သိမ့် အားပေးလေ့ရှိသည်။

၃ဝး၆-ရ   နောက်တချက်မှာ ယုံကြည်သူများသည် လောကစည်းစိမ်ဥစ္စာပေါ်မှာ ဂုဏ်ယူဝင့်ကြွားခြင်းမပြုရ။ ဘုရားသခင်အပေါ်၌သာ တည်မှီဂုဏ်ယူရသည်။ ဒါဝိဒ်သည် အသဲအသန်မဖျားမနာမီကာလတွင် မိမိကိုယ်ကို အဟုတ်အထင်ကြီးခဲ့သည်။ ဆင်းရဲဒုက္ခပြဿနာမကြုံတွေ့နိုင်ဟု ဘဝင်မြင့်ခဲ့သည်။ သူ့ဘဝတစ်ခုလုံး တောင်ကုန်းတောင်တန်းကြီးပမာခိုင်မာသည်ဟုထင်မြင်သည်။ မိမိကိုယ်ကို ဘေးရန်ကင်းရှင်းလုံခြုံသည်ဟု ထင်သည်။ မည့်သည့်ဘေးရန်မှမကြောက်မစိုးရိမ်ခဲ့။

လောကဓံတရားအတိုင်း ကြုံရာဆုံရာ ဖြစ်လာသည်။ ညချမ်းနှင့်အတူ ဘုရားရှင်၏ မျက်နှာတော်မမြင်ရ။ အမြတ်တော်ရှသောကြောင့် မျက်နှာတော်ဖုံးကွယ်တော်မူသလား။

၃ဝး၈-၁ဝ   သို့သော် ဆုတောင်းပဌနာပြုသည့်ညတွင်းချင်းတွင် ဒါဝိဒ်၏ဘဝအလှည့်အပြောင်း ကြုံရသည်။ စည်းစိမ်ဥစ္စာများသည် ငြီးငွေ့ဘွယ်ရာဖြစ်သည်။ ရေတွက်ရာမကောင်း။ အသဲအသန်ဖျားနာသောကြောင့် အရပ်ကယ်ပါ၊ လူဝိုင်းပါဟုအော်နေသည်။ ဘုရားရှင်ထံတိုင်တည် ဆုတောင်းသည်။ အကယ်၍ တမဟုတ်ခြင်း သေသွားလျှင် ဘုရားရှင်အတွက်လည်း အသုံးမဝင်။ ဒါဝိဒ်ကလည်းဘုရားရှင်ကိုချီးမွမ်းနိုင်မည်မဟုတ်။ မြေမှုန့်တွေကလည်း ကိုယ်တော်ကို ချီးမွမ်းနိုင်မည်မဟုတ်။

အို-ထာဝရဘုရား၊ အကျွန်ုပ်သည်အသက်ဆုံး၍သင်ချိုင်းတွင်းသို့ ဆင်းလျှင်အဘယ်အကျိုးရှိအံ့နည်း

    မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ သစ္စာတော်ကို ဖော်ပြမည်လော။

ယနေ့ယုံကြည်သူများသည် ဤအယူအဆကိုအထူးဈာန်ဝင်ဖို့မဟုတ်။ ခံစားချက်လေးနက်ပုံကိုသရုပ်ဖော် ခြင်းဖြစ်သည်။ ဓမ္မဟောင်းသန့်ရှင်းသူများသည် အမှောင်ထုကို ဘေးတိုက်ရှု့မြင်တတ်ကြသည်။ ဤဆာလံ ကျမ်းက ဥဒါဟာရုဏ်(၂)ခုပြဆိုထားသည်။

အပိုဒ်ငယ်(၅)တွင် ဒါဝိဒ်ကသူ၏ဖျားနာခြင်းသည် ဘုရားသခင်၏အမျက်ဒေါသသင့်ခြင်းဟု ခံယူသည်။ ယခုခေတ်ကာလတွင်မူ ဘုရားသခင်၏အမျက်ဒေါသဟုမမြင်ကြ။ ချစ်ခြင်းမေတ္တာသင်္ကေတဟု သိမှတ်ကြသည် (ဟေဗြဲ ၁၂:၆)။ တခါတရံဖျားနာခြင်းနှင့် နာကျင်ခံစားခြင်းများသည် ကိုယ်တော်၏ အလိုတော်နှင့်လမ်းလွဲခြင်း ဟု ထင်မှတ်ကြသည်။

