တောလည်ရာကျမ်း - ၂၅

ပေဂုရအရပ်တွင်၀တ်ပြုခြင်း
1ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။ 2ထိုမိန်းမတို့သည် မိမိတို့ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလလူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားရှေ့မှာ ဦးချကြ၏။ 3ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။ 4ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှလွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကိုခေါ်၍၊ ပြစ်မှားသောသူတို့ကို ဘုရားရှေ့မှာထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအားမိန့်တော်မူ၏။ 5မောရှေသည် ဣသရေလမင်းတို့ကိုခေါ်၍၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောသူတို့ကို သင်တို့အသီးအသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။
6ထိုအခါ ဣသရေလအမျိုးသားတစ်ယောက်သည်၊ မောရှေရှေ့၌လည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့၌လည်းကောင်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။ 7ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာထ၍ လှံကိုကိုင်လျက်၊ 8ထိုဣသရေလလူကို တဲအတွင်းသို့လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်လည်းကောင်း၊ မိန်းမကိုဝမ်းပေါက်အောင်လည်းကောင်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။ 9ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်းလေးထောင် ရှိသတည်း။
10-11ထာဝရဘုရားကလည်း၊ ငါသည်အမျက်ထွက်၍ ဣသရေလအမျိုးသားတို့ကို မဖျက်ဆီးမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား၊ ဧလာဇာ၏သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌စိတ်အားကြီး၍ ငါ့အမျက်ကိုသူတို့မှလွှဲပြီ။ 12သို့ဖြစ်၍သင်ပြောရသည်ကား၊ ငါ၏ချမ်းသာပဋိညာဉ်ကို သူ့အားငါပေး၏။ 13သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး၍ ဣသရေလအမျိုးသားတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော ပဋိညာဉ်ကိုရပြီဟု မောရှေအားမိန့်တော်မူ၏။ 14မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏အမည်ကား၊ ရှိမောင်အမျိုး၌ထင်ရှားသော အဆွေအမျိုးတွင် အကဲအမှူးသာလု၏သား ဇိမရိဖြစ်သတည်း။ 15အသေသတ်ခြင်းကိုခံရသော မိဒျန်မိန်းမအမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးဇုရ၏သမီး ကောဇဘိဖြစ်သတည်း။
16ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ယှက်၍ လုပ်ကြံကြလော့။ 17-18အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရားအမှု၌လည်းကောင်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကိုခံရသော သူတို့နှမ မိဒျန်မင်းသမီးကောဇဘိအမှု၌လည်းကောင်း၊ သင်တို့ကိုပရိယာယ်များအားဖြင့် လှည့်စားနှောင့်ယှက်ကြပြီဟု မောရှေအားမိန့်တော်မူ၏။

တောလည်ရာကျမ်း - ၂၅ (အနက်ဖွင့်)

၃။ ဗာလမ်ကဣသရေလတို့ဖျက်ဆီးခြင်း (အခန်း ၂၅)

       ၂၅: ဤအခန်းတွင် ဗာလမ်၏နာမည် မတွေ့ရသော်လည်း (တော၃၁:၁၆)တွင် ဣသရေလတို့အား ဖျက်ဆီးပုံတွေ့ရသည်။ ဗာလက်ပေးသော ဆုလက်ဆောင်များက ဗာလမ်၏ စိတ်နှလုံးအား မပြောင်းလဲစေနိုင်သော်လည်း ထိုဆုလက်ဆောင်များကို လက်ခံရယူထား သောကြောင့် ဣသရေလလူတို့အား အကုသိုလ်ဖြစ်စေသည်။ ဣသရေလယောက်ျားများသည် မောဘမိန်းမများနှင့် လင်မယားနေကြသည်။ စာတန်သည် တိုက်ရိုကမအောင်မြင်လျှင် သွယ်ဝိုက်သော နည်းလမ်းဖြင့် လက်သီးပုန်းထိုးတတ်သည်။

