သုတ္တံကျမ်း - ၂၅

ရှောလမုန်မင်း၏စကားပုံများ
1ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ 2အမှုအရေးကိုဝှက်ထားခြင်းသည် ဘုရားသခင်၏ဘုန်းတော်နှင့် သင့်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။ 3မိုးကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။ 4ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်းထိမ်သမားနှင့် တော်သင့်သောဖလားကို ရလိမ့်မည်။ 5မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည်လိမ့်မည်။ 6ရှင်ဘုရင်ထံတော်၌ ကိုယ်ကို မချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။ 7အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ့်ချခြင်းကိုခံရသည်ထက်၊ ဤအရပ်သို့တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။ 8အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကိုအရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။ 9သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေးနွေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။ 10သို့မဟုတ်၊ သူသည် သင့်ကိုအရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။ 11လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏။ 12နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သောသူသည် ရွှေနားတောင်းကဲ့သို့လည်းကောင်း၊ ရွှေစင်တန်ဆာကဲ့သို့လည်းကောင်းဖြစ်၏။ 13စပါးရိတ်ရာကာလ၌ မိုးပွင့်ကြောင့်ချမ်းသကဲ့သို့၊ သစ္စာစောင့်သောတမန်သည် စေလွှတ်သောသူ၌ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။ 14ပေးမည်ဟု ဝါကြွား၍မပေးဘဲနေသောသူသည် မိုးရေမပါသော တိမ်နှင့် လေကဲ့သို့ဖြစ်၏။ 15ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
16ပျားရည်ကို တွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။ 17သင်၏ အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာမနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။ 18အိမ်နီးချင်းတစ်ဖက်၌ မမှန်သောသက်သေကို ခံသောသူသည် တုတ်၊ ဓား၊ သံချွန်နှင့်တူ၏။ 19အမှုရောက်သောကာလ၌ သစ္စာပျက်တတ်သောသူကိုယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။ 20စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူသည် ဆောင်းကာလ၌ အဝတ်ကိုချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့် တူ၏။ 21သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ 22ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထား၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။ 23မြောက်လေသည် မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။ 24ရန်တွေ့တတ်သောမိန်းမနှင့် လူများသောအိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။ 25ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသောရေကဲ့သို့ ဖြစ်၏။ 26ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်းရေတွင်းနှင့် တူ၏။ 27ပျားရည်ကိုစားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကိုရှာလျှင် ဂုဏ်အသရေမရှိ။ 28ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။

သုတ္တံကျမ်း - ၂၅ (အနက်ဖွင့်)

၅။ ဟေဇကိ၏ လူများစီရင်သော သုတ္တံစကား (၂၅:၂၉:၂၇)

          ၂၅:  ရှောလမုန်စီရင်ရေးသားသော အခန်းကြီး ၂၅-၂၉ ကို နှစ်အတန်ကြာတွင် ယုဒဘုရင်ဟေဇကိမင်းက ကူးယူထားသည်။ အဖိုးတန် သုတ္တံစကားပေါင်း (၁၄၀)ခန့်ရှိ၍ ဟေဗြဲကျမ်းမူတွင် ဟေဇကိမင်း၏ သုတ္တံစကားဟု ရေးထားသည်။

၂၅: ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် နက်နဲသိမ်မွေ့လှပါသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော်၊ နှုတ်ကပတ်တော်များနှင့် ကျွေးမွေးစောင့်ရှောက်မှုများကို ဆင်ခြင်လျှင် အံ့ဖွယ်ချီးမွမ်းစရာများ ဖြစ်သည်။ ဘုရားသခင်ဖြစ်၍သာ တတ်နိုင်စွမ်းရှိသည်။ “ဘုရားသခင်ပြုတော်မူသော အမှုများသည် လေးနက်လွန်းသဖြင့် လူ့အသိဉာဏ်ဖြင့် မှန်းဆ၍မမီနိုင်”ဟု Thomas Cartwright က ဆိုထားသည်။

