ဆာလံကျမ်း - ၁၁၈

အောင်ပွဲအတွက်ချီးမွမ်းသီချင်း
1ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 2ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ။ 3ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန်အနွယ်ဝန်ခံစေ။ 4ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကိုကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
5ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။ 6ထာဝရဘုရားသည် ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။ 7ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလို ပြည့်စုံလိမ့်မည်။ 8ထာဝရဘုရား၌ ခိုလှုံခြင်းသည်၊ လူကို ကိုးစားခြင်းထက် သာ၍ကောင်း၏။ 9ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ကောင်း၏။ 10လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ 11ငါ့ကို ဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ 12ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ 13သင်သည် ငါ့ကိုလှဲခြင်းငှာ ပြင်းထန်စွာ တွန်းသော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။ 14ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။ 15ဖြောင့်မတ်သော သူတို့၏နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။ 16ထာဝရဘုရား၏ လက်ယာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။ 17ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြားပြောရဦးမည်။ 18ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမသော်လည်း၊ သေခြင်း၌ အပ်တော်မမူသေး။
19ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။ 20ဤတံခါးသည် ထာဝရဘုရား၏တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။ 21ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏စကားကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။ 22တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ 23ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏။ 24ဤနေ့ရက်သည် ထာဝရဘုရား စီရင်တော်မူသောနေ့ရက်ဖြစ်၍၊ ယနေ့ ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ 25အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။ 26ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရား၏ အိမ်တော်ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းချီးပေးကြပါ၏။ 27ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။ 28ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ 29ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

ဆာလံကျမ်း - ၁၁၈ (အနက်ဖွင့်)

ဆာ ၁၁၈၊ ဘုရင်ကြီးကို ကြည့်လော့

ကယ်တင်ရှင်ယေရှုသခင်၊ ဒုတိယအကြိမ် ပြန်လည်ကြွလာသည့် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ သည်။ မေရှိယသခင် ကြွလာရာလမ်းတလျှောက် ယေရုရှလင်မြို့တော်လမ်းမမှာ သောင်းသောင်း ဖျဖျ ကြိတ်ကြိတ်တိုးနေကြသည်။ ဗိမာန်တော်အရိပ်အောက်မှ တေးသီချင်းခေါင်းဆောင်သူက အသံချဲ့စက်ဖြင့် တိုင်ပေးသည်။ သူ့နောက်မှ ဝိုင်းတော်သားများက အတိုင်အဖောက်ညီညီ ဆိုကြသည်။ ပရိသတ်ကြီးက အံ့ဘနန်း နားထောင်ကြသည်။

၁၁၈:၁။ ပင်တိုင်။ ထာဝရဘုရားသည်ကောင်းမြတ်တော်မူပေ။

သံပြိုင်။ ကရုဏာတော်သည် အစဉ်အမြဲတည်ပါစေ။

(ပရိသတ်အားလုံးက သဘောကျသဖြင့် ခေါင်းတညိတ်ညိတ်ပြုကြသည်)

၁၁၈:၁။ ပင်တိုင်။ ထာဝရဘုရားသည်ကောင်းမြတ်တော်မူပေ။

သံပြိုင်။ ကရုဏာတော်သည် အစဉ်အမြဲတည်ပါစေ။

(ပရိသတ်အားလုံးက သဘောကျသဖြင့် ခေါင်းတညိတ်ညိတ်ပြုကြသည်)

၁၁၈:၁။ ပင်တိုင်။ ထာ၀ရဘုရားသည်ကောင်းမြတ်တော်မူပေ။

သံပြိုင်။ ကရုဏာတော်သည် အစဉ်အမြဲတည်ပါစေ။

(ပရိသတ်အားလုံးက သဘောကျသဖြင့် ခေါင်းတညိတ်ညိတ်ပြုကြသည်)

