တောလည်ရာကျမ်း - ၂၈

ပုံမှန်ပူဇော်ရသောသကာများ
(ထွ၊ ၂၉:၃၈-၄၆)
1-2တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါ၏ပူဇော်သကာကိုလည်းကောင်း၊ ငါ့အဖို့မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာအာဟာရကိုလည်းကောင်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။ 3တစ်ဖန် ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဖို့၊ အခါလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။ 4နံနက်ယံ၌ သိုးသငယ်တစ်ကောင်၊ ညဉ့်ဦးယံ၌တစ်ကောင်ကို ပူဇော်ရမည်။ 5သံလွင်သီးကို ထောင်း၍ရသော သံလွင်ဆီသုံးလောဃနှင့်ရောသော မုန့်ညက်တစ်ဩမဲကိုလည်း ပူဇော်ရမည်။ 6ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော်မူသည်အတိုင်း၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သကာ၊ အစဉ်အမြဲပြုရသော မီးရှို့ရာယဇ်ဖြစ်သတည်း။ 7သိုးသငယ်တစ်ကောင်နှင့်အတူ သွန်းလောင်းရာပူဇော်သကာဖို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာပူဇော်သကာဖို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။ 8အခြားသောသိုးသငယ်ကို ညဉ့်ဦးယံ၌ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာ ပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့်ပြည့်စုံ၍ မီးဖြင့်ပူဇော်သောယဇ်ကို ပြုရမည်။
ဥပုသ်နေ့သကာ
9-10နေ့တိုင်းအစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ဥပုသ်နေ့ရက်၌ အခါလည်အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကိုလည်းကောင်း၊ သွန်းလောင်းရာပူဇော်သကာပါလျက်၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက် နှစ်ဩမဲကိုလည်းကောင်းပူဇော်ရမည်။
လဆန်းနေ့သကာ
11လဆန်းတစ်ရက်နေ့၌၊ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်၊ အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ 12နွားတစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် နှစ်ဩမဲ၊ 13သိုးသငယ်တစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် တစ်ဩမဲစီတည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမီးဖြင့်ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။ 14သွန်းလောင်းရာပူဇော်သကာဖို့ကား၊ နွားတစ်ကောင်နှင့် စပျစ်ရည်ခြောက်လောဃ၊ သိုးတစ်ကောင်နှင့် လေးလောဃ၊ သိုးသငယ်တစ်ကောင်နှင့် သုံးလောဃကို ပူဇော်ရမည်။ ထိုသို့ လတိုင်းအစဉ်မပြတ် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ 15နေ့တိုင်းအစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ အပြစ်ဖြေရာယဇ်ဖို့ ထာဝရဘုရားအား ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။
ပသခါပွဲတော်သကာများ
(ဝတ်၊ ၂၃:၅-၁၄)
16ပထမလ တစ်ဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။ 17၎င်းလတစ်ဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ 18ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ 19ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်တည်းဟူသော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ 20နွားတစ်ကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ 21သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာ ပြုရမည်။ 22အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ 23နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာယဇ်မှတစ်ပါး၊ ထိုယဇ်များကို ထပ်၍ပူဇော်ရမည်။ 24ထိုသို့ အစဉ်အမြဲပူဇော်သောမီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး ခုနစ်ရက်ပတ်လုံး တစ်နေ့တစ်နေ့လျှင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သကာအစာအာဟာရကို ပူဇော်ရမည်။ 25သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
ခုနစ်သီတင်းသကာများ
(ဝတ်၊ ၂၃:၁၅-၂၂)
26ထိုမှတစ်ပါး၊ သီတင်းခုနစ်သီတင်းစေ့ပြီးမှ၊ ဘောဇဉ်ပူဇော်သကာအသစ်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီးနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ 27ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ 28နွားတစ်ကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ 29သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင်တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သကာ ပြုရမည်။ 30အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ 31ထိုသို့အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာမှတစ်ပါး၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော်ရမည်။

တောလည်ရာကျမ်း - ၂၈ (အနက်ဖွင့်)

