တောလည်ရာကျမ်း - ၂၁

ခါနာန်အမျိုးသားကိုအောင်မြင်ခြင်း
1ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သတင်းကို တောင်မျက်နှာ၌နေသော ခါနာန်အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဖမ်းဆီးသိမ်းသွားလေ၏။ 2ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည်ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာကတိပြုလေ၏။ 3ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
ကြေးဝါမြွေရုပ်
4ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှာ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊ 5သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့်မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။ 6ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့်သေကြ၏။ 7ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည် လူများအဖို့ ဆုတောင်းလေ၏။ 8ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ 9မောရှေသည် ကြေးဝါဖြင့်မြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားပြီးလျှင်၊ မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။
မောဘသို့ခရီးဆက်ခြင်း
10တစ်ဖန် ဣသရေလအမျိုးသားတို့သည် နေရာပြောင်း၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။ 11ဩဗုတ်အရပ်မှပြောင်းပြန်၍၊ နေထွက်ရာဘက်၊ မောဘပြည်ရှေ့တွင်ရှိသောတောမှာ၊ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။ 12ထိုအရပ်မှပြောင်း၍၊ ဇာရက်ချောင်းနား၌ စခန်းချကြ၏။ 13ထိုအရပ်မှတစ်ဖန် ပြောင်းပြန်၍၊ အာမောရိပြည်နယ်နှင့်စပ်သော တော၌ရှိသော အာနုန်ချောင်းနားတစ်ဖက်တစ်ချက်၌ စခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြား အပိုင်းအခြားဖြစ်သတည်း။ 14ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊ 15အာရပြည်သို့စီး၍ မောဘပြည်အနား၌ လျှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။ 16အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကိုစုဝေးစေလော့၊ ရေကိုငါပေးမည်ဟု မောရှေအားမိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ်သတည်း။ 17ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက်လော့။ ထွက်အောင် သီချင်းဆိုကြလော့။ 18တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကိုတူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝှေးတို့နှင့် ရေတွင်းကိုတူးကြပြီဟု သီချင်းဆိုလေ၏။ 19ထိုတောမှ မတ္တနာအရပ်သို့လည်းကောင်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့လည်းကောင်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့လည်းကောင်း၊ 20ဗာမုတ်အရပ်မှ မောဘချိုင့်သို့လည်းကောင်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့လည်းကောင်း ခရီးသွားကြ၏။
ရှိဟုန်မင်းကိုအောင်ခြင်း
(တရား၊ ၂:၂၆-၃၇)
21ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာမောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊ 22အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာသို့လည်းကောင်း၊ စပျစ်ဥယျာဉ်သို့လည်းကောင်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကိုမလွန်မီတိုင်အောင်၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။ 23ထိုပြည်အလယ်၌ လျှောက်သွားရသောအခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသားတို့ကို ဆီးတားခြင်းငှာ၊ သူတို့ရှိရာတောသို့ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။ 24ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ဓားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ အမ္မုန်အမျိုးသားနေရာတိုင်အောင်လည်းကောင်း၊ ထိုမင်းပိုင်သောမြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာနယ်စပ်ကား အားကြီး၏။ 25ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန်မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှတို့ကို သိမ်းယူ၍နေကြ၏။ 26ဟေရှဘုန်မြို့ကား၊ မောဘပြည်ကိုအစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကိုလုယူသော အာမောရိရှင်ဘုရင်ရှိဟုန်မင်းနေသောမြို့ဖြစ်သတည်း။ 27ထိုအကြောင်းကိုရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့သွား၍ တစ်ဖန်တည်ကြစို့။ ရှိဟုန်ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။ 28ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသောမင်းတို့ကို လောင်လေပြီ။ 29အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှာ၊ ထိုဘုရားသည် အခွင့်ပေးပြီတကား။ 30တစ်ဖန်ငါတို့သည် အာမောရိသားတို့ကို တိုက်ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင်အောင် ပျက်လေပြီ။ မေဒဘမြို့နှင့်နီးစပ်သော နောဖာမြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
ဗာရှန်မင်းကိုအောင်ခြင်း
(တရား၊ ၃:၁-၁၁)
31ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိပြည်၌ နေရကြ၏။ 32မောရှေသည်လည်း၊ ယာဇာမြို့ကိုစူးစမ်းခြင်းငှာ လူကိုစေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကိုသိမ်းယူ၍ အရင်နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
33တစ်ဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှာ ချီသွား၏။ 34ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကိုလည်းကောင်း၊ သူ၏မြေကိုလည်းကောင်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်းပြုရမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ 35ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တစ်ယောက်မျှမကြွင်းလုပ်ကြံ၍ သူ၏ပြည်ကိုသိမ်းယူကြ၏။

