ဆာလံကျမ်း - ၁၃၃

ညီအစ်ကိုသဘောတူခြင်း
1ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။ 2အာရုန်၏ခေါင်းပေါ်မှာလောင်းလျက်၊ သူ၏မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင်ကျသော နံ့သာဆီကဲ့သို့ဖြစ်၏။ 3ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသောအရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏။

ဆာလံကျမ်း - ၁၃၃ (အနက်ဖွင့်)

ဆာ ၁၃၃၊သွေးစည်းညီညာ ချီးမွမ်းပါစို့

အသေးအဖွဲ့ ပေါင်းစုံစုစည်းလျှင် ဧရာမကြီးဖြစ်လာသည်။ ဆာ ၁၃၃သည် တိုတောင်းသော်လည်း ဝိညာဉ်ရေးရာ ရတနာဖြစ်သည်။ အနည်းနှင့်အများဟူသော ပဏာမကိုပယ်ပစ်သည်။

အဓိကအချက် (၄)ချက်ပါရှိသည်။ ညီအစ်ကိုများသွေးစည်းခိုင်မာလျှင် ပျော်ရွှင်ခြင်းမင်္ဂလာရှိသည်။ ဒုတိယအချက်တွင် သတင်းသင်းပျံ့သည်။ တတိယအချက်မှာ ရွှင်လန်းသည်။ နောက်ဆုံးအချက်မှာ ဘုရားပေးကောင်းချီးမင်္ဂလာ အာမခံချက်ရရှိသည်။

၁၃၃:၁။ ညီအစ်ကိုမောင်နှမများသည် စည်းလုံးညီညာရသည်။ သွေးစည်းခိုင်မာဖို့ရန် နေရာတိုင်း၌ မျက်နှာချင်းဆိုင်နိုင်ကြပါ။ သို့သော် အရေးကြီးကိစ္စရပ်များ၌ လူချင်းမဆိုင်လျှင်လည်း စိတ်သဘောထားချင်း ညီညွတ်ကြသည်။ အသေးအဖွဲ့ကိစ္စများတွင် စိတ်မကောက်ကြ၊ အရာရာတိုင်းကို ချစ်ခြင်းမေတ္တာစိတ်ဖြင့် လုပ်ဆောင်ကြသည်။ ပုံပန်းသဏ္ဍာန်မတူညီကြလျှင်ည်း စည်းလုံးညီညာကြသည်။ အဆင်းသဏ္ဍာန်မတူညီ သော်လည်း လက်တွဲညီညာ လုပ်ဆောင်နိုင်ကြသည်။ လူ့ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းများသည် တခုနှင့်တခု မတူညီကြပါ။ သို့သော်လည်း တခုတည်းသောဦးခေါင်းအောက်၌ ဆက်စပ်ဖွဲ့စည်းထားသောကြောင့် စည်းလုံး ညီညာ အောင်ကြောင်းဖြာသည်။ စိတ်သဘောထားတိုက်ဆိုင်မှုမရှိလျှင် စည်းလုံးမှုမဖြစ်နိုင်။ ဧရာမ အသေးဖွဲ့ ကိစ္စရပ်များမှစ၍ အမှုအရာအားလုံး၌    စိတ်သဘောထားတူညီကြမည်ဟု မဆိုလို။ အခြေခံရပ်တည်ချက်တွင် တူညီကြရမည်။ တချို့ကိစ္စရပ်များတွင် သဘောမကျလျှင်လည်း အများနည်းတူပါဝင် လုပ်ဆောင်နိုင်ရမည်။ စည်းလုံးညီညွှတ်ခြင်း၏ရန်သူစင်စစ်မှာ မနာလိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ ကျောကုန်းဓါးထိုးခြင်း၊ အပြစ်ရှာခြင်း ချစ်ခြင်းမေတ္တာ ကင်းမဲ့ခြင်းတို့ဖြစ်သည်။

