ဆာလံကျမ်း - ၁၀၅
ဆာလံကျမ်း - ၁၀၅ (အနက်ဖွင့်)
အိုငါ့ဝိညာဉ်ထာ၀ရဘုရားကိုကောင်းချီးပေးလော့။ ဟာလေလုယာ ဆာ ၁၀၅ အာဗြဟံသို့ပဋိညာဉ်
ဘုရားသခင်က အာဗြဟံသို့ပေးထားသော ကတိတော်တွင် အဲဂုတ္တုမြစ်မှ ဥဖရတ်မြစ်ထိ သားစဉ် မြေးဆက် ပိုင်ဆိုင်ကြမည် (က ၁၅:၁၈-၂၁၊ထွ ၂၃:၃၁၊တရား ၁:၇-၈၊ယောရှု ၁:၄)ဟု ဆိုသည်။ ထိုကတိတော်၌ ခြွင်းချက်မထားရှိ။ ကျေးဇူးတော်သက်သက်ဖြစ်သည်။ ကတိတော်နှင့်ဆိုင်သမျှတွင် လူ့အရေးအရာ အစွမ်းအစလုံးဝမပါ။ ဘုရားပေးလက်ဆောင် သက်သက်ဖြစ်သည်။
ဣသရေလများသည် ထိုကတိတော်အတိုင်း ခံစာခြင်းမရှိကြ။ ဆော်လမုန်ဘုရင်လက်တော်တွင် တခဏတာမျှ ပိုင်ဆိုင်လိုက်ကြသည်။ ဥဖရတ်မြစ်မှ အဲဂုတ္တုပြည်နယ်စပ်ထိ တိုင်းနိုင်ငံကျယ်ပြန့်ခဲ့ပါသည်။ ယုဒလူများနှင့် ဣသရေလလူများလက်အောက်တွင် ဒန်မြို့မှ ဗာရရှေဘမြို့များရှိခဲ့သည် (၃ရာ ၄:၂၁-၂၅)။ မေရှိယသခင် ပြန်လည်ကြွလာသောအခါတွင်မူ ဣသရေလနိုင်ငံနယ်နိမိတ်သည် အာဗြဟံသို့ပြုထားသည့် ကတိတော်အတိုင်း ကျယ်၀န်းလာမည်။ ထိုနေ့သောအခါ ဣသရေလအမျိုးသည် သီချင်းသစ်ဖြင့် မေရှိယ သခင်အား ခရီးဦးကြိုပြုကြမည်။
ကျေးဇူးတင်ချီးမွမ်းခြင်း (၁၀၅:၁–၆)
ဆာလံသီချင်းအများစုသည် တိုးညှင်းသံသာဖြင့် အစပြု၍ တဖြည်းဖြည်းအရှိန်တက်လာကာ အဆုံးပိုင်းတွင် မြိုင်ဆိုင်လှသည်။ ဤဆာလံသီချင်းတွင်မူ တမျိုးတဘာသာ စပ်ဆိုထားသည်။ သီချင်းစလျှင် စချင်း တက်ကြွရွှင်လန်းသည်။ သုံးနှုန်းသောဘာသာစကား ဝေါဟာရကိုကြည့်ပါ။ သူ့လူများထံသို့ ခါနာန်မြေအား သားမြေးစဉ်ဆက်တိုင်အောင် အမွေခံမြေအဖြစ် ကတိတော်ပေးခဲ့သည်။
ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
နာမတော်ကို ပဌာနပြုကြလော့။
အမှုတော်ကို လူများအားပြသကြလော့။
ထာဝရဘုရားသခင်ကို သီချင်းဖွဲ့ဆိုကြလော့။
ဆာလံသီချင်းကို ဆိုကြလော့။
အံ့ဘွယ်သောအမှုတော်ကို ဟောပြောကြလော့။
သန့်ရှင်းသောနာမတော်၌ ဝမ်းမြောက်ကြလော့။
