ဆာလံကျမ်း - ၁၂၅
ဆာလံကျမ်း - ၁၂၅ (အနက်ဖွင့်)
ဆာ ၁၂၅၊ ငြိမ်သက်ချမ်းမြေ့ခြင်းလမ်းမ
၁၂၅:၁ ယေရုရှလင် မြို့တော်ကို ဇိအုန်တောင်စွန်း တနေရာတွင် တည်ထားသည်။ ထို့ကြောင့် တခါတရံ ဣသရေလမြို့တော်ကို ဇိအုန်တောင်ဟု ကိုယ်စားပြုခေါ်ဝေါ်ကြသည်။ တောင်တန်းဖြစ်သည်နှင့် တည်ငြိမ်ခြင်း၊ ခွန်အားပြည့်ဝခြင်း၊ခန့်ညားခြင်း အဓိပ္ပါယ်ဆောင်သည်။
ယုံကြည်ခြင်းသည်လည်း ထိုသို့ဖြစ်သင့်သည်။ လူ့ဘဝကို ကျောက်ဆောင်ပေါ်တွင် တည်ရသည်။ မိုးကြီးရွာသွန်းသည်ဖြစ်စေ၊ ရေလွှမ်းမိုးသည်ဖြစ်စေ၊ မုန်တိုင်းထန်သည်ဖြစ်စေ၊ ပြိုလဲခြင်းမရှိ၊ အဘယ့်ကြောင့်ဆိုသော် ကျောက်ဆောင်ပေါ်တွင် ပန္နက်တည်သောကြောင့်မလှုပ်။ ခိုင်မြဲသည် (မ ၇:၂၅)။
ဆာလံဆရာက ဇိအုန်တောင်သို့ မတုန်မလှုပ်၊ အစဉ်တည်မြဲသောဟု တင်စားသည်။ လူ့လောက အမြင်တွင် စဉ်းစားစရာဖြစ်သော်လည်း အကြောင်းစုံသိသော ထိုခေတ်ထိုအခါကလူများကမူ နားလည် သဘောပေါက်ကြသည်။ ဓမ္မသစ်ကျမ်းက လူ့ကမ္ဘာမြေသည် တနေ့အခါ မီးလောင်ပြာကျကုန်မည် (၂ပေ ၃:၇၊၁၀၊၁၂) ဟုခေါ်သည်။ မည်သို့ပင်ဖြစ်စေ သရုပ်ဖော်တင်စားခြင်းဟု နားလည်ကြပါစို့။ ထာဝရတည်သော တောင်ကုန်း ထာဝရမြို့တော်ဟု ဖွဲ့နွဲ့ကြပါစို့။ အရေးကြီးဆုံးသိထားရမည့်အချက်မှာ တနေ့သောအခါ ထိုဇိအုန်တောင်သည်လည်း ကွယ်ပျောက်မည်။ ခရစ်တော်သာလျှင် နိစ္စထာဝရတည်သည်။ ထို့ကြောင့် ခရစ်တော်ထဲ၌ တည်မှီသူသာလျှင် အစဉ်သဖြင့်တည်တံ့မည်။
၁၂၅:၂ ဆာလံဆရာက ယေရုရှလင်မြို့မျက်နှာသွင်ပြင်ကို ဝိညာဉ်ရှုထောင့်ဖြင့် တဖန်ကြည့်ရှုသည်။ စစ်သည်တော်များက လုံခြုံရေးစောင့်ကြပ်သကဲ့သို့ တောင်ကုန်းတောင်တန်းများက ၀န်းရံကြသည်။ ထို့ကြောင့် ဘုရားသခင်က သူ့သားသမီးများအား ယခုမှစ၍ ကာလစဉ်ဆက်၀န်းရံ၏ဟုသံခေါက်ပြီးသတိ စကားပြောထားသည်။ စာတန်ကယောဘသို့ ပြောသည့်စကားနှင့်ယှဉ်ဖတ်ကြည့်ပါ။
“ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့်ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာရံတော်မူသည် မဟုတ်ပါလော” (ယောဘ ၁:၁၀)။
ထို့ကြောင့် ဘုရားသခင်၏ ခွင့်ပြုချက်မရှိလျှင် သန့်ရှင်းသူများထံသို့ မည်သည့်ဘေးဥပဒ်ဆိုး ကြမ္မာဆိုးမှ မရောက်လာနိုင်။