ရှင်ဘုရင်မူကား အမှုအရေးကို စစ်ကြောခြင်းဖြင့် ဂုဏ်အသရေတည်၏ဆိုခြင်းမှာ ဉာဏ်ပညာရှိသော ဘုရင်များသည် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းသော အရင်းအမြစ်များကိုသာ စဉ်းစားဆုံးဖြတ်သည်။ မှန်ကန်သောဆုံးဖြတ်ချက် ချနိုင်ရသည်။ ထိုသို့အများအကျိုးမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ဉာဏ်ပညာရှိရသည်။ အတွေးအမြင်ကျယ်ရသည်။ စိတ်ကောင်းနှလုံးကောင်းရှိသည်။ မင်းကျင့်တရားနှင့် ညီရသည်။

ထိုကဲ့သို့ပင် ယုံကြည်သူများသည်လည်း မိမိခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၏အား လုပ်ကျွေးစောင့်ရှောက်သော ဘုရင်များ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဝှက်ထားသော ဝိညာဉ်ရေးရာ ရတနာများကို ရှာဖွေ၍ အကျိုးရှိစွာ အသုံးပြုရသည်။

၂၅: ကောင်းကင်၏အမြင့်ကို မှန်းဆ၍ မရနိုင်သကဲ့သို့ပင် ရှင်ဘုရင်၏ အတွေးအကြံများကိုလည်း မှန်းဆ၍မရနိုင်ပါ။ ရှင်ဘုရင်၏ စိတ်သဘောထားကို အတိအကျနားလည်နိုင်စွမ်း မလွယ်ကူပါ။

၂၅:  မစင်ကြယ်သောအရာများကို ဖယ်ရှားဖို့ ငွေခြူရသည်။ မစင်သောအရောအနှောဒြပ်များကို ဖယ်ရှားပြီးမှလာလျှင် ငွေအစစ်ရ၍ လိုရာလက်ဝတ်ရတနာလုပ်ကိုင်အောင် ပန်းတိမ်လက်သို့ အပ်နှံရသည်။ ဤနေရာတွင် မစင်ကြယ်သောချော်ဆိုသည်မှာ မသမာသောအခါတော်ပေး ပုဏ္ဏားညိုများ ဖြစ်သည်။ ထိုအလိုတော်ကို အကြံပေးအမတ်များဖယ်ရှားလျှင် ရှင်ဘုရင်သည်လည်း ဖြောင့်မတ်စင်ကြယ်သည်။ ကောင်းမွန်သော တိုင်းနိုင်ငံထူထောင်နိုင်သည်။ တခါတခါတော့လည်း ရွာသူကြီးထက် နှစ်လုံးပြူးသေနတ်ထမ်းသူကို ကြောက်ရသည်မဟုတ်လား။

ခရစ်တော်ဘုရား တဖန်ကြွရောက်၍ နိုင်ငံတော်တည်ထောင်သောအခါ ပထမဦးဆုံးဖယ်ရှား သန့်စင်မည့်အရာများမှာ ပုန်ကန်သောင်းကျန်းသူများ ဥပဒေမဲ့တောဓလေ့သားရိုင်းဝါဒီများနှင့် အဟန့်အတား ဘုကလန့်များဖြစ်သည်။

၂၅: လူလိမ္မာများသည် နန်းတော်တွင် မိမိကိုယ်ကို ကြွားဝါခြင်းမပြု။ မိမိဂုဏ်ကိုမဖော်ကြ။ ဖြုတ်ချမောင်းထုတ်ခံရခြင်းထက် ပင့်ဖိတ်ခံရခြင်းသည် ကျက်သရေမင်္ဂလာနှင့် အလွန်တရာပြည့်စုံသည်။ ထို့ကြောင့် ရှင်ဘုရင်ရှေ့တွင် မိမိကိုယ်ကို နှိမ်ချခယစွာနေလော့။

ထိုအဖြစ်စနစ်များက ယေ ၄၅:၅ တွင် “သင်သည် ကြီးစွာသောအရာတို့ကို ကိုယ့်အဘိုးရှာသလော မရှာနှင့်”ဟု၎င်း၊ ခရစ်တော်ဘုရားက လု ၁၄:၈-၁၀ တွင်၎င်း သတိပေးထားသည်။

