သုတ္တံကျမ်း - ၁၂

1နည်းဥပဒေကို ခံချင်သောသူသည် ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ 2သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သောသူမူကား၊ အပြစ်စီရင်တော်မူခြင်းကိုခံရ၏။ 3လူသည် ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက်ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။ 4သီလရှိသောမိန်းမသည် မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ ဖြစ်၏။ 5ဖြောင့်မတ်သောသူ၏အကြံသည် ဖြောင့်၏။ မတရားသောသူပေးသော အကြံမူကား မုသားဖြစ်၏။ 6မတရားသောသူ၏စကားသည် သူ့အသက်ကိုသတ်ခြင်းငှာ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတစ်ပါးတို့ကို ကယ်နုတ်တတ်၏။ 7မတရားသောသူ၏အိမ်သည် ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်း ရှိတတ်၏။ 8လူသည် ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား၊ မထီမဲ့မြင်ပြုခြင်းကို ခံရ၏။ 9စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသောသူသည် သာ၍ကောင်း၏။ 10ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာအရာ၌ပင် ကြမ်းကြုတ်တတ်၏။ 11မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။ 12မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။ 13စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်းရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက်တတ်၏။ 14လူသည် မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်းခံရ၏။
15မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည်ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင်သောသူမူကား ပညာရှိ၏။ 16မိုက်သောသူ၏အမျက်ဒေါသသည် ချက်ချင်းထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာအမှုကို ဖုံးတတ်၏။ 17မှန်သောစကားကို ပြောသောသူသည် ဖြောင့်မတ်ခြင်းတရား၊ မမှန်သောသက်သေကိုခံသောသူမူကား၊ မုသားတရားကို ပြသတတ်၏။ 18သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။ 19သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသားလျှာမူကား ခဏသာတည်၏။ 20မကောင်းသောအကြံကို ကြံသောသူတို့၏စိတ်ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်းငှာ အကြံပေးသောသူတို့၌ကား၊ ဝမ်းမြောက်စရာအကြောင်းရှိ၏။ 21တရားသောသူ၌ အမင်္ဂလာ မရောက်ရာ။ မတရားသောသူမူကား၊ အမင်္ဂလာနှင့် ပြည့်ဝရလိမ့်မည်။ 22မုသားသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏။ 23ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက် မိုက်သောသဘောကို ထင်ရှားပြတတ်၏။ 24လုံ့လဝိရိယပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။ 25ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။ 26ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်းပြတတ်၏။ မတရားသောသူလိုက်သောလမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။ 27ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဖမ်းရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသောသူ၏ဥစ္စာမူကား၊ အဖိုးထိုက်ပေ၏။ 28ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်းဖြစ်၏။

သုတ္တံကျမ်း - ၁၂ (အနက်ဖွင့်)

၁၂: တိုးတက်ကြီးပွားချင်သူများသည် သူတပါး ပဲ့ပြင်ဆုံးမခြင်းသွန်သင်ခြင်းကို လိုလားစွာ လက်ခံကြသည်။ ထိုကဲ့သို့မဟုတ်ဘဲ့ သူတပါးဆုံးမခြင်းကို မထီမဲ့မြင်ပြုသူများသည် လူမိုက်လူဗလ ဖြစ်သည်။

၁၂: စိတ်သဘောထားပြည့်ဝ၍ ကိုယ်ကျင့်တရားကောင်းမွန်သူများသည် ဘုရားသခင်၏ စိတ်တော်နှင့်ထိတွေ့သူများ ဖြစ်သည်။ လူမိုက်၏ လုပ်ဆောင်သမျှသည် သူ့အား ပြန်လည်တရားစီရင်မည့် အမှုအရာများ ဖြစ်သည်။ Foreman က” စကြဝဠာ အရှင်သခင်က မတရားသောသူများကို မုန်းတီးသည်။ မတရားသူကို ကျရှုံးစေမည်။ မတရားပြုနေချိန်တွင် တိတ်ဆိတ်စွာ ကြည့်နေသည်”ဟု ဆိုသည်။

