ဆာလံကျမ်း - ၁၄၇

ယေရုရှလင်အတွက်ချီးမွမ်းခြင်း
1ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျောက်ပတ်သည်ဖြစ်၍၊ ထောမနာသီချင်းဆိုကြလော့။ 2ထာဝရဘုရားသည် ယေရုရှလင်မြို့ကိုတည်ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုးသားတို့ကို စုဝေးစေတော်မူ၏။ 3စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏အနာကို ကုတော်မူ၏။ 4ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။ 5ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်းကြီး၏။ ဉာဏ်တော်သည် အနန္တဖြစ်၏။ 6ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာလှဲတော်မူ၏။
7ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရားရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ဘုရားသခင်ကို ထောမနာသီချင်း ဆိုကြလော့။ 8ကောင်းကင်ကို မိုးတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဖို့ မိုးရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကို ပေါက်စေတော်မူ၏။ 9မြည်တတ်သောကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။ 10မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်ခြင်းကို အားရနှစ်သက်တော်မူခြင်းမရှိ။ 11ကြောက်ရွံ့သောသူနှင့် ကရုဏာတော်ကိုမျှော်လင့်သောသူတို့ကို ထာဝရဘုရား နှစ်သက်တော်မူ၏။
12အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်းလော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။ 13အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်းချီးပေးတော်မူ၏။ 14သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကိုငြိမ်းစေ၍၊ အကောင်းဆုံးသောစပါးနှင့် သင့်ကိုဝစွာ ကျွေးမွေးတော်မူ၏။ 15မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကိုလွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။ 16မိုးပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။ 17မိမိမိုးသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ်တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင်သနည်း။ 18တစ်ဖန် နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုးပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။ 19နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌လည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌လည်းကောင်း ဖော်ပြတော်မူ၏။ 20အခြားတစ်ပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေလုယ။

ဆာလံကျမ်း - ၁၄၇ (အနက်ဖွင့်)

ဆာ ၁၄၇၊ ယေရုရှလင်ထလော့၊ ဘုရားရှင်ကိုချီးမွမ်းလော့

ဤဆာလံတေးသည် ယေဘုယျအားဖြင့် ဣသရေလလူများ ဗာဗုလုန်မှ ယေရုရှလင်သို့ ပြန်ရောက် သည့်အချိန်တွင် စပ်ဆိုသောတေးကဗျာဖြစ်သည်။ သို့သော်လည်း အဓိပ္ပါယ်ပေါကြွယ်ဝသည်။ ဣသရေလ ရှင်ဘုရင် ပြန်လည်ကြွလာ၍ မြို့တော်နှင့် တမျိုးသားလုံး ပြန်လည်စုစည်း နလံထူမည့်အကြောင်းဟုလည်း ခံယူနိုင်သည်။

အောက်ပါအချက်အလက်များပါဝင်သည်-

ချီးမွမ်းကိုးကွယ် သင့်လျော်ခြင်း (ငယ် ၁)

ဣသရေလလူတို့ ပြန်လည်စည်းရုံးရေး (ငယ် ၂-၆)

ဘုရားသခင်က ကျွေးမွေးစောင့်ရှောက်ရေး (ငယ် ၇-၉)

ရုပ်ဝတ္ထု ပစ္စည်းထက် ဝိညာဉ်ရေးရာတွင် တန်ဖိုးထားပျော်ရွှင်သည့်အကြောင်း (ငယ် ၁၀-၁၁)

ယေရုရှလင်အပေါ် ဘုရားသခင်၏ကောင်းမြတ်ခြင်း (ငယ် ၁၂-၁၄)

ကိုယ်တော်ထိန်းချုပ်ရာများ  (ငယ် ၁၂-၁၄)

ဣသရေလလူများကို မျက်နှာသာပေးခြင်း (ငယ် ၁၉-၂၀)။

၁၄၇: လူသစ်စိတ်သစ် ပြင်ဆင်ထားသည့် အသစ်သောလူသည် ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ကိုးကွယ်သည်။ ချီးမွမ်းရန် ကိုယ်တိုင်တက်ကြွသကဲ့သို့ ပတ်ဝန်းကျင်လူများကိုလည်း စည်းရုံး တိုက်တွန်းသည်။