နောက်ဆုံးစကားစု မြင်မြင်သမျှဆိုသည်မှာ အငယ်(၈)နှင့် ဆိုင်သည် (RSV)။ မျက်စိဖြင့်မြင်သော အရာတိုင်းကို အလျင်အမြန်သွားမတွေ့နှင့်ဟု ဆိုလိုသည်။

၂၅:၁၀ တဘက်သားအား တရားစွဲခြင်း နယ်ဘက်ဥပဒေ တရားကြောင်းလမ်းအရ အချေအတင်ပြောဆိုခြင်းများကို  သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချသည်။ အသိပေးသင့်သည်များကို အိမ်နီးနားချင်းများအား အသိပေးရသည်။ ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ရသည်။

သူတပါးအား သက်သေပြ၍ လူပုံအလယ်တွင် စကားများခြင်းထက် နှစ်ဦးနှစ်ဖက်ပြေလည်အောင် ဖြေရှင်းခြင်းက ရန်အေးသည်။ ထိုအကြောင်းကို ဆရာကြီးတပါးက ဤသို့အကြံပြုဖူးသည်။

အသေးအဖွဲ့ပြဿနာက လူအများအပြားခေါ်လာနိုင်သည်။ ထိုအခါမျိုးတွင် တယောက်တည်း သွားရင်မဆိုင်နှင့်။ အဖော်ပါရှိပါစေ။ ဘုရားနှုတ်ကပတ်တော်ကို  မမေ့နှင့်။ သတိရဆွဲကိုင်ပါ။ သို့မဟုတ်လျှင် မီးလောင်ရာလေပင့်တတ်သည်။ ကြီးသောအမှုသေး၍ သေးသောအမှု မြန်မြန်ပပျောက်စေပါ။ အကယ်၍ ရေကြီးခွင်ကျယ်လိုက်လုပ်နေလျှင် စုံစမ်းစစ်ကြောခြင်း ပိုမိုကြုံတွေ့နိုင်သည်။ အခက်အခဲပြဿနာရင်ဆိုင်၍ စိတ်ညစ်စရာပွားများလာနိုင်သည်။

တတိယအုပ်စု ကြားလူများက သင့်ကိုတိုက်ရိုက် တိုက်ခိုက်ရန်ရှာကြမည် မဟုတ်သည့်တိုင်အောင် ကွယ်ရာတွင် သွားပုပ်လေလွင့် အတင်းအဖျင်းပြောနိုင်သည်။ ဂုဏ်သိက္ခာ ပိုမိုထိခိုက်စေနိုင်သည်။

၂၅:၁၁ လျောက်ပတ်သင့်တော်သောစကားအား အံဝင်ဂွင်ကျ ပြောဆိုခြင်းသည် ငွေအပြောက်စိ ချယ်ထားသောပန်းသီးနှင့် တူသည်ဟု ဆိုထားသည်။ မှန်သောစကားသည် ကျက်သရေတင့်တယ်၍ အဖိုးတန်သည်။ ဆွဲဆောင်မှုရှိသည်။ နှစ်လိုဖွယ်ရာဖြစ်သည်။

၂၅:၁၂  ရွှေနားဋောင်းနှင့်ရွှေစင် တန်ဆာများသည် အမျိုးသမီးများ အမြတ်တနိုးတန်ဖိုးထားသော ရတနာများဖြစ်သည်။ သူတပါးဆုံးမဩဝါဒစကားကို နာခံသူများသည် စိတ်နှလုံးလှသူများ ဖြစ်သည်။ ထို့ကြောင့် ထိုသူများသည် ပြင်ပကိုယ်ခန္ဓာလှမသကဲ့သို့ စိတ်မနောဖြူစင်သူမျာ ဖြစ်သည်။

၂၅:၁၃ သာမန်အားဖြင့် နှင်းသည်ပူပြင်းသည့် နွေဦးကာလ စပါးရိတ်ချိန်၌ ကျလေ့ရှိသည်။  ဤနေရာတွင် နှင်းရေသည် ရေငတ်ပြေသောက်သုံးစရာနှင့် မောပြေစိမ်းလန်းစိုပြေသည်ဟု ဆိုသည်။