၁၃၃: စည်းလုံးညီညွှတ်ခြင်းသည် အာရုန်ကို ယဇ်ပုရောဟိတ်ရာထူးချီးမြှင့်ရာတွင် အသုံးပြုသည့် နံ့သာဆီမွှေးသည် မုတ်ဆိတ်ကျင်စွယ်မှ ဝတ်ရုံဖျားတိုင်အောင် စီးဆင်းသည်။ သူကိုယ်တိုင် ဂုဏ်ယူ ဝမ်းမြောက်သည်သာမက မြင်ရသူတိုင်း မုဒိတာပွားကြသည်။ နံ့သာဆီမွှေးသည် သန့်ရှင်းဝိညာဉ်တော်ကို ပုံဆောင်သည်။ ဘုရားသခင်၏လူများသည် စိတ်တူကိုယ်တူ လုပ်ဆောင်ကြသည့်အခါ သုခမင်္ဂလာ ပြည့်ဝ ပါပေသည်။ ပတ်ဝန်းကျင်သို့ သင်းရနံ့မွှေးကြိုင်စေသည်။ မြင်ရသူတိုင်း စိတ်ချမ်းသာကြသည်။

၁၃၃:၃။ စည်းလုံးညီညွှတ်ကြလျှင် ရွှင်လန်းတက်ကြွသည်။ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုး ပေါ်သို့ ကျသောနှင်းကဲ့သို့ဖြစ်၏။ အခြားတောင်ကုန်းများမှ လှမ်းကြည့်သောအခါ ဟေရမုန်တောင်သည် ဆီးနှင်းများ ဖုံးလွှမ်းသောကြောင့် အေးချမ်းသည်ဟု ယူဆရသည်။ ထိုနှင်းပွင့်များသည် သန့်ရှင်းသော ဝိညာဉ်တော်ကို သရုပ်ဖော်သည်။ တတောတတောင်လုံး သန့်ရှင်းသောဝိညာဉ်တော် ဖုံးလွှမ်းသည်နှင့်အညီ ကမ္ဘာဆုံးတိုင် စည်းလုံးညီညာ ကျက်သရေဖြာဝေကြမည်။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့သူများသည် ဘုရားရှင်နှင့် မိဿဟာယဖွဲ့ရာတွင်လည်းကောင်း၊ အချင်းချင်းသွေးစည်းခိုင်မာရာတွင် မည်မျှလေးနက်ဖွဲ့ နှောင်ကြကြောင်း မည်သူတိုင်းတာသိရှိနိုင်သနည်း။

နောက်ဆုံးအချက်မှာ ဘုရားသခင်က စည်းလုံးညီညာသော ညီအစ်ကိုမောင်နှမများသည် ကျက်သရေ မင်္ဂလာရှိကြသည်ဟု မိန့်ဆိုထားသည်။ ပင်တေကုတ္တေနေ့ကို ပုံဥပမာယူကြည့်ကြပါစို့။ တပည့်တော်များသည် သာ တူညီလက်တွဲညီညာကြသည်။ အတူတကွဆုတောင်းကြသည်။ သန့်ရှင်းဝိညာဉ်တော်ရောက်လာမည့် အချိန်ကို အတူတူစောင့်မျှော်ကြသည်။ သန့်ရှင်းဝိညာဉ်တော်ဆင်းသက်၍ ဝိညာဉ်တော်ပြည့်ဝသောအခါ ယေရုရှလင်၊ ယုဒပြည်၊ ရှမာရိပြည်မှစ၍ ကမ္ဘာစွန်းတိုင်အောင် ဧဝံဂေလိသတင်းကောင်းဟောပြောကြသည်။

ထိုသို့နေကြသောအရပ်၌ ဘုရားက အစဉ်အမြဲ အသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီး မင်္ဂလာစီရင်တော်မူ၏။ ဤကျမ်းချက်ကိုအဓိပ္ပါယ် (၂)မျိုးကောက်ယူနိုင်သည်။ ပထမအချက်မှာ ဘုရားသခင်၏လူများသည် စည်းလုံးညီညာလျှင် ပျော်ရွှင်၀မ်းသာကြသည်။ ဒုတိယအချက်မှာ ထိုသို့စည်းလုံး ညီညာသည့် သတင်းကောင်းကို ပတ်ဝန်းကျင်သို့ ကူးစက်ပျံ့နှံ့စေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။