တောလည်ရာကျမ်း - ၂၁ (အနက်ဖွင့်)

(ကြေးဝါမြွေရုပ် (၂၁:၂၂:)

       ၂၁: ကတိတော်မြေ၏ တောင်ပိုင်းသည် အာရဒ်မင်း စိုးစံရာဖြစ်သည်။ ဣသရေလလူမျိုးများ အလုံးအရင်းဖြင့် နယ်မြေသိမ်းပိုက်ချီတက်လာကြကြောင်း သတင်းရရှိသောအခါ စစ်ပြင်ဆင်၍ တွန်းလှန် တိုက်ခိုက်သည်။ သို့သော် ဣသရေလတို့၏ ဆုတောင်းသံကို ဘုရားရှင် နားညောင်းတော်မူသောကြောင့် ဟော်မာအရပ်တွင် ဣသရေလတို့အောင်ပွဲဆင်ကြသည် (ငယ် ၁-၃)။

၂၁: ပင်လယ်နီ(ငယ် ၄) ဖြတ်ကူးသည်ဟုဆိုပြန်သော်လည်း အဲဂုတ္တုပြည်မှ ထွက်လာကြစဉ်ဖြတ် သန်းကြသော ပင်လယ်နီမဟုတ်။ အကာဘာ ပင်လယ်ကွေ့ဖြစ်သည်။ ပင်လယ်နီလမ်း ဆိုသည်မှာ လမ်းကြောင်းနာမည်ဖြစ်သည်။ ထိုအချိန်ထိ အကာဘာ ပင်လယ်အော်ကို ဖြတ်ကျော်ခြင်း မရှိသေးပါ။

တဖန် လူသူအပေါင်းတို့သည် လမ်းပန်းခရီးခက်ထန်၍ မကျေနပ်ကြသဖြင့် ဆူပူသောင်းကျန်းဆန္ဒပြကြပြန်သည်။ ဘုရားရှင်က မီးမြွေများစွာ စေလွှတ်၍ လိုက်ကိုက်စေသဖြင့် သောက်သောက်လဲ သေကြပြန်သည်။ ဘုရားသခင် အမိန့်တော်ရှိသည့်အတိုင်း မောရှေသည် ကြေးမြွေကို တုတ်ပေါ်တွင် ချည်၍ အမြင့်မှာ ချိတ်ထားသည်။ ထိုကြေးမြွေခေါင်းကို ကြည့်ရှုသူများသည် မီးမြွေကိုက်ဒဏ်ရာ ပျောက်ကင်း၍ အသက်ချမ်းသာရာရကြသည်။ ထိုအဖြစ်အပျက်ကို နိကောဒင်အား ခရစ်တော်က သင်ခန်းစာသွန်သင်ခဲ့သည်။ သစ်တိုင်ထိပ်(ကားတိုင်)တင်သောသူကို ယုံကြည်ခြင်းဖြင့် ကြည့်ရှုခံယူသူများသည် ထာဝရအသက်ရရှိကြသည်ဟု ဆိုခဲ့သည် (ယော ၃:၁-၁၆)။

ထိုကြေးမြွေရုပ်ကို နှစ်ပေါင်းကာလကြာသည့်တိုင်အောင် ဘုရားရှင်အဖြစ် ကိုးကွယ်လာကြသောကြောင့် ဟေဇကိမင်းလက်ထက်တွင် ဖျက်ဆီးပစ်သည်(၄ရာ ၁၈:၄)။

၂၁:၁၀၂၀ ဣသရေလလူမျိုး၏ ဟောရတောင်မှ မောဘလွင်ပြင်ခရီးသည် ဖြောင့်ဖြူးပြေလွင်ခြင်းမရှိ။ လမ်းခရီးတွင် တယောက်ပြီးတစ်ယောက် ရပ်နားကြသည်။ ထိုရပ်နားသည့်ခရီးစဉ်ကို (တော ၂၁:၁၀-၂၂:၁)တွင် မှတ်တမ်းတင်ထားသည်။ ထာဝရဘုရားစစ်တိုက်စဉ် (ငယ် ၁၄)ကာလသည် ဣသရေလတို့၏ ရှေးဦးတိုက်ပွဲများကို ဆိုလိုသည်။ ဗေရရေတွင်း (ငယ် ၁၆-၁၈)သည် ဘုရားသခင်က မှူးမတ်များအား သူတို့တောင်ဝှေးဖြင့် တူးထုတ်စေသည် ကန္တာရစမ်းရေထွက်ဖြစ်သည်။