၁၁၈:၂။ ပင်တိုင်။ ဣသရေလသားတို့ ဝန်ခံကြလော့

သံပြိုင်။ ကရုဏာတော်သည် မြဲပါဘိ။

၁၁၈:၃။ ပင်တိုင်။ အာရုန်အိမ်သားတို့ ဆိုကြစေ။

သံပြိုင်။ ကရုဏာတော်သည် မြဲပါစေ

(ထိုအချိန်တွင် ဗိမာန်တော်တံခါးဝရှိ ယဇ်ပုရောဟိတ်ကြီးက ချောင်းဟန့်ပြီး ‘အာမင်’ဟု ကျယ်လောင် စွာ ဆိုသည်။)

၁၁၈:၄။ ပင်တိုင်။ ဘုရားသခင်ကိုချစ်ကြောက်ရိုသေသူများဆိုကြစေ။

သံပြိုင်။ ကရုဏာတော်သည်မြဲပါစေ။

(ထိုအချိန်တွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော တပါးအမျိုးသားများသည် နှုတ်ခမ်းကိုကိုက်၊ မျက်ရည်ဝဲလျက် ကျေးဇူးတော်ရေတွက်ကြသည်။ ကျက်သရေမင်္ဂလာ မြစ်ဖျားခံရာကို ရေမှတ်ကြသည်။

၁၁၈:၉။ ပင်တိုင်။ ကျဉ်းမြောင်းရာအရပ်ကဘုရားရှင်ကိုငါခေါ်ခဲ့သည်။ ဘုရားရှင်က အဖြေပေးလို့ ကျယ်၀န်းရာအရပ်သို့ ထားသည်။ ငါ့ဘက်မှာ ဘုရားရပ်တည်လို့ ဘာကြောက်ရတော့မည်လဲ။ လူတွေက ဘာတတ် နိုင်ကြသေးသလဲ။ ငါ့ဘက်မှာ ကိုယ်တော်ရပ်တည်လို့၊ ငါ့ကိုမုန်းတီးသူများအပေါ် အနိုင်ပိုင်းနိုင်ပြီ။ လူကိုကိုးစားခြင်းထက်၊ ထာ၀ရဘုရား၌ ခိုလှုံကောင်းသည်။ မင်းကိုကိုးစားခြင်းထက် ဘုရားသခင် ကိုအားကိုးသင့်သည်။

(တရားနာပရိသတ်ကြီးသည် ဣသရေလလူနည်းစုတို့၏စကားကို ခေါင်းညိတ်ကြသည်။ ဘေးဒဏ် ကြီးကာလ၌ ဘုရားသခင်၏ကယ်တင်မမှုကို မခံကြရမည်ကို နားလည်ကြသည်။ ဘုရားသခင်တပါး တည်းသာ ခိုလှုံထိုက်ကြောင်း သင်ခန်းစာရကြသည်။ လူများကို ကြောက်စိတ်ကင်းသွားကြသည်။ ရှင်ဘုရင်၊ လူကြီးသူမများထက် ဘုရားသခင်ကိုသာ ကိုးစားသင့်ကြောင်း သိရှိသွားကြသည်။)

၁၁၈:၁၀။ ပင်တိုင်။ လူမျိုးအပေါင်းတို့က ငါ့ကိုဝိုင်းကြသော်လည်း။

သံပြိုင်။ နာမတော်မြတ်ဖြင့်ဖြိုခွင်းမည်။

၁၁၈:၁၁။ ပင်တိုင်။ ငါ့ကိုဝိုင်းကြ၊ ဝိုင်းရံကြပေမယ့်

သံပြိုင်။ နာမတော်မြတ်ဖြင့် ဖယ်ရှားမည်။

၁၁၈:၂။ ပင်တိုင်။ ပျားကဲ့သို့ ဝိုင်းအုံကြသော်လည်း

သံပြိုင်။ ဆူးမီးကဲ့သို့ခဏာသာလောင်သည်။

(ဆူးမီးခေါ် ကောက်ရိုးမီးသည် ဟုန်းခနဲ တောက်၍ ဟုန်းကနဲသေသည်။)

၁၁၈:၁၃၁၄။ ပင်တိုင်။ လဲလုမတတ်အရှိန်ဖြင့် တွန်းကြသော်လည်း ဘုရားရှင်က ထူမသည်။ ဘုရားရှင်၏ ခွန်အားကို တေးဖွဲ့ဆိုမည်။ ကိုယ်တော်သည် ငါကယ်တင်ရှင်။

