ဆာလံကျမ်း - ၁၁၆

သေဘေးမှလွတ်မြောက်သူ၏ချီးမွမ်းခြင်း
1ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကို ကြား၍၊ 2ငါ့ဘက်သို့ နားတော်ကို လှည့်တော်မူသောကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကို ပတ္ထနာပြုမည်။ 3သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံဘေးတို့သည် ငါ့ကိုဖမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ 4ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ 5ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ၏။ 6ထာဝရဘုရားသည် ရိုးသားသူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။ 7အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။ 8ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှလည်းကောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှလည်းကောင်း ကယ်လွှတ်တော်မူပြီ။ 9သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
10ငါသည် အလွန်ညှိုးငယ်ခြင်းကိုခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သောစိတ်ရှိသေး၏။ 11လူအပေါင်းတို့သည် မုသားကိုသုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။ 12ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း။ 13ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။ 14ထာဝရဘုရားအား သစ္စာကတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။ 15ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဖိုးကြီးလှ၏။ 16အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ကျွန်မတွင် မြင်သောသားလည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။ 17ကျေးဇူးတော်ချီးမွမ်းရာယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။ 18ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း၊ 19အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရဘုရား၏ အိမ်တော်တံတိုင်းအတွင်းတွင်၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။

ဆာလံကျမ်း - ၁၁၆ (အနက်ဖွင့်)

ကိုယ်တော်ကိုချစ်သည်

ရှင်ပြန်ထမြောက်ရာနေ့၊ ပထမဆုံးသောနံနက်ခင်းတွင် သီဆိုကြသော ဆာလံတေးဖြစ်သည်။ ဥယျာဉ် ထဲက သင်္ချိုင်းဂူက ဟောင်းလောင်းကြီး။ ခရစ်တော်ကရှင်ပြန်ထမြောက်ပြီး ခမည်းတော်ဘုရားထံသို့နေသည်။ ဘုရားရှင်က ဆုတောင်းသံကို အဖြေပေးထမြောက်စေသောကြောင့် ချီးမွမ်းတေးဆိုသည်။ ကျေးဇူးစကား ဆိုသည်။

၁၁၆:၄။ စကားလုံးကိုသတိပြုပါ။ ကိုယ်တော်ရှင်ကိုချစ်သည်။ စကားလုံးနည်းပါးသော်လည်း အဓိပ္ပါယ်ပြည့်စုံသည်။ ကျစ်လစ်သည်။ ၀တ်ပြုခြင်းစင်စစ်ဖြစ်သည်။ အဓိပ္ပါယ်ကောက်ချက်မှား၍ ဝိညာဉ်က စကားပြောနိုင်သလားဟု အတွေးမချော်စေချင်။ နှလုံးသားအစစ်မှန်ဖြင့် ဘုရားသခင်ကို ကိုးကွယ်ရသည့် အကြောင်းဆိုလိုခြင်းဖြစ်သည်။

ထိုမျှမကပါ။ ကယ်တင်ရှင်ယေရှုသခင်က ဘုရားရှင်တော်ကို ချီးမွမ်းကိုးကွယ်သကဲ့သို့ ယုံကြည်သူ များသည်လည်း ဘုရားရှင်ပြုမူပေးသောအရာများကို ပြန်လည်ရေတွက်၍ ချီးမွမ်းကိုးကွယ်သင့်သည်။ ထိုသို့ ခံစားရသော ကျေးဇူးတော်ပြန်လည်ရေတွက်ခြင်းသည်လည်း ကိုးကွယ်ခြင်းတမျိုးဖြစ်သည်။ သခင်ယေရှု သည် ကိုယ်တော်ဘုရားကို အစဉ်မနား ကျေးဇူးစကားဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ဂေသရှေမန်ဥယျာဉ် နှင့် ဂေါလဂေါသတော်ပေါ်မှ ယေရှု၏ဆုတောင်းသံများကို နားညောင်း၍အဖြေပေးသည်။ သေခြင်းကြိုးက ကိုယ်တော်ကို တုတ်နှောင်ထားကြသည်။ ဝေဒနာပြင်းထန်စွာ ခံစားရသည်။ သခင်ယေရှုဆုတောင်းသောအခါ ဘုရားသခင်က ထိုကြိုးကိုဖြေလျှော့ပေး၍ ရွေးနှုတ်ကယ်တင်ခဲ့သည်။ ကိုယ်တော်ဘုရားက သေခြင်းမှ မကာကွယ်ခဲ့ပါ။ သို့သော် မရဏာပြည်ရွာမှ ကယ်ထုတ်သည်။