ထာဝရဘုရားကိုရှာသောသူသည် စိတ်နှလုံးရွှင်လန်းကြစေ။
ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။
မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊
ထူးဆန်းသောအမှုတော်နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း
အောက်မေ့ကြလော့။
အာဗြဟံသို့ ပဋိညာဉ်ပြုခြင်း (၁၀၅:၇–၁၀)
၁၀၅:၇–၈ ဆာလံဆရာက ဆိုင်းမဆင့်ဗုံမဆင့် အာဗြဟံသို့ပေးထားသော ကတိတော်ကို ထုတ်ဖော် သည်။ (က ၁၂:၇၊ ၁၃:၂၄-၂၇။ ၁၅:၇၊၁၈-၂၁၊ ၁၇:၁၈၊ ၂၂:၁၇-၁၈၊ ထွ ၃၂:၁၃)။ ထိုကတိတော်မှာ လူတို့ ကိုးကွယ်သောဘုရားရှင်တော်က လူ့လောကတွင် ရှားရှားပါးပါးဖြောင့်မတ်သူဟု တွေ့မြင်သည့် အာဗြဟံသို့ ပေးထားသော ပဋိညာဉ်ဖြစ်သည်။ သားစဉ်မြေးဆက်တထောင်ဆီ ကြန့်ကြာသည့်တိုင်အောင် ဘုရားသခင် သည် ကတိတော်ကို မေ့လျှော့ခြင်းမရှိ။ ဘုရားရှင်သည် ကတိတည်သည်။ ပြောထားသည့်အတိုင်း အမှန်တကယ် ပြည့်စုံစေသည်။
၁၀၅:၉–၁၁ ထိုကတိတော်ကို အစမူလတွင် အာဗြဟံသို့ (က ၁၂:၁-၂၀)ပေးထားသည်။ နောင်တွင် ဣဇတ်ထံသို့ (က ၂၆:၃-၄)အတည်ပြုသည်။ ယာကုပ်ထံသို့လည်း (က ၂၈:၁၃-၁၅)ထပ်မံအတည်ပြုသည်။ ဘုရားသခင်၏စကားတော်တွင် လိမ်ညာခြင်းမပါ။ သူ့လူများထံသို့ ခါနာန်မြေအား သားမြေးစဉ်ဆက် တိုင်အောင် အမွေခံမြေအဖြစ် ကတိတော်ပေးခဲ့သည်။
ဣသရေလသမိုင်းကြောင်းတွင် ဘုရားသခင်၏ကတိတော်တည်မြဲပုံ အထင်အရှားတွေ့မြင်နိုင်သည်။ ခယောင်းလမ်းကိုဖြတ်ကျော်၍ ရန်သူအတားအဆီးများကိုလည်း ကတိတော်အတိုင်း ကျော်ဖြတ်အောင်မြင် ခဲ့ကြသည်။
မွေးကင်းစလူမျိုး (၁၀၅:၁၂–၁၅)
မေသောပေါတာမိမြေမှ ခါနာန်မြေသို့ချီတက်ကြစဉ်က လက်တဆုတ်စာမျှပင် ကွယ်ကာစရာ ခွန်အား မရှိကြ။ ထိုနေ့ရက်ကာလတွင် လမ်းခရီးသွားဖို့သာ စိုင်းပြင်းကြသည်။ ဘယ်ရပ်ဘယ်ဌာနေမြန်းကြမည်ကို မသိကြ (က ၁၂:၁-၁၃၊ ၂၀:၁-၁၈၊ ၂၈:၁ ၂၉:၃၅)။ သို့သော် ဘုရားသခင်က ကွယ်ကာစောင့်ရှောက်သည်။ လမ်းပြသည်။ ဘေးရန်ဖယ်ရှားပေးသည်။ ဖာရောဘုရင်ကဲ့သို့သော