(အပိုဒ်ငယ် ၁၃သည် အန္တိခရစ်ကို ရည်ညွှန်းသည်။ ရွေးနှုတ်ခံလူနည်းစု ဣသရေလလူမျိုးကို လဲကျ အောင်တွန်းချသော်လည်း အချိန်မီ ဘုရားရှင်က ကယ်တင်သည်။ မှားယွင်းသောမေရှိယကို မီးအိုင်ထဲသို့ ပစ်ချသည် (ဗျာ ၁၉:၁၉-၂၀)။

၁၁၈:၁၅၁၆။ ပင်တိုင်။ ဖြောင့်မတ်သူများထံမှ ဝမ်းမြောက်ခြင်းနှင့် ကယ်တင်ခြင်းအသံ ကြားရသည်။

(ဣသရေလတမျိုးသားလုံး မေရှိယသခင်၏ အောင်ပွဲသဘင်ဆင်နွှဲကြသည်။ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်အောင်စည်အောင်မောင်းခတ်ကြသည်။)

သံပြိုင်။ လက်ရာတော်သည် ချီးမြှင့်ထိုက်ပါပေ၊ လက်ရာတော်သည် ကြီးသောအမှုပြုပါပြီ၊ လက်ရာ တော်သည် ကြီးမြတ်ပါဘိ။

၁၁၈:၁၈။ ပင်တိုင်။ ငါမသေရသေး၊ အသက်ရှင်သရွေ့၊ အမှုတော်ကို ကြားပြောရဦးမည်။ ငါ့ကို ကြပ်တည်းစွာ ဆုံးမလေ့ရှိ၊ သေခြင်းလက်သို့ ရောက်အောင်မပို့။

(စကားပြောသူသည်ကြွင်းကျန်သော ဣသရေလလူနည်းစုဖြစ်သည်။ သူ့ကို ဝေဖန်ဆန့်ကျင်သူများ အား လာကြည့်လှည့်ကြည့်ဟု စိန်ခေါ်သည်။ ဘုရားသခင်က ခြင်္သေ့ပါးစပ်မှ ကယ်နှုတ်ခဲ့သည်။ နောင်တွင်လည်း လုံခြုံကာကွယ်ဦးမည်။ မည်သည့်ဘေးရန်မှ မကြောက်။)

၁၁၈:၁၉၂၀။ ပင်တိုင်။ ဖြောင့်မတ်ခြင်းတရားကို ဖွင့်လော၊ ဖြောင့်မတ်သူတို့ဝင်ကြစေ။ ကိုယ်တော်ကို ချီးမွမ်းကြမည်။

(ရွေးနှုတ်ထားသော ဣသရေလလူနည်းစုတို့သည် ချီးမွမ်းခြင်းယဇ်ပူဇော်ဖို့ဗိမာန်တော်ယဇ်ပလ္လင် လိုက်ရှာနေကြသည်။ ထိုကာလ၌ ယဇ်ပူဇော်ခြင်း ခေတ္တခွင့်ပြုထားသည်။ ကရာနီကုန်းပေါ်တွင် ပြုခဲ့သော ခရစ်တော်၏ ယဇ်ပူဇော်ခြင်းကို အသိအမှတ်ပြုလာကြမည်။)

သံပြိုင်။ ဤတံခါးသည် ထာ၀ရဘုရား၏ တံခါး၊ ဖြောင့်မတ်သူတို့ ဝင်ကြစေသတည်း။

(တံခါးစောင့်လေဝိသားတို့၏အသံဖြစ်သည်။ ယေဟာဝါဘုရားရှင်၏ တံခါးဖြစ်၍ ထိုတံခါးသို့ ဝင်ရောက်သူတိုင်း ဘုရားရှင်ထံသို့ ရောက်ကြသည်။)

၁၁၈:၂၁-၂၂။ ပင်တိုင်။ ကိုယ်တော်ကိုချီးမွမ်းမည်။ အကျွန်ုပ်ဆုတောင်းစကား နားညောင်း၍ကယ်တင် တော်မူပြီ။

(သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ဣသရေလတို့ လက်ခံကြပြီ။)

သံပြိုင်။ လူများပယ်သောကျောက်သည် တိုက်ထောင့်ထိပ်ဖျား ရောက်နေပြီ။

(သခင်ယေရှုသည်ကျောက်ဖြစ်သည်။ တိုက်ဆောက်သူများမှာယုဒလူများဖြစ်သည်။ အထူးသဖြင့် ယုဒခေါင်းဆောင်များက ပထမအကြိမ် သခင်ယေရှုကြွလာခြင်းကို လက်မခံပယ်ချကြသည်။ ယခုအခါ ပြန်လည်လက်ခံနေကြပြီ။ Perker ၏စကားအရဆိုလျှင် သူခိုးပြေးမှ ထိုးထွင်းထကြသည်။ ငြင်းပယ်ခဲ့ကြသော နာဇရက်ယေရှုသည် ဘုန်းတန်ခိုးဖြင့် စိုးစံနေပြီ(ASV)။ အပယ်ခံကျောက်သည် တိုက်ထောင့်ထိပ်ဖျားကျောက်နှင့် ပတ်သက်၍ ဝမ်းသာစရာ မေးခွန်းများရှိနိုင်သည်။ ထိုကျောက် သည်-

၁။ အဆောက်အဦး၏ထောင့်ကျောက်ဖြစ်သည်။

၂။ အဆောက်အဦး၏အဓိကအမာခံကျောက်ဖြစ်သည်။

၃။ ပိရမစ်တွင် ထိပ်ဆုံးမှတင်သောကျောက်ဖြစ်သည်။ ဗိသုကာအမြင်ရှိမှ သဘောပေါက်ဖြစ်သည်။ ဗိသုကာအမြင်ရှိမှ သဘောပေါက် နားလည်နိုင်သည်။)

၁၁၈:၂၃။ ပင်တိုင်။ ထိုအမှုကို ဘုရားသခင်ပြုတော်မူပြီ။ မြင်သမျှသည် အံ့မခမ်းဖြစ်ပါပြီ။

(ဣသရလလူမျိုးများက ဘုရားရှင်၏ပြုတော်မူသမျှကို နားလည်သဘောပေါက်ကြသည်။ ဣသရေလ လူမျိုးကို  အဘယ်မျှချစ်ကြောင်း နားလည်ကြသည်။ နောက်ဆုံးတွင် သရဖူဆောင်းသည့်ရက် လာဦးမည်။)

၁၁၈:၂၄။ ဤနေ့သည် ဘုရားသခင်ဖန်ဆင်းတော်မူသော နေ့ရက်ပေတည်း။ ၀မ်းမြောက်စွာ သီဆို ကခုန်ကြအံ့။

(Barnes က “အခါကြီးရက်ကြီး ရက်မြတ်မင်္ဂလာမှာပွဲတော်ကျင်းပကြသည်။ သာမန်လူဘေးမှာ ပွဲတော်ကျင်းပကြသည်။ သာမန်လူဘေးများက မသိနားမလည်။ မခံစားတက်ကြပေမယ့် သက်ဆိုင်ရာ ကာယကံရှင်များအတွက်မူ အခြားနေ့များထက် မင်္ဂလာရှိသည်” ဟုဆိုသည်။)

၁၁၈:၂၅။ ထာဝရဘုရားကယ်တင်တော်မူပါ။ ကောင်းချီးပေးတော်မူပါဘုရား။

(ယေရုရှလင်မြို့ထဲသို့ အောင်ပွဲဆင်၍ ခရစ်တော်ကြွလာသောအခါ မြို့သူမြို့သားများက ဟောရှဏ္ဏာ ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ ဟောရှဏ္ဏာ၏မူရင်းအဓိပ္ပါယ်မှာ ယခုကယ်တင်တော်မူပါဟု အဓိပ္ပါယ်ရသည် (မ ၂၁:၉)။ သို့သော် များမကြာမီ ကားစင်ပေါ်သို့ တင်ကြသောအခါတွင်မူ ကြွေးကြော်သံ ပြောင်းလဲသွားသည်။ ယခုအကြိမ် ဣသရေလတို့၏ ခရီးဦးကြိုဆိုခြင်း အခမ်းအနား သည် ဂုဏ်ပြုခြင်းနှင့် ထာဝရတည်မြဲမည့်အကြောင်း ဖြစ်သည်။)