၁၄၇: ကိုယ်တော်သည် အားသစ်အင်သစ်ပေးပိုင်သော အရှင်ဖြစ်သည်။ ယခုလည်း ယေရုရှင်လင်မြို့ကို ပြန်လည်တည်ဆောက်ရေး၊ ကျွန်ဘဝမှ လွတ်မြောက်လာသော ဣသရေလလူမျိုးအား ပြန်လည်စည်းရုံးရေး ဆော်သြသည်။ ကျေးကျွန်ဘဝသို့ရောက်သွားကြရသောကြောင့် ဣသရေလတမျိုးလုံး ဇာတ်သိမ်းပြီဟု မဆိုနိုင်။ ပြည်သူပြည်သားများ စိတ်ဓါတ်ကျဆင်းသွားကြသောကြောင့် ရေစုံမျောပြီဟု မဆိုသာ။ ဘုရားသခင်၏ အမှုတော်မပြီးသေးပါ။ ကရုဏာတော်ကြီးမြတ်သည့်အတိုင်း နာလံပြန်ထတက်ကြွ ကြဦးမည်။ နှလုံးသားဒဏ်ရာများနှင့် အတွင်းကြေအနာကို ပြန်လည်ကုသပေးမည်။ မိုးကောင်းကင်ကြယ် များကို ရေတွက်သည့်နှယ် တဦးချင်း နာမည်ခေါ်မည်။ ဘုရားသခင်သည် သူ့လူများအား တဦးချင်းမှတ်ပုံတင် ထားပုံရသည်။

ဘုရားရှင်တော်က သူ့လူများအား ဂရုစိုက်ပုံနှင့် တဦးချင်းသိကျွမ်းပုံများကို Archibald G. Brownက ဤသို့ရှင်းပြသည်။

အိုး သန့်ရှင်းဝိညာဉ်တော်၊ ကိုယ်တော်သည် အောက်ကျို့ရိုကျိုးလွန်းပါတကား၊ လူတို့မကုစား နိုင်သော အတွင်းဒဏ်ရာဒဏ်ချက်များကိုလည်း ကုသပေးတော်မူပြီ။ စိတ်နှလုံး ဒဏ်ရာဒဏ်ချက် များကို ကုသပျောက်ကင်းစေပြီ။ ကြယ်သမျှများပြားသော ယုံကြည်သူတဦးချင်းစီကိုလည်း ဂရုစိုက်တော်မူသည်။၁၀၄ လက်တော်ဖြင့် အတွင်းကြေဒဏ်ရာများကုသပေး

ကြယ်စင်များသို့နှယ်အလင်းပေး

မိုင်ပေါင်းကုဋေခြားသည်ထင်ပေလင့်

ကိုယ်တော်ဘုရားအနားမှာ ရှိနေပါလား။

M.P.Ferguson

၁၄၇: ကိုယ်တော်သည် အနန္တတန်ခိုးရှင်ဖြစ်တော်မူသည့်အတိုင်း တန်ခိုးကြီးမားသည်။ အလုံးစုံကိုသိသည့် သဗ္ဗညုတဉာဏ်တော်ရှိသည်။ ခေါင်းပုံဖြတ်၊ ဖိနှိပ်ခံလူတန်းစားကို ချီးမြောက်၍ မတော်မတရား၊ လူဆိုးများကို ရှုတ်ချသည်။

၁၄၇: ဘုရားရှင်သည် ကျွေးမွေးစောင့်ရှောက်သည့် ဘုရားရှင်ဖြစ်တော်မူသည့် အလျှောက် ကျေးဇူးတော်ချီးမွမ်းအပ်သည်။ ကောင်းကင်တပြင်လုံးတွင် တိမ်သလ္လာဖုံးလွှမ်းစေပြီးမှ ဆည်မြောင်း ချောင်းကန် ရေပြည့်လျှံအောင် ရေများအဖြစ် ရွာသွန်းစေသည်။ သံစဉ်ပြိုင်ပြိုင်ဖြင့် ရွာသွန်း၍ ကမ္ဘာမြေ နုပျိုလန်းဆန်းစေသည်။ တောင်ကုန်းတောင်စွယ်တပြင်လုံး မြက်ခင်းများဖြင့် စိမ်းစိုစေသည်။ တိမ်မိလ္လာ၊ မိုးရေနှင့် မြက်ခင်းပြင်တို့၏ ချစ်သံယောဇဉ် ဇာတ်လမ်းကို အဘယ်သူစာဖွဲ့နိုင်သနည်း။

ဘုရားသခင်သည် ကြီးမြတ်တော်မူသည်။ တောတိရစ္ဆာန်များကို အစာရေစာကျွေးမွေးသည်။ ကျီးအ မှစ၍ တကောင်တလေမှ အငတ်မထား။