၁၁၆:၆။ ဝတ်ပြုကိုးကွယ်ရခြင်း တတိယအကြောင်းရင်းမှာ ဘုရားသခင်သည် ကြီးမြတ်သည်။ ဘုန်းတန်ခိုးကြီးမားသည်။ ရှင်ပြန်ထမြောက်တော်မူသော သခင်ယေရှုက ကိုယ်တော်၏ကောင်းမြတ်ခြင်း တချို့ကို ထုတ်ဖေါ်ပြသခဲ့သည်။ ကိုယ်တော်၏ကျေးဇူးတော်သည် ကောင်းမြတ်သည်။ ဖြောင့်မတ်သည်။ ပြုတော်မူသမျှ တရားမျှတ၍ သင့်တင့်လျောက်ပတ်သည်။ ကရုဏာတော်ကြီးသည်။ စာနာသနားတတ်သည်။ အမှုတော်သည် ရိုးစင်းတည်ကြသည်။ လက်ဝါးကပ်တိုင်ပေါ်မှ သခင်ယေရှုသည် ကူညီမည့်သူမရှိ။ လူတို့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြတ်သန်းခဲ့သည်။ ကိုယ်တော်သည် သူ့လူများအား ဘေးအန္တာရာယ် ကျရောက်သည့် အခါမှသာ ကူမလေ့ရှိသည်။

၁၁၆:၇။ နောက်ဆုံးတွင် ဘုရားသခင်ကို ယုံကြည်ရသည့်အကြောင်း အိတ်သွန်ဖါမှောက်သွန်ချသည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို မမေ့။ သခင်ယေရှုက “အိုငါ့ဝိညာဉ် ငြိမ်၀ပ်ရာသို့ပြန်လော့ဟု သူ့ကိုသူ ပြောသည်။ ကိုယ်တော်ခံစားသော ဝေဒနာဒဏ်ရာများပြီးဆုံးသွားပြီ။ ဘုရားရှင်က သူ့လုပ်ဆောင်ချက်များကို အစအဆုံးမြင်သည်။ သို့ဖြင့်ငြိမ်သက်ရာသို့ခိုနားလေပြီ။

၁၁၆:၁၁။ သခင်ယေရှုက သူ့အပေါ်သို့ ခမည်းတော်ပြုတော်မူသမျှကို ပြန်လည်ဖောက်သည် ချသည်။ ဘုရားသခင်သည် သူ့သားသမီးများ၏ဆုတောင်းသံများကို မဝနိုင်စတမ်း နားထောင်လေ့ရှိသည်။ ဝတ်ပြုကိုးကွယ်ခြင်းကို ကျေနပ်မဆုံး။ ဘုရားသခင်၏ကွယ်ကာစောင်မမှုကို သခင်ယေရှုက ကျေးဇူးတင်လို့ မဆုံး။ ထိုကျေးဇူးတော်ကို (၃)မျိုးဖြင့်ပဏာမထုတ်ဖော်သည်။ သူ့ဝိညာဉ်အား မရဏာရွာမှကယ်ထုတ်သည်။ မျက်ရည်ကိုသုတ်ပေးသည်။ ခြေထောက်ကိုလည်း ထိမိခြင်းမရှိအောင်ကွယ်ကာသည်။ ယခုမူဘုရားသခင် ရှေ့တော်တွင်လျှောက်လှမ်းနေရပြီ။ အပြစ်မရဏာသင်္ချိုင်းငရဲတို့ကို အောင်နိုင်တော်မူပြီ။

အပိုဒ်ငယ် ၁၀-၁၁ သည်နားလည်ရခက်အောင်လေးနက်သည်။ TEVကျမ်းမူတွင်ဤသို့ပြန်ဆို ထားသည်။

“တုံးလုံးလျားလျား ပျက်စီးသည့်အခါတွင်လည်း ယုံကြည်ခြင်းမပျက်၊ ငါကြောက်လန့်မှတော့ဖြင့် မည်သူသည် ယုံကြည်ခြင်းရှိတော့မည်နည်း”။

ပြင်းထန်စွာ ဝေဒနာခံစားနေရလျှင်လည်း ယုံကြည်ခြင်းမပျက်ပြား၊ လူများကနှိပ်စက်ကြလျှင်လည်း သွေးမကြောင်ပါ။ စိတ်ပျက်အားငယ်ဖို့ မွေးလာသည်မဟုတ်။ ယုံကြည်ခြင်းသတ္တိသွေးကြွယ်ဖို့ မွေးလာသည်။

