တောလည်ရာကျမ်း - ၁၈

ယဇ်ပုရောဟိတ်နှင့် လေဝိတို့၏၀တ္တရား
1တစ်ဖန် ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုးတို့သည်၊ သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သောအပြစ်ကိုခံရကြမည်။ 2သင်၏ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူကူညီ၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှာ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။ 3လေဝိသားတို့သည် သင့်ကိုလည်းကောင်း၊ တဲတော်ရှိသမျှကိုလည်းကောင်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့်သူတို့သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော်တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။ 4သူတို့သည် သင်တို့နှင့်အတူကူညီ၍၊ ပရိသတ်စည်းဝေးရာ တဲတော်ကိုစောင့်လျက်၊ တဲတော်အမှုရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့အနီးသို့ မချဉ်းမကပ်ရ။ 5နောက်တစ်ဖန်အမျက်တော်ထွက်၍ ဣသရေလအမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြမည်။ 6ထိုသို့ သင်တို့၏ညီအစ်ကို လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှာ၊ ထာဝရဘုရားအား ပြုသောပူဇော်သကာကဲ့သို့ သင်တို့အားငါပေး၏။ 7ထိုကြောင့် သင်နှင့် သင်၏သားတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာအမှု ရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အားကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကို ငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်ဝေစု
8တစ်ဖန် ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သကာတို့အထဲက၊ ငါ့အားချီးမြှောက်သော ပူဇော်သကာတို့ကို သင်၌အပ်၍၊ သင်နှင့် သင်၏သားတို့အဖို့ ဖြစ်စေခြင်းငှာ၊ ထာဝရပညတ်တရားအားဖြင့် ငါပေး၏။ 9မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ် ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဖို့ သန့်ရှင်းရကြမည်။ 10သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျားအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဖို့ သန့်ရှင်းပေ၏။ 11ထိုမှတစ်ပါး ဣသရေလအမျိုးသားတို့ပူဇော်သော ချီမြှောက်ရာပူဇော်သကာ၊ ချီလွှဲရာပူဇော်သကာတို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့်ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ 12ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရားအားပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံးသောစပျစ်ရည်၊ အကောင်းဆုံးသောဂျုံစပါးကို သင်တို့အားငါပေးပြီ။ 13ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦးမှည့်သောသစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ 14ဣသရေလအမျိုး၌ ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သင်ဆိုင်ရမည်။ 15အဦးဖွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ်သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။ 16ရွေးရသောသားတို့ကို အသက်တစ်လလွန်မှ၊ သင်အဖိုးဖြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့်ရွေးရမည်။ 17နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့်မရွေးရ။ သူ၏အသွေးကို ယဇ်ပလ္လင်ပေါ်မှာဖျန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့်ပူဇော်သကာပြုရမည်။ 18အသားမူကား ချီလွှဲရာပူဇော်သကာ၏ရင်ပတ်နှင့် လက်ယာပခုံးကဲ့သို့ သင့်အဖို့ ဖြစ်ရမည်။ 19ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သကာရှိသမျှတို့ကို သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ်တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုးအနွယ်နှင့်ဆိုင်၍ ထာဝရဘုရားရှေ့တော်၌ ဆားနှင့်ယှဉ်သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
20တစ်ဖန် ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဖို့မရှိရ။ ငါသည်ကား သူတို့တွင်သင်ပိုင်သောအဖို့ သင့်အမွေဥစ္စာဖြစ်၏။
လေဝိသားတို့၏ဝေစု
21လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံစရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ငါပေးပြီ။ 22ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကိုခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ်ရကြ။ 23လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။ 24ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဖို့တစ်ဖို့ကို၊ လေဝိသားအမွေခံစရာဖို့ ငါပေးပြီ။ ထိုကြောင့် သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
လေဝိသားတို့၏ဆယ်ဖို့တစ်ဖို့အလှူ
25တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊ 26သင်တို့အမွေခံစရာငါပေးသော ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို သင်တို့သည်ခံယူသောအခါ၊ ထိုအဖို့ကို ဆယ်ဖို့ဖို့ပြန်၍ တစ်ဖို့ကိုထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ 27ထိုပူဇော်သကာကို၊ ကောက်နယ်တလင်းထဲကယူသော ဆန်စပါးကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းထဲကယူသော စပျစ်ရည်ကဲ့သို့လည်းကောင်း၊ သင်တို့အဖို့မှတ်ရလိမ့်မည်။ 28ထိုသို့သင်တို့သည် ဣသရေလအမျိုးသားတို့မှခံယူသော ဆယ်ဖို့တစ်ဖို့ထဲက၊ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ ထိုပူဇော်သကာကိုလည်း၊ ယဇ်ပုရောဟိတ်အာရုန်အား လှူရကြမည်။ 29သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဖို့ သန့်ရှင်းသောအဖို့ကိုနုတ်ယူ၍ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ 30သို့ဖြစ်၍ သူတို့အားဆင့်ဆိုရမည်မှာ၊ လေဝိသားတို့သည် အကောင်းဆုံးသောအဖို့ကို နုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဖို့ကို ကောက်နယ်တလင်း၏ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ကျေးဇူးကဲ့သို့ မိမိတို့အဖို့ မှတ်ရလိမ့်မည်။ 31ထိုကြွင်းသောအဖို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့်သောအတွက် ငါချသောဆုဖြစ်၏။ 32အကောင်းဆုံးသောအဖို့ကို နုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဖို့အားဖြင့် အပြစ်ရောက်စရာအကြောင်းမရှိ။ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသားတို့၏သန့်ရှင်းသောအရာတို့ကို မညစ်ညူးစေရဟု မိန့်တော်မူ၏။