ဗာလမ်၏ သရုပ်မှန်ကို ဤနေရာတွင် တွေ့ရသည်။ ယခုချိန်ထိ ဗာလမ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော် ယုံကြည်သစ္စာရှိသော ပရောဖက်အဖြစ် မြင်ကြရသည်။ ဘုရားသခင်၏ လူများကို ချစ်ခင် သံယောဇဉ်ရှိသူအဖြစ် တွေ့ကြရသည်။ သို့သော် တော ၃၁:၁၆ နှင့် ၂:၁၅-၁၆ တွင် ဖြောင့်မတ်ခြင်းကို ငွေဖြင့်လဲလှယ်သူ၊ ဘနဖူးသိုက်တူးသူ အဖြစ် ရေးထားသည။ ဗာလမ်မင်းကိုလည်း ဣသရေလလူများအား ရုပ်တုဆင်းတု ဘုရားတုပူဇော်သော ခေါ်စာစားစေဖို့ ညစ်ညမ်းသော မေထုန်မှီဝဲစေဖို့ အကြံဉာဏ်ပေးသည် (ဗျာ ၂:၁၄)။ ထိုအကြံဉာဏ်အတိုင်း ကိုယ်တိုင်လည်း ဗာလမ်ပေဂုရဘုရား ဆည်းကပ်သည်။

၂၅: (ကထိုအပြစ်ဒုစရိုက်ကျူးလွန်သော ဣသရေလခေါင်းဆောင်များအား ဘုရားသခင်က နေပူထဲသို့ ထုတ်ဆောင်ခိုင်းသည်။ အပြစ်ဒဏ်စီရင်ခြင်းမပြုမှီ ရှိမောင်အမျိုး ခေါင်းဆောင်သည် မိဒျန်အမျိုးသမီးတစ်ဦးအား တဲထဲသို့ ခေါ်ဆောင်သဖြင့် (ငယ်၁၄) အာရုန်၏မြေး၊ ဧလျာဇာ၏သား ဖိနဟုတ်က လှံဖြင့်ထိုးလိုက်ရာ ထိုယောက်ျားနှင့် မိန်းမနှစ်ယောက်စလုံး ထုတ်ချင်းခတ် သေပွဲဝင်ကြသည်။ ထိုအကြောင်းကို Samuel Ridoutက ဤသို့ဆိုသည်။

ဖိနဟတ်(ကြေးဝါပါးစပ်ဟုအနက်ရသည်သည် သူမတူအောင် ဘုရားသခင်၌ သစ္စာရှိသူဖြစ်သည်။ သူ၏အပြစ်ဒုစရိုက်မုန်းတီးမှုကြောင့် သူ၏ယဇ်ပုရောဟိတ်အရိုက်အရာနှင့် သူ့မိသားစုများသည် လုံခြုံသည်။၁၅

၂၅:()-၁၃ ဘုရားသခင်က ဣသရေလအမျိုးထဲသို့ ကာလနာဘေးဆိုး ကျရောက်စေသဖြင့် လူအပေါင်းနှစ်သောင်းလေးထောင် သောက်သောက်လဲ သေကြသည်။ (၁ကော ၁၀:၈ တွင် တစ်ရက်တည်း၌ နှစ်သောင်းသုံးထာင်သေကြသည်ဟု ဆိုသည်)။ ဖိနဟတ်၏ သူရဲကောင်း လုပ်ဆောင်မှုကြောင့် ကာလနာရောဂါ ရပ်စဲသွားသည်။ ဘုရားသခင်အား အလွန်အမင်းယုံကြည် သစ္စာရှိသူဖြစ်သောကြောင့် ဖိနဟတ်၏ သားစဉ်မြေးဆက်သည် ယဇ်ပုရောဟိတ်ကောင်း ဖြစ်ကြသည်။

၂၅:၁၆၁၈ ဘုရားသခင်က မောရှေအား မောဘအမျိုးကို နှိမ်နင်းခိုင်းသည်။ အဘယ်ကြောင့်ဆိုသော် မောဘအမျိုးသည် ညာဉ်မကောင်းကြ၊ ယေဟောဝါဘုရားကို ကိုင်းရှိုင်းသူများမဟုတ်သောကြောင့် ထိုဖြစ်ရပ်ကို မီးမွှေး၍ ဣသရေလလူတို့အား ရန်ညှိုးလုပ်ကြမည်။ ဖြစ်လာမည့်အကြောင်းအရာကို အခန်းကြီး ၃၁တွင် ရေးသားထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။