၁၂: မတရားသဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများသည် အခြေအတည်တကျမရနိုင်။ တည်ငြိမ်ဟန်ရှိလျှင်လည်း တခဏသာ ဖြစ်သည်။ ကျောက်ပေါ်မှာ ကျသောမျိုးစေ့ (မ ၁၃:၅-၆) ဖြစ်သည်။အောက်ခံမြေကြီးတိမ်သဖြင့် အမြစ်မစွဲနိုင်။ လေတိုက်လျှင် လွှင့်ပါသွားမည်။

သူတော်ကောင်းသည် ဘုရားသခင်၌ အမြစ်နက်နက်စွဲသောကြောင့် ခိုင်မြဲသည်။ လေမုန်တိုင်း တိုက်ခတ်လျှင်လည်း ကြံ့ကြံ့ခံနိုင်သည်။ ထိုသူသည် ရေနားပေါက်သောအပင် (ဆာ ၁:၃)ကဲ့သို့ မြဲမြံရှင်သန်သည်။

၁၂: ဇနီးကောင်းသည် ခင်ပွန်းသည်အတွက် ကောင်းကြီးမင်္ဂလာ ယူဆောင်လာလေ့ရှိသည်။ မိမိလင်သားအား ဂုဏ်သိက္ခာတက်စေ၏။ မိမိလင်သားကို သိက္ခာချ၊ အရှက်ခွဲသောမိန်းမသည် ခင်ပွန်းသည်၏ အရိုးတွင် စွဲကပ်သော ရောဂါဆိုး ဖြစ်သည်။

၁၂: ဖြောင့်မတ်သောသူများ၏ စိတ်ကူးတွင် ဂုဏ်အသရေ၊ ဖြောင့်မတ်ခြင်းနှင့် တည်ငြိမ်ခြင်းများရှိသည်။ ဆိုးယုတ်သူများ၏ စိတ်နှလုံးမှာမူ လိမ်လည်လှည့်ဖျားဖို့သာ ပြည့်နှက်သည်။ တနည်းအားဖြင့် လူတယောက်၏ အကြံအစည် စိတ်ကူးကို သူ့အကျင့်လက္ခဏာတွင် တွေ့မြင်နိုင်သည်။

၁၂: လူယုတ်မာတို့၏စကားသည် အခြားသူများကို အနှောင့်အယှက်ဒုက္ခ ဖြစ်စေသည်။ အကျိုးပျက်စီးစေသည်။ အန္တရာယ်ရောက်စေသည်။ သူတော်ကောင်းများမှာမူကား မိမိကိုယ်ကို လုံခြုံစေသည့်အပြင် အခြားသူများကိုလည်း ဘေးအန္တရာယ်မှ ကွယ်ကာစေသည်။

၁၂: မတရားသူ၏ အိမ်ထောင်ပြိုလဲသောအခါ မျိုးဆက်ပြတ် ဆုံးခန်းတိုင်လေ့ရှိသည်။ ဘုရားသခင်၏ လူများမှာမူကား ဘေးဒုက္ခမည်မျှ ကျရောက်စေကာမူ မယိုင်မလဲ မားမားရပ်တည်ကြသည်။

၁၂: စိတ်သဘောထားပြည့်ဝသူ၊ ဉာဏ်ပညာရှိသူကို လူအများက ချီးမွမ်းကြသည်။ အသိဉာဏ်နည်းပါးသူမူကား လူတကာ၏ အထင်အမြင်သေးခြင်း ပြက်ယယ်ပြုခြင်း ခံရမည်။

၁၂:  စားစရာမရှိဘဲ၊  ဝါကြွားသူထက်  အသရေမရှိသော်လည်း   ကိုယ့်အလုပ်ကို  လုပ်သောသူသည်  သာ၍ကောင်း၏။  အဆင့်အတန်းမရှိ နိမ့်ကျသူကျွေးမွေးသောအရာထက် အစာငတ်ခြင်းက ပိုကောင်းသည်။ မတရားသော အစာ စားသုံးခြင်းထက် လျှာ၌ မြက်ပေါက်ခြင်းက ကိုကောင်းပါသည်။

၁၂:၁၀  သူတော်စင်သည် သာမန်လူသားများသာမက တိရစ္ဆာန်များကိုလည်း သနားကြင်နာသည်။ လူ့ဗာလသည် သူ့ကိုယ်သူ သူတော်ကောင်းဟု ထင်မှတ်သော်လည်း တိရစ္ဆာန်များသာမက ပတ်ဝန်းကျင်ကို ရက်စက်စွာ ပြုမူဆက်ဆံတတ်သည်။

