နေဟမိမှတ်စာ - ၅

ဆင်းရဲသူများကိုဖိနှိပ်မှု
1ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသားချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။ 2အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟု ဆိုကြ၏။ 3အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။ 4အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိစေခြင်းငှာ လယ်ယာဥယျာဉ်အတွက် ငွေကိုချေးယူပြီ။ 5ယခုမှာ ငါတို့ကိုယ်ခန္ဓာသည် အမျိုးသားချင်းတို့၏ ကိုယ်ခန္ဓာကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီးကဲ့သို့ ဖြစ်ကြ၏။ ငါတို့သားသမီးကို ရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှာ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့သည် သူတစ်ပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။ 6ထိုသို့ အပြစ်တင်မြည်တမ်းသော စကားကို ငါသည်ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊ 7မှူးမတ်နှင့် မင်းအရာရှိတို့ကို ခေါ်၍၊ သင်တို့သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တစ်ဖက်၌ လူအများတို့ကို စုဝေးစေလျက်၊ 8တစ်ပါးအမျိုးသားတို့လက်၌ ကျွန်ခံသော ငါတို့ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တစ်ဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟု ဆိုလျှင်၊ သူတို့သည် ပြန်ပြောစရာမရှိ၊ တိတ်ဆိတ်စွာ နေကြ၏။ 9ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ ရန်သူဖြစ်သော တစ်ပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ်လော။ 10ငါနှင့် ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစားသောအမှုကို ပယ်ဖြတ်ကြပါလော့။ 11ယနေ့ပင် သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ရာကိုလည်းကောင်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကိုလည်းကောင်း ပြန်ပေးကြပါလော့ဟု ဆိုသော်၊ 12သူတို့က ပြန်ပေးပါမည်။ ဘာမျှ မတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ကတိထားသည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကိုခေါ်၍ ကျိန်ဆိုစေပြီးမှ၊
13ကိုယ်ခါးပိုက်ကို ခါလျက်၊ ကတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော်ထဲက ဤသို့ ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါပစ်လိုက်ခြင်းကို ခံရကြပါစေသောဟုဆို၍ စည်းဝေးသောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ကတိထားသည်အတိုင်း ပြုကြ၏။
နေဟမိ၏စိတ်ထား
14ထိုမှတစ်ပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံ နှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ်တိုင်အောင်၊ တစ်ဆယ်နှစ်နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။ 15အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ်ရည်ကိုလည်းကောင်း၊ တစ်နေ့လျှင် ငွေလေးဆယ်ကိုလည်းကောင်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့ မပြု။ 16ထိုမှတစ်ပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍ နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်းအမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။ 17ထိုမှတစ်ပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့လာသော တစ်ပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့နှင့် မင်းအရာရှိ တစ်ရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။ 18နေ့တိုင်း ငါ့စားပွဲကို နွားတစ်ကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက်တစ်ခါ များစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက် ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ရိက္ခာကို ငါမတောင်း။ 19အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဖို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။

နေဟမိမှတ်စာ - ၅ (အနက်ဖွင့်)

၄။ အတွင်းပိုင်းပြဿနာနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှု (အခန်း ၅၊၆)

 : ထိုသို့ မြို့ရိုးအားကျိုးမာန်တက်ဆောက်လုပ်နေကြစဉ် အတွင်းပြဿနာပေါ်ပေါက်သည်။ အစားအသောက် ရှားပါးသည်။ ငွေကြေးဖောင်းပွသည်။ အခွန်အခ ပေးဆောင်ရန် ကြပ်တည်းကြသည်။ ငွေကြေးရှင်များက ခေတ်ပျက်သူဌေးလုပ်ကြသည်။ တောမီးလောင်တောကြောင် လက်ခမောင်းခတ်၍ မတန်တဆ ငွေတိုးချေးစားကြသည်။