မင်းဆိုးမင်းညစ်ကိုလည်း ဆီးတား ပေးသည် (က ၁၂:၁၇-၂၀)။ အဘိမလက် (က ၂၀:၁-၁၈၊ ၂၆:၆-၁၁)ကဲ့သို့သော ဘုရင်ဆိုး၏ဘေးရန်မှ လုံခြုံစေသည်။ “ငါရွေးကောက်ထားသောသူများကို မထိနှင့်။ ငါ့ပရောဖက်များကိုမနှောင့်ယှက်နှင့်။ ဤဘိုးဘေးများသည်ငါ့ဗျာဒိတ်တော်အတိုင်း သွားသူများဖြစ်သည်။”
အဲဂုတ္တုပြည်တွင်ယောသပ်တန်ခိုးရှိလာခြင်း (၁၀၅:၁၆–၂၂)
ခါနာန်ပြည်တွင် အစာရေစာ ငတ်မွတ်ခေါင်းပါးသည့် ကပ်ဆိုးရောက်သည်။ ပေါင်မုန့်စားစရာ မရှိသဖြင့် အသက်သွေးကြောပြတ်ကြသည်။ ထိုအဖြစ်အပျက်သည် ဘုရားသခင်၏ခွင့်ပြုချက်ဖြင့် ကပ်တိုက်ခြင်းဖြစ်သည်။ အနိဋ္ဌာရုံဒုစရိုက်များသည် ဘုရားသခင်၏လက်ရာမဟုတ်။ ဘုရားရှင်ကို ပုန်ကန်သော စာတန်မာရ်နတ်၏ကောက်ရိုးမီး လက်နက်ဖြစ်သည်။ တခါတရံဘုရားသခင်က သူ့လူများအား ကောင်းမွန်စေဖို့ အကန့်အသတ်ဖြင့် ခွင့်ပြုသည်။ ထိုဆင်းရဲဒုက္ခမွန်းကြပ်သူထဲတွင် ဘုရားသခင်၏လူ ယောသပ်လည်းပါဝင်သည်။ သူ့အစ်ကိုများက မုန်းတီးကြသောကြောင့် အဲဂုတ္တုလူများထံသို့ ကျေးကျွန်အဖြစ် ရောင်းစားကြသည်။ မိန်းမတဦး၏မတော်မတရား လိမ်လည်စွပ်စွဲမှုကြောင့် ထောင်နန်းစံခဲ့ရသည် (က ၃၉:၂၀)။ အပိုဒ်ငယ် (၁၈)တွင် အသေးစိပ်မဖော်ပြဘဲ ခြုံငုံ၍ “သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏“ဟု ဆိုသည်။ ထောင်ထဲတွင် (၂)နှစ်ကျခံနေစဉ် ဘုရားပေးအရည်အချင်းကို ထုတ်ဖော်ပြသခွင့်ရခဲ့သည်။ ဘုရင်ကြီး၏အိပ်မက်ကိုအနက်ပြန်ဆို၍ တိုင်းပြည်၏အနာဂတ်အရေးကိုနိမတ်ဖတ်ပြခဲ့သည်။ ဖာရောမင်းက သူ့ဂုဏ်သတင်းကိုအသိမှတ်ပြု၍ ထောင်ထဲမှလွှတ်ပေးသည့်အပြင် ဘုရင့်လက်ထောက်ရာထူးဖြင့် ချီးမြှင့် သည်။ အိမ်ရှေ့မင်းရာထူးခန့်အပ်သည်။ တိုင်းပြည်တွင် အတွေ့ကြုံရှိသည့် သက်ကြီးဝါကြီးများ လိုအပ် သကဲ့သို့ ပညာရှိသုခမိန်အတိုင်ပင်ခံလည်း လိုအပ်သည်မဟုတ်လော။
ယာကုပ်၏မိသားစုရောက်လာကြခြင်း(၁၀၅:၂၃–၂၅)