၁၁၈:၂၆။ ပင်တိုင်။ နာမတော်ဖြင့် ကြွလာသူသည် မင်္ဂလာရှိစေသတည်း။

(ဗိမာန်တော်နားသို့ ကိုယ်တော်ရောက်လာသည့်အခါ တီးဝိုင်းခေါင်းဆောင်က လေမှုတ်ကိရိယာများ ကိုအသံမြှင့်စေသည်။ သမိုင်းဝင် ပွဲလမ်းသဘင်တည်း။ လွန်ခဲ့သော ရာစုပေါင်းများစွာတုန်းက ဣသရေလလူမျိုးများကို သတိပေးခဲ့သည်။ “နာမတော်ဖြင့် ကြွလာသူသည် မင်္ဂလာရှိစေသတည်း။” (မ၂၄:၂၉)ဟု မပြောမခြင်း သူ့ကိုတဖန် ပြန်တွေ့ရတော့မည်မဟုတ်ဟု သခင်ယေရှုက ယုဒလူများသို့ ပြောခဲ့သည်။ ယခုအခါ မေရှိယနှင့် ရှင်ဘုရင်အဖြစ် ခရီးဦးကြိုကြရပြီ။

သံပြိုင်။ ထာဝရဘုရား၏အိမ်တော်ထဲက ကိုယ်တော်ကိုကောင်းချီးပေးကြပါသည်။

(ယဇ်ပုရောဟိတ်များ၊ဗိမာန်တော်ထဲမှ မိုးတိုးမတ်တပ်ပရိသတ်များ၏အသံဖြစ်နိုင်သည်။)

၁၁၈:၂၇။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားဖြစ်၍ ရောင်ခြည်တော်လွှတ်တော်မူပြီ။ ယဇ်တင်ရန် ယဇ်ကောင်ကို ယဇ်ပလ္လင်ဦးချို၌ ချည်ကြလော့။

(မှောင်မိုက်သော စိတ်နှလုံးကို လင်းစေသည့်ယေရှုခရစ်တော်ကို ဘုရားသခင်အဖြစ် ဣသရေလတို့က သိမှတ်ခံယူကြပြီ။ ကြေးယဇ်ပလ္လင်သို့ ယဇ်ကောင်ယူလာကြပြီး ကိုယ်တော်ကို ချီးမွမ်းယဇ် ပူဇော်ကြတော့မည်။)

၁၁၈:၂၈၂၉။ ပင်တိုင်။ ကိုယ်တော်သည် အကျွန်ုပ်ဘုရားဖြစ်၍ ချီးမွမ်းမည်။ ကိုယ်တော်သည်  အကျွန်ုပ် ဘုရားဖြစ်၍ ချီးမြှောက်မည်။

(သခင်ယေရှုကို ဘုရားသခင်အဖြစ် ဝန်ခံပြီ။ လူထုပရိသတ်သည်လည်း နာမတော်ကို ချီးမွမ်း ထောမနာ ပြုကြသည်။)

သံပြိုင်။ ထာဝရဘုရားသည်ကောင်းမြတ်ပါပေသည်။ ကရုဏာတော်သည် အစဉ်အမြဲ တည်သည်။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

(ဤဆာလံတေးသည် လေးနက်သည်။ တည်ကြည်သည်။ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်းတေး ဖြစ်သည်။ ယေရုရှလင်လမ်းမတခုလုံး ဂီတသံ မိုးလျှံသည်။ အနယ်နယ်အရပ်ရပ်မှ လူများ စုဝေး လာကြသည်။ ကိုယ်တော်၏ အနှစ်တထောင်တိုင်းပြည်သို့ ရွှင်လန်းဝမ်းမြောက်စွာ တိုးဝင် ခစားသွားကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။