အချို့က ရင်ဝယ်သားသမီးများကို ကျွန်အဖြစ်ရောင်းစားကြရသည်။ လယ်ပိုင်ယာပိုင်များ စွန့်လွှတ်ကြရသည်။ မြေယာအိုးအိမ်များ မတန်တဆဈေးချရောင်းငွေဖြင့် သားသမီးပြန်ရွေးကြသည်။ ထိုသတင်းဖြစ်စဉ်ကြားသိသောအခါ နေဟမိသည် ဓနရှင်လူတန်းစားများကို ခေါ်ယူဆုံးမသည်။ စီးပွားရေးထက်အသက်အိုးအိမ် လုံခြုံရေးဦးစားပေးရကြောင်း ရှင်းပြသည်။

 :၁၀ တပါးအမျိုးသားများထံ ဘုရားသခင် ရွေးနှုတ်ပေးသော မိမိအမျိုးသားချင်း ယုဒညီအစ်ကိုများကို ကျွန်ပြုစေချင်သလား။ လတ်တလော စိုက်ထူခြင်းထက် ဘုရားသခင်၌ မျက်နှာရခြင်းကို ဦးစားမပေးသင့်ဘူးလား။ ဘုရားသခင်၏ ပညတ်တရားများကို ချိုးဖျက်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်သော ဘုရားသခင်ကို မည်ကဲ့သို့ မိဿဟာယပြုနိုင်မည်နည်း (ငယ် ၉၊ ၁၀ ကို ထွ ၂၂:၂၅ နှင့်ယှဉ်ဖတ်)။

 :၁၁၁၂ ထိုသို့ နားဝင်အောင် တရားချပြီးသောအခါ ယဇ်ပုရောဟိတ်များကလည်း အပေါင်ခံပစ္စည်းများ ပြန်ပေးကြသည်။ ငွေတိုးချေးစားခြင်းများအား စာရင်းပယ်ဖျက်ပေးကြသည်။ ငွေ၊ ဂျုံ၊ ဝိုင်နှင့် ဆီများအား အပေါင်ခံသူများထံသို့ ပြန်ပေးကြသည်။ ယဇ်ပုရောဟိတ်များကိုလည်း ထိုသို့မပြုလုပ်ရန် ကျမ်းကျိန်သစ္စာဆိုစေသည်။

 :၁၃ ထိုသို့ ကတိသစ္စာပြုခိုင်းသောအခါ လူတိုင်းကလည်း “အာမင်” ထူးကြသည်။ မလိုက်နာပျက်ကွက်သူများအား အဝတ်အစား ဖုံခါသကဲ့သို့ ဘုရားသခင်က ခါချပါစေဟု ကျိန်ဆိုသည်။

 :၁၄၁၉ နေဟမိ၏ မြို့တော်ဝန် (၁၂)နှစ်တာ ထမ်းဆောင်ပုံကို အခန်း(၅)တွင် မှတ်တမ်းတင်ထားသည်။ မြို့တော်တခွင် တည်ဆောက်ပြုပြင်ရာတွင် ပြည်သူများအား ဖိအားပေးခြင်းထက် ကိုယ်တိုင်အပင်ပန်းခံ တီထွင်ကြံဆသည်။ သူ၏ရာထူးကိုလည်း မရောင်းစား။ နာမည်ပျက်မခံ။ မိမိရာထူးဖြင့် အနာဂတ်ကို ငြမ်းမစင်။ ကိုယ်ကျိုးကောင်းစားဖို့ အမြတ်မထုတ်။ မြို့သူမြို့သား ညီအစ်ကိုများ ဘဝလုံခြုံရေးကို ဦးစားပေးသည်။ ဧည့်သည်ဆောင်သာများကိုလည်း သမာအာဇီဝနည်းဖြင့် ဧည့်ဝတ်ကျေပွန်သည်။ နွေးထွေးစွာ ကြိုဆိုသည်။ အများပြည်သူတို့၏ ဘဝကိုလေးစားသည်။ အသံကို နီးကပ်စွာ နားထောင်သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်းဖြစ်သည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူ၏ ဘဝမှာ ပူပင်သောကမရှိ။ ဘုရားသခင်က အကုန်လုံးတာဝန်ယူပေးသည်။ နေဟမိသည်လည်း ထိုသို့သော လူဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။