နေပူကြဲထဲတွင် စပါးရိတ်သိမ်းသူများ နှင်းရေသောက်သုံးသောအခါ    အငတ်ပြေ    ရွှေရင်အေးမြ  ကြသကဲ့သို့ သစ္စာရှိသော တပ်သားသည်လည်း သခင်၏ အမောပြေရာ ဖြစ်သည်။

၂၅:၁၄ သူတပါးအား လက်ဆောင်ပေးမည်ဟု ကတိကဝတ်ပေးပြီးမှ ကတိမတည်သူသည် မိုးရွာမည့်ဟန် တိမ်ယောင်ပြပြီး မရွာဘဲနှင့် လေတိုက်ရာ လွင့်စင်သွားသောတိမ်ပြေးနှင့် တူသည်။

ဤကျမ်းပိုဒ်တွင် ဝိညာဉ်ရေးရာစကားလုံးဝေါဟာရ မပါရှိသော်လည်း ဝိညာဉ်ဆုကျေးဇူးများတွင် သင်ခန်းစာ တွေးယူနိုင်သည်။ ပရိသတ်များအား မျှော်လင့်ချက်ပေးလျက် ဟိတ်ကြီး၊ ဟန်ကြီးဖြင့် ဟောပြော သွန်သင်သော်လည်း ဝိညာဉ်ခွန်အားမပေးနိုင်ဘဲ တရားနာသူများက စိတ်ပျက်စေသူနှင့်တူသည်။ အရှေ့တိုင်းသားများ၏ ခြိမ်းလွန်းသောမိုး မရွာဟူသော စကားပုံမျိုး ဖြစ်သည်။

၂၅:၁၅ အတင်းအဓမ္မစေခိုင်းခြင်းထက် ယဉ်ကျေးသိမ်မွေ့စွာ သီးခံခြင်းက ပိုမိုအောင်မြင်နိုင်သည်။ ချိုသောစကားသည် နာခံသူ၏အရိုးကို အရည်ပျော်ဝင်စေနိုင်သည်။ ခေါင်းမာသူတို့လည်း ပျော့ပျောင်းစေနိုင်သည်။ သွားဖြင့်ကိုက်ဖြတ်ခြင်းထက် ပိုမိုဖြတ်တောက်နိုင်သည်။

၂၅:၁၆ ပျားရည်သည် အရသာချို၍ လူ့ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။ သို့သော် အလွန်အကျွံစားလျှင် တန်ဆေးလွန်ဘေး ဖြစ်စေသည်။ လူသည် အသက်ရှင်ဖို့ ထမင်းစားခြင်း ဖြစ်သည်။ ထမင်းစားဖို့အသက်ရှင်ခြင်းမဟုတ်။ ထိုအကြောင်းကို Larry Chrostenson  က ဤသို့ရှင်းပြသည်။

ကျွန်တော့်မိတ်ဆွေတွင် ကလေး()ယောက်ရှိရာ အားလုံးက ရေခဲမုန့်ကြိုက်ကြသည်။ ပူပြင်းသော နွေတနေ့တွင် အငယ်ဆုံးကောင်က ရေခဲမုန့်စားရလျှင် လုံလောက်ပြီ၊ အခြားအစာအစားရလျှင် နေပါစေဟု ပူဆာသည်။ အခြားသူငယ်များကလည်း သဘောတူထောက်ခံကြသည်။ ထိုအခါ ဖခင်က “မနက်ဖြန်ကြလျှင် ရေခဲမုန့်ရှိသမျှ အကုန်စားကြမည်၊ တခုမှမကျန်စေနှင့်ဟုဆိုသောအခါ နောက်တနေ့ရောက်ချင်လှကြသည်။ နံနက်မိုးလင်း မျက်စိပွင့်သောအခါ ချောကလက် စားချင်ကြသည်။ ပန်းကန်လုံးအပြည့်ထည့်၍ ဗိုက်ကားအောင်စားဖို့ သွားရည်တမြမြ  ဖြစ်နေကြသည်။ နံနက်စောစောစီးစီး ရေခဲမုန့်စားကြသည်။ နေ့လည်စာလည်း ရေခဲမုန့်၊ သို့သော် ခွက်အပြည့်မစားကြတော့ပါ။ တဖြည်းဖြည်း လျှော့လာကြသည်။ နေ့လည်ခင်းရောက်သောအခါ မိခင်လုပ်သူက သစ်သီးပေါင်မုန့် ဖုတ်သောအခါ တအိမ်လုံးမွှေးကြိုင်သည်။ အငယ်ကောင်က “ကောင်းလိုက်တာ၊ သားသားအကြိုက်ဘဲ၊ မွှေးလိုက်တဲ့ပေါင်မုန့်ဟု ဆိုကာ ပုလင်းယူ၍ ပေါင်မုန့်သုတ်စားဖို့ ပြင်ဆင်သည်။