၁၂၅:၃ အခြားရွှေကျမ်းချက် တခုတွေ့ရပြန်သည်။ ဖြောင့်မတ်သူတို့သည် ဒုစရိုက်ကိုပြုသော အခွင့် မရှိစေခြင်းငှါ၊ မတရားသောသူတို့၏ လှံတံသည် ဖြောင့်မတ်သူတို့၏အမွေခံအပေါ်သို့ မတည်မနေရ။
အချို့သောဓမ္မဆရာများက ကျမ်းပိုဒ်ပထမပိုင်းသည် ဣသရေလလူများနှင့်မဆိုင်ဟု ချို့ယွင်းချက် ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းတပါးသားများက မကြာခဏကျူးကျော်သိမ်းပိုက်ကြသည်။ သို့သော် ကျမ်းချက်တခုလုံးမှန်ကန်သည်။ ဆာလံဆရာသည် ဘုရားသခင်ကို ကိုးစားသူများအား ရည်ရွယ် သည်။ ထိုသူများနှင့်သာ ကတိတော်သက်ဆိုင်သည်။ ဣသရေလများသည် ဘုရားရှင်နှင့်ဝေးကွာသည့်အခါ မြို့ရိုးလည်းပျက် တာလည်းကျိုးခဲ့သည်။ ဘုရားသခင်၏အထုံးအဖွဲ့တော်ကို စောင့်ထိန်းသရွေ့ကာလပတ်လုံး မတရားသူများ၏ ရာဇလှံတံမကြောက်ရ။ မင်းဆိုးမင်းရိုင်းတိုင်းတပါးမင်းများ၏ အာဏာသံမကြားရ။
သို့ဖြင့် စိတ်ဝင်စားစာရာပေါ်လာသည် ဘုရားသခင်သည် ဣသရေလလူများအပေါ်သို့ အဘယ်ကြောင့် ခြေလွန်လက်လွန်ခွင့်ပြုသနည်း။ ဣသရေလလူများက ခြံခုန်ဖို့ရည်ရွယ်ကြိုးပမ်းကြသည်။ ဘုရားသခင်သည် ပြင်ပဘေးရန်များကိုသာ ကာကွယ်ပေးသည်မဟုတ်၊ မကောင်းမှုကြံသည့် စိတ်ဓါတ် ကိုလည်း ကောင်းယဉ် အောင်စောင့်ထိန်းလေ့ကျင့်ပေးပါသည်။
၁၂၅:၄ စတုတ္ထကျမ်းပိုဒ်၏ ဆိုလိုရင်းသည် “ကိုယ်တော်ဘုရား၊ ကောင်းသောသူများသည် စိတ်ကောင်းနှလုံးကောင်းရှိသူများဖြစ်၍ ကောင်းစားစေတော်မူပါ“ဟုအနက်ရသည်။ ကောင်းသောသူဆို သည်မှာ ယုံကြည်ကြီးကြောင့်ကယ်တင်ခြင်းရရှိသူ၊ တဆက်တည်းတွင် စကားတော်နာခံသူဖြစ်သည်။ စိတ်ကောင်းနှလုံးကောင်းရှိကြသောကြောင့် ကယ်တင်ခြင်းရရှိသည်မဟုတ်။ စိတ်ကောင်းနှလုံးကောင်း ရှိကြခြင်းနှင့် နာခံခြင်း၏ အကျိုးဆက်ဖြစ်သည်။
၁၂၅:၅ ဘုရားသခင်ကို စိတ်နှလုံးမှအမှန်တကယ်မယုံကြည်ဘဲ၊ ယုံကြည်ဟန်ဆောင်သောသူသည် လမ်းလွဲလိုက်သူဖြစ်သည်။ ထိုသူများသည် ရောဂါဆိုးမွေးသူများဖြစ်သဖြင့် မတော်မတရားသူများနှင့် အတူတူ ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။