ယောသပ်၏မိသားစုသည် အဲဂုတ္တုပြည်တွင် အနေကြသည်နှင့်အမျှ လူဦးရေတိုးပွားလာသည်။ ဥစ္စာဓနပေါများလာသည်။ တိုက်ခိုက်ရေးအင်အားတောင့်တင်းလာသည်။ အဲဂုတ္တုလူမျိုးက ကပြားများနှင့် ယုဒလူများကို မလိုမုန်းတီးနှိပ်ကွပ်သည့်အကြားမှ ဘုရားသခင်၏ကွယ်ကာမှုကြောင့် ယောသပ်တို့အမျိုး သည် စီးပွားဥစ္စာဒီရေအလားတိုးပွားနေကြသည်။
မောရှေနှင့်အဲဂုတ္တုပြည်ပလိပ်ရောဂါ (၁၀၅:၂၆–၃၆)
၁၀၅:၂၆–၂၇ ထိုသို့ဣသရေလတို့ အင်အားတောင့်တင်းလာသည်နှင့်အမျှ ဘုရားသခင်က မောရှေနှင့် လက်ထောက်အာရုန်တို့အား ခေါင်းဆောင်စေသည်။ ဖာရောမင်းထံသို့ဝင်ရောက်၍ ဣသရေလကျွန်များအား ပြန်လွှတ်ရန် တောင်းဆိုကြသည်။ တောင်းဆိုချက်မရမချင်း ဖာရောမင်းခေါင်းမမာနိုင်အောင် ကာလနာ ကပ်ရောဂါအမျိုးမျိုး ကျရောက်စေသည်။
ဤကျမ်းချက်တွင် အဲဂုတ္တုပြည်မှာနေခဲ့ကြစဉ် ဘုရားရှင်စေလွှတ်သောကပ်ဆိုးများ ပြန်လည်ရေး ပြထားသည်။ အစီအစဉ်လိုက်မဟုတ်ပါ။ ကပ်ဆိုးအမှတ်စဉ် ၅နှင့်၆ကို ချန်လှပ်ထားသည်။
၁၀၅:၂၈ ဘုရားသခင်က တလောကလုံးကို မှောင်မိုက်စေသည် (ကပ်ဆိုး ၉)။ ဆာလံဆရာက ပဟေဋ္ဌိထပ်ထုတ်လိုက်သည်။ “သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ခြင်းမပြုကြ။“ဟုဆိုသည်။ RSV ကျမ်းမူတွင် တမျိုးပြန်ဆိုထားသည်။ “စကားတော်ကို ဆန့်ကျင်ပုန်ကန်ကြပြန်သည်”ဟု ဆိုချင်ပါသည်။ Barnesက ဤသို့ရှင်းပြသည်။ မောရှေနှင့်အာရုန်က ဘုရားသခင်၏စကားတော်ကို တော်လှန်ပုန်ကန်ခြင်း မဟုတ်။ အမိန့်တော်အတိုင်း လိုက်နာလုပ်ဆောင်ကြသည်။ သို့မဟုတ် ထိုသို့မှောင်မိုက်ကျခြင်းသည် အဲဂုတ္တု သားများက မမြင်ကန်းဖြင့် ဖိစီးနှိပ်ကွပ်ခြင်းမပြုနိုင်စေနိုင် ရန်ဖြစ်သည်ဟု ဆိုသည်။
၁၀၅:၂၉–၃၁ ဘုရားသခင်က ရေများကို သွေးအဖြစ်သို့ပြောင်းလဲစေသဖြင့် ရေသတ္တဝါ ငါးများသေကုန်သည် (ကပ်ဆိုး ၁)။ ပတ်၀န်းကျင်တခုလုံး ညစ်ညမ်းကုန်သည်။