သားရယ်၊ ရေခဲမုန့်ရှိရင်၊ တခြားဟာမလိုချင်တော့ဘူးဆို၊ မစားနဲ့လေဟုဆိုသည်။

ဟုတ် – ဟုတ် – ဟုတ်ကဲ့ပါ

ဒါဆိုရင် ဘာလို့မုန့်ထည့်စရာ ပန်းကန်ယူလာသေးလဲ

အိုမေမေကလည်း၊ နည်းနည်းလေးတော့ပေးပါ

ထိုအချိန်တွင် ရေခဲမုန့်မှရေခဲမုန့်ဟု တချိန်လုံးကြွေးကြော်ခဲ့သမျှသည် အလကားဖြစ်ကုန်ပြီ။ သမီးငယ်မေရီက ရေခဲမုန့်ယူလာပြီး သူ့ဖခင်အား “ရေခဲမုန့်တခွက်နှင့် ပေါင်မုန့်တချပ်လဲချင်တယ်”ဟု လာပြောကြသည်။၃၇

၂၅:၁၇  အသိဉာဏ်ပညာသည် ပျားရည်နှင့်တူသည်။ အလည်အပတ်သွားခြင်းတွင်လည်း အလိုက်သိရသည်။ ပြန်ချိန်တန်ပြန်ရသည်။ သူတပါးရှိစေလိုသည့်အချိန်ထက် ပိုမနေအပ်။ တခါလာလျှင် ရွှေဧည့်သည်၊ နှစ်ခါလာလျှင် ခွေးဧည့်သည်၊ သုံးခါလာလျှင် ကျီးကန်းဖြစ်သည်ကို သတိပြုပါ။

Cartwright က “လူထက် ဘုရားသခင်ကို မိတ်ဆွေဖွဲ့ကောင်းသည်။ ဘုရားသခင်ကို ပိုမိုဧည့်ခံနိုင်လျှင် ဘုရားသခင်နှင့် ပိုမိုရင်းနှီးသောကြောင့် အထံတော်သို့ ချဉ်းကပ်နိုင်သည်”ဟုဆိုသည်။

၂၅:၁၈ မိမိနှင့်သက်ဆိုင်သူအား မတရားပြစ်တင်စွပ်စွဲသူအတွက် အန္တရာယ်(၃)မျိုးရှင်းပြထားသည်။

တင်းပုတ်       အမှုန့်ဖြစ်အောင် ထုထောင်းကြေမွစေသည်။

ဓါး                နှစ်ဖက်သွားဖြစ်၍ နှစ်ခုစလုံးထိခိုက်သည်။

မြားချွန်                   ထုတ်ချင်းပေါက်ခတ်၍ ဒဏ်ရာအနာတရ ဖြစ်စေသည်။

၂၅:၁၉  ပိုးစားယိုင်နဲ့သောသွားဖြင့်ကိုက်ဖဲ့လျှင် မိမိသွားသာကျိုးမည်။ မသန်သောခြေထောက်ပေါ်တွင် အားထည့်မတ်တပ်ရပ်လျှင် ခွေကျသွားမည်။ ထိုကဲ့သို့ပင် မရေရာမသေချာသောသူကို အကျဉ်းအကြပ်ကာလ၌ အားကိုးယုံကြည်မိလျှင် ငါးပါးမှောက်သွားမည်။ စိတ်ညစ်စရာဖြင့် အဆုံးသတ်သွားမည်။