တောလည်ရာကျမ်း - ၁၈ (အနက်ဖွင့်)

(လေဝိအမျိုးသို့ အမိန့်ညွှန်ကြားချက် (အခန်း ၁၈၁၉)

       ၁၈:၁-၇ အခန်း ၁၈သည် အခန်း ၁၇မှ နောက်ဆုံးကျမ်းပိုဒ်ငယ်(၂)ခုနှင့် ဆက်စပ်သည်။ ပရိသတ်တဲတော်ကို ကြောက်လန့်နေသော လူထုပရိသတ်များသို့ တဲတောနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်ထပ်မံ ထုတ်ပြန်သည်။ အကယ်၍ဤညွှန်ကြားချက်ကို နာခံလျှင် ဘုရားသခင်၏ အမျက်ဒေါသအား စိုးရိမ်စရာမလို။ အပိုဒ်ငယ် ၁ကို နှစ်ပိုင်းခွဲခြားနားလည်နိုင်သည်။ သင်နှင့်သင်၏သားမြေး အဆွေအမျိုး” ဆိုသည်မှာ ယဇ်ပုရောဟိတ်များ အပါအဝင် လေဝိအမျိုးသားလုံးကို ရည်ညွှန်းသည်။ သန့်ရှင်းရာ ဌာနတော်နှင့်ဆိုင်သောအပြစ် ဆိုသည်မှာ ယဇ်ပုရောဟိတ်အမှုအရာ မှားယွင်းလျှင် ကြုံတွေ့ခံစားရမည့် အပြစ်ဒဏ်ဖြစ်သည်။ လေဝိအမျိုးသားများသည် ယဇ်ပုရောဟိတ်ကို အထောက်အမ ကူရသော်လည်း ပရိသတ်စုဝေးရာတဲတော်တွင် ယဇ်ပုရောဟိတ်အမှုအရာ ဦးစီးလုပ်ဆောင်ခွင့် မရှိ။ အကယ်၍ လုပ်မှားလျှင် သေရသည်။

၁၈:၂၀ ယဇ်ပုရောဟိတ်များသည် ပူဇော်သက္ကာများမှ ပွဲတော်ကျများအား ဝေစုရပိုင်ခွင့်ရှိကြသည်။ (ငယ် ၈-၁၁)။ ပထမဆုံးသော အသီး၏ အဆီ၊ ဝိုင်၊ ဂျုံမုယောနှင့်သစ်သီး (ငယ် ၁၂-၁၃)၊ ဘုရားသခင်သို့ လှူဒါန်းသောအရာများ (ငယ် ၁၄)နှင့် ပထမဆုံး မွေးသောအကောင်များကိုလည်း ရယူပိုင်ခွင့် သတ်မှတ်ပြဌာန်းထားသည်။ သားဦးနှင့် မစင်ကြယ်သော တိရစ္ဆာန်များ ရွေးနှုတ်ခများကိုလည်း ရယူပိုင်ခွင့် ရှိကြသည်။ ပထမဆုံးမွေးသော တိရစ္ဆာန်များကို ဘုရားသခင်ထံသို့ ပူဇော်လေ့ရှိသည်။ ထိုတိရစ္ဆာန်ကို ပြန်ရွေးယူလျှင် ရွေးနှုတ်လျှင် ရွေးနှုတ်ခကို ယဇ်ပုရောဟိတ်ထံသို့ ပေးအပ်ရသည်(ငယ် ၁၇-၁၉)။ ပဋိညာဉ်ဆား(ငယ် ၁၉) ဆိုသည်မှာ ဆုတ်ယုတ်ခြင်းမရှိ၊ အမြဲတမ်း ခိုင်မြဲခြင်း အမှတ်သင်္ကေတဖြစ်သည်။ လယ်ကွက်ကိုမူရယူခြင်းမရှိရ။ အဘယ်ကြောင့်ဆိုသော် မြေကွက်မူလပိုင်ရှင်သည် ဘုရားသခင်ဖြစ်သည် (ငယ် ၂၀)။

၁၈:၂၁၃၂ လေဝိအမျိုးသားများသည် လူထုထံမှ ဆယ်ဘို့တစ်ဘို့ ခံယူရပိုင်ခွင့်ရှိကြသည်။ ထိုဆယ်ဘို့တစ်ဘို့ထဲမှ ဆယ်ဘို့တစ်ဘို့ကို ယဇ်ပုရောဟိတ်ထံသို့ ဆက်ကပ်ပေးလှူရသည်။ ဆယ်ဘို့တစ်ဘို့သည် ဘုရားသခင်ထံသို့ မဖြစ်မနေ ပေးလှူရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။