ဖားပြုပ်များသောင်းကျန်းပြန်သည် (ကပ်ဆိုး ၂)။ မီးဖိုချောင်သုံးအိုးခွက်များနှင့်အိပ်ယာကုတင်ပေါ် များမကျန် နေရာတကာတွင် ဖားများပြွတ်သိပ်ထနေကြသည်။ ဘုရင့်နန်းတော်ထဲတွင်လည်း ထိုအတိုင်းဖြစ် သည်။ ခြေချစရာမရှိအောင် ခုန်ဆွခုန်ဆွသွားလာကြ၍ နားငြီးအောင် အော်မြည်ကြသည်။
တဖန် ယင်မ မဲရိုင်းများ (ကပ်ဆိုး ၄)ပျံသန်းလာပြန်သည်။ ခွေးလှေးခွေးသန်းများက ရွစိရွစိတက် ကြပြန်သည် (ကပ်ဆိုး ၃)။
၁၀၅:၃၂–၃၆ မိုးအစား မိုးသီးများနှင့်လျှပ်ပန်းလျှပ်နွယ် (ကပ်ဆိုး ၇)ကျရောက်သည်။ နေရာ တိုင်းတွင် မိုးထန်းသီးလုံးမျှရွာချစေသဖြင့် စပျစ်ခင်းများပျက်စီးကုန်သည်။ သစ်ပင်ကြီးများ မီးလောင် ကုန်သည်။ မိုးသီးထိမှန်သော လူတိရစ္ဆာန်များ အနာတရဖြစ်သည်။ လဲကျသေဆုံးကြသည်။
ကျူးကျော်ရေးပြည်သိမ်းစင်တပ်ပမာ ကျိုင်းကောင်တပ်မဟာကြီး ရောက်လာပြန်သည်။ စိုက်ပျိုး သီးနှံပင်များ ကိုက်စားကုန်သည်။ လယ်ယာလုပ်ငန်းခွင်တခုလုံး ခြောက်သယောင်းထသည် (ကပ်ဆိုး၈)။
ထိုမျှကပ်ရောဂါအမျိုးမျိုး ကျရောက်စေသော်လည်း ခေါင်းမာနေကြသောကြောင့် ဘုရားသခင်က အဲဂုတ္တုတို့၏သားဦးများကို၊ လူရောတိရစ္ဆာန်ပါမကျန် သေစေသည် (ကပ်ဆိုး ၁၀)၊ တချိန်လုံး မာန ထောင်လွှား ဆောင့်ကြွားနိုင်လှသော အဲဂုတ္တုသားများသည် ထိုအခါကျမှ အကျွတ်တရားရကြသည်။
ထွက်မြောက်ခြင်း (၁၀၅:၃၇–၃၈)
ယုဒလူများသည် အဲဂုတ္တုပြည်ရောက်ခါစထက် ကြွယ်ဝလျက် ရွှေငွေတွဲလွဲဖြင့် အဲဂုတ္တုပြည်မှ ထွက်ကြပြီး အဲဂုတ္တုသားများကလည်း ဣသရေလလူများ၏ မျက်နှာမမြင်ရလျှင်ပြီးရောဟု တောင်းသမျှ ပေးလိုက်သည် (ထွ ၁၂:၃၃-၃၆)။ တမြေတည်းနေ တရေတည်းအတူတူသောက်ကြသော်လည်း အဲဂုတ္တု သားတို့တွင် ကာလနာသင့်ရောက်စဉ် ဣသရေလတို့မှာ မွေးညှင်းတပင်မှမီးမလောင်။ မှဲ့တပေါက်မှမစွန်းကြ။ ရှူနာရှိုက်ကုန်း တယောက်မရှိ။ ကျန်းမာစွာ သွားမြဲလာမြဲရှိကြ၏။ နှာစေးချောင်းဆိုး အာဂန္တုရောဂါပင် မဖြစ်။
အဲဂုတ္တုသားများသည် သူတို့ရွံမုန်းသော ဣသရေလသားများထွက်သွားသည့်အခါ အားရဝမ်းသာ သံပုံးတီးကြသည်။