၂၅:၂၀ စိတ်မချမ်းမြေ့သူအား သီချင်းဆိုပြခြင်းသည် ဖျော်ဖြေခြင်းမဟုတ်။ နားငြီးခြင်း၊ စိတ်ညစ်စေခြင်း၊ အနှောင့်အယှက်ပေးခြင်း ဖြစ်သည်။ တုန်ချမ်းနေသူအား အဝတ်အစားချွတ်လုခြင်း၊ အနာပေါ်ဆားပတ်ခြင်းနှင့်တူသည်။

Keith Weston က ပထမဦးဆုံး ဆေးရုံသို့ သွားရောက်လည်ပတ်သည့် အတွေ့အကြုံကို ဤသို့ ဖောက်သည်ချသည်။ ခြေထောက်နှစ်ဖက် စက်သီးဖြင့်ခြင်ထောင်ထိပ်သို့ ချိတ်ထားသည်။ လက်နှစ်ဖက်စလုံး ကျောက်ပတ်တီးကိုင်ထားသည်။ ထိုလူနာအား ဧဝံဂေလိဆရာသမားက “မိတ်ဆွေ ပျော်ပျော်ရွှင်ရွှင် ရှိပါသလား”ဟုမေးသည်။ လူနာက တခွန်းမှပြန်မဖြေပါ။ မည်သူက အလိုက်မသိ၊ မယဉ်ကျေးပါသနည်း။၃၈

၂၅:၂၁၂၂ ဤကျမ်းချက်ကို ပေါလုက ရော ၁၂:၂၀ တွင် “သင်တို့ရန်သူသည် ဆာငတ်မွတ်သိပ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်ရေပေးလော့”ဤသို့ပြုခြင်းဖြင့် သင်သည် သူ့အား အရှက်ရစေလိမ့်မည်ဟု ပြန်လည်ဖော်ပြထားသည်။

တခါက ယုံကြည်သူ၏(၅)နှစ်သမီးက အိမ်နီးနားချင်းမယုံကြည်သူ၏ ပန်းများဖျက်ဆီးမှု၊ ပြတင်းပေါက်ကွဲစေသဖြင့် ထိုမယုံကြည်သူက မိဘအား လှမ်းကလော်တုတ်ရန်တွေ့သည်။ နောက်တနေ့ လေညှင်းထွက်ခံ၊ နေပူဆာလှုံစဉ် ကလေး၏မိခင်က အိမ်လည်ဖိတ်ခေါ်သည်။ အိမ်တွင် စားကောင်းသောက်ဖွယ် ပြင်ဆင်ထားသည်။ စိတ်ဆိုးသူက မစားပါရစေနှင့်ဟု ငြင်းပယ်သည်။ ယုံကြည်သူက ထိုသို့မဟုတ်ကြောင်း ကျေးဇူးတော်အတူတူချီးမွမ်းဖို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ရှင်းပြကာ၊ အစားအသောက်အတွက် ကျေးဇူးတော်ချီးမွမ်းသည်။ ကျေးဇူးတော်ချီးမွမ်းသံကြားသိပြီးသောအခါ စိတ်ဆိုးသူသည် အမြင်မှန်ရလာပြီး မျက်ရည်ကျလာသည်။ “ဟုတ်ပါသည်၊ အိမ်နီးနားချင်း၏ သမီးငယ်လေးသည် ကျွန်မ၏သမီးလည်းဖြစ်ပါသည်၊ အတူတူဖြစ်ပါသည်”ဟု ပြောသွားသည်။ ဤအကြောင်းကို ကျွန်မခင်ပွန်း၊ ကျွန်မသားသမီးနှင့် မိသားစုများကိုလည်း ဝေငှအသိပေးမည်ဟု ဆိုသွားသည်။

ထိုစကားကြားပြီးသောအခါ ယုံကြည်သူသည် ထိုမယုံကြည်သူမိခင်အား ခရစ်တော်အကြောင်း ဝေမျှသက်သေခံသည်။ (၆)ပတ်ကြာသောအခါ ထိုအိမ်ထောင်မိသားစုတခုလုံး အသက်တာပြောင်းလဲကြသည်။၃၉