၁၄၇:၁၀၁၁ အင်အားဗလ၊ အသိဉာဏ်အသီးသီး ပေးထားသည့်အတိုင်း ဘုရားရှင်ကို ချီးမွမ်း ကြစေ။ ကိုယ်တော်သည် လူ့ဗလကို မြင်းကသော ရထားခွန်အားဖြင့်မတိုင်း။ လူ့ခွန်အားကိုလည်း ခြေလျင် စစ်သည် ပမာဏဖြင့်မနှိုင်းဆ၊ လူအားမြင်းအားကို ဂရုမပြု။ အိုလံပစ်ပြိုင်ပွဲခွန်အားမျိုးမသုံး။ ဘုရားသခင်ကို ချစ်ကြောက်ခြင်းနှင့် ကရုဏာတော်၌ မျှော်လင့်ခြင်း ပမာဏကိုသာ ကြည့်ရှုသည်။

၁၄၇:၁၂၁၄ တဖန်ယေရုရှလင်မြို့ပေါ်သို့ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ရေတွက် ထောမနာ ပြုသည်။ ကောင်းချီးမင်္ဂလာ (၄)မျိုး ရေတွက်ပြသည်

မြို့ပြလုံခြုံမှု       -ကျုးကျော်ရေးသမား ဝင်ရောက်မစီးနင်းနိုင်အောင် မြို့ရိုးတံခါးခိုင်ခံ့လုံခြုံ စေသည်။

သက်သာချောင်းချိုမှု       – တိုင်းသူပြည်သားတို့ နေထိုင်မှု ဝမ်းမြောက်စုံလင်ပြည့်ဝစေသည်။

ငြိမ်သက်အေးချမ်းမှု        – နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေး တည်စေသည်။

စိုက်ပျိုးသီးနှံဖူလုံမှု         -စားဝတ်နေရေးတွေးမပူအောင် စည်ပင်ဝပြောစေသည်။

၁၄၇:၁၅၁၈ ယေဟောဝါဘုရားသခင်အား ချီးမွမ်းရန် မေ့ပျောက်နိုင်သော အကြောင်းအချက်များကို ထိန်းချုပ်ထားသည်။ အမိန့်တော်ရှိသည်နှင့် ချက်ခြင်းအာဏာသက်ရောက်သည်။ ကမ္ဘာမြေကို သိုးမွှေးကမ္ဗလာ လွှမ်းခြုံသည့်နှယ် ဆီးနှင်းများဖြူဖွေးစေသည်။ ဖုံသလ္လာများကိုလည်း ပြာကဲ့သို့ ဖြူဆွတ်စေသည်။ မိုးသီးမိုးပေါက်များ သွန်ချသောအခါ မည်သူ ပုန်းအောင်းတိမ်းရှောင်နိုင်သနည်း။ တဖန်အမိန့်တော်ရှိသည်နှင့် ထိုဆီးနှင့်မိုးသီးများသည် အရည်ပျော်ဝင် ပျောက်ကွယ်သွားကြပြန်သည်။ တောင်လေလာလျှင် မိုးငွေ့ပါ၍ နွေဦးပေါက်လျှင် ငွေနှင်းဖြူတို့ ပျော်ရွှင်ကြသည်။ သို့ဖြင့် လူပတ်ဝန်းကျင်တွင် နွေမိုးဆောင်း တလှည့်စီကြုံကြသည်။

၁၄၇:၁၉၂၀ နောက်ဆုံးတွင် ဣသရေလလူတို့ကို မျက်နှာသာပေးရသည့်အကြောင်း ထုတ်ဖော်သည်။ ထိုဣသရေလအမျိုးသို့ အထုံးအဖွဲ့နှင့် တရားတော်များပေးခဲ့သည်။ အခြားသောလူမျိုးများထံသို့မပေး။ တပါးအမျိုးသားများနှင့်မဆိုင်။

ထိုအကြောင်းကို Williams က ဤသို့ရှင်းပြသည်-

ဣသရေလလူမျိုးအား ရွေးချယ်တော်မူခြင်းသည် စကားတော်တည်ကြောင်း အာမခံချက်ပြသရာဖြစ် သည်။ လောကလူသားများသို့ ဆက်ဆံရာလမ်းကြောင်းဖြစ်သည် (ငယ် ၁၉၂၀) မောရှေနှင့် ပေါလုတို့၏ ဝတ်ပြုကိုးကွယ်ပုံများကို ယှဉ်ယူကြည့်ပါ (တရား :၈၊ ရော :၂၊၁၁:၃၃)၁၀၅

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။