ဘုရားသခင်သည် အမြင့်ဆုံးသောကောင်းကင်ဘုံ၌ စံမြန်းသော်လည်း အနိမ့်ဆုံးသော တိရစ္ဆာန်များကို သနားကြင်နာသည်။ ဂရုစိုက်သည် (ထွ ၁၂:၁၁၊ ၂၃:၄၊ ၅)။ သိုက်မြုံယံမှာရှိသော ငှက်မှစ၍ ဂရုစိုက်သည် (တရား ၂၂:၆)။

၁၂:၁၁ မိမိလုပ်ငန်းခွင်တွင် စိတ်ဝင်တစားလုပ်ကိုင်သူ၊ မိမိလယ်ယာကို ကြိုးစားလုပ်ကိုင်သူသည်။ လုပ်သည့်အတိုင်း အကျိုးခံစားရမည်။ ဝလင်စွာ ရိတ်သိမ်းရမည်။ မိမိလုပ်ငန်းတွင် စိတ်ပါဝင်စားမှု မရှိဘဲ့ အချည်းအနှီး အချိန်ဖြုန်းတီးသူသည် ဦးနှောက်မရှိသူ ဖြစ်သည်။ အခွံသာ ကောက်ရမည်။

၁၂:၁၂ မတရားသူဆိုသည်မှာ ဒုစရိုက်တော၌ ကျင်လည်သူ၊ အခြားသူများကို အနှောင့်အယှက်ဒုက္ခပေးသူကို ဆိုလိုသည်။ တနည်းအားဖြင့် အခြားသူတပါးပစ္စည်း လိုချင်စိတ်ရှိသူ ဖြစ်သည်။

သူတော်ကောင်းမူကား မတရားသူနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။  သူတပါးအခက်အခဲကို ကူညီသည်။  သူများအားနည်းချက်များကို ဖြည့်ဆည်းပေးသည်။

၁၂:၁၃  ဆိုးသောသူများသည် မိမိစကားနှင့် မိမိထောင်ချောက် ပြန်မိတတ်သည်။ စဉ်းလဲသောဇာတ်လမ်း၊ ဖန်တီးကြသော်လည်း မိမိကိုယ်ကို ကြော့ကွင်းပြန်မိသည်။ လူလိမ်များသည် ပါးရည်နပ်ရည် ရှိကြသည်။ သို့သော် ပါးနပ်မှုသည် သူတပါးအား ကလိမ်ကျဖို့ လိမ်လည်လှည့်စားဖို့ ဖြစ်သည်။

ဖြောင့်မတ်သူသည် ထောင်ချောက်ထူထဲပါစေ၊ လွတ်မြောက်နိုင်သည်။ ဘုရားသခင်သည် သူ့လူများအား ဒုက္ခဘေးအန္တရာယ်အားလုံးမှ လွတ်မြောက်စေမည်ဟု ကတိတော်မပေးပါ။ သို့သော်လည်း ထိုဘေးဒုက္ခများအား ကျော်လွန်အောင်မြင်ခွင့် ပေးထားသည်။

၁၂:၁၄  ချိုသောစကားနှင့် ယဉ်ကျေးသောအမူအရာများက လက်ဆောင်မွန်ယူလာသည်။ ဉာဏ်ပညာနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းက ကောင်းသောစကား ဖြစ်ထွန်းစေသည်။ လူချစ်လူခင်ပေါ၍ သူများက လေးစားသည်။ ယဉ်ကျေးသော အပြုအမူများက ကောင်းကြီးမင်္ဂလာ ယူဆောင်လာလေ့ရှိသည်။

၁၂:၁၅  လူမိုက်ကို အကြံပေး၍ရမည်မဟုတ်။ အရာခပ်သိမ်းကို သိရှိသည်ဟု သူ့ကိုသူ ထင်မှတ်သဖြင့် သူတပါးစကား နာခံခြင်းမရှိ။ ဉာဏ်ရှိသူမူကား အကြံပေးချက်များကို ကြိုဆိုသည်။ အရာခပ်သိမ်းကို သိရှိကျွမ်းကျင်သော လူသားဟူ၍ မရှိနိုင်။