အပိုဒ်ငယ် (၉)၌ ယုံကြည်သူများ၏ချီးမွမ်းခြင်းအဆုံးသည် သေခြင်းဟု တွေ့ရသည်။ လူ့လောကမှာအသက် ရှင်နေထိုင်စဉ်တွင် ချီးမွမ်းခြင်းနှင့် သက်သေခံရသည်။ သို့သော် လည်း ၂ကော ၅:၈ နှင့် ဖိ ၁:၂၃ တို့တွင် ယုံကြည်သူ သေလွန်သည့်အခါ ခန္ဓာကိုယ် သည်သင်ချိုင်းထဲသို့ရောက်၍ စိတ်ဝိညာဉ်သည် ခရစ်တော်ထံသို့ ရောက်ရှိသွားသည်ဟုဆိုပါသည်။ ယုံကြည်သူ၏ စိတ်ဝိညာဉ်သည် အသိတရားရှိရှိဖြင့် ခရစ်တော်ထံတွင်ရှိ၍ ကိုယ်တော်ကိုကိုးကွယ်ပါသည်။ ထိုအကြောင်းအရာကို ရှေးဟောင်းသန့်နှင်းသူများကမသိလိုက်ကြ။ ခရစ်တော် အသက်နှင့် သေခြင်းမရှိသောအလင်း၊ ဧဝံဂေလိသတင်းဆောင်ကြဉ်းလာပါသည် (၂တိ ၁:၁၀)။

ဓမ္မဟောင်းသန့်ရှင်းသူများ၏ ယုံကြည်ခြင်းသည် အကန့်အသက်ဘောင်ခတ်ခြင်းခံခဲ့ရသည်။ ယုံကြည်ခြင်း၊ ဆုတောင်းခြင်း၊ ကြိုးစားအားထုတ်ခြင်းနှင့် ဆက်ကပ်ခြင်းတို့၌ စိတ်အားထက်သန်ခဲ့ကြသည်။

၃ဝး၁၁   တဖန်ဒါဝိဒ်ကို ပြန်ကြည့်ကြစို့။ အသည်းအသန်ဖျားနာနေစဉ် ဆုတောင်းခဲ့သည် (ငယ် ၉-၁၀)။ အပိုဒ်ငယ် ၁ဝနှင့်၁၁အကြားတွင် ဆုတောင်းခြင်းအဖြေရရှိသည်။ ဘုရားသခင်က ပြန်လည်ကျန်းမာထူထောင် စေသည်။ နောက်ဆုံးကျမ်းပိုဒ်(၂)ခုသည် ပြန်လည်နလံထူထောင်သည့် ကျမ်းချက်များဖြစ်၏။ အသုဘငိုခြင်းနှင့် မင်္ဂလာဆောင်ပွဲကဲ့သို့ အခြေအနေပြောင်းလည်းထူးခြားသည်။ အဝတ်စုတ်ဝတ်ဆင်ရာမှ ဝတ်ကောင်းစားလှ ဝတ်ဆင်သကဲ့သို့လည်းဖြစ်သည်။ ဘုရားရှင်က သူ့အဝတ်စုတ်များကို ချွတ်ပေးပြီး၊ သန့်သန့်ပြန့်ပြန့် ဝတ်ရုံသစ် ဆင်မြန်းပေးသည်။

၃ဝး၁၂   သင်ချိုင်းဂူထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းမနေဘဲ၊ ဒါဝိဒ်သည် ဘုရားသခင်အား ချီးမွမ်းကိုးကွယ် နိုင်သည်။ ထို့ကြောင့်လည်း ဘုရားသခင်အားအစဉ်သဖြင့် ချီးမွမ်းကိုးကွယ်နိုင်သည်။ “ကျွန်တော့်အပေါ်သို့ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ဘယ်သောအခါမှမမေ့။ ဘယ်သောအခါမှ မချီးမွမ်းဘဲမနေနိုင်”ဟု ဆိုနေပေမည်။

အသင်စာရှုသူသည် ဤဆာလံကျမ်းကို မည်သို့ခံစားသည်မသိ။ စာရေးသူအတွက်မူ ကျေးဇူးတော်မချီးမွမ်း လျှင် ရှက်စရာဟုဝန်ခံယူသည်။ တချိန်လုံးဖျားနာနေစဉ် ဆုတောင်းခြင်းကြောင့် ကောင်းကင်နိုင်ငံတံခါးဝသို့ ချက်ခြင်းရောက်သွားမည်ဆိုလျှင် ဘုရားသခင်၏ ကျေးဇူးတော်သည် အဘယ်မျှချီးမွမ်းသင့်ပါသလဲ။ ရှေ့တော်သို့ရောက်လာ၍ ချီးမွမ်းခြင်းယဇ်ကိုကွယ်ဖို့ မေ့လျော့နေလျှင် တာဝန်လစ်ဟင်းရာရောက်ပေသည်။

ဘုရားရှင်က ပုံဥပမာအဖြစ်ပေးထားပါသည်။ ဘုရားရှင်ကို ချစ်မြတ်နိုးရုံသာမက၊ အလိုတော်အတိုင်း လိုက်လျှောက်ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။