တောလည်ရာကျမ်း - ၃၀

သစ္စာပြုခြင်းပညတ်များ
1တစ်ဖန် ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊ 2လူယောက်ျားသည် ထာဝရဘုရားအား သစ္စာကတိပြုသော်လည်းကောင်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကိုပြုသော်လည်းကောင်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။
3မိန်းမသည် အဘအိမ်၌အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာကတိပြုသော်လည်းကောင်း၊ 4ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို အဘသည်ကြားလျက် တိတ်ဆိတ်စွာနေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။ 5သို့မဟုတ် အဘသည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားမည်မျှ မတည်ရ။ အဘမြစ်တားသောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
6မိန်းမသည် လင်ရှိလျက်၊ သစ္စာကတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သောအခါ၊ 7လင်သည်ကြားလျှင်လည်းကောင်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်လည်းကောင်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။ 8သို့မဟုတ် လင်သည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
9လင်သေသောမိန်းမ၊ လင်နှင့်ကွာသောမိန်းမသည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာကတိအလုံးစုံတို့သည် တည်ရကြမည်။ 10လင်အိမ်၌ရှိစဉ်အခါ၊ သစ္စာကတိပြုသော်လည်းကောင်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော်လည်းကောင်း၊ 11လင်သည်ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာကတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။ 12သို့မဟုတ် လင်သည်ကြားသောနေ့၌ ရှင်းရှင်းပယ်ဖျက်လျှင်၊ သစ္စာကတိနှင့်လည်းကောင်း၊ စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းနှင့်လည်းကောင်း ဆိုင်သောစကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။ 13ခပ်သိမ်းသောသစ္စာကတိ၊ ခြိုးခြံစွာကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သောအခွင့် ရှိ၏။ 14လင်သည် တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်စွာနေလျှင်၊ မယားပြုသော သစ္စာကတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်းရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာနေသောကြောင့် တည်စေပြီ။ 15ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှာပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင်ခံရမည်။ 16ဤရွေ့ကား၊ မယားနှင့် လင်စပ်ကြား၌လည်းကောင်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား၌လည်းကောင်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။

တောလည်ရာကျမ်း - ၃၀ (အနက်ဖွင့်)

၃၀: ဤအခန်းသည် ကျမ်းသစ္စာ၊ ကတိတော်ပြုခြင်း လမ်းညွှန်ချက်ဖြစ်သည်။ ဘုရားသခင်သို့ ပြုထားသော ကတိသစ္စာကို အပ်သောအခါမှ မဖောက်ဖျက်ရ။ ကတိတည်ရသည်။ မိဘအုပ်ထိမ်းမှုအောက်မှာ ရှိနေသော သမီးသည်လည်း ဖခင်က မကန့်ကွက်လျှင် ဘုရားသခင်၌ ကတိသစ္စာပြုနိုင်သည်။ အကယ်၍ ဖခင်က မကျေနပ်လျှင် ပထမနေ့ရက်တွင် ပြန်လည် ရုတ်သိမ်းနိုင်သည်။ အကယ်၍ လ၏ပထမနေ့ထိ ကန့်ကွတ်ခြင်းမရှိလျှင် အတည်ဖြစ်သည်။

၃၀:၁၆ အပိုဒ်ငယ် ၆-၈ သည် အိမ်ထောင်မပြုမှီကာလ မိန်းကလေးနှင့် သက်ဆိုင်သည်။ လင်ယောက်ျားရှိသော မိန်းမက၊ ကတိသစ္စာပြုလျှင် လင်သား၏သဘောတူညီခွင့်ပြုချက်ရှိရသည်။ အကယ်၍ ခင်ပွန်းသည်က ခွင့်မပြုလျှင် နေ့တွင်းချင်းကန့်ကွက်နိုင်သည်။ မုဆိုးမနှင့်လင်ကွာသော မိန်းမများ၏ကတိ သစ္စာပြုပုံကို (အငယ်၉)တွင် ရှင်းပြထားသည်။ ကာမပိုင် ယောက်ျားရှိသူသည် (ငယ် ၁၀-၁၅)။ လင်သား၏ဦးစီး ဦးဆောင်မှုကို ခံယူခြင်းဖြစ်သည်။ တစ်ရက်လွန်ပြီးမှ ခင်ပွန်းကသိရှိလျှင် ထိုမိန်းမ၌ အပြစ်ရှိသည်။ ဘုရားသခင်ထံ ယဇ်ပူဇော်တောင်းပန်ရသည်။ သို့မဟုတ် ဘုရားသခင်ပေးသော အပြစ်ဒဏ်ခံယူရသည် (ငယ် ၁၅)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။