၁၂:၁၆  လူမိုက်သည် အမျက်ဒေါသ ထိန်းချုပ်ခြင်းမရှိ။ ဟောဟောဒိုင်းဒိုင်း ပြုမူစိတ်တိုလေ့ရှိသည်။ ပညာသတိရှိသူမူကား လူမိုက်များ တုန့်ပြန်မှုကို ကြိုတင်စဉ်းစား သိရှိသည်။ မိမိကိုယ်ကို ထိန်းချုပ်သည်။ ပြင်ပသို့ အမျက်ဒေါသမထွက်တတ်။ လူလယ်ခေါင်တွင် အရှက်ရမည့်အဖြစ်ကို ရှောင်ရှားသည်။

၁၂:၁၇  ဟုတ်မှန်ရာကို မှန်ကန်စွာ သက်သေခံသောသူသည် တရားတော်ကို ကြည်ညိုလေးစားသော သူကောင်းဖြစ်သည်။ မုသားသက်သေမှာမူ တရားတော်ကို နှောင့်ယှက်ဖျက်ဆီးသူဖြစ်သည်။

၁၂:၁၈ အချို့လူများသည် ဓါးသွားသမျှထက်သော စကားပြောတတ်ကြသည်။ သူများကို ထိခိုက်ရှနာ၍ အနာတရ ဖြစ်ပေါ်စေသည်။ ပညာရှိစကားမူကား သူများကို ကျန်းမာရွှင်လန်းစေသည်။ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းစေသည်။

၁၂:၁၉ သစ္စာစကားသည် ထာဝရတည်မြဲသည်။ အဘယ်သို့နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သစ္စာစကားဖြစ်သည်။  သို့ကြောင့် ပြောင်းလဲခြင်းမရှိ။ ထာဝရ တည်တံ့သည်။

မုသာစကားမှာမူကား မျက်စိတမှိတ် လျှပ်တပြက်သာခံသည်။ လေနှင့်အတူ လွှင့်ပါပျောက်ကွယ်သည်။

၁၂:၂၀ စိတ်ထားမကောင်းသောသူတို့၏ စိတ်နှလုံးတွင် လှည့်စားတတ်သော စိတ်သဘောထား ရှိကြသည်။ အများအကျိုးအတွက် ဆောင်ရွက်သူများသည် စိတ်နှလုံးရွှင်လန်း၍ ငြိမ်သက်ချမ်းသာ ကြသည်။

၁၂:၂၁ သူတော်ကောင်းတို့ရှေ့၌ ဘယ်သောအခါမှ ဘေးကံကြမ္မာဆိုးမရောက်။ မှန်သော သစ္စာစကားဖြစ်သည်။ စိတ်နှလုံးသဘောထား ဖြောင့်မတ်သူများသည် အမင်္ဂလာနှင့်မကြုံရ။ သွားလေရာဘေးရန်ကင်းရှင်း၍ ကြံလေရာမှာ အောင်မြင်ကြသည်။

မတရားသောသူများမှာမူကား ပြုလေရာတွင် အရာရာနှင့်အကြောင်းကြောင်း ကြုံတွေ့ရသည်။

၁၂:၂၂  ဘုရားသခင်က မုသာစကားကို မုန်းသည်။ အဖြူရောင်မုသာ၊ ချဲ့ကားသောစကား၊ အထက်တဝက် အောက်တဝက် စကားများကိုလည်း သတိထားရမည်။ စေ့စပ်သေချာသောစကားသည် လူ့စိတ်နှလုံးကို ကျေနပ်စေသဖြင့် ဖြောင့်မတ်မှန်ကန်သော စကားများကိုသာ ပြောရသည်။

၁၂:၂၃ ပညာသတိရှိသူသည် သိကြောင်း၊ တတ်ကြောင်း၊ လှည့်လည်ပြောဆိုလေ့မရှိ။ သိုသိပ်ကျစ်လစ်စွာ နေတတ်သည်။ လူမိုက်များသည် မိမိ တထွာတမိုက်ဉာဏ်ကို လူတကာအား လှည့်လည်ကြွားပြတတ်သည်။ ထိုသို့ပြုခြင်းသည် မိမိမိုက်မှားမှုကို အထုတ်ဖြေပြခြင်း ဖြစ်သည်။