၂၅:၂၃ မုတ်သုန်မြောက်လေတိုက်ခတ်လျှင် မိုးရွာသွန်းစေသကဲ့သို့၊ သူတပါးကွယ်ရာတွင် အတင်းအဖျင်းပြောခြင်းသည် အမျက်ဒေါသဖြစ်စေသည်။ အတင်းအဖျင်းအာယားသူများသည် အရပ်လေးဘက်လေးလံမှ အမျက်ဒေါသကြုံရသည်။ သူများမကောင်း၊ ကိုယ်ကောင်းကြောင်း ပြောဆိုသူများသည် တဖန် သူများမေးငေါ့ခြင်းခံရမည်။ သူတပါးလက်ညိုးတချောင်းထိုးလျှင် အခြားဆယ်ချောင်းက မိမိကိုပြန်ထိုးကြမည်။ သတိပြု။

၂၅:၂၄  ဤကျမ်းပိုဒ်က ၂၁:၉ ကို တဖန်ပြန်လည်မီးမောင်းထိုးပြသည်။ တချိန်လုံး မြည်တွန် တောက်တီးတတ်သောမိန်းမနှင့် အတူတူနေခြင်းဆင်းရဲဒုက္ခကို ထပ်မံ သတိပေးထားသည်။

၂၅:၂၅ ရပ်ဝေးမှလာသော သတင်းစကားဆိုသည်မှာ ကောင်းကင်နိုင်ငံမှလာသော စကားဖြစ်သည်။ ရေငတ်သူများသည် ရေခဲသောက်သုံးသည့်အခါ အငတ်ပြေဘိသကဲ့သို့ ဝိညာဉ်ငတ်သူများသည်လည်း သတင်းကောင်းကြားသိကြသောအခါ အငတ်ပြေကြသည်။

၂၅:၂၆ လူကောင်းများက သူယုတ်မာများအား အလျှော့ပေးခြင်း၊ အခွင့်အရေးပေးခြင်းသည် အဆိပ်ပင်ရေလောင်းခြင်း ဖြစ်သည်။ ညစ်ညမ်းသည့်စမ်းရေတွင်း၊ အဆိပ်ခတ်ထားသည့်ရေတွင်းကို ဤအတိုင်းပစ်ထားခြင်းနှင့် တူသည်။ အခြားသူများကို ထပ်မံဒုက္ခပေးနိုင်သည်။

၂၅:၂၇ ပျားရည်ကို အလွန်အကျွံစားသုံးခြင်းသည် မကောင်း၊ ဘေးဥပဒ်ဖြစ်နိုင်သည်။ တန်ဆေးလွန်ဘေးရှိပါသည်။

ဟေဗြဲကျမ်းမူတွင် ဒုတိယပိုင်းသည် အဓိပ္ပါယ်မပေါ်လွင်။ NKJVကျမ်းမူတွင် ရေးသားသည့် “သူတပါး၏ဂုဏ်အသရေသည် မိမိဂုဏ်အသရေမဖြစ်နိုင်”ဟူသော အဓိပ္ပါယ်ဖြစ်နိုင်သည်။ “အချိန်စီးသောအရာသည် သူ့ဟာနှင့်သူ အချိန်စီးသည်” (JND)ဟုလည်း ယူဆနိုင်သည်။ သို့မဟုတ် “အချိန်စီးအောင် လုပ်ခြင်းသည် မင်္ဂလာဖြစ်သည်”(JND Margin) ဟုလည်း ခံယူနိုင်သည်။ အားလုံးကောင်းသောလက္ခဏာဖက်တွင် သုံးထားသည်။

၂၅:၂၈ စည်းကမ်းမရှိသောသူ၏အသက်သည် မြို့ရိုးမရှိသောမြို့၊ စည်းရိုးမကာထားသောခြံနှင့် တူသည်။ အရပ်ရှစ်မျက်နှာမှ လာရောက်တိုက်ခိုက်နိုင်သည်။ ဒေါသမချုပ်တည်းနိုင်သူသည် နေရာဒေသ အချိန်မရွေး ရန်တွေ့နိုင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။