၁၁၆:၁၂၁၃။ ဝတ်ပြုကိုးကွယ်ခြင်းအကြောင်းကို နောက်ဆုံးတွင် မေးခွန်းဖြင့်မေးထားသည်။ ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံကို အဘယ်သို့ဆပ်ရပါမည်နည်း လူ့အနေဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ဖို့ကြိုးပမ်းလျှင် ကျေးဇူးတော်ကို ဆပ်ဖို့ရန်ဆန္ဒသည် မွေးရာပါ ဝသီဖြစ်သည်။ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏နာမတော်ကို ပဌနာ ပြုရသည်။ ဆိုလိုသည်မှာ ကယ်တင်ခြင်းရရှိသောကြောင့် ဘုရားသခင်ထံသို့ ကျေးဇူးစကားဆိုရသည်။ နာမတော်ကို ပဌနာပြုရမည်ဆိုသည်မှာ ကိုယ်တော်ပေးသောကယ်တင်ခြင်းကို အသိမှတ်ပြု၍ ဂုဏ်ယူ ဝမ်းမြောက်ခြင်းဖြစ်သည်။

၁၁၆:၁၄။ ပြန်လည်ထင်မြင်တော်မူသော ကယ်တင်ရှင်ယေရှုသခင်သည် သူ့လူများရှေ့မှောက်တွင် ဘုရားရှင်ထံသို့ သစ္စာဝတ်ကိုဖြေသည်။ ထိုသစ္စာဝတ်မှာ ဆင်းရဲဒုက္ခ ဝေဒနာခံစားရန် ကိုယ်တော်ပြုတော် မူသော အမှုများအား ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်း၊ ကျေးဇူးတင်ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ကတိ သစ္စာတော်များ ပြည့်စုံနေပြီ။

၁၁၆:၅။ တဖန်ဘုရားသခင်၏ရှင်မြင်ချက်က ကြားဖြတ်ပေါ်ပေါက်လာပြန်သည်။ ထာဝရရှေ့တော်၌ မိမိသန့်ရှင်းသူတို့ သေခြင်းသည် အဘိုးကြီးလှ၏ ထိုကျမ်းစကား၏ အနှစ်သာရကို ပီပီပြင်ပြင် သဘော မပေါက်နိုင်ကြသော်လည်း ကျမ်းချက်ကို ဖတ်ရှုခြင်းဖြင့် နားမလည်နိုင်သောပီတိ ဝမ်းမြောက်ခြင်း ခံစားရသည်။ သန့်ရှင်းသူများသေလွန်ခြင်းသည် ဘုရားသခင်အဘို့ အဖိုးတန်ပေသည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံ၌ ဘုန်းတန်ခိုးထင်ရှားကြသည်။ သို့သော် သခင်ယေရှုထက် ကျော်လွန်ခြင်းမရှိ။ ကိုယ်တော်အသေခံခြင်းသည် ခမည်းတော်ဘုရားအတွက် အဖိုးထိုက်တန်သည်။ အဘယ်ကြောင့် ဆိုသော် ဘုရားတရားမသိ အပြစ်သားများအားဖြောင့်မတ်ရာသို့ရောက်စေသည်။

၁၁၆:၁၆၁၇။ အပိုဒ်ငယ် (၁၆)တွင်သခင်ယေရှုကို ထမြောက်စေသူ၊ ယေဟောဝါဘုရား၏ အစေခံကျွန်ဟုဆိုထားသည်။ သို့ကြောင့်လည်း “ကျွန်တော်ချစ်ပါ၏၊မထွက်သွားလိုပါ”(ထွ ၂၁:၅)ဟုဆိုသည်။ သူ့ကိုသူ ထာဝရအစေခံကျွန်အဖြစ် မိမိသဘောဆန္ဒအတိုင်း ဆက်ကပ်သည်။ ဘုရားသခင်၏သားတော်နှင့် အစေခံကျွန်ခံယူသည်။ မယ်တော်မေရီကို လုပ်ကျွေးသို့နှယ် ဘုရားသခင်၏အစေခံ ခံယူသည်။ အဘယ်သို့ ဆိုသော် ယေဟောဝါဘုရားက အချည်အနှောင်ကို လွှတ်တော်မူသည်။

၁၁၆:၁၈၁၉။ တဖန်သစ္စာကတိတော်ထားသည့်အတိုင်း ခမည်းတော်ဘုရားသို့ ချီးမွမ်းခြင်းယဇ် ပူဇော်မည်။ နာမတော်ကို ချီးမြှောက်မည်ဟု ဆိုသည်။ ဘုရားသခင်၏လူများ စုစည်းဝတ်ပြုရာ ယေရု ရှလင်ဗိမာန်တော်တွင် သခင်ယေရှုက ဘုရားရှင်အား သစ္စာဝတ်ပြုမည်။ ပရိတ်သတ်များက သံစုံတေးဖြင့် ထောမနာပြုကြမည်။ ခရစ်တော်ဘုရား တဖန်ပြန်လည်ကြွလာ၍ ဒဏ်ချက်ရာလက်ဖြင့် စကြာဝဋ္ဌာ ကမ္ဘာမြေ အား အုပ်စိုးသည့်အခါ ဧမာနွေလဘုရားမှန်ကြောင်း တွေ့မြင်ကြရပေမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။