(ယဇ်ပူဇော်ခြင်းနှင့် ကတိသစ္စာပြုခြင်း (အခန်း ၂၈၃၀)

       အခန်း ၂၈၂၉။ ဤအခန်းများတွင် ကတိတော်ပြည်၌ ပြုလုပ်ရမည့် ယဇ်ပူဇော်ခြင်းနှင့် ပွဲတော်များအကြောင်း ရေးထားသည်။

နေ့စဉ်ပူဇော်ခြင်း

မီးရှို့ပူဇော်သက္ကာ၊ မနက်မှညနေခင်းတိုင် ဘောဇဉ်သက္ကာနှင့် စပျစ်ရည်ပူဇော်သက္ကာ (၂၈:၃-၈)။ နေ့တိုင်း ဗိမာန်တော်သို့သွား၍ နံနက်ခင်းနှင့် ညနေခင်းတွင် ယဇ်ပူဇော်ရသည် (၂၈:၃-၈)။

နံနက်တိုင်းနှင့်ညနေတိုင်း အပြင်အနာအဆာမရှိသော အခါလည်သိုးထီးအား မီးရှို့ရာယဇ်ပူဇော်သက္ကာအဖြစ် ပူဇော်ရသည်။ သံလွင်ဆီနှင့် မုန့်ညက်ရောသော ဘောဇဉ်ကိုလည်း ပူဇော်ရသည်။ စပျစ်ရည် သုံးလောဃလည်းပါသည်။

ဤပူဇော်သက္ကာသည် မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်၍ နံနက်တစ်ခါ၊ ညနေတစ်ခါ ပူဇော်ရသည်။ ထိုသို့ ယုဒဗိမာန်တော်တွင် ပူဇော်ရသည့်အတိုင်း နောင်တွင်လည်း ဆက်လက်ကျင့်သုံးကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ယဇ်ပုရောဟိတ်တို့၏ အမှုကိစ္စဖြစ်၍ Mattatt က “ငြီးငွေ့ဖွယ်ယဇ်ပုရော ဟိတ်အလုပ်” ဟု မှတ်ချက်ပြုသည်။ တစ်နေဝင် တစ်နေထွက်သော်လည်း ထိုအလုပ်သာ တစ်ကုပ်ကုပ်နေရသည်။ စကားပြော၍ ဆုံးသည်မရှိသကဲ့သို့ လုပ်၍လည်း ပြီးသည်ဟုမရှိ။ လူများအပြစ်ဒုစရိုက်ရှိနေသရွေ့ကာလပတ်လုံး ဘုရားသခင်နှင့် ဆက်သွယ်နိုင်ရန် အပြစ်ဖြေမိတ်ဖွဲ့ရသည်။

       အပတ်စဉ်ပူဇော်ခြင်း

ဥပုနေ့တိုင်း မီးရှို့ရာယဇ်နှင့် ဘောဇဉ်ယဇ်၊ စပျစ်ရည်ယဇ်သက္ကာ (၂၈:၉-၁၀)။

လစဉ်ပူဇော်သက္ကာ

လဆန်းတိုင်း၏ပထမနေ့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်နှင့်စပျစ်ရည် ယဇ်ပူဇော်သက္ကာ(၂၈:၁၁-၁၄)အပြစ်ဖြေ ပူဇော်သက္ကာ(၂၈:၁၅)။

ယေဟောဝါဘုရားပွဲတော်များ

ပဿခါပွဲ၊ ပထမလဆယ့်လေးရက်နေ့မြောက် (၂၈:၁၆) တဆေးမဲ့မုန့်ပွဲ၊ ပထမလ၏ဆယ့်ငါးရက်နေ့နှင့် နှစ်ဆယ့်တစ်ရက်နေ့ အခြား (၂၈:၁၇-၂၅)။

အပတ်စဉ်ပွဲတော်များ (၂၈:၂၆-၃၁) မှတ်စု။ အဦးသီးသောအသီးပွဲတော် (ငယ် ၂၆) နှင့်ကောက်ဦးပွဲတော် (ဝတ် ၂၃:၉-၁၄)သည် မတူညီပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။