၂၁:၂၁၂၆ ဣသရေလတို့သည် အာမောရိပြည်အား ဖြတ်သန်းခွင့် ပြုရန် ခွင့်တောင်းကြသော်လည်း ငြင်းပယ်ခြင်းခံရပြန်သည်။ အာမောရိဘုရင် ရှိဟုန်မင်းက ဣသရေလတို့အား တိုက်ခိုက်သော်လည်း ဣသရေလတို့က ချေမှုန်းလိုက်သည်။ အာမောရိလူများသည် ဘုရားသခင်ရှေ့တွင် အဲဂုတ္တုပြည်သားများကဲ့သို့ ဖြစ်သည်။ ဘုရားသခင်စိတ်တော်နှင့် ဆန့်ကျင်သူများဖြစ်သောကြောင့် တိုက်ပွဲရှုံးကြသည် (တရား ၂:၃၀)။ “အာမောရိတို့၏ ဒုစရိုက်အပြစ်” (က ၁၅:၁၆)သည် ကမ်းကုန်သည်။ သို့ကြောင့် အာမောရိတို့အား ဆုံးမရန် ဘုရားသခင်က ဣသရေလတို့အား တရားစီရင်ခြင်း ယမထာကြိမ်တုတ်အဖြစ် အသုံးပြုသည်။

၂၁:၂၇၃၀ အပိုဒ်ငယ် ၂၇-၃၀သည် ရှေးလူကြီးသူမ စာချုပ် ဖြစ်သည်။ ဟေရှဘုန်မြို့သည် အာမောရိများက မောဘလူမျိုးများထံမှ တိုက်ခိုက်သိမ်းပိုက်သောမြို့ဖြစ်သည်။ ယခု ဣသရေလတို့လက်ထဲသို့ လက်ဆင့်ကမ်းရောက်ပြန်ပြီ။ ထိုသို့ သူများတိုက်ခိုက် သိမ်းပိုက်ခြင်း ခံရသောကြောင့် မောဘသားများသည် တတိယလူတန်းစာ ကျွန်သဘောဖြစ်သွားကြသည်။ ဤစာချုပ်တွင် အာမောရိမင်းအား သရော်ပြောင်လှောင်ထားသည်။ ရှိဟုတ်မြို့သည် အရေးကြီးသည် အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ဣသရေလတို့အား မောဘသားများထံမှ မြေတစ်ကွက် မယူရဟု ပြဌာန်းထားသည် (တရား ၂:၉)။

၂၁:၃၁-၂၂:၁ ဣသရေလတို့၏ ခရီးစဉ်အသေးစိတ်ကို မြေပုံပေါ်တွင် မှတ်တမ်းတင်ရန် အခက်အခဲရှိပါသည်။ မောရတောင်အရှေ့ဘက်မှ ဧဒုံပြည် အနောက်မြောက်နယ်စပ် ရောရမ်မြစ်သို့ ချီတက်၍ ထိုရေရဗ်မြစ် အရှေ့ဘက်ကမ်းအတိုင်း ဧဒုံနှင့်မောဘပြည်အကြား၊ ထိုမှတဆင့် မြောက်ဘက်သို့သွား၍ မောဘပြည် အရှေ့ဘက်နယ်နိမိတ် အာနုံနယ်စပ်ထိ ထိုမှတဆင့် ဘုရင့်လမ်းမကြီးအတိုင်း အနောက်ဘက်သို့သွားကြသည်။ လမ်းခရီးတလျှောက်တွင် အာမောရစ်တို့၏ ဘုရင် ရှိဟုတ်မင်းကို တိုက်ခိုက်ချေမှုန်းခဲ့သည်။ ဗာရှန်ပြည်ဩဃမင်းကိုလည်း နှိမ်နင်းပစ်လိုက်သည်။ ဗာရှန်မင်းသည် ယောဒန်မြစ်အရှေ့ဘက်ကမ်း၊ ဣသရေလတို့ ယော်ဒန်မြစ်အရှေ့ဘက်ကမ်း၊ ဣသရေလတို့ ယော်ဒန်မြစ်ဖြတ်ကူးသည့်နေရာ မြောက်ဘက်လွင်ပြင်ထိ ပိုင်ဆိုင်၍ ကြွယ်ဝချမ်းသာသူဖြစ်သည်။ ဣသရေလတို့သည် မောဘလွင်ပြင်တွင်စခန်းချပြီး တစ်ဘက်ကမ်းရှိ ယေရိခေါမြို့သို့ ဖြတ်ကူးကြသည်

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။