ကန္တရခရီး (၁၀၅:၃၉–၄၂)
ဘုရားသခင်က သူ့လူများအား ကန္တာရခရီးတလျှောက် စောင့်ရှောက်ရသည်မှာ သဲထိတ်ရင်ဖို ဇာတ်လမ်းဖြစ်သည်။ တိမ်တောင်တိမ်လိမ်များဖြင့် အရိပ်မိုးပေးသည် (ထွက် ၅၃:၅၁အပြင် ရန်သူများ ကလည်း မမြင်နိုင်အောင် အခိုးအငွေ့များဖြင့် ဖုံးအုပ်ဝှက်ထားသည် (ထွ ၁၄:၁၉-၂၀)။ ညဉ့်မှောင်ခရီး မှာလည်း မီးအလင်းတိုင်ဖြင့် လမ်းပြသည်။ အစာငတ်မွတ်သည့်အခါ ကျွေးမွေးချင်သည်။ မန္နမုန့်ဝလင်စွာ ကျွေးမွေး၍ အသားတောင်းဆုသည့်အခါ ငုံးသားအလျှံပယ်ကျွေးမွေးသည်။ ရေဆာမွတ်သိပ်ကြသည့်အခါ ကျောက်ဆောင်ကို နှစ်ခြမ်းကွဲစေပြီ။ ရေပန်းထွက်စေသည်။ ရေဆာငတ်ခြင်းပြဿနာဖြေရှင်းပေးရုံမက ကန္တာရတောအလယ်မှာ မြစ်ရေစီးဆင်းစေပြီ။ ယေဟောဝါဘုရားရှင်သည် ဘာကြောင့် ထိုမျှဂရုစိုက် စောင့်ရှောက်ရသနည်း။ အကြောင်းမှာ ဘုရားသခင်က သူ့ကျွန်အာဗြဟံသို့ ကတိပြု ထားသောကြောင့်တည်း။
နောက်ဆံးတွင်ကတိတော်သို့ (၁၀၅:၄၃–၄၅)
ထိုသို့ ဧရာမခရီးစဉ် အောင်မြင်သွားသောအခါ ပျော်ရွှင်စွာ သီဆိုတီးမှုတ်ကခုန်ကြသည်။ ယေဟောဝါ ဘုရားသခင်က ခါနာန်ပြည်ရှိ ရှိရင်းစွဲဒေသခံလူများကိုမောင်းထုတ်ပြီး၊ ဣသရေလလူများသို့ အမွေစား အမွေခံ ပိုင်မြေအဖြစ်ပေးလိုက်သည်။ အစစအရာရာ စီစဉ်ပေးတော်မူသည်။ တိုင်းနိုင်ငံကို ဆက်လက် တည်ဆောက်ကြသည်။
သို့ဖြင့် ဘုရားသခင်၏စကားတော်များကို နာခံကြ၍ အထုံးအဖွဲ့အတိုင်းပညတ်တော်စောင့်ကြသည်။ ထိုမြေပိုင်ဆိုင်ခွင့်အရေးသည် စင်စစ်တွင် စကားတော်နာခံခြင်းအပေါ်၌ မူတည်သည် (၀တ် ၅၆: ၂၇-၃၃၊ တရား ၂၈:၆၃-၆၈၊ ၃၀:၁၉-၂၀)။
နောက်ဆုံးပိုဒ်သည် ဇာတ်ရှိန်အထွဋ်အထိပ်ဖြစ်သည်။ ဘုရားသခင်က သူ့လူများကို စနစ်တကျ နေစေချင်သည်။ စကားတော်နာခံစေချင်သည်။ ထိုသို့ပြုလျှင် အသက်ရှင်ကြမည်။
သူတို့သည်အထုံးအဖွဲ့တော်အတိုင်းကျင့်၍ ပညတ်တရားကို စောင့်ရှောက်ရမည်။ ဟာလေလုယာ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။