၁၂:၂၄ လုံ့လဝီရိယရှိသူသည် ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ ထင်ပေါ်လျှင် စင်တော်က ကောက်သည်။ ငပျင်းသည် ဆင်းရဲမွဲတေမည်။ ထိုသို့ဆင်းရဲသောကြောင့် သူတပါး၏ ခိုင်းဖတ် ဖြစ်ရသည်။

Oswald Chamber က “ဘိုသီဘတ်သီ ဝတ်စားခြင်းသည် သန့်ရှင်းဝိညာဉ်တော်အား စော်ကားခြင်း ဖြစ်သည်။ အပျင်းထူခြင်းနှင့် အတူတူဖြစ်သည်”ဟုဆိုသည်’

၁၂:၂၅ ပူပင်သောကသည် လူကိုဖိစီးတတ်သည်။ စိတ်ထောင်းလျှင် ကိုယ်ကြေသည်။ အားပေးနှစ်သိမ့်စကား၊ တိုက်တွန်းစကားများသည် လူ့စိတ်နှလုံးကို ရွှင်လန်းစေ၏။ ဆောက်တည်ရာဖြစ်စေ၏။ မိမိကိုလည်း ကျန်းမာစေသည်။

၁၂:၂၆ ဆန့်ကျင်ဘက်တရား ယှဉ်တွဲဖော်ပြထားသည်။ သူတော်ကောင်းစကားသည် မိမိခင်ပွန်းနှင့်     အိမ်နီးနားချင်းများကို လမ်းပြသည်။ သာ၍ကောင်းသော ကိစ္စကို ပြသသည်။ ဒုစရိုက်သားများသည် မိမိထင်ရာမြင်ရာများကိုသာ ခေါင်းငိုက်စိုက် လုပ်သည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်။ တကိုယ်ကောင်းဆန်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် မိတ်ကောင်းဆွေကောင်း ရွေးတတ်ရမည်။

၁၂:၂၇ ပျင်းရိသောသူသည် ဖြစ်ဖြစ်မြောက်မြောက် အမဲလိုက်ချင်စိတ်မရှိ။ လိုက်ပြန်လျှင်လည်း အမဲမရ။ ပထမအဆင့်တွင် လုပ်ချင်ကိုင်ချင်စိတ်မရှိကြောင်း တွေ့ရမည်။ ဒုတိယအဆင့်တွင် လက်ကြောမတင်းကြောင်း တွေ့ရမည်။

ဟေဗြဲကျမ်းမူတွင် ကျမ်းပိုဒ် ဒုတိယပိုင်းကို ပထမပိုင်းထက် အသာပေးထားသည်။ ဇွဲလုံ့လရှိသူသည် ပညာမရှိလျှင်လည်း ကြိုးစားခြင်း၏ ရလာဒ်ခံစားရသည်။ ရုသဝတ္ထုကို ကြည့်ပါ။ စိတ်ရှည်သီးခံ၍ ဇွဲလုံ့လရှိသောကြောင့် ကြိုးစားခြင်း၏ အသီးအပွင့်ခံစားရမည် (ရု ၂:၁၇)။ သမ္မာကျမ်းစာ သွန်သင်ချက်များတွင် ဆင်ခြင်ဆုတောင်း၊ လက်တွေ့လုပ်ဆောင်လျှင် ရရှိမည်ဟု ဆိုထားပါသည်။

သန့်ရှင်းသောဝိညာဉ်တော်က ကျွေးမွေး၍ ရှင်သန်ကြီးထွားမည်။ ဘုရားသခင်ကို ဦးစွာသိကျွမ်းပါ။ လက်တွေ့မြည်းစမ်းပါ။

၁၂:၂၈ ဖြောင့်မတ်သူများ လျှောက်သောလမ်းသည် ရိုးစင်းဖြောင့်တန်း၍ လမ်းဆုံးတွင် ပျော်ရွှင်ခြင်းရှိသည်။ ဘေးအန္တရာယ်မကြုံရ။ အစတွင် ကျယ်ပြန့်သောလမ်းမသည် အဆုံးတွင် အဖျားရှူးသည်။ အသက်တာလမ်းသည် သေဘေးနှင့်ကင်းဝေး၍ ထာဝရအသက်ရသည်။ ထိုအကြောင်းကို NIV ကျမ်းမူတွင် “ဖြောင့်မတ်သူများ၏ ခရီးလမ်းသည် အသက်လမ်းဖြစ်၍ သေဘေးမကြုံရ”ဟုဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။